တကယ်တော့ ပြသနာအားလုံးရဲ့ အစက…..

တကယ်တော့ ပြသနာအားလုံးရဲ့အစက “ဒီမိုကရေစီ”ပဲ…။ အဲ….ဒီမိုကရေစီလို့ ပြောလိုက်လို့ ကြီးကြီးကျယ်ကျယ်တွေ လျှောက်တွေးမနေကြနဲ့ဦး။ ကျုပ်က ဘာမှ အကြီးကြီး ပြောတာ မဟုတ်ဘူး။ ရိုးရိုးလေးပဲ တွေးပြီး ရိုးရိုးလေးပဲ ပြောတာ။ ကျုပ်ပြောချင်တဲ့ “ဒီမိုကရေစီ” အဲ့ဒီစာလုံးရဲ့ အဓိပ္ပါယ်လည်း မဟုတ်ဘူး။ အနက်တွေလည်း မဟုတ်ဘူး။ ဒီအတိုင်း “ဒီ” “မို”….. “ကရေစီ” ဆိုတဲ့ စာလုံးလေးတွေကိုပဲ ပြောတာ။

ဘာကြောင့် “ဒီမိုကရေစီ” က ပြဿနာရဲ့အစဖြစ်ရလဲဆိုတော့.. အဲ… ဟို.. ဟိုတစ်ယောက်က အဲဒီစကားလုံးကြီးနဲ့ ကျုပ်ကို လာလာပြီး ကိုင်ပေါက်နေတာကိုး။ ဟုတ်တယ်ဗျ။ တကယ်ကို တစ်ခုခု မပြောလိုက်နဲ့ “ဒီမိုကရေစီ နိုင်ငံဆိုတာ….” “ဒီမိုကရေစီနိုင်ငံသားဆိုတာ” နဲ့ပဲ ချေပချင်နေတာ။

ဘယ်သူရှိရမလဲ..။ တစ်နေ့က ကျုပ်နဲ့ ငြင်းခုံခဲ့ရတဲ့ တစ်ယောက်ပေါ့။ အဲဒီ… အမျိုးသမီး… အဲ… အမျိုးသား… အာ……။ သူ့ကို ကျုပ် ဘယ်လို ပြောရမှန်းတောင် မသိတော့ဘူး။ သူကတော့ သူ့ကိုယ်သူ အမျိုးသမီး၊ မိန်းမလို့ ခံယူထားသတဲ့။ ဒီတော့ သူ့ကို အမျိုးသမီးပဲ ထားလိုက်ပါတော့ဗျာ။ ကျုပ်တို့ အရပ်သုံးစကားနဲ့ ပြောရင်တော့ မိန်းမလျာပေါ့ဗျာ။ ထားပါတော့.. ကျုပ် ပြောချင်တာ အဲဒါ မဟုတ်ပါဘူး။ “ဒီမိုကရေစီ” နဲ့ ကိုင်ပေါက်ခံရတဲ့ ကိစ္စ။

ဘယ်နှယ့်ဗျာ… တကယ်ဆိုရင် “ကိုယ် ကောင်းရင် ခေါင်း ဘယ်မရွေ့” ပါ။ အခုတော့ ကိုယ်တိုင်က ပတ်ဝန်းကျင်ကို ဂရုမစိုက် လုပ်ချင်ရာ လုပ်နေပြီး ပတ်ဝန်းကျင်က ဂရုမစိုက်တော့မှ သူတို့ပဲ တစ်ဖက်သတ် ခံနေရသလို ပြောနေကြတာ နားကြားပြင်းကပ်တယ်ဗျာ။
အဲ.. နည်းနည်း ရှုပ်သွားပြီ ထင်တယ်။ ဒီလိုဗျ။ အဲဒီမိန်းမလျာမက ကျုပ်နဲ့ ဆွေးနွေးတုန်းက ပြောတယ်။ သူတို့ အခွဲခြားခံနေရသတဲ့။ လူတွေက သူတို့ကို လက်မခံကြလို့ စိတ်ပျက်ရသတဲ့။ အဲဒါဟာ လူ လူချင်း အတူတူ ခွဲခြားနှိမ်ချတာပဲ ဖြစ်တယ်တဲ့။ ဘာတွေများ ကွာခြားနေလို့ လူချင်းအတူတူ၊ သူတို့ကို ဘာကြောင့် ပျက်ရယ်ပြုနေကြရသလဲတဲ့။ အို.. ပြောလိုက်တာ စုံနေတာပဲ။

ကျုပ်ကလည်း အေးအေးဆေးဆေး ပြန်ပြောပြပါတယ်။ လူတွေ လက်မခံဘူးဆိုတဲ့ နေရာမှာ၊ ခွဲခြားကြတယ်ဆိုတာမှာ ခွဲခြားခံရတဲ့ အကြောင်းရင်းတွေကို ပြန်ရှာသုံးသပ်သင့်တယ်လို့။ အဲဒီအကြောင်းရင်းတွေမှာ ခွဲခြားဆက်ဆံနေတဲ့ လူတွေဘက်က အမှားတွေ၊ လိုအပ်ချက်တွေကိုတော့ အဲဒီလူတွေက ပြင်ရမယ်။ ပြင်သင့်တယ်။ ပြင်ဖို့လည်း တောင်းဆိုသင့်ပါတယ်။ ဥပမာဗျာ.. အဲဒီလိုခွဲခြားကြတဲ့ အကြောင်းရင်းက “LGBT” ဖြစ်နေလို့ဆိုတဲ့ အချက်တစ်ခုကြောင့် ဆိုရင်တော့ ဒါမဖြစ်သင့်ဘူးပေါ့။ မဟုတ်ဘူးလား။ အဲ.. အဲ့ဒီလိုမဟုတ်ပဲ ကိုယ်တိုင်က လူတွေ လက်မခံချင်အောင် လုပ်နေမိတာလား ဆိုတာလည်း ပြန်ဆန်းစစ်သင့်တယ်လို့ ကျုပ်က စကားစရုံ ရှိသေးတယ်ဗျာ..။ အားလားလား… ကတ်ကတ်လန်အောင် ကျုပ်ကို ပြန်ပြောလိုက်တာဗျာ….။ နားတွေတောင် ထူပူသွားတယ်။ တကယ်ပဲဗျာ…။ အဲဒါပဲဗျ.. သူတို့နဲ့ ဆက်ဆံရင် ကြုံတွေ့ရတာ အဲဒါပါပဲ။ ဘယ်တော့မှ တစ်ဖက်လူရဲ့ အမြင်၊ တစ်ဖက်လူရဲ့စကားကို သေချာနားမထောင်ချင်ဘူး။ လက်မခံချင်ဘူး။ ပက်ခနဲနေအောင် ပြန်ပြောဖို့ပဲ။ ဒါပဲ တွေးနေကြတယ်။

သူကတော့ ပြောတယ်ဗျ။ အဲဒီလို ခွဲခြားမှုတွေကြောင့် အုပ်စုလိုက် အခွင့်အရေးတွေနဲ့ ကာကွယ်ပေးနေရတာတဲ့။ ဘာတဲ့… အုပ်စုလိုက် အခွင့်အရေးတဲ့.. ။ ကျုပ်က မေးလိုက်တယ်။ “နင်တို့က.. အုပ်စုလား.. အုပ်ကွဲလား” လို့။ ဟုတ်တယ်လေ… ကျုပ် အခုနက ပြောသလိုပေါ့..။ တကယ်လုပ်ကြပြီဆိုရင် သူတို့မှာ အကွဲကွဲ အပြဲပြဲနဲ့။ ဟေ့… ဘာမှ လျှောက်မတွေးကြနဲ့ဦး။ ကျုပ်ပြောတာက ညီညွတ်မှု မရှိကြ၊ စည်းလုံးမှု မရှိကြတာ ပြောတာဗျ။

ပြန်ချေပတတ်တာက ကောင်းပါတယ်။ ဒါပေမယ့် သူတို့က အလွန်အကျွံကြီး။ သိတယ် မဟုတ်လား။ နောက်ပြီး အဲဒီနေ့က သူတစ်ယောက်တည်းမို့ ဒီလောက် အဆင်ပြေခဲ့တာ။ နှစ်ယောက်၊ သုံးယောက်များ ပေါင်းမိရင်တော့ မလွယ်ဘူးဗျ။ တကယ်ကို စကားပြောလို့ အဆင်မပြေတော့ဘူး။ ပြောရမယ်ဆိုရင် လူတွေ လက်မခံချင်တဲ့ အမူအကျင့်တွေပေါ့။

အင်း.. သူတို့ကလည်း ဒါကို လက်မခံကြပါဘူး။ ပြောလို့လည်း မရပါဘူး။ သိတယ် မဟုတ်လား။ “ဒီမိုကရေစီ နိုင်ငံသားတွေ” တဲ့လေ.။ ကဲ… သူတို့ပြောမှ “ဒီမိုကရေစီနိုင်ငံ” ဆိုတာ လုပ်ချင်ရာ လုပ်လို့ရတဲ့ နိုင်ငံ ဖြစ်တော့တယ်။ လုပ်သင့်၊ မလုပ်သင့်ကိုတော့ မပြောဘူး။ ဒါနဲ့ အခုနကအကြောင်း ပြန်ဆက်ရဦးမယ်။ သင်းတို့က အဲလို ပျော်ဖို့မော်ဖို့အတွက်သာ အတိုင်အဖောက် ညီတာ။ တကယ် အလုပ်လုပ်ကြရင်တော့.. သိတယ် မဟုတ်လား..။

သူကတော့ ပြောတယ်ဗျ။ အဲဒီလို ခွဲခြားမှုတွေကြောင့် အုပ်စုလိုက် အခွင့်အရေးတွေနဲ့ ကာကွယ်ပေးနေရတာတဲ့။ ဘာတဲ့… အုပ်စုလိုက် အခွင့်အရေးတဲ့.. ။ ကျုပ်က မေးလိုက်တယ်။ “နင်တို့က.. အုပ်စုလား.. အုပ်ကွဲလား” လို့။ ဟုတ်တယ်လေ… ကျုပ် အခုနက ပြောသလိုပေါ့..။ တကယ်လုပ်ကြပြီဆိုရင် သူတို့မှာ အကွဲကွဲ အပြဲပြဲနဲ့။ ဟေ့… ဘာမှ လျှောက်မတွေးကြနဲ့ဦး။ ကျုပ်ပြောတာက ညီညွတ်မှု မရှိကြ၊ စည်းလုံးမှု မရှိကြတာ ပြောတာဗျ။ ဘယ့်နှယ်… လူသားအကျိုးပြု လုပ်ငန်းတွေလုပ်တဲ့ ကိစ္စမှာတောင် သူတို့ မညီညွတ်နိုင်ကြဘူး။ “ကောင်မက ဘယ်လိုပါ..။” “ငါတို့လောက်မှ အဆင့်မရှိ.. O.T တွေပါ။” “အလကား သူတို့ကိုယ်သူတို့ အဟုတ်မှတ်နေတာ.. တို့ကမှ ဦးစွာပထမ ကြိုးစားခဲ့သူစစ်စစ်ပါ” နဲ့။ အို… စုံနေတာပဲ။ ရဦးတော့မယ်..။ အုပ်စုလိုက် အခွင့်အရေးကြီး။ ဒီလောက်တောင် အသံအမျိုးမျိုး ထွက်နေတာ။ ဘယ်သူက လာပြီး အကောင်းမြင်မလဲ။ ကိုယ်တိုင်ကပဲ အဆိုးမြင်နေကြတာ။ သိတယ် မဟုတ်လား..။

ကျုပ်ပြောချင်တာကဗျာ။ ကိုယ့်ကိုလူတွေ လက်ခံစေချင်ရင် ပထမဆုံးကိုယ်က လူတွေ လက်ခံအောင် လုပ်။ အခုတော့ မဟုတ်ဘူး။ တကယ်ဆို သူလည်း လူ၊ ကိုယ်လည်း လူပဲ။ လူတွေ ဘာကြိုက်လဲ။ အားလုံးသိပါတယ်။ ကိုယ်က တံခါးကြီး ပိတ်ပြီး လာပါ… ဝင်ပါ…ဆိုတော့…။ ခင်ဗျားပဲ စဉ်းစားကြည့်။ မဝင်လာတဲ့သူ အပြစ်လား။ ပိတ်ထားတဲ့သူ အပြစ်လား..။

ကျုပ်ကတော့ အဲဒီနေ့က တော်တော် ငြင်းခုံခဲ့ရတယ်။ အခုထိ တွေးလိုက်ရင် တနုံ့နုံ့နဲ့။ တကယ်လို့များ ခင်ဗျားတို့ သွားရင်းလာရင်း LGBT တစ်ယောက်နဲ့တွေ့ရင်… ကျေးဇူးပြုပြီး ကျုပ် ပြောချင်တာလေးတွေ ပြောလိုက်စမ်းပါဗျာ…။

* * * * * *

တကယ်တော့ ပြဿနာအားလုံးရဲ့ အစက “အပြုသဘော” မဆောင်တာပဲ။ “မိုး” တို့ကို ဘယ်လို မြင်ကြလဲ။ ဘယ်လို ကြည့်ကြသလဲ။ စဉ်းစားကြည့်။

တစ်နေ့က အဲဒီလူကြီးနဲ့ “မိုး” နဲ့ ငြင်းလိုက်ခုံလိုက်ရတာ ဖတ်ဖတ်ကို မောလို့။ အယ်… ငြင်းလိုက် ခုံလိုက်ရတာဆိုလို့ မိုးတစ်ယောက်ကို ခုန်ဆွခုန်ဆွကြီးနဲ့ ငြင်းနေတယ် မထင်နဲ့နော်။ တို့က ခုံပေါ်မှာ အကျအနထိုင်ပြီး အပြတ်အသတ် “ဝုန်း” ခဲ့… အဲ… ရှင်းပြခဲ့တာ။ ဟင်း… သူ့ကိုယ်သူ လူတတ်ကြီး လုပ်နေတာပါ။ ဘာတွေပြောမှန်း တကယ် မသိ။ ဘာတဲ့… ကိုယ်ကစပြီး ပြင်ပါဦးတဲ့။ သူပြောမှ မိုးက ဆံပင်ပဲ ပြေးကောက်ရမလား။ နှုတ်ခမ်းနီပဲ ပြေးဆိုးရဦးမလားနဲ့ အလုပ်ရှုပ်သွားတယ်။ ဟုတ်တယ်လေ…။ မိုး ဒီလောက်လှအောင် ပြင်ဆင်လာတာ။ ဘာများ ထပ်ပြင်ခိုင်းနေတယ် မသိ။

တကယ်ဆို မိုးတို့က ပုံမှန်ပဲ နေတာ။ သူတို့တွေကိုက ရယ်ချင်ကြ၊ လှောင်ချင်ကြတာ။ ရယ်ပါ… ရယ်ပေါ့..။ မိုး ကျေနပ်ပါတယ်။ ဒါပေမယ့် လှောင်တော့ မလှောင်နဲ့လေ။ ဟုတ်ဖူးလား (အလကားနေရင်း) လှောင်တာခံရတာ ဝမ်းနည်းဖို့ ဘယ်လောက် ကောင်းလဲ။ ကဲ… အဲလို အလှောင်ခံ၊ ပြောင်ခံရတာတွေများတော့ မိုးတို့က ဘာတွေမို့လဲ။ သွေးနဲ့သားနဲ့ လူသားစစ်စစ်တွေလေ။

အို… စကားတွေတောင် လွဲကုန်ပေါ့။ ဒီလိုလေ…။ မိုး တို့ကို ပြင်ဖို့ပဲ ပြောနေ…။ ဘာက ဘယ်လို မှားလဲ ပြောဦး။ ဟွန်း… ။ လူတွေကြားထဲမှာ မိုးတို့လို မိန်းမလျာတွေက ရယ်စရာဖြစ်အောင်၊ ပြောစရာဖြစ်အောင် တမင်လုပ်နေတယ် ထင်လား။ တကယ်ဆို မိုးတို့က ပုံမှန်ပဲ နေတာ။ သူတို့တွေကိုက ရယ်ချင်ကြ၊ လှောင်ချင်ကြတာ။ ရယ်ပါ… ရယ်ပေါ့..။ မိုး ကျေနပ်ပါတယ်။ ဒါပေမယ့် လှောင်တော့ မလှောင်နဲ့လေ။ ဟုတ်ဖူးလား (အလကားနေရင်း) လှောင်တာခံရတာ ဝမ်းနည်းဖို့ ဘယ်လောက် ကောင်းလဲ။ ကဲ… အဲလို အလှောင်ခံ၊ ပြောင်ခံရတာတွေများတော့ မိုးတို့က ဘာတွေမို့လဲ။ သွေးနဲ့သားနဲ့ လူသားစစ်စစ်တွေလေ။ အချိန်တန်တော့ တန်ပြန်လာတာပေါ့။ အဲ… အဲဒီတော့.. မိုးတို့က ပါးစပ် စည်းကမ်းမရှိ၊ ပက်ခနဲ ပက်ခနဲ ခံပြောနေကြသတဲ့။ အေးလေ… ‘ခံ’ မပြောလို့ မိုးတို့က ဘယ်လိုပြောရမလဲ။ ဟုတ်တယ်။ အိုး.. ဘာတွေ တွေးနေလဲ။ မိုး ပြောတဲ့ ခံပြီးပြောတယ်ဆိုတာ ကိုယ်က စပြောတာမဟုတ်ဘူး။ ကိုယ့်ကိုလာပြောလို့ ပြန်ခံပြောနေရတာလို့ ပြောချင်တာ။ တကယ်ပဲ… ရှင်တို့ဟာလေ… မိုးတို့ဆို ဒါတွေပဲ ပြောတတ်တယ် မှတ်နေကြတယ်။ အဲဒါကြောင့် ပြောတာပေါ့ အပြုသဘောကို မဆောင်ကြဘူး။

တကယ်တော့ သူ ပြောတဲ့အထဲမှာ မှန်တာလည်း ပါတာပေါ့။ ဒါပေမယ့်လေ… မခံချင်စိတ်က အမှန်မြင်စိတ်ကို လာလာဖုံးနေတော့ ပြန်ပြန်ဝုန်း.. အဲ.. ရှင်းပြလိုက်မိတာပေါ့။ ဟုတ်တယ်..။ မိုးတို့ လိင်တူချစ်သူတွေက ကမ္ဘာတစ်ခုသီးသန့် တည်ထောင်နေရမှာ မဟုတ်ဘူး။ တံခါးတွေ ဖွင့်ထားကြ၊ ဝင်လာကြ၊ ကြည့်ကြ၊ လေ့လာကြ။ အကုန်အမြင်ရှင်းမှ၊ သေချာ သဘောပေါက် နားလည်မှ ဆုံးဖြတ်ကြပေါ့။ အခုတော့ ဘာမှ သေချာမတွေး။ ကိုယ်ချင်းစာစိတ်တွေဝေးလို့ လူချင်းအတူတူ ဟိုဟာချင်း ကွဲနေရတယ်။ အိုး.. အသက်ရှုချင်း ကွဲနေကြတာ ပြောပါတယ်။ ရုတ်တရက်ဆိုတော့ မေ့သွားလို့..။ အဲဒါပါပဲ မိုးကလည်း မိုးပြောတတ်သလိုပြော၊ သူကလည်း သူတတ်သလို ပြောနဲ့..။ အဲဒီနေ့က အဲဒီလူကြီးနဲ့ တော်တော် ဂယက်ထခဲ့.. အဲ..ငြင်းခဲ့ခုန်ခဲ့ ရှင်းခဲ့လင်းခဲ့ရတာ။ နောက်များတွေ့ရင် ပြောချင်သေးတယ်.. မိုးတို့ကလေ…..။

* * * * * *

တကယ်တော့ ပြသနာအားလုံးရဲ့အစက “မတူညီမှုတွေကို အတူအညီ မရှုမြင်မှု” ပါပဲ။ အဲဒီနေ့က ကျွန်မရဲ့မိတ်ဆွေ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးဟန် ဝတ်ဆင်သူ အမျိုးသားတစ်ဦးနဲ့ လက်ဖက်ရည်ဆိုင် အတူထိုင်ဖြစ်ကြတယ်။ အဲဒီမှာ အဲဒီစကားဝိုင်း စတာပဲ။ ကျွန်မအထင်တော့ အမျိုးသမီးတစ်ဦး၊ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီးဟန် ဝတ်ဆင်သူ အမျိုးသားတစ်ဦးတို့ရဲ့ စကားဝိုင်းဟာ အမြင်နဲ့တင် စိတ်ဝင်စားဖို့ ကောင်းနေလိမ့်မယ် ထင်ပါရဲ့။ အမှန်တကယ်လည်း ကျွန်မအတွက် စိတ်ဝင်စားဖွယ်တွေ တွေ့ခဲ့ရ၊ တွေးခဲ့ရပါတယ်။ လူတွေရဲ့ အတွေးအမြင်မတူညီမှုတွေ၊ မတူညီတဲ့ရှုထောင့်က ဆွေးနွေးချက်တွေကို မြင်ခဲ့ရတယ်။ ဒါပါပဲ။ တကယ်က ရိုးရိုးလေးပါ။

မတူညီမှုဆိုတာ နေရာတိုင်းမှာ၊ လူတိုင်းမှာ ရှိကြတဲ့အရာပါ။ ဘာကြောင့် မတူညီလဲ၊ ဘာက မတူညီတာလဲ နည်းနည်း တွေးသင့်တယ်။ ပြီးရင် သူနဲ့ ငါအစား၊ ငါတို့ မတူတာ ဒါတွေပဲလို့ အဖြေထုတ်လိုက် လက်ခံလိုက်ကြပေါ့။ ပြီးရင် ပြင်သင့်တာတွေ ပြင်ဖို့လည်း ကြိုးစားကြ။ အဲ့ဒါလည်း မမေ့ကြနဲ့လေ။ ဒါဆို သိပ်အခက်ကြီး မဟုတ်ပါဘူး။ အချိန်တော့ ယူရမှာပေါ့လေ။ ဘာပဲဖြစ်ဖြစ် ကောင်းနိုင်သမျှ အကောင်းဆုံးကို လိုချင်ကြတာပဲ မဟုတ်လား။ အခုတော့ သူကလည်း သူ့နေရာ… ငါကလည်း ငါ့နေရာ…။ ငါကလည်း ငါအမှန်..၊ သူကလည်း လက်မခံနဲ့ မပြီးသေးတဲ့ ပန်းချီကားကြီးလို ဖြစ်လို့..။ ဒါကြောင့် ကျွန်မပြောချင်တာက တကယ်တော့ ပြသနာအားလုံးရဲ့အစက………….

ကောင်းငြိမ်းဝိုင်း

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.