ဘာကြောင့် Gay လဲ၊ ဘာကြောင့် Straight လဲ၊ လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်ရခြင်းအကြောင်း 

ဒီနေ့ ဖတ်ပြီးခဲ့တဲ့ စာအုပ်ပါ။ ဦးနှောက်အာရုံကြော သိပ္ပံပညာရှင် Simon LeVay ရေးသားပြီး အောက်စ်ဖို့ဒ် (Oxford) တက္ကသိုလ်မှ 2010 ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ ကလေးတစ်ယောက်ကို ဘယ်အရာတွေက Gay/Straight သို့မဟုတ် Homo/Hetero ဖြစ်လာစေသလဲ ဆိုတာ သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိချက်တွေနဲ့ လေ့လာထားတဲ့ စာအုပ်ဖြစ်ပါတယ်။

ဒီစာအုပ်မှာ အခန်း –

၁- လိင်စိတ် တိမ်းညွတ်မှု (Sexual Orientation) ဆိုတာ ဘာလဲ
၂- ဇီဝဗေဒကို လိုအပ်ရခြင်းအကြောင်း
၃- သီအိုရီတစ်ခုရဲ့ outline
၄- ကလေးဘဝ
၅- အရွယ်ရောက်ပြီးသော Gay နှင့် Straight တို့၏ ၀ိသေသလက္ခဏာများ
၆- လိင်ဟော်မုန်း (Sex Hormones) များ၏ အခန်းကဏ္ဍ
၇- မျိုးရိုးဗီဇ (Gene) များ၏ အခန်းကဏ္ဍ
၈- ဦးနှောက်
၉- ခန္ဓာကိုယ်
၁၀- အစ်ကိုကြီး အကျိုးသက်ရောက်မှု (The Older-Brother Effect)
၁၁- နိဂုံးကောက်ချက်များ – ဆိုတဲ့ အခန်း ၁၁ ခန်းနဲ့ တင်ပြထားပါတယ်။

Gay, Straight နှင့် Lesbian တို့အကြောင်း အဓိက တင်ပြထားပြီး Bisexual နှင့် ပတ်သက်၍လည်း အနည်းငယ် တင်ပြထားပါတယ်။

ကလေးတစ်ယောက်ကို Homosexual ဖြစ်လာစေတဲ့ အကြောင်းအရာတွေဟာ အင်မတန် နက်နဲဆန်းကြယ်တာကို တွေ့ရပါတယ်။ အများစု ပြောနေကြတဲ့ မိဘအုပ်ထိန်းမှုတို့၊ ပတ်ဝန်းကျင်လွှမ်းမိုးမှုတို့ဟာ ‘ရာခိုင်နှုန်း အနည်းငယ်မျှသာ’ ပါဝင်တယ်လို့ ထောက်ပြထားပါတယ်။ လူတစ်ယောက် Gay/Straight ဖြစ်လာရခြင်းဟာ သူ့ရဲ့ ရွေးချယ်မှုကြောင့်မဟုတ်ဘဲ၊ သူ မမွေးခင် သန္ဓေသားဘဝတည်းက လိင်စိတ်တိမ်းညွတ်မှု (Sexual Orientation) ရဲ့ ဇီဝဖြစ်စဉ်တွေဟာ ဖြစ်နေခဲ့ပြီးပါပြီ။ Gene တွေ၊ ဟော်မုန်းတွေ၊ သန္ဓေသားဘဝ ဦးနှောက်နဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု စတဲ့ ဇီဝဖြစ်စဉ်တွေက ကလေးတစ်ယောက်ရဲ့ လိင်စိတ် တိမ်းညွတ်မှုကို အုတ်မြစ်ချပေးလိုက်ပါတယ်။ ဒါကြောင့် ကလေးတွေဟာ ကြီးလာတဲ့အခါ Gay/Straight တွေအဖြစ် ကွဲပြားလာကြပါတယ်။

တစ်ချို့လူတွေ အသက်ကြီးတဲ့အခါမှ လိင်စိတ်တိမ်းညွတ်မှုတွေ ပြောင်းလဲကြတာဟာလည်း ခုနကပြောခဲ့တဲ့ ဖြစ်စဉ်တွေကြောင့်ပါပဲ။ (ဒီဖြစ်စဉ်တွေကို သက်ဆိုင်ရာ အခန်းတွေမှာ အကျယ်တင်ပြထားပါတယ်) ဒါ့အပြင် တိရစ္ဆာန်တွေမှာလည်း လိင်တူတပ်မက်မှု ရှိတဲ့အကြောင်း ဥပမာတွေနဲ့ ဖော်ပြထားပြီး လူတွေရဲ့ လိင်တူတပ်မက်မှုမှာလည်း Butch/Femme ၊ Top/Bottom စသဖြင့် ဘာကြောင့် ကွဲပြားရသလဲဆိုတဲ့ အကြောင်းတွေကိုလည်း ဒီစာအုပ်မှာ တင်ပြထားပါတယ်။

Sexual Orientation သိပ္ပံကို စိတ်ဝင်စားသူတိုင်း အဲဒီစာအုပ်ကို ဖတ်ကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

လူသားတွေ ဘာကြောင့် Gay/Straight ဖြစ်လာတယ် ဆိုတာကို နားလည်ခြင်းဟာ လိင်စိတ်တိမ်းညွတ်မှုရဲ့ အဓိက ရင်းမြစ်တွေနဲ့ ပတ်သက်ပြီး တန်ဖိုးရှိတဲ့ အသိအမြင်တစ်ခုကို ပေးပါတယ်။ ဒါဟာ လူသားတွေရဲ့ မတူကွဲပြားမှု (Diversity) ဆိုတဲ့ အရေးကြီးတဲ့ ရှုထောင့်ကို ကျနော်တို့ကို နားလည်စေပါတယ်။

Sexual Orientation ဖြစ်တည်မှုကို နားလည်ခြင်းအားဖြင့် လိင်တူတပ်မက်ခြင်း (Homosexuality) ဆိုတာ ရောဂါ (Disease) တစ်ခု မဟုတ်ဘူး၊ ချို့ယွင်းချက် (Defect) တစ်ခု မဟုတ်ဘူး၊ ဖောက်ပြန်ပျက်စီးမှု (Disorder) တစ်ခုလည်း မဟုတ်ဘူး၊ သဘာဝရဲ့ မတူကွဲပြားမှု (Diversity) တစ်ခုသာ ဖြစ်တယ်ဆိုတာကို နားလည်စေပါတယ်။ လိင်တူချစ်သူများကို သည်းခံနေရတာမျိုး မဟုတ်ဘဲ သူတို့ကို တန်ဖိုးထားပြီး၊ ကျနော်တို့ရဲ့ လူမှုအသိုင်းအဝိုင်းထဲကို ကြိုဆိုကြရမှာ ဖြစ်ပါတယ်။

 

မှတ်ချက်။            ။ လျှမ်းထက်ဦး (facebook.com/hlyanhtetoo) တွင် ဖော်ပြထားသော ပို့စ်ကို ပြန်လည်မျှဝေပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.