“အပ်ဖျားတစ်ထောက်”ရုပ်သံဇာတ်လမ်းတွဲမှာ Transgender အမျိုးသမီးနေရာက ပါဝင်ခဲ့တဲ့ သရုပ်ဆောင် ဟန်ဂျေကို

MRTV နဲ့ SFCG တို့ ပူးပေါင်းရိုက်ကူးတင်ဆက်ခဲ့တဲ့ “အပ်ဖျားတစ်ထောက်” ရုပ်သံဇာတ်လမ်းတွဲမှာ LGBT မဟုတ်ပေမဲ့ လည်း Transgender အမျိုးသမီးတစ်ယောက်နေရာမှာ သရုပ်ဆောင်ခဲ့ရာက အနုပညာကို လျှောက်လှမ်းခွင့်ရလာတဲ့ သရုပ်ဆောင် ဟန်ဂျေကို ကို သူ့ရဲ့လက်ရှိ အနုပညာအကြောင်းကို မေးမြန်းတင်ဆက်ပေးလိုက်ပါတယ်။

မေး- မင်္ဂလာပါ ညီ။
ဖြေ- မင်္ဂလာပါ။

မေး- လက်ရှိ ညီလျှောက်လှမ်းနေတဲ့ အနုပညာအကြောင်းလေး ပြောပြပေးပါ။

ဖြေ- ညီရဲ့ လက်ရှိ အနုပညာလှုပ်ရှားမှုလေးတွေကတော့ နောက်ထပ်ဇာတ်လမ်းတွဲလေးတွေ ထပ်ရိုက်ကူးဖို့ ရှိပါတယ်။ Photo Shootလေးတွေ ရိုက်ရင်း Event တွေမှာ Presenter အလုပ်လေးတွေလည်း လက်ခံပြီး လုပ်ဖြစ်နေပါတယ်။ နောက် ညီအနေနဲ့ အဆိုတော်တစ်ယောက် မဟုတ်ပေမယ့် ဝါသနာရှင်အဆင့်လောက်နဲ့ပဲ တစ်ချို့ Show ပွဲတွေ၊ နယ်ပွဲလေးတွေမှာ လည်း ပွဲအခြေအနေကိုကြည့်ပြီး သီချင်းလိုက်ဆိုပေး ဖြစ်ပါတယ်။

မေး- အနုပညာနယ်ပယ်ထဲကို ဘယ်အချိန်လောက်ကတည်းက စဝင်ဖြစ်ခဲ့တာလဲ။

ဖြေ- ညီအနေနဲ့ အနုပညာနယ်ပယ်ထဲကို ခြေလှမ်းစခဲ့တဲ့အချိန်က ၂၀၁၆ခုနှစ် ကုန်ခါနီးလောက်တုန်းကပေါ့။ ဒါပေမဲ့ ကြားထဲ မှာ နယ်ကလာရတဲ့သူဆိုတော့ ရန်ကုန်မှာက အလုပ်တစ်ဖက်၊ သင်တန်းတွေက တစ်ဖက်နဲ့ဆိုတော့ ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေကိုပဲ ဦးစားပေးခဲ့ရင်း ခြေလှမ်းတွေက အရာမထင်ခဲ့ပါဘူး။ အဲဒီလိုနဲ့ အခွင့်အရေးတစ်ခု ပေါ်လာခဲ့တာပါ။ ညီ အနေနဲ့ ဒီဇာတ်ကားက ပထမဦးဆုံး Series ပါ။

မေး- ညီအနေနဲ့ “အပ်ဖျားတစ်ထောက်”ရုပ်သံဇာတ်လမ်းတွဲမှာ Transgender အမျိုးသမီးတစ်ယောက်နေရာမှာ သရုပ်ဆောင် ဖြစ်ခဲ့ပုံလေး ပြောပြပေးပါ။

ဖြေ- ကျွန်တော် MRTV နဲ့ SFCG တို့ ပူးပေါင်းရိုက်ကူးမယ့် Mini-Series မှာ ပါသွားတော့ အဖွဲ့အစည်းက တာဝန်ရှိသူတွေရှေ့ မှာ ဇာတ်လမ်းထဲက ကာရိုက်တာ(၄)မျိုး သရုပ်ဆောင်ပြရပါတယ်။ Transgender နေရာကနေ သရုပ်ဆောင်ဖို့အတွက် Casting ရွေးတဲ့ အစ်ကို၊ အစ်မတွေက လုပ်ကွက်ရမယ်၊ အခန်းလည်း များမယ်၊ ကိုယ့်ကိုလုပ်ကြည့် ကြိုးစားကြည့်စေချင် တယ်ဆိုတာနဲ့ ကြိုးစားကြည့်မယ်ဆိုပြီး Transgenderနေရာကနေ လက်ခံရိုက်ကူး ဖြစ်ခဲ့တာပါ။

မေး- ညီအနေနဲ့ ကိုယ်တိုင် Transgender အမျိုးသမီးနေရာမှာ သရုပ်ဆောင်ရတဲ့အခါ ဘယ်လိုအမှတ်တရတွေ၊ အခက် အခဲတွေ ရှိခဲ့သလဲ။

ဖြေ- ထွေထွေထူးထူး ခက်ခဲတာတွေတော့ မရှိပါဘူး။ MRTVနဲ့ SFCG အဖွဲ့အစည်းကလည်း အစစအရာရာ ဂရုတစိုက်နဲ့ Team တစ်ခုလုံးက ကူညီပေးခဲ့ကြပါတယ်။ ညီအနေနဲ့ ပထမအချက်က အသံပိုင်း။ ညီအသံက မာတယ်၊ အသံကြီးတယ်၊ မိန်းကလေး အသံဘက်ကို မသွားဘူး။ အဲဒီအတွက် အသံကိုအမျိုးမျိုး record သွင်းလိုက်၊ နားထောင်လိုက်၊ သူငယ်ချင်း တွေနဲ့ တိုင်ပင်လိုက် အဲဒီလို ကျင့်ခဲ့ရတယ်။ ညီက ရှူတင်ကားစုရပ်ကို သွားဖို့အဆင်မပြေဘူး။ တစ်ကားလုံး မိတ်ကပ်နဲ့ အဝတ်အစားတွေကို သူငယ်ချင်း MUA -Min Set နဲ့ Wai Htoo Aung တို့က ပြင်ရတယ်။ အလုပ်တွေက ဆက်နေတော့ ညီကို အချိန်လုပြီး ပြင်ပေးရတယ်။ ပြီးတဲ့အချိန် မိတ်ကပ်တွေ၊ ဆံပင်တုတွေတပ်ပြီး မိန်းကလေးအဝတ်အစားအပြည့်နဲ့ Taxi ထွက်ငှားရတာပေါ့။ ဆံပင်တုတွေမှာ ညှပ်ထားတဲ့ ကလစ်တွေက နာ။ တစ်နေကုန် ရိုက်ကွင်းမှာ နေရတဲ့ရက်တွေဆို ခေါင်းတွေ နာနေရောပဲ။ ဘော်လီက ကျပ်ကျပ်နဲ့ ဆံပင်တုက ရှည်၊ အဝတ်အစားအပြည့်နဲ့ နွေရာသီမှာ တော်တော်နေရ ခက်ခဲ့ပါတယ်။

မေး-နောက်ထပ် LGBT ဇာတ်ရုပ်နေရာမှာ သရုပ်ဆောင်ဖို့ကော ဆန္ဒရှိပါသလား။ ဘာကြောင့်ပါလဲ။

ဖြေ-နောက်ထပ် LGBT ဇာတ်ရုပ်ကတော့ သရုပ်ဆောင်ဖို့ ဆန္ဒကတော့ လတ်တလော မရှိသေးပါဘူး။ ဘာကြောင့်လဲဆို တော့ ကျွန်တော်တို့လို သရုပ်ဆောင် ဝါသနာရှင်အဆင့် လူငယ်တစ်ဦးအနေနဲ့ လုပ်ပြနိုင်သေးတဲ့ အခြားဇာတ်ရုပ်တွေ အများ ကြီး ရှိသေးတယ်။ လုပ်ပြချင်သေးတယ်။ ဒါပေမဲ့ တစ်ခုရှိတာက ဇာတ်လမ်းကောင်းကောင်းနဲ့ တကယ့် LGBT Support ဖြစ် မယ်၊ LGBT Strong ဖြစ်မယ့် ဇာတ်တွေဆိုရင်တော့ ရိုက်ဖြစ်မယ်ထင်ပါတယ်။ ဖြစ်သလို ဒါ LGBTဆိုပြီး သရုပ်ပျက်ဇာတ် တွေကိုတော့ LGBT အဖွဲ့အစည်းတစ်ခုကို Respect ထားပေးခြင်းဖြင့် ရိုက်ကူးမှာ မဟုတ်ပါဘူး။

မေး- ညီအနေနဲ့ LGBT ဆိုတာကို ဘယ်လို နားလည်ထားသလဲ။

ဖြေ- ညီတို့ အပေါင်းအသင်းတွေထဲမှာလည်း LGBTတွေ အများကြီးပါ။ ပေါင်းကြည့်ရင် ခင်ဖို့ကောင်းတယ်။ ပျော်ဖို့ကောင်း တယ်။ ချစ်ဖို့ကောင်းကြတယ်။ L ဆိုတာ Lesbian ကိုယ့်ကိုကိုယ် မိန်းကလေးလို ခံယူနေထိုင်ပြီး ကိုယ်နဲ့ပုံစံတူ မိန်းကလေး ကိုပဲ ချစ်ခင်နှစ်သက်တဲ့သူပေါ့။ G ဆိုတာ Gayကိုယ့်ကိုကိုယ် ယောကျာ်းလေးလိုနေပြီး ကိုယ်နဲ့ပုံစံတူ ယောကျာ်းလေးကို ချစ် ခင်ကြိုက်နှစ်သက်တဲ့သူ။ B ဆိုတာ Bisexual လိင်တူ၊ လိင်ကွဲ ယောကျာ်းရော မိန်းမရော နှစ်မျိုးစလုံးကို ချစ်လို့ရတဲ့စိတ် ရှိ နေတဲ့သူ နောက်ပြီး T ဆိုတာ Transgender ဆန့်ကျင်ဘက်လိင်ပုံစံကို ပြောင်းလဲဝတ်ဆင်ပြီးနေထိုင်သူလို့ သိထားပါတယ်။

မေး- ရုပ်ရှင်၊ ဗွီဒီယိုတွေမှာ LGBT ဇာတ်ရုပ်တွေကို သရုပ်ဖော်ရိုက်ကူးမှုတစ်ချို့က တကယ့်လူမှုဘဝထဲက LGBTတွေကို ရိုက်ခတ်မှု ရှိလာနိုင်တယ်ဆိုတဲ့အပေါ် သရုပ်ဆောင်သစ်တစ်ယောက်အနေနဲ့ ဘယ်လိုမြင်မိသလဲ။

ဖြေ- ညီအနေနဲ့ ရုပ်ရှင်ဗွီဒီယိုတွေမှာ LGBT ဇာတ်ရုပ်တွေကို သရုပ်ဖော်ရိုက်ကူးနေမှုတချို့က တကယ့်လူမှုဘဝထဲက LGBT တွေကို ရိုက်ခတ်မှု ရှိလာနိုင်တယ်မဟုတ်ဘူး။ ရှိကို ရှိနေတာပါ။ ဟာသကားမှာ Gay တစ်ယောက်ပါတဲ့အခန်းမှ ရယ်ရ၊ ဟားရရင် ဒါ ပညာရှင်မဆန်ဘူး။ ဟာသကား မမြောက်ဘူးလို့ မြင်တယ်။ ဘာလို့လဲဆိုရင် တစ်ချို့ဇာတ်ကားတွေမှာ LGBT တွေကို ဖြစ်သလို ချပြကြတယ်။ ရယ်စရာ လှောင်စရာ နေရာလောက်ပဲ အသုံးချကြတဲ့အခါ ပရိတ်သတ်ဆိုတာ ချပြတဲ့ အရာတွေအပေါ်မှာပဲ အရိုးစွဲလာကြပြီ။ ဒါလို့ပဲ မြင်လာကြပြီ။ လက်ရှိ လှုမှုဘဝမှာ ဘယ်လိုပဲကောင်းအောင် တန်ဖိုးရှိတဲ့ LGBTတွေပဲရှိရှိ မြင်ရင် တွေ့ရင် စချင်စရာ လှောင်ချင်စရာ ဇာတ်ကားတွေထဲကလို ဟားချင်စရာလို့ပဲ သိထားကြပြီ။ အပြင် မှာ အိန္ဒြေရှိရှိ၊ တန်ဖိုးရှိရှိ၊ သိက္ခာရှိရှိနဲ့နေပြီး တကယ့်အချစ်စစ်နဲ့ ချစ်ကြတယ်။ ယောကျာ်း၊ မိန်းမဆက်ဆံရေး Relationship သက်တမ်းထက်ပိုရင့်တဲ့ LGBT ချစ်သူတွေ ကျွန်တော် အသိတွေထဲမှာလည်း ရှိကြပါတယ်။ အသိအမြင်မ ကျယ်တဲ့ ပတ်ဝန်းကျင်တွေမှာဆို LGBTတွေဟာ ရိုက်ခတ်မှုဒဏ်ကို တော်တော်ခံကြရတာပါ။ ဒါကြောင့် ကိုယ်ချပြလိုက်တဲ့ အနုပညာတွေက တစ်ဖက်မှာသွားပြီး ရိုက်ခတ်ကြမ်းတမ်းစေတဲ့ အသိအမြင်တွေ ဖြစ်မသွားသင့်ဘူးလို့ မြင်မိပါတယ်။

မေ- အခုလို အချိန်ပေးဖြေကြားပေးတဲ့အတွက် Colors Rainbowက ကျေးဇူးအထူးတင်ပါတယ်။
ဖြေ- ကျွန်တော်ကလည်း Colors Rainbowကို ကျေးဇူးအထူးတင်ပါတယ်။

                                                                                                                                      ကြယ်စင်လင်း

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.