“တာတူး” ရုပ်ရှင်ဇာတ်ကားကို မတ်လ(၁၅)ရက်မှစတင်ကာ မြန်မာ၊ ထိုင်းနဲ့ စင်ကာပူနိုင်ငံတွေမှာ ပြသသွားမည်
Transgender အမျိုးသမီးတစ်ယောက်ကဲ့သို့ အကယ်ဒမီမင်းသား နေတိုး ပါဝင်သရုပ်ဆောင်ထားတဲ့ “တာတူး” ရုပ်ရှင်ဇာတ်ကားကို မတ်လ(၁၅)ရက်မှစတင်ကာ မြန်မာ၊ ထိုင်းနဲ့ စင်ကာပူနိုင်ငံတွေမှာ ပြသသွားမှာ ဖြစ်ပါတယ်။
“တာတူး” ရုပ်ရှင်ဇာတ်ကားမှာ မင်းသား နေတိုးက ယောက်ျားတစ်ယောက်အဖြစ်မှ အမျိုးသမီးကဲ့သို့ ဝတ်စားဆင်ယင်ကာ အမျိုးသမီးတစ်ယောက်ကဲ့သို့ ပြုမူပုံနဲ့ ၎င်း၏ယောက်ဖဖြစ်သူ လွင်မိုးအပေါ် ချစ်ခင်စုံမက်လာသည့် စိတ်ခံစားချက်တွေကို အသေးစိတ် ရိုက်ကူးထားတာ ဖြစ်ပါတယ်။
“ဒီကားက ဟာသကားပေါ့။ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာလေးတွေ ပါမယ်။ မိန်းကလေးနဲ့တူအောင် အများကြီး ပြင်ဆင်ရတဲ့ အပိုင်းတွေ ရှိတယ်။ ဒီဇာတ်ကားမှာ ခေတ်ဆန်ဆန် မိန်းကလေး ဖက်ရှင်ဒီဇိုင်းတွေက မလုလုအောင် ဖက်ရှင်ပေါ့။ မြန်မာဝတ်စုံနဲ့က မအေးသောင်းလို လိုက်ဝတ်ပြီး သရုပ်ဆောင်ထားတယ်”လို့ အကယ်ဒမီ နေတိုးက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကြီးကို ဒါရိုက်တာကျော်ဇောလင်းမှ လွင်မိုး၊ နေတိုး၊ သက်မွန်မြင့်၊ ယွန်းရွှေရည် ၊ ဟိန်းမင်း၊ ငှက်ပျောကြော်၊ ဇင်မျိုး၊ 5 star အဖွဲ့၊ ဦးတိမ်ညွန့်၊ နေလင်း၊ နန္ဒကျော်စွာ၊ ရဲလေးမ၊ ပြည့်ဖြိုး၊ သက်ကိုလင်း၊ ဝေယံမောင်၊ အေးအေးခိုင်၊ တင်ဇာဝင်းပြည့်၊ မျိုးမျိုးခိုင်၊ အိတုံ၊ ကျော်ဝင်းမောင်၊ သုတ၊ သိမ့်ရွှေစင်၊ ခိုင် မီမီကျော်၊ ဒေါ်ထားအဖွဲ့၊ ရွှေဖြူအဖွဲ့နဲ့ အခြားအနုပညာရှင် စသည်တို့ဖြင့် ရိုက်ကူးတင်ဆက်ထားပါတယ်။
“မိန်းခလေးလို ဝတ်သရုပ်ဆောင်တဲ့ ကာရိုက်တာက နေတိုးပဲ လုပ်နိုင်ပါတယ်။ အဓိက အရေးပါပြီး ထိမိတဲ့ ဇာတ်ကွက်တွေပါ။ တစ်နာရီခွဲ၊ နှစ်နာရီလောက်တော့ မိန်းကလေးလို ဝတ်ရတာ အချိန်ပေးရတယ်။ အချိန်ပေးရတာ အတော်ထူးခြားပါလားလို့ တွေးမိပါတယ်”လို့ အကယ်ဒမီ လွင်မိုးက ပြောပါတယ်။
“တာတူး”ရုပ်ရှင်ဇာတ်ကားကို လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ရိုက်ကူး၍ ဇာတ်လမ်း ကိုကျော်၊ ဇာတ်ညွှန်း ကိုကျော်၊ မြတ်ဘုန်းမိုရ်တို့မှ ရေးသားထားပါတယ်။