ပန်းပျိုးလက်နဲ့ ဂီတလမ်းကို လျှောက်နေသူ 

မိုးဖွဲဖွဲကြားကနေ စာသင်ဝိုင်းတစ်ခုရဲ့ တိုက်ရှေ့ဆီ ဆိုင်ကယ်တစ်စီး ထိုးဆိုက်လာပါတယ်။ မျက်နှာချိုချိုနဲ့ လူလတ်ပိုင်းတစ်ယောက် ဆိုင်ကယ်ကနေ ဆင်းလာပါတယ်။ သူ့ရဲ့ မိုးကာအင်္ကျီ၊ ပုဆိုးတွေမှာ မိုးရေတွေ ရွဲရွဲစိုလို့ နေပါတယ်။ သူက အမြန်ဆင်းလိုက်ရင်း နောက်ကပါလာတဲ့ ကျောင်းသူလေးရဲ့လွယ်အိတ်ကို လှမ်းယူလိုက်ကာ ကလေးကို တိုက်အောက်ထဲ ဝင်ခိုင်းလိုက်ပါတယ်။ ဆိုင်ကယ်ဦးထုပ်ချွတ်လိုက်ပြီး ဆိုင်ကယ်ကို တိုက်အောက်ထဲ သွင်းလိုက်ပါတယ်။ ဆိုင်ကယ်ကို တိုက်အောက်ရွှေ့ကာ သော့ခတ်လိုက်ပါတယ်။ နောက် စာသင်မယ့် တိုက်ခန်းရှိရာ တက်သွားပါတော့တယ်။

သူ စာသင်ခန်းထဲလည်းရောက်ရော ကလေးတချို့နဲ့ ကျောင်းသားမိဘတွေ ရောက်နှင့်နေတာ တွေ့လိုက်ရပါတယ်။ စာသင်ချိန်ရောက်ဖို့ လိုသေးပေမယ့်လည်း ကလေးမိဘတွေကို အားနာသွားပုံ ရပါတယ်။ ရေစိုနေတဲ့ အဝတ်အစားတွေ အမြန်လဲလိုက်ပြီး စာသင်ခန်းထဲက ကလေးတွေဆီ ထွက်လာပါတယ်။

“မင်္ဂလာပါ…ကလေးတို့”

“မင်္ဂလာပါ…ဆရာ”

“ရောက်နေတာ ကြာပြီလား” မေးလိုက်ရင်း ကျောက်သင် ပုန်းပေါ်က သင်္ချာသင်ခန်းစာတွေကို အမြန်ဖျက်လိုက်ပါတယ်။

အခု သင်ရမှာက မူလတန်းမို့ ကျောက်သင်ပုန်းပေါ်မှာ အင်္ဂလိပ်မီးနင်းတွေကို ချရေးလိုက်ပါတယ်။ ရေးချလိုက်တဲ့ လက်ရေး ဝိုင်းဝိုင်းလေးတွေနဲ့ ပီပြင်တဲ့ စကားလုံးပေါင်း အ သံထွက်တွေက သူ့ရဲ့ အင်္ဂလိပ်စာအရည်အချင်းကို ချပြနေသလား ထင်မှတ်ရပါတယ်။ အခုလို တိကျတဲ့အသံထွက်နဲ့ အသင်အပြကောင်းတာတွေက သူ ဘယ်လောက်ထိ ကြိုး စားခဲ့ရတယ်ဆိုတာ လမ်းညွှန်နေသလိုပါပဲ။

သူဆိုတာ ကျုရှင်ဆရာဘဝကနေ ဂီတလမ်းပေါ်မှာ အောင် မြင်မှုတွေရအောင် ကြိုးစား လျှောက်လှမ်းနေသူ၊ သီချင်းဆိုပြိုင်ပွဲတွေမှာ ဆုရခဲ့သလို ဘဝခရီးလမ်းမှာလည်း ကိုယ့်လမ်းကိုယ်ဖောက် LGBT ဘဝကို ရဲရဲခံယူရင်း ခံယူချက်ပြင်းပြစွာ လျှောက်လှမ်းနေတဲ့ ကိုလှိုင်မျိုးသူ ဖြစ်ပါတယ်။

သူ့ရဲ့ ဘဝနောက်ကြောင်းကို ပြန်ကြည့်တဲ့အခါ ပညာရေးထူးချွန်မှုအတွက် ပံ့ပိုးပေးနိုင်တဲ့ မိသားစုက မရှိခဲ့ပါဘူး။ သူ့မိဘနှစ်ပါးက လက်လုပ်လက်စားသမားတွေပါ။ စားဝတ်နေရေး အကျပ်အတည်းကို လုံးပန်းနေရတာကြောင့် ပညာရေးကို သူများမိဘတွေလို ကိုယ်ဖိရင်ဖိ မလုပ်ပေးနိုင်ခဲ့ဘူးလေ။ ဒါပေမဲ့ ပညာတတ် တစ်ယောက်ဖြစ်အောင် ကြိုးစားဖို့တော့ အမြဲ ဆုံးမနေတတ်ပါတယ်။

“မိဘက ကြုံရာကျပန်းလုပ်ရတဲ့ အလုပ်သမားတွေဆိုတော့ ပညာအရည်အချင်း အဲ့လောက်ထိ မတတ်ခဲ့ဘူး။ ငယ်ငယ်ကတည်းက အမေ အကြိမ်ကြိမ်ပြောတာက ပညာတတ်ဖြစ်အောင် ကြိုးစားဆိုတာပဲ။ ပညာတတ်ဆိုတာ ဘာလဲပေါ့။ ငယ်တုန်းက မသိတော့ သူများတွေကို မေးခဲ့ရတယ်လေ”လို့ ငယ်ဘဝကို အမှတ်တရ ပြောပြပါတယ်။

သူ ဆယ်တန်းဖြေပြီးပြီးချင်း အမေက လုပ်ငန်းခွင်ထဲကို ဝင်ခိုင်းခဲ့တာပါ။ ပထမဆုံး အမေ ရွေးချယ်ခိုင်းတဲ့ အလုပ်ကတော့ သစ်လုပ်ငန်းတစ်ခုရဲ့ သစ်သားလျှာထိုးတွေကို ထုတ်ပိုးရတဲ့ အပိုင်းမှာပါ။ ဒါပေမဲ့ သူ ကံမကောင်းခဲ့ပါဘူး။ အလုပ်ဝင်ပြီး (၃)လလောက်မှာ သူအလုပ် လုပ်နေတဲ့ကုမ္ပဏီက ဒေဝါလီ ခံလိုက်ရပါတယ်။ အဲဒါနဲ့ ပထမဆုံးအလုပ်မှာပဲ အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်လေ။ သူ့မှာ အလုပ်လက်မဲ့ဖြစ် လာတဲ့အချိန် ပညာရေးအတွက် ရှေ့ဆက်ဖို့ လမ်းက ပေါ်လာပါတယ်။ ဆယ်တန်း နှစ်ချင်းပေါက် အောင်တော့ တက္ကသိုလ်တက်ဖို့ မေဂျာယူတဲ့ အချိန်မှာလည်း သူ့မှာ လမ်းညွှန်ပြသပေးမယ့်သူ မရှိခဲ့ပြန်ပါဘူး။ လိုချင်တဲ့မေဂျာက အင်္ဂလိပ်စာ၊ ရတဲ့မေဂျာက ရုက္ခဗေဒ ဖြစ်နေ တယ်။ နောက်တော့ အမေ့ကို မရမကပြောပြီး သင်္ချာမေဂျာကို Day ပြောင်းတက်ခဲ့ရတယ်။ အဲဒီအချိန်က အမေပြောတဲ့စကားကို ပြန် မှတ်မိနေပါသေးတယ်။

“ကျောင်းတက်ချင်ရင် ကိုယ့်ဖာသာရှာ တက်နိုင်ရင်တက်” လို့ ပြောခဲ့တဲ့ စကားလေးပါ။

ဒီလိုနဲ့ သင်္ချာကို Day တက်ဖြစ်သွားပြီး အမေနဲ့ ဈေးလိုက်ရောင်းရင်း ကျောင်းတက်ဖို့ ကိုယ့်ဖာသာကိုယ် ပိုက်ဆံရှာခဲ့ရတယ်။ အရင်နေခဲ့ တဲ့ ဣန္ဒာ(၇)လမ်းထိပ်မှာ ဆိုင်ခုံလေး ရိုက်၊ နာနတ်သီးတွေ၊ သင်္ဘောသီးတွေကို အလုံးလိုက်ကော အစိတ်လိုက်ပါ ရောင်းရင်း ကျောင်းစ ရိတ် ရှာခဲ့ရတာ။ ဂမုန်းပွင့် Shopping Centre မဖွင့်ခင် အဲဒီနောက်က ဈေးတန်းလေးမှာလည်း မနက်စောစောဆို အမေနဲ့အတူ ငါးရံ့ ခြောက်ရောင်းခဲ့ရပြီး ဘဝကို ရုန်းကန်ခဲ့ရပါတယ်။

တကယ်တော့ သူ့အနေနဲ့ ငယ်ငယ်ကတည်း ကိုယ့်ရဲ့လိင်စိတ်ကိုင်းညွတ်မှုက ဘာလဲဆိုတာ သိနေခဲ့ပါတယ်။ ဒါပေမဲ့ အဲတုန်းကတည်းက သူဟာ Gay တစ်ယောက်အဖြစ်နဲ့ မိသားစုတွေကြားမှာ သိုသိပ်စွာ နေခဲ့ရပါတယ်။ ဘဝကို ရုန်းကန်နေရသလို ပညာတတ်တစ်ယောက်ဖြစ်မှ မိသားစုကို ဖွင့်ပြောပြဖို့လည်း စိတ်ကူးခဲ့တာပါ။ သူငယ်ချင်း၊ ပတ်ဝန်းကျင်ကြားမှာတော့ ပွင့်ပွင့်လင်းလင်း Gay တစ်ယောက်အဖြစ်ခံယူထားပြီး ကိုယ့်ရဲ့ဖြစ်တည်မှုက ရှက်စရာမဟုတ်ဘူးလို့လည်း ခံယူချက်ထားသူပါ။

သူ ငယ်စဉ်ကတည်းက အရူးအမူး ဝါသနာပါတာက ဂီတပါ။ ဝါသနာသာ ပါတာပါ ဘယ်က ဘယ်လို စရမှန်းလည်းမသိ၊ ကျောထောက် နောက်ခံ ဂီတမျိုးရိုးလည်း မရှိတာကြောင့် ဂီတလမ်းကို လျှောက်လှမ်းဖို့ကို ခဏမေ့ထားရင်း ဘဝရပ်တည်ရေးအတွက် ပညာရေးကို ကြိုး စားခဲ့ရပါတယ်။ ဒါပေမဲ့ ဝါသနာကို အကောင်အထည်ဖော်ဖို့ ရည်မှန်းချက်ကတော့ သူ့မှာ ပျောက်မသွားခဲ့ပါဘူး။

နောက်ထပ် ဘာသာရပ်တစ်ခုကို လေ့လာဖို့ စဉ်းစားလိုက်တော့ ငယ်ငယ်က အားနည်းခဲ့တဲ့ အင်္ဂလိပ်စာကို သတိရလိုက်မိပါတယ်။ အင်္ဂလိပ်စာကို စိတ်ဝင်တစားလေ့လာဖို့ ရွေးချယ်ခဲ့တာကြောင့် ပညာဒါန သင်တန်းကျောင်းတွေကို လိုက်တက်ခဲ့ပါတယ်။ အဲဒီအချိန်ကလည်း ရန်ကုန်မှာ ပညာဒါနကျောင်းတွေ တစ်ခုပြီးတစ်ခု ဖွင့်လာတာက သူ့အတွက် အခွင့်အရေးတစ်ခု ရလိုက်တာပါပဲ။ YMCA ၊ မြေနီကုန်းက မနောရမ္မ ပညာဒါနကျောင်း၊ ဆရာ ဦးမြကြိုင် သင်တန်းတွေကို လိုက်တက်တယ်။ ရန်ကုန်မြို့မှာဖွင့်တဲ့ ပညာဒါနကျောင်း တော် တော်များများ သူ မတက်ဖူးတဲ့ကျောင်း မရှိသလောက်ပါ။

“အဲဒီ အချိန်မှာလည်း ပညာဒါနကျောင်းတွေက စတင်ထွန်းကားနေချိန်၊ ပိုက်ဆံအများကြီး မတတ်နိုင်တော့ ပညာဒါနကျောင်းတွေ လိုက်တက်ရတာပေါ့”လို့ ပြောရင်း အတိတ်ကို သတိရသွားဟန်ဖြင့် အဝေးကို ငေးကြည့်နေပါတယ်။

ဒီလိုနဲ့ သင်္ချာနဲ့ဘွဲ့ရပြီး မြန်မာ့သစ်လုပ်ငန်းမှာ စာရေးဝင်လုပ်ခဲ့ပြန်ပါတယ်။ ဒီမှာလည်း ကံက မကောင်းခဲ့ပြန်ပါဘူး။ ဘဝမှာ ဝန်ထမ်းလုပ်ဖို့ ကံမပါလာတာလား မသိ။ ဝန်ထမ်းအင်အား လျော့ချတဲ့အထဲ ပါသွားပြန်ပါတယ်။ ဒီလိုနဲ့ စာရေးအလုပ်က ထွက်လိုက်ရပြန်တယ်။ အဲဒီအချိန် အင်္ဂလိပ်စာလေ့လာမှုကလည်း အတော်အသင့် ကောင်းနေပြီမို့ ခရီးသွားလုပ်ငန်းတစ်ခုမှာ အလုပ်ထပ်လျှောက်ခဲ့ပါတယ်။ သူ့ရဲ့ အင်္ဂလိပ်စာကောင်းမှုကြောင့် Travel & Tours ကုမ္ပဏီတစ်ခုရဲ့ လေယာဉ်လက်မှတ်ရောင်းတဲ့ ဌာနတစ်ခုမှာ အလုပ်ရခဲ့ပါတယ်။ (၁)နှစ်ကျော် (၂) နှစ်လောက်ကြာတော့ တိုးတက်မှုကို လိုလားတဲ့သူ့အတွက် ပညာပိုရတဲ့ Tours Guide ဘက်ကို ပြောင်းချင်ပေမယ့် အလုပ်က နေရာပြောင်း မပေးတာကြောင့် အလုပ်ထွက်ခဲ့ပြန်ပါတယ်။

နောက် ဝင်ငွေကောင်းတဲ့ Marking အလုပ်ကို ရွေးချယ်ခဲ့ပြန်တယ်။ အဲလိုရွေးချယ်ရင်းနဲ့မှ သူ့ဘဝအပြောင်းအလဲဖြစ်စေမယ့် လမ်းစက ပေါ်လာပါတယ်။ အင်္ဂလိပ်စာကို ပညာဒါ နကျောင်း တော်တော်များများမှာ လေ့လာကြိုးစားခဲ့မှုက အရာထင်ခဲ့ပါပြီ။ သူ့ကို ပညာဒါန ကျောင်းတစ်ကျောင်းက ဆရာအဖြစ် ခန့်အပ်လိုက်တာပါ။ အဲဒီ အချိန်ကတည်းကစပြီး ဆရာတစ်ယောက်ရဲ့ဘဝကို လျှောက်ခဲ့ရတာပါ။ မူလတန်းအဆင့်ကနေ အထက်တန်းအထိ အင်္ဂလိပ်စာ၊ စကား Grammar ကအစ သင်တယ်။ ဒါ့အပြင် နိုင်ငံခြားကျောင်းမှာ သင်္ချာကို Guideအနေနဲ့ ပြပေးနေပါသေးတယ်။ အသက် (၂၅)နှစ်ကတည်းက Gay တစ်ယောက်အနေနဲ့ ပွင့်ပွင့်လင်းလင်း ချပြထားကတည်းက LGBT တစ်ယောက်ရဲ့ အခက် အခဲတွေ၊ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှု ထိုးနှက်မှုတွေကို ခံစားခဲ့ရပါတယ်။

“International School မှာ လွန်ခဲ့တဲ့(၄)နှစ်လောက်က လုပ်ခဲ့တုန်းကဆိုရင် လုပ်ဖော်ကိုင်ဖက်တွေကို Gay လို့ ပြောတာ။ တချို့ မျိုးစုံပြောင်းလဲသွားကြတာ။ တချို့ဆိုရင် Dinner ပွဲ တစ်ခုမှာတောင် ‘သူ့ကိုသတိထား သူက Gay’လို့ ပြောကြတာ။ ဒါဟာ ကျွန်တော်ရဲ့ ကိုယ်ကျင့်တရားကို စော် ကားတာ။ Gay တွေဆိုတာ Sex ပိုင်းဆိုင်ရာ အမြဲရူးသွပ်တဲ့သူတွေလို့ စော်ကားလိုက်တာပဲ။ ဒါပေမဲ့ နိုင်ငံခြားသားက ကျွန်တော်တို့တွေထက် အသိပညာကြွယ်ဝတော့ ‘အထင်မှားနေတာ သူတို့က မင်းထင်သလို မဟုတ်ဘူး’လို့ ရှင်းပြလိုက်တယ်လေ။ ကိုယ်တောင် ရှင်းပြနေစရာ မလိုဘူး။ ဒီလိုတွေ ထိုးနှက်ခံရတာ” ပြောနေရင်း သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။

ကျောင်းဆရာ ဖြစ်လာတော့လည်း ဒီလို ဝေဖန်ကဲ့ရဲ့စော်ကားတဲ့ရန်က မလွတ်နိုင်ပါဘူး။ Gay ဆရာတစ်ယောက်ရဲ့ စာသင်ကြားခံရမှုကို စော်ကားကြတယ်။ ဆရာက Gay ဖြစ်နေလို့ တပည့်တွေကို စိတ်မချရဘူးလို့ တချို့က ဝေဖန်ကြတယ်။ စာသင်ခဲ့တဲ့တစ်လျှောက် အခုချိန်ထိ ကိုယ်တပည့်တွေအပေါ် ဒီလိုစိတ်မျိုး မထားခဲ့ဘူး။ ကိုယ်ရဲ့ကိုယ်ကျင့်တရားကိုသာယုံရင်း ဘဝကို ရှေ့ဆက်ခဲ့တယ်။ ဒါပေမဲ့ စီးပွားရေးအရ ပြိုင်ဆိုင်ချင်လို သူတွေက လုပ်ကြံပြောဆိုပြီး အရှက်ခွဲကြတာတွေ ရှိပါသေးတယ်။

ဆရာက Gay မို့လို့ ယောကျာ်းလေးစာသင်ရင် ဆရာကပဲ တစ်ခုခု လုပ်မလိုလို၊ မိန်းကလေးဆိုရင်လည်း ဘယ်လိုပဲ လိင်စိတ်ခံယူယူ ယောက်ျားလေး သဘာဝရှိမှာပဲလို့လည်း မျိုးစုံ ဝေဖန်ကဲ့ရဲ့ ခံခဲ့ရတယ်။ ဒါတွေကြားရတာ သူ့နားထဲ မဆန်းတော့ပါဘူး။ Gay တစ်ယောက်ဖြစ်နေရခြင်းက သူ့ကို Sex ကိစ္စနဲ့ပတ်သက်ပြီး ရူးနေသူတွေလို့ ပုတ်ခတ် သတ်မှတ်တာခံရပေမဲ့ သူကတော့ ပြုံးပြုံးပဲ ရှေ့ဆက်နေပါတယ်။

“ပြောစကားနဲ့ ယုံတဲ့သူက ပြောစကားနဲ့ ယုံတဲ့ အခြေအနေမှာပဲ ရှိမှာ။ လက်တွေ့နေထိုင်ပြုမှုတာကို ယုံကြည်တဲ့သူက ကျွန်တော်နဲ့ အ လုပ် လုပ်နေတာပဲ။ ဒါကြောင့် ဒီအချိန်ထိ စာသင်တဲ့အလုပ်ကို ဖြောင့်ဖြောင့် လုပ်နိုင်တာပေါ့”လို့ သူက ယုံကြည်ချက်အပြည့်နဲ့ ပြောပါတယ်။

အသက်အရွယ်လည်း ရလာသလို သူ့ရဲ့စာသင်တဲ့ အလုပ်အကိုင်တစ်ခု သက်တမ်းရင့်လာတဲ့အချိန်မှာ ငယ်ငယ်က ဝါသနာပါတဲ့ အနုပညာဂီတအသိုင်းအဝိုင်းကို ခြေစလှမ်းလိုက်ပါတယ်။ တနင်္လာနေ့ကနေ တနင်္ဂနွေနေ့ တစ်ပတ်လုံး မနက်ကနေ ညနေထိ မနားတမ်း အလုပ်လုပ်တယ်။ ဒါက LGBT တွေဟာ သာမန်လူတွေထက် ပိုကြိုးစားရမယ်ဆိုတဲ့ အသိကြောင့်ပါ။ အောင်မြင်ချင်တယ်၊ သူများတွေရဲ့အမြင်ကို ပြောင်းလဲချင်တဲ့အတွက် သူ ပိုကြိုးစားခဲ့တယ်။ သူ့ရဲ့ ခံယူချက်အတိုင်း လက်တွေ့လုပ်ဆောင်ဖို့ သီချင်းဆို သင်တန်းတွေတက်၊ သီချင်းဆိုပြိုင်ပွဲတွေကို အချိန်ရရင်ရသလို ဝင်ပြိုင်ခဲ့ပါတယ်။

“မနက်(၇)နာရီ အိပ်ရာထကတည်းက စာသင်လိုက်တာ ညနေ (၉)နာရီအရောက် ဆိုနေကျ စတူဒီယိုကိုသွားပြီး Cover သီချင်းလေးတွေ ဆိုတယ်လေ။ အသံနဲ့ပတ်သက်ပြီး လေ့လာတယ်။ လေ့လာတဲ့နေရာမှာလည်း Gay လို့ ပွင့်ပွင့်လင်းလင်း ပြောထားပါတယ်။ ကျူရှင်လေးတွေ လွတ်တဲ့အချိန် ပြိုင်ပွဲလေးတွေ ဝင်ပြိုင်ခဲ့တယ်” ပြောနေရင်း သူ့မျက်နှာက ယုံကြည်ချက်ကြောင့် လင်းလက်နေသလို ထင်ရပါတယ်။

မြန်မာ့အသံက ဆိုကြမယ် ပျော်ကြမယ်ပြိုင်ပွဲ၊ အိမ်မက်ဆုံရာပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခဲ့ပြီး ဂီတတံခါးလေး ဖွင့်ပါအုံး ပြိုင်ပွဲမှာလည်း ရွှေသော့ ရခဲ့တယ်။ မကြာသေးခင်က ကျင်းပပြီးစီးခဲ့တဲ့ The Voice Myanmar 2018 မှာလည်း Battle Round အထိ ရောက်ခဲ့တယ်။ အဲဒီမှာ အင်တာဗျုးအတွက် Selection အယောက်(၁၀ဝ) ရွေးတဲ့အခါ သူ့ဘဝခံယူချက်ကို ဖြေလိုက်တယ်။ ဒါကို ပြိုင်ပွဲမှာ အနိုင်ရချင်လို့ လိင်စိတ်ကိုင်း ညွတ်မှုကို အသုံးချခဲ့တာလို့လည်း ပြောခံရပါသေးတယ်။ သူ့ဘဝအတွက် အရမ်းပျော်ရွှင်မိတာက သီချင်းဆိုပြိုင်ပွဲကို အမေ ရုတ်တရက် လိုက်လာတဲ့ ကိစ္စပါပဲ။

“အမေက ဗြုန်းစားကြီး လိုက်လာတယ်။ အရမ်းပျော်ရွင်ရတယ်။ သူ့စိတ်ထဲမှာ သားကို ယုံကြည်တယ်။ ဂီတပေါ်မှာတော့ မယုံကြည်ဘူး။ လိင်တူစိတ်ဝင်စားတဲ့သူပါလို့ ပြောတာကို အမေက မယုံဘူး။ နောက်နေတယ်လို့ ထင်တယ်။အမေက အရမ်းခေါင်းမာတတ်တယ်။ သဘာဝကို ဆန့်ကျင်တဲ့သူလို့တောင် အမေက ထင်တာ။ ဒါကလည်း သဘာဝတရားတစ်ခုဆိုတာ အချိန်ရတိုင်း ရှင်းပြဖြစ်တယ်”

အမေက ပတ်ဝန်းကျင်ရဲ့ ဝေဖန်တိုက်ခိုက်လာမှာကို ကြောက်တာမို့ Gay တစ်ယောက်ရဲ့ဘဝကို အပြောနဲ့တင်မဟုတ်ဘဲ အလုပ်နဲ့ပါ သက်သေပြခဲ့ရပါတယ်။ ဒါကြောင့် အခုလို အမေလိုက်လာတာကို အရမ်းပျော်ရွှင်မိခဲ့တာပါ။ ဒါဟာ အမေရဲ့နားလည်ပေးမှုကိုပြတဲ့ အပြုအမှုတစ်ခုလားလို့ မျှော်လင့်ချက် ထားနေမိတာပေါ့။

အခုဆိုရင် စာသင်ချိန်လွတ်တဲ့ အချိန်တွေမှာ စတူဒီယိုကိုသွားပြီး Cover သီချင်းလေးတွေကိုဆိုပြီး အသံပိုကောင်းလာအောင် အဆိုတော်တွေရဲ့ သီဆိုပုံတွေကို လေ့လာနေပါတယ်။ သီချင်းလေးတွေကို လူမှုကွန်ယက်မှာတင်ရင်းနဲ့လည်း ဂီတကို လေ့လာနေပါတယ်။ ဒီနှစ်ထဲမှာ ကံတရားက မျက်နှာသာ ပေးတာလားမသိ။ အမေ့ရဲ့ ကိုယ်ပိုင်အိမ်လေး လိုချင်တဲ့ အိမ်မက်လေးကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ အစိုးရရောင်းချတဲ့ ရွှေပေါက္ကံအိမ်ယာမှာ တန်ဖိုးနည်းအိမ် ရာ ဝယ်ယူခွင့် မဲပေါက်ခဲ့တာပါ။ သူ့ဘဝမှာ ဒါဟာ အရမ်းပျော်ရွှင်ရတဲ့နေ့ တစ်နေ့ပါ။ ဘဝအတွက် လောကအကျိုး အတွက်ကော အကောင်းဆုံးလူသားတစ်ယောက် ဖြစ်အောင် ကြိုးစားနေမှာဖြစ်ပြီး ဘဝတူသူငယ်ချင်းတွေရဲ့ ဘဝလမ်းကြောင်းလေးတွေ မှန်ကန်အောင်လို့ တတ်နိုင်သ လောက်ကူညီရင်း အမေက သူ့ကိုတင်မဟုတ်ဘဲ LGBT အသိုင်းအဝိုင်းတစ်ခုလုံးကိုပါ ပိုပြီး လေးစားလက်ခံလာလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

“ကိုယ်က လူသားတစ်ယောက်မို့ လောကကို ကောင်းကျိုးပြုပါ။ အလှဆင်ပါ။ လောကမှာရှိနေတဲ့ လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းကို ပိုကောင်းမွန်တဲ့ လူမှုအသိုင်းအဝိုင်းဖြစ်အောင် ဖန်တီးပါ။ ကိုယ်တိုင်လည်း တိုးတက်အောင်မြင်အောင် ကြိုးစားပါ။ လူမှုအသိုင်းအဝိုင်းက လက်ခံလာတဲ့သူဖြစ်အောင် ကြိုးစားပေးပါလို့ ပြောချင်ပါတယ်”လို့ သူ့အနေနဲ့ LGBT အသိုင်းအဝိုင်းက ညီငယ်၊ ညီမငယ်တွေကို မှာ လိုက်ပါတယ်။

                                                                                                                                                                                                                                                                                                                            ကြယ်စင်လင်း

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.