ဘရူးနိုင်းနိုင်ငံရဲ့ ရှာရီယာဥပဒေ ဆန့်ကျင်ကန့်ကွက်ရေး လှုပ်ရှားမှုမှာ မြန်မာက Colors Rainbow နဲ့ &PROUD အဖွဲ့တို့ ပူးပေါင်းပါ၀င်ခဲ့

ပြီးခဲ့တဲ့ ဧပြီလ (၉)ရက် တနင်္လာနေ့ မနက် ၁၀ နာရီခွဲခန့်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘရူးနိုင်း ဒါရူဆလမ်နိုင်ငံ သံရုံးရှေ့မှာ ထိုင်းနိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံတွေက LGBT အခွင့်အရေး၊ လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေ စုပေါင်းပြီး  ဘရူးနိုင်းနိုင်ငံရဲ့ ရှာရီယာဥပ‌ဒေကို ရုပ်သိမ်းပေးဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြရင်း ‌ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြပါတယ်။

၂၀၁၉ ခုနှစ်၊ ဧပြီလ (၃)ရက်နေ့မှာ စတင် အသက်ဝင်ခဲ့ပြီဖြစ်တဲ့ ဘရူးနိုင်းနိုင်ငံရဲ့ ရှာရီယာဥပ‌‌ဒေဟာ လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူတွေနဲ့ ချွတ်ချော်နေပြီး LGBT တွေအပေါ် ကျောက်ခဲနဲ့ ပစ်ပေါက် ကွပ်မျက်နိုင်တဲ့ ပြစ်ဒဏ်တွေ ပြဋ္ဌာန်းထားတဲ့အတွက် ၎င်းဥပ‌‌ဒေကို ပြန်လည်ရုပ်သိမ်းဖို့ အဆိုပါ ထုတ်ပြန်‌ကြေညာချက်မှာ ဖော်ပြတောင်းဆိုထားပါတယ်။

၎င်းအပြင် ဘရူးနိုင်ငံဟာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်သည်နှင့်အညီ ၎င်းတို့နိုင်ငံအနေနဲ့ လိုက်နာလုပ်ဆောင်ရန် သဘောတူ လက်မှတ်ထိုးထားတဲ့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းကြီးရဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူညီချက်စာချုပ် The Rights of Child Convention (CRC)၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများမှ ပပျောက်ရေးဆိုင်ရာ သဘောတူညီချက်စာချုပ် The Elimination of All Forms of Forms of Discrimination against Women (CEDAW)၊ ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေးဆိုင်ရာ သဘောတူစာချုပ် Convention Against Torture and Other Cruel, Inhuman and Degrading Treatment or Punishment (CAT) တွေနဲ့လည်း အဆိုပါ ရှာရီယာဥပ‌‌ဒေဟာ ဆန့်ကျင်ဘက် ဖြစ်နေပြီး အာဆီယံအသင်းကြီးရဲ့ အာဆီယံချာတာနဲ့ အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ ‌ကြေညာစာတမ်းအရလည်း မကိုက်ညီဘူးလို့ အဆိုပါ ကြေညာချက်ထဲမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

ဘရူးနိုင်းနိုင်ငံရဲ့ ရှာရီယာဥပ‌ဒေသစ်ဟာ LGBT တွေအပေါ်မှာပဲ ရိုက်ခတ်မှုဖြစ်စေမှာ မဟုတ်ဘဲ တခြားလူနည်းစုတွေဖြစ်တဲ့ အမျိုးသမီးတွေ၊ ဘာသာရေးအရ လူနည်းစု၀င်တွေအပေါ်မှာပါ ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်လာစေနိုင်လိမ့်မယ်လို့လည်း Colors Rainbow အဖွဲ့အစည်းရဲ့ Development Manager ဖြစ်သူ Violaine က ‌‌‌‌‌‌‌‌ဝေဖန်ထောက်ပြခဲ့ပါတယ်။

“ဘရူနိုင်းမှာ ပြဋ္ဌာန်းလိုက်တဲ့ ဒီဥပဒေသစ်မှာက အခြေခံလူ့အခွင့်အရေးစံတွေ ဆိတ်သုဥ်းနေတဲ့အတွက် LGBT တွေအပေါ်မှာပဲ ဆိုးကျိုးသက်ရောက်စေမှာ မဟုတ်ဘဲ အမျိုးသမီးနဲ့ ဘာသာရေးအရ လူနည်းစုဖြစ်တဲ့သူတွေအပေါ်မှာပါ ရိုက်ခတ်မှု ဖြစ်စေမှာပါ။ ဒီလူနည်းစုတွေဟာ ကမ္ဘာနဲ့အ၀ှမ်းမှာဆိုရင်လည်း လူတွေရဲ့ အနိုင်ကျင့်စော်ကားမှု၊ ခွဲခြားဆက်ဆံမှု၊ အကြမ်းဖက်မှုတွေကို အမြဲတမ်း ကြုံနေရတဲ့သူတွေ ဖြစ်တဲ့အတွက် အစိုးရတွေအနေနဲ့ နဂိုကတည်းက အင်အားနည်းနေတဲ့ လူနည်းစု၀င် နိုင်ငံသားတွေကို အကာအကွယ်ပေးပြီး တိုးတက်အောင် ပိုမိုလုပ်ဆောင်ပေးသင့်တယ်”လို့ Violaine က ‌‌‌ပြောပါတယ််။ 

အဆိုပါ ကြေညာချက်ကို အာဆီယံနိုင်ငံအသီးသီးရှိ အဖွဲ့အစည်းပေါင်း (၁၃၂)ဖွဲ့ စုပေါင်းပါဝင်ကာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံကဆိုရင် Colors Rainbow အဖွဲ့နဲ့ &PROUD တို့ကလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။

“ကျွန်တော်တို့ Colors Rainbow က ASEAN SOGIE Caucus ရဲ့ အဖွဲ့ဝင် အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ASEAN SOGIE Caucus စတင်ဖွဲ့စည်းစဥ်ကတည်းက ပါ၀င်ခဲ့တဲ့ အဖွဲ့ ဖြစ်တယ်ပေါ့။ ပြီးရင် ဘရူးနိုင်းမှာရှိတဲ့ LGBT ညီအစ်ကိုမောင်နှမတွေကိုလည်း ပိုပြီးတော့ စည်းညီညွတ်မှုကို ပြချင်တာလည်း ရှိတယ်။ သူတို့နဲ့ အတူတူရှိနေတယ်။ ဒီဥပဒေက လူ့အခွင့်အရေးနဲ့ ဆန့်ကျင်တဲ့ ဥပဒေဖြစ်တယ်ဆိုတာလည်း ကျွန်တော်တို့ ယုံကြည်တဲ့အတွက်ကြောင့်မို့ ပါဝင်ခဲ့ခြင်းဖြစ်ပါတယ်” လို့ &PROUT အဖွဲ့အစည်းရဲ့ Co- Director လည်းဖြစ်ပြီး Colors Rainbow အဖွဲ့အစည်းရဲ့ Deputy Director လည်းဖြစ်သူ ကိုလှမြတ်ထွန်းက ပြောပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.