“LGBT တွေအတွက် သိကောင်းစရာ ဆေးပညာဗဟုသုတ” မန္တလေးဆေးတက္ကသိုလ် ဒုတိယ ပါမောက္ခ ဒေါက်တာမောင်မောင်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

မန္တလေး ဆေးတက္ကသိုလ်၊ ဒုတိယ ပါမောက္ခ ဒေါက်တာမောင်မောင်ဦးဟာ Medical Unit -2, MJH မန္တလေးပြည့်သူ့ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေသူ တစ်ဦးဖြစ်ပါတယ်။ ဆေးရုံကြီးမှာ ဆေးကုသရုံသာမက ဆေးကျောင်းသား၊ ကျောင်းသူတွေကို စာသင်ပြနေတဲ့ ဆရာတစ်ဦးလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဒေါက်တာမောင်မောင်ဦးကို LGBT တွေနဲ့ပတ်သက်တဲ့ ဆေးပညာဗဟုသုတွေကို ရရှိစေဖို့ မေးမြန်းတင်ဆက်ထားပါတယ်။

မေး- မင်္ဂလာပါ ဒေါက်တာ ။
ဖြေ- မင်္ဂလာပါ…။

မေး- Transgender တွေ ဟောမုန်းဆေးဝါးတွေ သုံးစွဲနေမှုအပေါ် ဆရာ့အနေနဲ့ ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ- များသောအားဖြင့် သုံးစွဲနေတဲ့ Transgender တွေကိုယ်တိုင်က လေ့လာပြီးမှ သုံးကြတာ များပါတယ်။ သာမန်လူတွေထက် သူတို့က ပိုသိကြတယ်။ ဒါပေမဲ့ သာမန်လူတွေ သိဖို့ ပြောရမယ်ဆိုရင် ထုံးစံအရ Oestrogen ကတော့ သွေးပြန်ကြောတွေ ပိတ်တတ်တဲ့အတွက် ခြေထောက်မှာရှိတဲ့ သွေးပြန်ကြောတွေ ပိတ်တတ်တယ်။ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ သွေးပြန်ကြောတွေ ကျွန်တော်တို့ကတော့ DVT (Deep vein thrombosis) လို့ ခေါ်ကြတယ်။ ခြေထောက်မှာရှိတဲ့ သွေးပြန်ကြောတွေ ပိတ်နေတဲ့ သွေးခဲတွေက ပြုတ်ကျသွားပြီး အဆုတ်ထဲမှာရှိတဲ့ သွေးကြောမကြီးကို သွားပိတ်တဲ့အခါ အသက်အန္တရာယ် ရှိတတ်တယ်။ ဒါမျိုးလေးတွေက ဖြစ်တော့ ဖြစ်တတ်တယ်။ ဖြစ်ခဲတယ်။ ယောက်ျားဟော်မုန်းကို အမျိုးသမီးခန္ဓာကိုယ်ထဲ သွင်းလိုက်တဲ့အခါ ပြဿနာက မ မျိုးဥကင်ဆာ ဖြစ်နှုန်းပိုများတယ်။ ကျန်တာတော့ Minor တွေပါ။

မေး- LGBT တွေအနေနဲ့ ဟော်မုန်း Level ကို ဘယ်လို စစ်လို့ ရပါသလဲ။

ဖြေ-ဒီဟော်မုန်း level တွေက အစိုးရဆေးရုံတွေမှာလည်း စစ်လို့ ရပါတယ်။ အဲဒါတွေက မှန်းခြေ သောင်းဂဏန်းလောက်ပဲ ရှိတယ်။ တစ်သောင်း၊ နှစ်သောင်း၊ သုံးသောင်းလောက်ပေါ့။ Medically အရ တရားဝင်၊ တရားမဝင် မဟုတ်တော့ဘူး။ ဆေးပညာအရ Ethic အရတော့ သုံးသင့် မသင့်တော့ အခုချိန်ထိ ဆွေးနွေး ဆုံးဖြတ်ထားတာ မရှိသေးဘူး။ ဆေးအနေနဲ့ ပေးသင့်  မပေးသင့်ကို တော်တော်ကို စဉ်းစားတွေး ခေါ်နေရတယ်။ ယေဘုယျဆုံးဖြတ်တာ တိုင်းပြည်တစ်ပြည်လုံးမှာ လူတွေအားလုံးကို ပေးလို့ ရ မရဆိုတာ ဆုံးဖြတ်ကြတာ တစ်ဆင့် ရှိပါတယ်။ နောက်တစ်ခုက တစ်ဦးခြင်း၊ တစ်ယောက်ခြင်းမှာ ဒီလူကို အဲ့ဒီဟော်မုန်း ပေးသင့် မပေးသင့်ကို ပြန်ဆုံးဖြတ်ရမယ်။ နှစ်ဆင့်ဖြတ်ရပါတယ်။ ကျွန်တော်တို့အားလုံး Awareness ရနေပြီ။ ဒီပြဿနာရှိနေပြီ။ ဒီလိုပဲ ကျွန်တော်တို့ ဆရာဝန်အကူအညီမပါဘဲ သုံးနေတဲ့သူလည်း ရှိနေကြတယ်။ နိုင်ငံခြားသွားပြီး Treatment ယူ ကိုယ့်ဖာသာ ဆက်သုံးနေတဲ့သူလည်း ရှိနေတယ်။ ဒါကြောင့် ကျွန်တော်တို့ Awareness ရမှ၊ ဆေးပညာအစည်းအရုံးက ဒီကိစ္စကို ဆွေးနွေးဆုံးဖြတ်မှ ဆေးပညာကျင့်ဝတ်အရ ပေးသင့် မပေးသင့် ဆုံးဖြတ်လို့ ရမှာလေ။

မေး- LGBT နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆေးကျောင်းတွေမှာ သင်ကြားပေးနေတာမျိုးတွေ ရှိပါသလား။ ဘယ်လို အခြေအနေမျိုး ရှိပါသလဲ။

ဖြေ-ကျွန်တော်တို့ LGBT Issue ကို ဆေးကျောင်းတွေမှာ လုံးဝသင်ကြားမှု မရှိသေးပါဘူး။ ဒါကြောင့် အနောက်နိုင်ငံတွေထဲမှာလည်း ဒီကိစ္စမျိုး ရှိသေးတယ် စသဖြင့် သင်ရိုးညွှန်းတမ်းထဲမှာ တရားဝင် ထည့်သွင်း သင်လာတာပေါ့။ ကျွန်တော်တို့ ဒီဘက်တွေမှာလည်း တရားဝင် ထည့်သွင်း သင်သင့် မသင့်ဆိုတာ ဆွေးနွေး ဆုံးဖြတ်သင့်တဲ့ Issue ဖြစ်ပါတယ်။ အခုချိန်ထိ LGBT အကြောင်းကို ဆေးကျောင်းတွေမှာ မသင်သေးပါဘူး။ အဲဒါက ယဉ်ကျေးမှုက ပြောင်းလဲနေတဲ့အခါကျတော့ ပြောင်းလဲနေတဲ့ ယဉ်ကျေးမှုနဲ့လိုက်အောင် ယုံကြည်မှုရှိအောင် ကျွန်တော်တို့ ဆေးပညာဘက်က Professional ကျကျ ဆက်ဆံဖို့ လိုတယ်။ ပြောချင်တာက အပြင်မှာ ဘယ်လောက်ပဲ LGBT တွေကို မုန်းတယ်ပြောပြော ဆေးခန်းထဲမှာတော့ Professional ပီပီသသ မုန်းလို့ မရတော့ဘူး။ သာမန်လူလို ခွဲခြားဆက်ဆံမှု မရှိဘဲ ကုကို ကုပေးရမယ်။ Ethic အရ ကုကို ပေးရတော့မယ်။

ဟော်မုန်းနဲ့ပတ်သက်ပြီး ပေးခြင်း မပေးခြင်းက မဆိုင်တော့ဘူး။ LGBT တစ်ယောက်က ဖျားလို့ နာလို့ လာကုရင် ခွဲခြားမှု ရှိကို မရှိသင့်တာ။ ဒါက Ethic အရ။ ဟော်မုန်း ပေးခြင်း မပေးခြင်းက ကျွန်တော်တို့က ဆုံးဖြတ်ရမယ့် ကိစ္စသဘောပါ။

ဒါကြောင့် ကျွန်တော်တို့မှာ အသိပညာပေးဖို့ လိုတယ်။ LGBT တစ်ယောက်က ဖျားနာနေရင် ခွဲခြားမှု မရှိသင့်ဘူး။ တော်တော်များများ ဆရာဝန်တွေဘက်ကလည်း နည်းနည်းလေး ခွဲခြားမှုမရှိအောင် ပြင်ပေးနိုင်ရင် သူတို့ဘက်က အခက်အခဲမရှိနိုင်ဘူး။ အခုချိန်မှာ လော လောဆယ်မှာတော့ လူမှုဆက်ဆံရေးကောင်းပြီး အချိန်ပေးနိုင်တဲ့ ဆရာဝန်တွေဆီမှာ တော်တော်များများ လက်တွဲသင့်ပါတယ်။

မေး- တခြားအကြံပြု ပြောလိုတာများ ရှိပါသလား။

ဖြေ-အထူးသဖြင့် ကျွန်တော် အကြံပေးချင်တာတော့ မိသားစုဆရာဝန် ကောင်းကောင်း ရှာထားသင့်ပါတယ်။ Family ဒေါက်တာကတစ်ဆင့် သွားရင် ပိုအဆင်ပြေနိုင်ပါတယ်။ အခုကျ ကျွန်တော်တို့ Special ဆီ ကျော်လာတဲ့အခါ ပြဿနာတွေ ပိုပေးနိုင်တယ်။ အဲဒါကြောင့် နံပါတ် (၁) ကိုယ်နဲ့ အဆင်ပြေမယ့် Family ဒေါက်တာတစ်ယောက် ကောင်းကောင်း ရှာထားသင့်တယ်။ အဲကနေတစ်ဆင့် Specialist ကို လှမ်းဆွေးနွေးပြီးတော့မှ လိုအပ်တာတွေ ဆက်ကုရင် ပိုကောင်းမယ်လို့ ကျွန်တော် ထင်တယ်။ အနောက်နိုင်ငံတွေလို ကျွန်တော်တို့ မဖြစ်သေးတဲ့အခါ Family ဒေါက်တာ ကောင်းကောင်း ရှာထားနိုင်ဖို့ လိုတယ်။

မေး- အခုလို အချိန်ပေးဖြေကြားပေးတဲ့အတွက် ဆရာကြီးကို ကျေးဇူးတင်ပါတယ်။
ဖြေ- ကျွန်တော်လည်း ကျေးဇူးတင်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.