လိင်တူဆက်ဆံမှု သဘာဝ (Homosexuality)

ကျောင်းတွေရဲ့ တည်ဆောက်ပုံစနစ်တွေမှာ ကျောင်းသားတွေအပေါ် တရားမျှတမှု ပေးနိုင်အောင် ကြိုးစားရမယ်လို့များ ပြောရင် ကျွန်တော်တို့တွေ ငြင်းမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျောင်းတွေမှာ လိင်တူဆက်ဆံမှု သဘာဝအပေါ် အပြစ်မမြင်အောင် သင်ကြားပေးသင့်တယ် ဆိုရင်တော့ ကျွန်တော်ပြောမယ့် စကားအသွားအလာကို ကြည့်ပြီး အကြောက်အကန် ငြင်းဆန်မယ့်သူက များပါလိမ့်မယ်။

ဘာကြောင့်ပါလဲ။ တဖက်မှာ ကျွန်တော်တို့က ကျောင်းသားတွေကို တတ်နိုင်သမျှ တရားမျှတမှုကို ရှာဖွေပေးရမယ်လို့ လက်ခံထားပါလျက်နဲ့ လိင်တူဆက်ဆံမှု သဘာဝကို နားလည်အောင် လုပ်ပေးခြင်းအပေါ်မှာ ဘာကြောင့် အကြောက်အကန် ငြင်းချင်ရပါသလဲ။

လမ်းမပေါ်မှာ ဂေးတယောက်ဟာ ယောက်ျားဖြစ်ပါလျက်နဲ့ မိန်းမတယောက်လို ဟန်ပန်နဲ့ နေထိုင်တာကို လူတွေက လှောင်ပြောင်ကြမယ်ဆိုရင် ဒါဟာ လူ့အဖွဲ့အစည်းရဲ့ ပြဿနာတရပ်ပဲ။ လူ့အဖွဲ့အစည်းအတွင်းက အသိပညာ ဟန်ချက်ညီမှု၊ လွတ်လပ်မှုကို တန်ဖိုးထားမှု အတန်းအစားတွေနဲ့ ဒီပြဿနာကို လူထုရဲ့ အသိပညာအရ ဆွေးနွေးငြင်းခုန်လာတဲ့အထိ စောင့်သွားနိုင်တယ်။ ဒါမှမဟုတ် ဆွေးနွေးငြင်းခုန်လာအောင် တွန်းအားပေးနိုင်တယ်။ ဒါပေမယ့် ကျောင်းတွေမှာ နွဲ့နွဲ့နှောင်းနှောင်းနဲ့ ကောင်လေး တယောက်ကို ကျားကျားလျားလျားနဲ့ ယောက်ျားစိတ် ပေါက်နေတဲ့ ကောင်မလေး တယောက်ကို အခြောက်၊ ဘောပြား (ဝါ) ယောက်ျားပြားရယ်လို့ နှိမ့်ချဆက်ဆံနေတာက အဲဒီလို နှိမ့်ချသူ ကျောင်းသားလေးတွေရဲ့ အသိပညာ အဆင့်အတန်း မြင့်မားလာတဲ့အထိ ထိုင်စောင့်နေရမယ့်ကိစ္စ မဟုတ်ဘူး။ ဒါဟာ လိင်အရ ခွဲခြားဆက်ဆံမှုဖြစ်ကြောင်း သင်ကြားပြသပေးရမှာ။ ချက်ချင်း လက်ငင်းကို ကုစားပေးရမှာ ဖြစ်တယ်။ ကလေးငယ်ဟာ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကြောင့် ကျောင်းဝင်းအတွင်း မတရား ဆက်ဆံခံရတဲ့ အရေးကနေ ကာကွယ်ပေးရမှာ ဖြစ်တယ်။

ပညာရှင် စတက်ဖို့ဒ်က လစ်ဘရယ်ပညာရေးမှာ လိင်တူဆက်ဆံမှုအပေါ် ကြိုက်နှစ်သက်မှုနဲ့ အလေ့အကျင့်တွေအတွက် နေရာတနေရာတော့ ရှိနေသင့်တယ်။ အထူးသဖြင့် လိင်ပညာပေးနဲ့ ဆက်စပ်နေတဲ့ သင်ရိုးညွှန်းတမ်းထဲမှာ ရှိနေသင့်တယ်လို့ ဆိုတယ်။

ပညာရှင် စတက်ဖို့ဒ်က လစ်ဘရယ်ပညာရေးမှာ လိင်တူဆက်ဆံမှုအပေါ် ကြိုက်နှစ်သက်မှုနဲ့ အလေ့အကျင့်တွေအတွက် နေရာတနေရာတော့ ရှိနေသင့်တယ်။ အထူးသဖြင့် လိင်ပညာပေးနဲ့ ဆက်စပ်နေတဲ့ သင်ရိုးညွှန်းတမ်းထဲမှာ ရှိနေသင့်တယ်လို့ ဆိုတယ်။ တကယ်လို့ အဲလို မလုပ်ပေးထားတဲ့ ပညာရေးဟာ လိင်သဘာဝ မတူညီမှုအပေါ် ခွဲခြားဆက်ဆံတတ်တဲ့ လူ့အဖွဲ့အစည်းတရပ် ပေါ်ပေါက်လာအောင် လုပ်နေရုံတင် မကဘူး၊ လိင်သဘာဝ မတူညီတဲ့ ကျောင်းသား၊ ကျောင်းသူတွေအပေါ် တရားမျှတမှု မရှာဖွေပေးနိုင်တဲ့ ပညာရေးမျိုးသာလျှင် ဖြစ်နေမှာ အမှန်ပဲ။ လိင်သဘာဝအားဖြင့် မတူညီတဲ့ ကြိုက်နှစ်သက်မှု ရှိသူ (ဝါ) လိင်တူဆက်ဆံမှုကို ကြိုက်နှစ်သက်သူတွေဟာ လူ့အဖွဲ့အစည်းတခုမှာ အရေအတွက်အားဖြင့် မနည်းဘူး။ ဒီလူတွေ အကုန်လုံးကို မိုက်မဲတဲ့လုပ်ရပ် လုပ်နေသူတွေအဖြစ် အထက်အောက် ဖိစီးထားတာဟာ မတရားမှုတခုကို လက်ခံပေးထားတာမျိုးပဲ ဆိုတာလောက်တော့ သဘောပေါက်ရမယ်။ အဲဒီမတရားမှုမျိုးကို ကျောင်းတွေမှာ မြန်မြန် ငြိမ်းသတ်ဖို့ အရေးကြီးတယ်။

ကျောင်းတွေမှာ လိင်တူဆက်ဆံမှု သဘာဝနဲ့ ကြိုက်နှစ်သက်မှုကို သင်ကြားရမယ့် အပိုင်းက ကျောင်းသားတွေဟာ လိင်တူ ကြိုက်နှစ်သက်မှုဆိုတာ လိင်ကွဲ ကြိုက်နှစ်သက်မှုလို လိင်သဘာဝပုံစံ တမျိုးပဲဆိုတာကို လက်ခံနားလည်နိုင််အောင် လုပ်ပေးရမယ်။ အထူးသဖြင့် လိင်တူ ကြိုက်နှစ်သက်မှုကို လိင်အရ မှားယွင်းစွာ ကျင့်ကြံနေတဲ့ အရာရယ်လို့ မြင်တဲ့အမြင်ဟာ ဂေးနဲ့ လက်စဘီယံတွေကို ကိုယ်ကျင့်တရား အခြေခံအရ နှိမ်ဖို့ ဖြစ်လာတဲ့အမြင် ဖြစ်တော့ကာ ဒီအမြင်မျိုးကို ပျောက်ပျက်သွားအောင် ပြုပြင်နိုင်ရမယ်။ ပျောက်ပျက်သွားရုံတင် မကဘူး။ လိင်တူ ကြိုက်နှစ်သက်မှုဆိုတာ လိင်အရ မှားယွင်းစွာ ကျင့်ကြံနေတာလို့ မြင်ထားတဲ့ အမြင်ကသာလျှင် ကိုယ်ကျင့်တရား အခြေခံအရ တဖက်သားအတွက် တရားမျှတမှုကို ရှာဖွေမပေးနိုင်ဘူးဆိုတာကို သဘောပေါက် နားလည်လာစေရမယ်။ လိင်တူ ကြိုက်နှစ်သက်မှုဆိုတာ ရောဂါ မဟုတ်သလို၊ တခုခု မှားနေတာ မဟုတ်ဘူး၊ ကိုယ်ကျင့်တရားအရ တခု လွဲချော်နေတာမျိုးလည်း မဟုတ်ဘူးဆိုတာကို သင်ကြားပြသနိုင်ရမယ်။

စတန်းဖို့ဒ်ရဲ့အမြင်ကို ပိုပြီးချဲ့ထွင်ဖို့အတွက် ဝေဖန်လာတဲ့ အမြင်တချို့လည်း ရှိတယ်။ ဘရစ်မင်းန်က စတန်းဖို့ရဲ့ လိင်တူသဘာဝအပေါ် သင်ရိုးထဲ ထည့်ရေးဟာ လိင်တူနှစ်ခြိုက်မှု သဘာဝ ဖောက်လွှဲဖောက်ပြန် မဖြစ်ကြောင်း ပြတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ စီရင်ဆုံးဖြတ်ချက်အပိုင်းသာလျှင် ဖြစ်နေတဲ့အတွက် လိင်တူဆက်ဆံမှု သဘာဝကို နားလည်ဖို့ရာ အဖြေတရပ်တော့ မဟုတ်သေးဘူး။ အစိတ်အပိုင်း တရပ်သာလျှင် ဖြစ်သေးတယ်လို့ ဝေဖန်တယ်။

နိုင်ငံရေးသမားတွေက ပြည်သူလူထု အများစုဟာ ရှိရင်းစွဲ အတွေးအခေါ်နဲ့သာ ရှင်သန်နေထိုင်ချင်တဲ့ ကွန်ဆာဗေးတစ်အများစု ဖြစ်တော့ကား ဒါကို လွှတ်တော်ထဲမှာ တရားဝင် လုပ်နိုင်ဖို့ လက်လျော့တတ်ကြပေမယ့် ကျောင်းတွေမှာတော့ ဂေးနဲ့ လတ်စဘီယံ ကျောင်းသားလေးတွေ တရားမျှတမှုကို မဖြစ်မနေ ရှာဖွေပေးရမှာ ဖြစ်တယ်။ ကျောင်းတွေမှာ ရှာဖွေပေးထားခြင်းဟာ ကျွန်တော်တို့ရဲ့ အနာဂတ် လူ့အဖွဲ့အစည်းကြီးရဲ့ အထက်အောက် ဖိစီးမှုကို အောက်ခြေကနေစပြီး ရှင်းပေးနေတာ ဖြစ်တယ်။ ကျောင်းတွေရဲ့ လိင်ပညာပေးသင်ရိုးမှာ လိင်တူဆက်ဆံမှု သဘာဝအပေါ် နားလည်လာအောင် လုပ်ပေးဖို့အတွက် ဟန်းဒ်ရဲ့အရေးအသားတခုကလည်း ထင်ရှားတယ်။ သူက သက်ဆိုင်ရာ လူ့အဖွဲ့အစည်းထဲမှာ လိင်တူဆက်ဆံမှုကို မကောင်းမြင်ကြရတဲ့ အချက်တွေကို စုပြီး တချက်ခြင်း ပြန်ချေပတယ်။ ဒီအခါမှာ လိင်တူဆက်ဆံမှုဟာ ဖောက်လွဲဖောက်ပြန် ဖြစ်နေတယ်ဆိုတာကို လူအများဆုံး လက်ခံယုံကြည်ထားတဲ့ အချက်တွေမှာတောင်မှ ရှေ့နောက်ညီညွတ်မှု မရှိတဲ့ အယူအဆတခုဆိုတာ ပေါ်လာတယ်။ စတန်းဖို့ဒ်နဲ့ ဟန်းတို့ကို အတွန့်တက်ချင်သူတွေက တကယ်လို့များ ကျောင်းတွေမှာ လိင်တူဆက်ဆံမှု သဘာဝဟာ ကိုယ်ကျင့်တရားဆိုင်ရာ ဖောက်ပြန်မှု မဟုတ်ပါဘူးရယ်လို့ နားလည် လက်ခံလာအောင် သင်ကြားလိုက်လို့ တချို့ကျောင်းသားတွေ ကျောင်းသူတွေပါ ဂေးတွေ၊ လက်စဘီယံတွေ ဖြစ်သွားရင် ဘယ်လိုလုပ်မလဲလို့ ဆိုကြတယ်။

စတန်းဖို့ဒ်တို့ကတော့ အဲဒီလိုဖြစ်သွားမှာကို စိုးရိမ်တကြီး ဖြစ်နေရတဲ့ အကြောင်းက ဘာလဲလို့ ပြန်ထောက်ပြတယ်။ ပြီးတော့ လိင်ပညာရေးမှာ တွဲဖက်ပေးမယ့် လိင်တူဆက်ဆံမှု သဘာဝအပေါ် နားလည်မှုဟာ လိင်တူဆက်ဆံမှုကို လုပ်ကြပါလို့ တိုက်တွန်းပြောဆိုမှုနဲ့ တခြားစီပဲ ဆိုတာလောက်တော့ နားလည်ရမယ်။ ကျွန်တော်တို့ လိင်ကွဲဆက်ဆံရေးနဲ့ ပတ််သတ်တဲ့ လိင်ပညာရေးကို ပေးတဲ့အခါ မှာရော လိင်ဆက်ဆံကြပါလို့ တိုက်တွန်းပြောဆိုနေတာလား။ လိင်ဆက်ဆံမှုနဲ့ ပတ်သတ်တဲ့ အသိကို ပေးနေတာလားဆိုတာကို ပြန်စဉ်းစားကြည့်သင့်တယ်။ တကယ်က လိင်တူဆက်ဆံမှု သဘာဝကို သင်ရိုးထဲ ထည့်တယ် ဆိုပေမယ့် သင်ကြားပုံက လိင်တူဆက်ဆံမှုကို စိတ်လှုပ်ရှားမှုနဲ့ ကိိုယ်ကျင့်တရားဆိုင်ရာ ရှုထောင့်ကနေသာ ချဉ်းကပ်ပြမှာဖြစ်ပြီး သူတို့တွေအပေါ် လေးစားရမယ်ဆိုတဲ့ အပိုင်းကနေသာ လုပ်မှာ ဖြစ်တယ်။

စတန်းဖို့ဒ်ရဲ့အမြင်ကို ပိုပြီးချဲ့ထွင်ဖို့အတွက် ဝေဖန်လာတဲ့ အမြင်တချို့လည်း ရှိတယ်။ ဘရစ်မင်းန်က စတန်းဖို့ရဲ့ လိင်တူသဘာဝအပေါ် သင်ရိုးထဲ ထည့်ရေးဟာ လိင်တူနှစ်ခြိုက်မှု သဘာဝ ဖောက်လွှဲဖောက်ပြန် မဖြစ်ကြောင်း ပြတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ စီရင်ဆုံးဖြတ်ချက်အပိုင်းသာလျှင် ဖြစ်နေတဲ့အတွက် လိင်တူဆက်ဆံမှု သဘာဝကို နားလည်ဖို့ရာ အဖြေတရပ်တော့ မဟုတ်သေးဘူး။ အစိတ်အပိုင်း တရပ်သာလျှင် ဖြစ်သေးတယ်လို့ ဝေဖန်တယ်။ စတန်းဖို့ဒ်တို့ကို ဝေဖန်ချဲ့ထွင်တဲ့ နေရာမှာ အထင်ရှားဆုံးကတော့ ရုခ်ပဲ။ ရုခ်က စတန်းဖို့ဒ်ရဲ့ အမြင်မှာ ဂေးနဲ့ လယ်စဘီယံတွေရဲ့ လိင်တူနှစ်ခြိုက်မှု သဘာဝကို အတူတူလို ထားသုံးထားတယ်လို့ မြင်တယ်။ ရုခ်ကပဲ လိင်တူဆက်ဆံမှုခြင်း တူတာတောင်မှ လယ်စဘီယံတွေဟာ လူ့အဖွဲ့အစည်း အတွင်းမှာ ပိုပြီး ဖိစည်းခံရတယ်လို့ မြင်တယ်။ လယ်စဘီယံတွေဟာ လူ့အဖွဲ့အစည်းရဲ့ လိင်တူ ကြောက်ရွံ့မှုအပြင် ယောက်ျား ကြီးစိုးမှုဒဏ်ကိုလည်း ခံရသေးတယ်။ သင်ရိုးညွှန်းတမ်းထဲ ထည့်ဝင်မယ့် အပိုင်းဟာ လယ်စဘီယံတွေ တွေ့ကြုံခံစားရတဲ့ ယောက်ျားကြီးစိုးဆဲ လူ့အဖွဲ့အစည်း ဖိနှိပ်မှုကိုပါ ကိုင်တွယ်သင့်တယ်လို့ ယူတယ်။

လယ်စဘီယံတွေဟာ သူတို့ရဲ့ ဖိုဖြစ်မှုကို အသိအမှတ် အပြုမခံရတဲ့အပြင် ယောက်ျား လူ့အဖွဲ့အစည်းက သူတို့ရဲ့ အပေါ်ယံကြော မခန္ဓာကိုယ်အပေါ် မိန်းမတွေအပေါ် အကြမ်းဖက်သလို ဖက်ချင်နေတဲ့ အခြေအနေတရပ် ရှိနေတယ်။ ဒီတော့ စာသင်ခန်းထဲမှာ လိင်တူဆက်ဆံမှု သဘာဝကို တခုတည်း ပေါင်းပြီး သင်ကြားရတာဟာ လယ်စဘီယံတွေ တဖက်မှာ ယောက်ျားကြီးစိုးတဲ့ လူ့အဖွဲ့အစည်းကြီးရဲ့ ဖိနှိပ်မှုကို လျစ်လျူရှုလိုက်ခြင်းပဲလို့ မြင်နိုင်တယ်။ စတန်းဖို့ဒ်တို့အပြင် လိင်တူဆက်ဆံမှု သဘာဝနဲ့ ပတ်သက်တဲ့ ပညာရေးကို လုပ်တဲ့အခါမှာ အရေးကြီးတဲ့ နောက်ထပ် ထောက်ပြချက်က အေအိုင်ဒီအက်စ်နဲ့ ပတ်သတ်တဲ့ လိင်ပညာပေးပဲ။ လိင်ပညာရေးအတွင်း အေအိုင်ဒီအက်စ်နဲ့ ပတ်သတ်ပြီး လုပ်ကိုင်တဲ့အခါ လိင်တူဆက်ဆံမှု သဘာဝအပေါ် ကြောက်ရွံ့စရာ မဖြစ်အောင် မှားယွင်း ဖောက်လွဲ ဖောက်ပြန်တဲ့ လိင်သဘာဝရယ်လို့ မမြင်အောင် ပညာပေး တတ်ဖို့ရာ ထောက်ပြချက်ပဲ။

မင်းခက်ရဲ

မှတ်ချက်။ ။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဂျာနယ်တွင် ဖော်ပြထားသည့် ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.