မင်းသားဟယ်ရီနဲ့ မီဂန်မာကယ်တို့ဟာ Pride Month ကို ဆင်နွှဲကြတဲ့ ပထမဆုံး တော်ဝင်စုံတွဲဖြစ်လာ

မင်းသားဟယ်ရီနဲ့ဇနီး မီဂန်မာကယ်တို့ဟာ LGBT အရေး စည်းရုံးလှုပ်ရှားသူတွေနဲ့ မင်းသမီး ဒိုင်ယာနာကို ဂုဏ်ပြုမှုနဲ့အတူ Pride Month ကို လူသိရှင်ကြားဆင်နွှဲခဲ့ကြတဲ့ ပထမဆုံးတော်ဝင်မိသားစု ဖြစ်လာခဲ့ပါတယ်။

Sussex မြို့ရဲ့ မြို့စားနဲ့ မြို့စားကတော်ဖြစ်သူ သူတို့နှစ်ဦးဟာ ဇွန်လ(၁)ရက်နေ့က သူတို့ရဲ့ တရားဝင် Instagram အကောင့်ပေါ်မှာ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ LGBT တွေအတွက် Pride Month ကို ဆင်နွှဲနေပါတယ်လို့ ရေးသားခဲ့ပါတယ်။

သူတို့ရေးသားခဲ့တဲ့စာထဲမှာတော့ “ဇွန်လထဲမှာတော့ ကျွန်တော်တို့ PRIDE ကို ဆင်နွှဲကြပါတယ်။ ဒီလထဲမှာတော့ ကျွန်တော်တို့ဟာ LGBT အဖွဲ့အစည်းတွေ၊ ငယ်ရွယ်သူတွေ၊ အသက်ကြီးသူတွေနဲ့ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေ၊ အပေါင်းအသင်းတွေ၊ အတိတ်ကို ထင်ဟပ်နေတဲ့ အကောင့်တွေကို ဂုဏ်ပြုသွားမှာဖြစ်ပြီး အနာဂါတ်မှာတော့ သူတို့နဲ့ထိုက်တန်တဲ့ ပိုမိုထဲထဲဝင်ဝင် ရှိလာစေမယ့် အနာဂါတ်တစ်ခု ဖြစ်လာဖို့ မျှော်လင့်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

ဆက်ပြီးတော့လည်း “ကျွန်တော်တို့ဟာ LGBT တွေကို အားပေးထောက်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှင်းပါတယ်။ အချစ်ဟာ အချစ်ပဲ ဖြစ်လို့ပါ” လို့ ဖော်ပြခဲ့ပါတယ်။

အဆိုပါ တော်ဝင်စုံတွဲရဲ့ တရားဝင်အကောင့်ဟာ Stonewall၊ the Human Right Campaign၊ the Albert Kennedy Trust the Trevor Project နဲ့ the Elton John AIDS Foundation တို့ အပါအဝင် LGBT အခွင့်အရေးကို အားပေးထောက်ခံတဲ့ အဖွဲ့အစည်း(၁၁)ခုကို follow လုပ်ထားတာ ဖြစ်ပါတယ်။

Pro-LGBT ဓါတ်ပုံတွေကိုတော့ သူတို့ရေးသားတဲ့ စာသားတွေနဲ့အတူ မျှဝေခဲ့ပြီး ဒီပုံတွေထဲမှာ မင်းသား ဟယ်ရီရဲ့မိခင် မင်းသမီး ဒိုင်ယာနာဟာ AIDS အကြီးအကျယ်ဖြစ်ပွားနေချိန် ဆေးရုံကိုသွားပြီး လူနာတွေနဲ့ တွေ့ဆုံခဲ့တဲ့ ပုံတစ်ပုံလည်း ပါဝင်ခဲ့ပါတယ်။

သူတို့ရေးသားခဲ့တဲ့စာကိုတော့ LGBT+ အဖွဲ့အစည်းတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်။
LGBT လူငယ်တွေကြားမှာ အိမ်ယာမဲ့မှုကို တိုက်ဖျက်နေတဲ့ the Albert Kennedy Trust အဖွဲ့ကတော့ “ကျွန်တော်တို့ကို ပါဝင်ခွင့်ပေးတဲ့အတွက်နဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ စာသားလေးအတွက် အရမ်းကို ကျေးဇူးတင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

“ ဒီနေ့မှာတော့ မင်းသားတို့ရဲ့ ပို့စ်ထဲမှာရေးသားထားတဲ့အတိုင်း ပိုပြီးထဲထဲဝင်ဝင်ရှိလာစေမယ့် အနာဂါတ်ကိုရရှိဖို့ လူငယ်ပေါင်း(၁၂၃) ယောက်တို့ ဆွေးနွေးကြတဲ့ အမျိုးသားလူငယ်ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။ အားပေးထောက်ခံမယ့် မဟာမိတ်တွေကတော့ ဒီပွဲကို အောင်မြင်စေမယ့် မရှိမဖြစ် လူတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အားပေးထောက်ခံမှုအတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ပျော်စရာကောင်းတဲ့ PRIDE ရာသီလေးဖြစ်ပါစေ”လို့ ဆက်လက် ရေးသားခဲ့ပါတယ်။

ဆယ်ကျော်သက် ကောင်ကလေးတစ်ယောက်ကို လိင်တူချစ်သူဖြစ်လို့ သတ်ဖြတ်ခဲ့တဲ့အမှုအတွက် အောက်မေ့ဖွယ် ကျင်းပခဲ့တဲ့ အမေရိကန်အခြေစိုက် Matthew Shepard Foundation ကလည်း မင်းသားဟယ်ရီတို့ရဲ့ ထောက်ခံအားပေးမှုကို ကျေးဇူးတင်ကြောင်း ရေးသားခဲ့ပါတယ်။

The Trevor Project ကလည်း “ကျွန်တော်တို့ရဲ့ အသက်ကယ်တင်တဲ့ စီမံကိန်းမှာ ပါဝင်ထောက်ခံပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

အိုလံပစ် ရေကူးချန်ပီယံ Tom Daley ကလည်း “ဒါဟာ အရမ်းကို ကောင်းမွန်လွန်းလှပါတယ်”လို့ ရေးသားခဲ့ပါတယ်။

မင်းသားရဲ့ပို့စ်မှာ LGBT တွေကို ဆန့်ကျင်သူတွေရဲ့ မှတ်ချက်တချို့လည်း ရှိခဲ့ပါတယ်။
တစ်ဦးကတော့ “တော်ဝင်မိသားစုဆိုတာ ရိုးရာကို ဆက်လက်ထိန်းသိမ်းမယ့် အရာတွေမလုပ်ဘူးဆိုရင် ဆက်ပြီးရှိနေဖို့တောင် မလိုပါဘူး။ သူတို့က သက်သက် လူသိများအောင် လုပ်တာပါ။ ဒီလိုစိတ်ထားတွေနဲ့တော့ နောက်ဆုံးမှာတော့ အောင်မြင်မှုနဲ့ ဒီခေတ်ကြီးထဲမှာ ထိုက် တန်မှာ မဟုတ်ဘူး”လို့ ဆိုပါတယ်။

နောက်တစ်ယောက်ကတော့ “သမ္မာကျမ်းစာကို ပိုပြီး ဖတ်ပါဦး။ ဒါတွေမြင်ရတာ စိတ်မကောင်းလိုက်တာ”လို့ ဆိုပါတယ်။

ဒေါသထွက်နေတဲ့သူတစ်ယောက်တော့ မင်းတို့ရဲ့ နိုင်ငံရေးကစားတဲ့ ရေးသားမှုအတွက် ပြစ်ဒဏ်အနေနဲ့ မင်းတို့ရဲ့ ရာထူးတွေ၊ အလကားရတဲ့ အိမ်တွေနဲ့၊ အခွန်ဆောင်သူတွေက ပေးထားတဲ့ဘဝကနေ နုတ်ထွက်လိုက်လို့ ဆိုပါတယ်။

မင်းသား ဟယ်ရီဟာ LGBT+ အရေးကိစ္စတွေအကြောင်း တော်ဝင်မိသားစုထဲမှာ အပြောအများဆုံးသူတစ်ဦးဖြစ်ပြီး သူ့ရဲ့မိခင် ချပေးခဲ့တဲ့ အမွေဖြစ်တဲ့ AIDS/HIV အရေးကိုလည်း ဆက်လက်လုပ်ဆောင်လျှက် ရှိပါတယ်။

Source# Pink News

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.