၂၀၁၉ခုနှစ် LGBT အခွင့်အရေးဆိုင်ရာ ကွန်ရက်နှစ်ပတ်လည်တွေ့ဆုံပွဲမှ ကဏ္ဍအသီးသီးက တာဝန်ရှိသူတွေထံ အကြံပြုချက် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပပြုလုပ်တဲ့ ၂၀၁၉ခုနှစ် LGBT အခွင့်အရေးဆိုင်ရာ ကွန်ရက်နှစ်ပတ်လည်တွေ့ဆုံပွဲကနေ LGBT တွေ တွေ့ကြုခံစားနေရတဲ့ အခက်အခဲတွေနဲ့ဆက်စပ်ပြီး ကဏ္ဍအသီးသီးက တာဝန်ရှိသူတွေထံ အကြံပြုချက်တွေပါဝင်တဲ့ ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်တစ်စောင်ကို LGBT အခွင့်အရေးဆိုင်ရာကွန်ရက် နှစ်ပတ်လည်တွေ့ဆုံပွဲ ဒုတိယမြောက်နေ့မှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး တွေ့ဆုံပွဲကို ရန်ကုန်မြို့ရှိ Excel Hotel မှာ ဇူလှိုင် ၂၈ရက်၊ ၂၉ရက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါပွဲမှ အစိုးရအား အကြံပြုတိုက်တွန်းလိုတဲ့ အချက်(၈)ချက်ကို ထုတ်ပြန်လိုက်ပြီး ၎င်းတို့မှာ ၁- LGBT တွေအပေါ် သက်ရောက်မှုရှိပြီး ဖိနှိပ်မှုအများဆုံးဖြစ်ပေါ်စေသော ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇နှင့် ရဲအက်ဥပဒေ( ၃၅ ဃ၊ ၃၀ဃ)တို့ကို ပြင်ဆင်ပြောင်းလဲပေးရန်နဲ့ LGBT တွေကို အကာအကွယ်ပေးနိုင်မည့် ဥပဒေ၊ မူဝါဒတွေကို အစိုးရမှ ရေးဆွဲပေးရန်၊ ၂- အစိုးရ၊ ဥပဒေအထောက်အကူပြုအဖွဲ့အစည်းတွေနဲ့ NGO/INGO တွေမှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုလက်လှမ်းမှီရရှိရေး စီမံချက်တွေမှာ LGBT အရေးကိစ္စတွေကို အထူးအလေးပေး စဉ်းစားဆောင်ရွက်ပေးရန်၊ ၃- LGBT တွေအပေါ် လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှုများ ဖြစ်ပေါ်နေသည့်အတွက် သက်ဆိုင်ရာ အလုပ်သမားဝန်ကြီးဌာနမှ လုပ်ငန်းခွင်အတွင်း လုံခြုံမှုဆိုင်ရာ မူဝါဒများပြဌာန်းရာ တွင် LGBT အရေးကိစ္စတွေကိုလည်း ထည့်သွင်းရေးဆွဲပေးရန်၊ ၄- အခြေခံနှင့် အဆင့်မြင့်ပညာသင်ရိုးညွှန်းတမ်းတွေမှာ ဂျန်ဒါသင်ခန်းစာများ ထည့်သွင်းရေးဆွဲရာမှာ LGBTနှင့် လိင်စိတ်ကိုင်းညွှတ်မှု၊ လိင်ဝိသေသခံယူမှုနှင့် ဖော်ပြချက် (SOGIE) သင်ခန်းစာတွေကိုလည်း ထည့် သွင်းရေးဆွဲပေးရန်တို့ ဖြစ်ပါတယ်။

နောက်ထပ် အချက်တွေကတော့ ၅- စာသင်ကျောင်းတွေမှာ LGBTတွေအပေါ်ခွဲခြားဆက်ဆံမှုနှင့် လှောင်ပြောင်စော်ကားမှုများ ကင်းဝေးစေရန်အတွက် ပျော်ရွှင်လုံခြုံသောရပ်ဝန်းအဖြစ် သက်ဆိုင်ရာပညာရေးဝန်ကြီးဌာနမှ မူဝါဒများ ပြဌာန်း၍ ဖန်တီးဖော်ဆောင်ပေးရန်၊ ၆- အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကျန်းမာရေးဝန်ဆောင်မှုများ ပေးအပ်နေသော ကျန်းမာရေးဝန်ထမ်းတွေကို SOGIE နှင့် သက်ဆိုင်သော အကြောင်းအရာများကို သင်ကြားပေးရန်၊ ၇- Transgender အမျိုးသားနှင့် အမျိုးသမီးတွေ တွေ့ကြုံခံစားရတဲ့ ဟော်မုန်းမညီမျှမှု ပြဿနာတွေကိုလည်း သက်ဆိုင်ရာ ကျန်း မာရေးဌာနမှ ထည့်သွင်းစဉ်းစား၍ ဝန်ဆောင်မှုပေးအပ်ရန်နဲ့ ၈- LGBT တွေအပေါ် မိသားစုနှင့် ပတ်ဝန်းကျင်မှ ခွဲခြားဆက်ဆံမှု၊ အကြမ်းဖက်မှုတွေကိုလည်း လျော့နည်းပပျောက်စေရန် နိုင်ငံပိုင်မီဒီယာတွေကတဆင့် အသိ ပညာပေးမှု၊ စည်းရုံးလှုံ့ဆော်မှုစတဲ့ အစီအစဉ်တွေကို ဆောင်ရွက်ပေးရန် စသည်တို့ကို ထုတ်ပြန်လိုက်ပါတယ်။

နှစ်ပတ်လည်အစည်းအဝေးပထမနေ့မှာ မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ် (၁၄)ခုမှ မြို့ပေါင်း (၂၃)မြို့က LGBT အခွင့်အရေးဆိုင်ရာကွန်ရက်မှ LGBT ကိုယ်စားလှယ်တွေ၊ အရံကိုယ်စားလှယ်၊ LGBT အဖွဲ့အစည်းတွေ၊ LGBT အရေး စိတ်ပါဝင်စားသူ(၇၀)ကျော် တက်ရောက်ခဲ့ကြပြီး ဒုတိယနေ့တွင်လည်း အလှုရှင်အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ လူမှုအသင်းအဖွဲ့တွေ စုစုပေါင်း (၁၁၀)ဦး တက်ရောက်ခဲ့ကြပါသည်။

နှစ်ပတ်လည် အစည်းအဝေးပထမနေ့မှာ LGBT နှင့် ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ ဥပဒေ၊ မီဒီယာ ၊ ကျား-မရေးရာ၊ LGBT နှင့် မိသားစုနဲ့ အမျိုးသမီးချင်းချစ်သူအရေး (Lesbian issue) စသည်တို့ကို ဆွေးနွေးခဲ့ကြပြီး ဒုတိယနေ့မှာလည်း ဥပဒေဖြင့် တရားမျှတ လူမှုဘဝဥပဒေဖြင့် ကာကွယ်ကြ (Justice and protection for all ) ဥပဒေခေါင်းစဉ်ဖြင့် ဦးအောင်မျိုးမင်း (Equality Myanmar )၊ ဒေါ်မေစံပါယ်ဖြူ (ကျား၊မ ရေးရာတန်းတူညီမျှရေးကွန်ရက်၊ ဒေါ်ဇာလီအေး (International Commission of Jusrists)၊ ကြည်ကြည် (Representa -tive of Pakokku city)တို့က စကားဝိုင်းဆွေးနွေးပွဲတစ်ခုကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.