&PROUD က ဦးဆောင်ကျင်းပတဲ့ Yangon Pride ပွဲတော်ဖွင့်ပွဲနေ့ကို ပြည်တွင်း၊ ပြည်ပက LGBTIQတွေသာမက Non-LGBT တွေပါ ပါဝင်ဆင်နွဲ

ရန်ကုန်မြို့၊ သခင်မြပန်းခြံမှာ &PROUD က ဦးဆောင်ကျင်းပတဲ့ Yangon Pride ပွဲတော်ရဲ့ ပထမဦးဆုံးဖွင့်ပွဲနေ့ကို ပြည်တွင်း၊ ပြည်ပက LGBTIQတွေသာမက Non-LGBT တွေပါ ပါဝင်ဆင်နွဲခဲ့ကြပါတယ်။

ဒီပွဲကို ဇန်နဝါရီလ(၂၅)ရက်၊ ညနေ(၆)နာရီမှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး LGBTနဲ့ သက်ဆိုင်တဲ့ ဗဟုသုတရရှိစေမယ့် စာအုပ်စာပေတွေ ပြသထားတဲ့ Booth show တွေ၊ LGBTတွေရဲ့ ဘဝခရီးဖြတ်သန်းပုံတွေကို ထင်ဟပ်စေတဲ့ “Walks of Life” ဘဝခရီးပြခန်းတွေနဲ့ LGBT တွေရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ရောင်းချပေးတဲ့ Booth show တွေကို ပြသထားပါတယ်။

“ကျွန်တော် ယုံကြည်တာက လူမှန်လို့ရှိရင် လွှတ်လပ်စွာ ချစ်ခွင့်ရှိပါတယ်။ အဲတော့ သူတို့ရင်ထဲမှာ ရှိသမျှ ဖော်ထုတ်ခွင့် ရှိပါတယ်။ LGBTတွေကိုလည်း လူ့အဖွဲ့အစည်းမျိုးဆုံ၊ နိုင်ငံပေါင်းစုံမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ခုလိုပွဲလေးအတွက် ဂုဏ်ယူမိပါတယ်။ ပြောင်းလဲမှုဆိုတာ များများမြင်ရလေ ခိုင်မာလာလေပဲ ဖြစ်ပါတယ်။ LGBT တွေကို များများသိလေလေ သူတို့အကြောင်းကိုများများ နားလည်လာလေပဲ ဖြစ်ပါတယ်။ LGBT ဆိုတာလည်း ကျန်တဲ့လူသားတွေလို ကိုယ်ပိုင်ဘဝတွေရှိပါတယ်။သူတို့ကို ခွဲခြားတာတွေအတွက်လည်း ဆက်လက်ပြီး ကြိုးစားသွားအုံးမှာပါ။ LGBT Right တွေအတွက်ကို တစ်လမ်းထဲက သွားလို့ မရပါဘူး။ လူတွေ အများကြီးကနေ လမ်းတွေအများကြီး ဖောက်သွားမှ ရမှာပါ”လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ် Mr. Dan Chugg က ပြောပါတယ်။

&PROUD အနေနဲ့ LGBTIQပွဲတော် ကျင်းပတာ (၅)နှစ်ရှိခဲ့ပြီဖြစ်ကာ ယခုနှစ်တွင်မှ နိုင်ငံတကာလှုပ်ရှားမှုနဲ့ ပိုနီးစပ်အောင် ကျင်းပလာနိုင်တာမျိုးအပြင် ရန်ကုန်အနေနဲ့ ကိုယ်ပိုင် Yangon Pride ၂၀၁၉ ပွဲတော်ကို ကျင်းပလာနိုင်တာ ဖြစ်ပါတယ်။

“တစ်ချိန်က ကျွန်မတို့လို LGBTတွေဆိုရင် လူမှုအသိုင်းအဝိုင်းက ခွဲခြားကြတာ များတယ်။ အခုပုံစံအခြေအနေကတော့ အရင်ကထက်တော့ လက်ခံလာတယ်။ လက်ခံလာတဲ့ အတိုင်းအတာက လူတွေက LGBTတွေအပေါ် နားလည်မှုတွေ ရှိလာပြီ။ အရင်က LGBTတွေဆိုရင် ဒီလိုပြောရမယ်၊ ဆိုရမယ်ဆိုတဲ့ ပုံစံခွက်တွေ ရှိတယ်။ အခုတော့ သာမာန်ယောင်္ကျား၊ မိန်းမတွေလိုပဲ လက်ခံသွားပြီ။ သူတို့ကို ပိုပြီးမမြင်တော့ဘူး။ အရင်ကဆို ထူးဆန်းတဲ့လူတွေလို သီးခြားမြင်နေကြတာ”ဟု Yangon Pride ကို ပခုက္ကူမြို့မှ လာရောက်တဲ့ Hero ဆုရှင် Transgender အမျိုးသမီး ကြည်ကြည်က ပြောပါတယ်။

ရန်ကုန်မြို့မှာ &PROUD က ဦးဆောင်ကျင်းပတဲ့ Yangon Pride ပွဲတော်ဖွင့်ပွဲကို LGBT Hero တွေရဲ့ ရင်တွင်းစကားသံတွေ၊ ရုပ်ရှင်နဲ့ Short Film ပြတာတွေအပြင် ရန်ကုန်ရဲ့အကောင်းဆုံး Drag Queenတွေက ဖျော်ဖြေခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.