ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်းမှာ LGBT ကလေးငယ်တွေအပေါ် အကာအကွယ်ပေးနိုင်မယ့်အချက်ကို ထပ်မံဖြည့်စွက်ထည့်သွင်းပေးဖို့ အကြုံပြုဆွေးနွေးချက်ကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ လက်ခံ

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီသို့ ပေးပို့တင်သွင်းထားတဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်းမှာ LGBT ကလေးငယ်တွေအပေါ် အကာအကွယ်ပေးနိုင်မယ့် အချက်ကို ထပ်မံဖြည့်စွက်ထည့်သွင်းပေးဖို့ အကြုံပြု ဆွေးနွေးချက်ကို အမျိုးသားလွှတ် တော် ဥပဒေကြမ်းကော်မတီက လက်ခံလိုက်ပြီဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်၊ အမှတ်(၈)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးထံမှ သိရပါတယ်။

အဆိုပါ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့စဉ်က LGBT ကလေးသူငယ်တွေနဲ့ ပတ် သက်ပြီး သီးသန့် ဆွေးနွေးချက် တစ်စုံတစ်ရာမရှိဘဲ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီသို့ ပေးပို့လာတဲ့အခါမှာတော့ ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ်၊ အမှတ်(၈)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေ အခန်း(၁) ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် စပ်လျဉ်းပြီး ခွဲခြားဆက်ဆံခြင်းဆိုတဲ့ အဓိပ္ပါယ်အောက်မှာ လိင်စိတ်ကိုင်းညွတ်မှု (Sexual Orientation)ဆိုတဲ့ အပိုဒ်ကို ထည့်သွင်းဖို့ အကြံပြုတင်ပြလာခဲ့ပါတယ်။

“ပြည်သူလွှတ်တော်မှာ ဆွေးနွေးပြီးတဲ့အတွက် အမျိုးသားလွှတ်တော်မှာ ထပ်ပြီး ဆွေးနွေးတယ်။ အမျိုးသားလွှတ်တော်မှာလည်း ထပ်ပြီး ပြင်စရာရှိတာတွေ ပြင်ရင်း ကျွန်မက ခွဲခြားဆက်ဆံခြင်းဆိုတဲ့ အဓိပ္ပါယ်အောက်မှာ လိင်စိတ်ကိုင်းညွတ်မှု (Sexual Orientation)ဆိုတဲ့ အပိုဒ်ကို ထပ်ပြီး ထည့်လိုက်တယ်။ လတ်တလောမှာတော့ ဥပဒေကြမ်းကော်မတီက လက်ခံလိုက်ပြီ။ ဒါပေမယ့် အဲဒါက ပြည်သူ့လွှတ် တော်ကို ပြန်ပို့ရအုံးမှာ။ ပြည်သူ့လွှတ်တော်က လက်သင့်ခံရင် ရပြီပေါ့။ ပြည်သူ့လွှတ်တော်က လက်သင့်မခံရင်တော့ ပူးပေါင်းအဖွဲ့မှာ ပြန်ဆွေးနွေးရအုံးမှာပေါ့။ ဖြစ်စဉ်တွေ အများကြီး ကျန်သေးတယ်။ ဒါကြီး ပြီးသွားပြီလို့လည်း မှတ်ယူလို့ မရသေးဘူး။ ဆွေးနွေးဆဲ ကာလပေါ့” လို့ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်၊ အမှတ်(၈)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးက ပြောပါတယ်။

အဆိုပါ ထပ်မံထည့်သွင်းဖို့ အကြံပြုရခြင်းမှာ ကလေးငယ်များအနေဖြင့် ငယ်စဉ်ကတည်းက ကလေးသူငယ်အခွင့်အရေးများကို ရရှိသင့်ပြီး LGBT ကလေးတစ်ယောက်အနေဖြင့် မိမိယုံကြည်ချက်၊ စိတ်ခံစားချက်ပေါ် မှုတည်ပြီး ပတ်ဝန်းကျင်၊ သူငယ်ချင်း အပေါင်းအသင်းများ ၏ အသိအမှတ်ပြုမှုကို ရရှိသင့်သလို ခွဲခြားဆက်ဆံမှုမရှိဘဲ ပျော်ရွှင်စွာ ကြီးပြင်းခွင့်ရစေရန်အတွက် ရည်ရွယ်ကြောင်း ဧရာဝတီတိုင်းဒေ သကြီး မဲဆန္ဒနယ်၊ အမှတ်(၈)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးမှ ရှင်းပြပါတယ်။

“ဒီအပိုဒ်လေးကတော့ ထူးခြားချက်တစ်ချက် ဖြစ်တယ်လေ။ ဒီအပိုဒ်က လိင်စိတ်ကိုင်းညွတ်မှု ကွဲပြားမှုမရွေးဆိုတဲ့ အရာလေး ပါသွားမယ်ဆိုရင် LGBT ကလေးတွေအတွက် တကယ့်ကို အကာအကွယ်ပေးတဲ့ ဥပဒေ ဖြစ်လာလိမ့်မယ်။ ပြီးရင် ကာကွယ်မှုကိုလည်း သူတို့ခံစားရမှာ ဖြစ်တယ်။ အထူးသဖြင့် ခွဲခြားမှုတွေ ဖြစ်တာများတာက ပညာရေး၊ ကျန်းမာရေးတို့မှာ ဖြစ်တာများတယ်။ ဒီလိုမျိုးရှိခြင်းအားဖြင့် ကလေးတိုင်း အခြေခံပညာကို အခမဲ့ မသင်မနေရအနေနဲ့ သင်ရတာတင်မကပဲ လုံလုံခြုံခြုံနဲ့ အကြောင်းမဲ့ အနိုင်ကျင့်မှုတွေ၊ ကျောင်းက ဆရာ၊ ဆရာမတွေရဲ့ မှားယွင်းတဲ့ ရိုက်နှက်ဆုံးမတာတွေ၊ အပြစ်ပေးတာတွေကနေ ကင်းလွတ်သွားမယ်လို့ ယူဆပါတယ်”လို့ Equality Myanmar မှ ဒါရိုက်တာဖြစ်သူ ဦးအောင်မျိုးမင်းက ပြောပါတယ်။

၎င်းအပြင် ဦးအောင်မျိုးမင်းကလည်း ဒီဆွေးနွေးချက်ကိုသာ အမျိုးသားလွှတ်တော်မှာ တင်သွင်းတဲ့အခါ အငြင်းပွားစရာ အကြောင်းအရာတစ်ခု ထပ်မံဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်ပြောဆိုထားပါတယ်။

အဆိုပါ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းကြားနာပွဲကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီမှာ ဖေဖော်ဝါရီလ (၁၉) ရက်ကနေ (၂၂)ရက်အထိ ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂရဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကာကွယ်ပေးမှုစာချုပ် (CRC)ကို ၁၉၉၁ ခုနှစ်မှာ အတည်ပြု လက် မှတ် ရေးထိုးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.