မိသားစုလက်ခံနိုင်မှုက LGBT တွေအတွက် အရေးကြီးဆုံးပါပဲဆိုတဲ့ Transgender အမျိုးသား မြင့်မြတ်ကို

ဒီတစ်ပတ်မှာ စီးပွားရေးလုပ်ငန်းတွေကို သာမက ပရဟိတလုပ်ငန်းတွေကို ဦးဆောင်နေသူလည်းဖြစ်တဲ့ Transgender အမျိုးသား မြင့်မြတ်ကိုနဲ့ သူရဲ့မိဘတွေကို LGBT တွေအပေါ် မိသားစုက လက်ခံနိုင်မှုက ဘယ်လောက် အရေးပါသလဲဆိုတာ သူတို့မိသားစုရဲ့ ဖြတ်သန်းမှုအတွေ့အကြုံလေးတွေ၊ အကြံဉာဏ်လေးတွေနဲ့ပတ်သက်ပြီး မေးမြန်းတင်ဆက်ပေးလိုက်ပါတယ်။

မင်္ဂလာပါ ညီ။

ဖြေ-မင်္ဂလာပါ အစ်ကို။

မေး-ညီအနေနဲ့ ယောက်ျားလေးတစ်ယောက်ရဲ့ စိတ်နေစိတ်ထားမျိုး ဘယ်အရွယ်မှာ စဖြစ်ခဲ့တာပါလဲ။

ဖြေ- ကျွန်တော် သိတတ်စအရွယ်ကတည်းကပါ။ ဂါဝန်ပေးဝတ်လို့ မရဘူး။ ကျွန်တော်က အရမ်းစိတ်ဆိုးတာ။ ဒေါက်ဖိနပ်ပေးစီးလို့မရဘူး။ လွှင့်ပစ်တယ်။

 

မေး-ညီရဲ့ အပြုအမူနဲ့ပတ်သက်ပြီးတော့ရော ကျောင်းမှာကော ပတ်ဝန်းကျင်တွေမှာပါ လှောင်စရာအဖြစ်နဲ့ ဆက်ဆံတာမျိုး ကြုံခဲ့ဖူးသလား။

ဖြေ-ကျွန်တော်ငယ်ဘဝကို နှစ်ပိုင်းပိုင်းပြီးပြောရင်တော့ တစ်ပိုင်းက မန္တလေးမှာ ကြီးပြင်းခဲ့ရပါတယ်။ အဲဒီမှာကတော့ အ.ထ.က(၈) မိန်းကလေးကျောင်းဆိုတော့ LGBT တွေလည်း များတယ်။ Trans-Men တွေလည်း များတယ်။ Tomboy တွေလည်း များတယ်။ ကျောင်းက လက်ခံပေးထားတယ်။ ကျောင်းမှာ အရမ်းပျော်ဖို့ကောင်းတယ်။ ဆရာ၊ ဆရာမတွေကိုယ်တိုင်ကလည်း ခွဲခြားဆက်ဆံတာ မရှိဘူး။ မန္တလေးက LGBT တော်တော်များများ၊ Transgender တော်တော်များများက အ.ထ.ထ(၈)က ကျောင်းပြီးတာ များတယ်။ အဲဒီတော့ ကျောင်းထဲမှာက ဘာပြဿနာမှ သိပ်မရှိပါဘူး။ ကျွန်တော့်အနေနဲ့က အဆင်ပြေခဲ့တယ်။ ကျွန်တော် ခြောက်တန်းအောင်တော့ မေမြို့ကို ပြောင်းလာ တယ်။ မေမြို့မှာက အရမ်းပြဿနာရှိတယ်။ ဘာလို့လဲဆိုတော့ နယ်ကျောင်းဖြစ်တာက တစ်ကြောင်း၊ ကျွန်တော်လိုပုံစံက တစ်ကျောင်းလုံး ကျွန်တော်တစ်ယောက်ထဲ ပါတယ်။ အဲဒီအခါကျတော့ တော်တော်လေးတော့ မျက်စိ စပါး မွှေးဆူးကြတာပေါ့။ ကိုယ်ကလည်း ငယ်တုန်းအချိန်ဆိုတော့ ဆရာမတွေ ကြိုက်တာတွေ၊ မကြိုက်တာတွေရော ကိုယ်နေချင်သလိုနေတာ။ နေချင်သလိုနေတယ်ဆိုတာက ကိုယ်ဒီလိုနေတာပဲ ဘယ်သူ့ကိုထိခိုက်လို့လဲပေါ့။ စိတ်တို လွယ်တယ်။ ဒေါသထွက်လွယ်တယ်။ သိပ်ပြီး အမြင်မကြည်တာတွေ ရှိတယ်။ သူငယ်ချင်းတွေကတော့ ကျွန်တော်နဲ့ပေါင်းတဲ့ အနည်းစုလောက်ကတော့ လက်ခံကြတယ်။ တစ်ချို့တွေက လက်မခံကြဘူ။ များသောအားဖြင့် Gender ခွဲတယ်။ ယောကျ်ားလေးတွေဆို စတာနောက်တာ၊ လှောင်တာပြောင်တာ၊ တစ်ချို့ကဆို နှိမ်တာတွေပေါ့။ မျိုးစုံရှိတယ်။ ဒါပေမယ့် ကျွန်တော် ဂရုမစိုက်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်ငယ်ငယ်ကတည်းက ယုံကြည်ထားတယ်။ ငါ သည် သူများဒုက္ခရောက်အောင်၊ သူများမိသားစု ၊ သူများစီးပွားရေး၊ သူများအသက်၊ အိုးအိမ် ဒုက္ခရောက်အောင်လုပ်ထားတာ ဘာတစ်ခုမှ မရှိဘူး။ ခိုးထားတာလည်း မရှိဘူး။ အဲဒီတော့ ငါသည် မကောင်းတာလုပ်တာ ဘာတစ်ခုမှ မရှိ ဘူး။ ဘယ်သူ့ကိုမှလည်း ကြောက်စရာမလိုဘူး။ ဘယ်သူပြောတာမှလည်း ဂရုစိုက်စရာမလိုဘူး။ ဒါက ငါ့ရဲ့ ဖြစ်တည်မှု၊ ငါနဂိုကတည်းက ယောကျ်ားလေး အဲဒီလိုပဲ သတ်မှတ်ထားတာပါ။

မေး-ကိုယ်က Transgender တစ်ယောက်အဖြစ် နေသွားတော့မယ်ဆိုတာ ကိုယ့်မိသားစုကို ဖွင့်ပြောဖို့ ဘယ်လိုအားမွေးခဲ့လဲ။ ပြောပြမှဖြစ်တော့မယ်။ ငါဒီလိုပုံစံမျိုးပဲနေတော့မယ်ဆိုပြီး ဖွင့်ပြောထားတာမျိုး ရှိလား။

မေး- မိသားစုကို ဖွင့်ပြောလိုက်တာကတော့ ကျွန်တော်ရှစ်တန်းနှစ်မှာ။ မိသားစုက အရင်ကတည်းက ဒီပုံစံဆိုတာ သိထားပြီးပြီ။ ဆယ်တန်းလောက်မှာ အမေတို့ကလည်း ကိုယ်မွေးထားတဲ့သားသမီးဆိုတော့ မျှော်လင့်ချက်ကလေးနဲ့ မိန်းကလေးများပြန်ဖြစ် သွားမလားပေါ့။ မိန်းကလေးအဆောင်တွေ ဘာတွေနေရတာဆိုတော့။ ဆယ်တန်းမှာကျတော့ ငါသည်လုံး၀ ဒီဟာမဟုတ်ဘူး။ သိသွားတယ်။ ဒါပေမယ့် ပြောဖို့ကျတော့လည်း နည်းနည်းခက်တယ်။ ဆယ် တန်းမှာ ကြိုက်ကျတဲ့ကောင်မလေးတွေကလည်း များတယ်။ ဆယ်တန်းပြီးတဲ့အချိန် တက္ကသိုလ်စတက်ချိန်မှာကျတော့ မိသားစုနဲ့ စကားပြောကြတာပေါ့။ ပြောတော့ အဖေက သမီး ဘာဖြစ်ချင်လဲ။ အဲဒီတော့ သားက ဒီလိုဒီလိုပဲ၊ သမီးလို့ခေါ်တာလဲ မကြိုက်ဘူး။ သားလေးလို့ပဲ ခေါ်စေချင်တယ်။ ကလေးတွေ ညီလေးတွေက ငယ်ငယ်ကတည်းက ကိုကြီးလို့ပဲခေါ်တယ်။ သိတတ်စအရွယ်ကတည်းက ကိုကြီးလို့ပဲခေါ်တာ။ သူကတော့ အကျင့်ပါနေပြီ။ အဲဒီတော့ အမေနဲ့အဖေ့ကိုပဲ ပြောရတာပေါ့။ အဓိကတော့ အမေ့ကိုပေါ့။ အဖေကတော့ ဒီပုံစံတိုင်းနေတာ ကြိုက်တာ။ အဖေက အေးဆေး အဆင်ပြေတယ်။ အမေကတော့ နည်းနည်းအဆင်မပြေဘူး။ အဆင်မပြေတော့ သူ့ကိုပြောပြတယ်။ ဒီလို ဒီလိုပဲနေတော့မယ်။ ယူရင်လည်း သားက မိန်းမပဲယူမယ်။ မိန်းမပဲ တောင်းပေး။ အဲဒီလိုမျိုး ပြောခဲ့ရတယ်။

မေး-မိသားစု လက်ခံနိုင်မှုက LGBT Life အတွက် ဘယ်လောက်ထိအရေးပါတယ်လို့ ညီအနေနဲ့ ဘယ်လောက်ထိ ယုံကြည်မိလဲ။

ဖြေ-အရေးပါတယ်။ အရေးပါတယ်ဆိုတာက ကျန်တဲ့သူငယ်ချင်းအပေါင်းအသင်း ပတ်ဝန်းကျင်ဆိုတာက ဒီအလုပ်မှာ လက်မခံရင် နောက်အလုပ်ပြောင်းလုပ်လို့ ရတယ်။ ဒီသူငယ်ချင်းကမခေါ်ရင် နောက်ထပ်သူငယ်ချင်း ထပ်ပေါင်း လို့ရတယ်။ နားလည်နိုင်တဲ့လူ ဆိုတာရှိတယ်လေ။ မိသားစုဆိုတာကတော့ လောကမှာ တစ်စုပဲရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမေ မရှိရင်၊ အဖေ ရှိမယ်။ အဖေမရှိရင် အမေရှိမယ်။ ဒီမိသားစုက လက်ခံမှ ကျန်တဲ့သူတွေကလည်း မ စော်ကားရဲမှာ၊ လက်ခံလာမှာ။ အဲဒီကျမှ လူတစ်ယောက်ရယ်လို့ သူ့ကိုယ်သူ သတ်မှတ်လာမယ်။ အဲဒါမှလည်း လူတွေရဲ့ ကောင်းကျိုး၊ လောကရဲ့ကောင်ကျိုး ကိုယ့်တစ်ကိုယ်ကောင်းကျိုး၊ သူများရဲ့ကောင်းကျိုးကို စဉ်းစားတတ်လာ မယ်။ မိသားစုကလက်မခံတဲ့အခါကျတော့ တစ်ချို့ကလေးတွေက အိမ်မပြန်ချင်ကြတော့ဘူး။ အိမ်ပြန်ရမှာကြောက်တဲ့အခါကြတော့ အပြင်လမ်းပေါ်မှာပဲ ပျက်စီးသွားတဲ့ ဘဝတွေရှိတယ်။ ကျွန်တော်ကတော့ အရမ်းအရေးကြီးတယ် လို့ထင်တယ်။

မေး-ကိုယ်လိုမျိုးပေါ့ မိသားစုလက်ခံမှုမရသေးတဲ့ ကလေးတွေအတွက် ဘာများပြောချင်ပါသလဲ။

ဖြေ- တစ်ချို့ကျတော့လည်း ကလေးတွေက အရမ်းကို လိမ္မာတယ်။ ကျွန်တော် သူငယ်ချင်းတွေထဲမှာလည်း ရှိတယ်။ အရမ်းလိမ္မာကြတယ်။ ဒါပေမယ့် မိသားစုကိုယ်က မိဘနဲ့သားသမီးကြားက အတ္တပြိုင်ပွဲပေါ့။ ငါ မိဘပဲ ပတ်ဝန်း ကျင်မှာတော့ အရှက်ကွဲမခံနိုင်ဘူးဆိုပြီး ဆွေခန်းမျိုးခန်းဖြတ်တာတွေတောင် ရှိတယ်။ တကယ်တမ်း ပြန်စဉ်းစားကြည့်မယ်ဆိုရင် ကိုယ်မွေးထားတဲ့ သားသမီးပဲ လက်ခံပေးလိုက်ရင် အကောင်းဆုံးပေါ့။ မိသားစုလက်မခံနိုင်တဲ့ က လေးတွေကလည်း ကလေးတွေအနေနဲ့ စိတ်ဓာတ်မကျနဲ့။ ကျွန်တော်ပြောသလိုပဲ ကိုယ့်လမ်းကိုယ်သာ ဖြောင့်အောင်လျှောက်။ သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနားနိုင်တယ်။ ကိုယ်က ဖြောင့်အောင်လျှောက်၊ ကိုယ့်သစ်ပင် ကို သူများသတ်လို့လည်း မသေစေနဲ့ ပေါင်းပိလို့လည်း မသေစေနဲ့။ ဖြောင့်ဖြောင့်တန်းတန်းနဲ့ မတ်မတ်သာကြီးအောင် ခိုင်ခိုင်င်ခန့်ခန့်သာ တည်ဆောက်သွား။ လေလည်းတိုက်မှာပဲ။ မိုးကြိုးလည်း ပစ်မှာပဲ။ မလဲစေနဲ့။ အဲဒီအချိန်ကျ ရင် ရှိသမျှငှက်တွေက လာနားကြမှာပဲ။ ကိုယ်သာ အင်အားကြီးပြီး ကိုယ်သာဖြောင့်ဖြောင့်မှန်မှန်နဲ့ တည့်တည့်သွား။ အားကိုးရတဲ့ လူတစ်ယောက်ဖြစ်သွားပြီဆိုရင် မိဘဆိုတာလည်း အဲဒီအချိန်ကျရင် ကိုယ့်ရဲ့ဖြစ်တည်မှုအပေါ် နား လည်ပြီး လက်ခံလာမှာပါ။

မေး-အန်တီတို့အနေနဲ့ သမီးဖြစ်သူက ယောကျာ်းတစ်ယောက်လိုနေတော့မယ်လို့ ဖွင့်ပြောတဲ့အချိန်မှာ ခံစားရတဲ့ ခံစားမှုလေး ပြောပြပါဦး။

ဖြေ- စဖွင့်ပြောတဲ့အချိန်မှာ စိတ်ထဲမှာ တအားကြီးတော့ ဘာမှမဖြစ်ပါဘူး။ သူစိတ်ချမ်းသာတဲ့ဘဝက ကိုယ်စိတ်ချမ်းသာတဲ့ ဘဝပဲပေါ့နော်။ ပထမကတော့ လောကကြီးထဲမှာ ဒီလိုပုံစံနဲ့နေလို့ ဖြစ်ပါ့မလား။ ပတ်ဝန်းကျင်မှာ ရေရှည် နေလို့ အဆင်ပြေပါ့မလားတော့ တွေးပူမိတယ်။ အခုကျတော့ သူ့ရဲ့ယောကျာ်းလေးပုံစံ ယောကျာ်းလေးစရိုက်နေတာကိုမြင်ရတာ ပိုပြီးတော့ စိတ်ချမ်းသာရတယ်။ အမေတစ်ယောက်အနေနဲ့ ပိုပြီးစိတ်အေးရတယ်။ ခုခေတ်ပုံစံနဲ့ဆိုရင် မိန်းကလေးတစ်ယောက်လိုနေရင်တောင် ကိုယ့်မှာ ပူနေရဦးမယ်။ အခုက ယောကျာ်းလေးတစ်ယောက်လိုလည်း အားကိုးရတယ်။ စိတ်လည်း ချရတယ်။

 

မေး-ဟုတ်ကဲ့၊ အန်ကယ့်အနေနဲ့ရော ခံစားမှုလေးပြောပြပေးပါဦး။

ဖြေ-သူကအစပိုင်းမှာ သူ့စိတ်သူ ဒွိဟဖြစ်နေတယ်။ အဲဒီအချိန်မှာ မိသားစုမျက်နှာစုံညီစကားပြောပြီး သူ့ကိုမေးတာပေါ့နော်။ ကဲ…… ကလေး ဘယ်လိုနေချင်လဲဆိုတော့ သမီးယောကျာ်းလေးလိုနေချင်တယ်တဲ့ သမီး သေချာဆုံးဖြတ် ပြီးပြီလား။ ဒီဆုံးဖြတ်ချက်ဟာ ခဏတာ ဆုံးဖြတ်ချက်လား၊ ရေရှည်အတွက်လားဆိုတာ ဖအေတစ်ယောက်အနေနဲ့ သိချင်တာပေါ့။ သူက ယောကျာ်းလေးလိုပဲနေချင်တယ်ဆိုတော့ သူ့ညီကရော သူ့အမေကရော ကျွန်တော်ကရော သူ့ကိုယောကျာ်းတစ်ယောက်အေနနဲ့ လက်ခံပေးနိုင်တယ်။ ကျွန်တော့်အနေနဲ့ကလည်း သူတောင်းဆိုတာက မူးယစ်ဆေးဝါးသုံးစွဲတာမျိုး သောက်တာစားတာမျိုးမဟုတ်ဘဲ ယောကျာ်းလေးဖြစ်ချင်တဲ့ ဆန္ဒတစ်ခုတည်းဆိုတော့ ဒါကို လက်ခံပေးလိုက်ရင် ရှေ့ဆက်လျှောက်ရမယ့်ဘဝမှာ ဒီစိတ်ကို နောက်ဆံတင်းနေစရာမလိုဘဲ မိဘကခွင့်ပြုထားတယ်။ ငါ့အဖေနဲ့အမေနောက်မှာရှိတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ရှေ့ဆက်ပြီး သူ့ဘဝမှာ လုပ်စရာရှိတာတွေလုပ်ပြီး ဘဝ တိုးတက်အောင် လုပ်လို့ရသွားတာပေါ့။ မိဘကိုယ်တိုင်က ခွင့်ပြုထားတယ်ဆိုတော့ ပတ်ဝန်းကျင်မှာရော ဆွေမျိုးတွေကြားထဲမှာရော သူ့ကို ယောကျာ်လေးတစ်ယောက်အနေနဲ့ လက်ခံပေးကြတာပေါ့။ သူကိုယ်တိုင်လည်း ခေါင်းမော့ ရင်ကော့ပြီး သတ္တိရှိရှိရင်ဆိုင်နိုင်သွားမှာပေါ့။ ကိုယ့်သားသမီး ဘာဖြစ်ချင်လဲ၊ ဘာလုပ်ချင်လဲ၊ မိဘကိုယ်တိုင်က ပွင့်ပွင့်လင်းလင်းဆွေးနွေး နားလည်လက်ခံပေးတဲ့အခါကျမှ ကလေးရဲ့ဘဝမှာ ရှေ့ဆက်လျှောက်ဖို့ ခွန်အားတွေရမှာပါ။ အဲဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်သားသမီး ဘာဖြစ်ချင်လဲဆိုတာကို ပွင့်ပွင့်လင်းလင်းဆွေးနွေးကြပါလို့ အကြံပေးချင်ပါတယ်။

မေး-သူ အခုလိုမျိုးလို ပြောင်းလဲဝတ်ဆင်တဲ့အခါမှာ ပတ်ဝန်းကျင်က ဝေဖန်တာမျိုးတွေရော ကြုံခဲ့ရလား။

ဖြေ-ကျောင်းနေတဲ့အရွယ်မှာတော့ ဆရာ၊ ဆရာမတွေက မိန်းကလေးလို ဝတ်ပေးပါလား။ ဆံပင်အရှည်ထားပေးပါလား။ အဲဒီလို မျိုးလေးတွေပြောတယ်။ ဒါပေမဲ့ မိဘကလက်ခံပေးထားတဲ့အခါကျတော့ ကျောင်းကလည်း လက်ခံပေး ရတဲ့ အနေအထားဖြစ်သွားတာပေါ့။ တခြားပတ်ဝန်းကျင်ကပြောတာမျိုးတော့ သိပ်မရှိပါဘူး။ ဖွားအေကတော့ စိတ်ပူပြီး ပြောတာမျိုးတော့ ရှိတယ်။ ကျွန်တော်တို့ကလည်း ပြောပါတယ်။ ဒီကလေးကို မနေချင်တဲ့ပုံစံမျိုး အတင်းလုပ် ယူထားလိုက်ရင် သူလည်း စိတ်ဆင်းရဲသွားမယ်။ ယောကျာ်းလေးသူငယ်ချင်းတွေထားပြီး သောက်စားတရုန်းရုန်းဆိုရင်တော့ တစ်မျိုးပေါ့။ စိတ်မပူပါနဲ့။ ကျွန်တော်တို့လည်း လမ်းမှားမရောက်အောင် ထိန်းသိမ်းပေးသွားမှာပါဆိုပြီး လူကြီးတွေနားလည်အောင် ပြောပြပေးရတာမျိုးတော့ ရှိတယ်။ ကံကောင်းတာတစ်ခုက သူကလည်း ယောကျာ်းလေးတစ်ယောက်ရဲ့ဗီဇမျိုးရှိတယ်ဆိုပေမဲ့ ယောကျာ်းလေးတွေလုပ်တဲ့ အလုပ်ဘာတစ်ခုမှ မလုပ်ဘူး။ ဆေးလိပ် သောက်၊ ကွမ်းစား၊ အရက်သောက်၊ လျှောက်သွားတာမျိုးတွေ မရှိဘူး။ သူကိုယ်တိုင်ကလည်း သူ့ကိုလက်ခံပေးတယ်ဆိုရင်ကို ပျော်နေတာ။ အိမ်မှာပဲနေရနေရ ကျောင်းမှာပဲနေရနေရနေတာပဲ။

 

မေး- ဟုတ်ကဲ့။ အခုအပြင်မှာ တစ်ခြား LGBTအသိုင်းအဝိုင်းထဲမှာ မိဘ၊ မိသားစုက လက်မခံလို့ စိတ်မလုံခြုံမှုတွေ ခံစားနေတဲ့ LGBTေတွလည်း ရှိနေတယ်။ သူတို့ရဲ့ မိသားစုတွေကိုရော မိဘတစ်ယောက်အနေနဲ့ ဘယ်လိုမျိုး အကြံပေးချင်လဲ။

ဖြေ- ကျွန်တော့်အမြင်ကို ပြောပြရရင်တော့ ဒီကိစ္စက မိဘတွေနဲ့ပဲသက်ဆိုင်တာမျိုး မဟုတ်ဘူး။ LGBTအသိုင်းဝိုင်းက ကလေးတွေကလည်း မိဘတွေလက်ခံပေးနိုင်တဲ့ အတိုင်းအတာထက်ကျော်ပြီး မလုပ်မိဖို့လိုတယ်ဗျ ။ မိဘနဲ့သား သမီးကြားမှာ သူ့ဘက် ကိုယ့်ဘက်လေးကြည့်ပြီး ညိုညိုနှိုင်းနှိုင်းလေးဆွေးနွေးကြရင်တော့ အဆင်ပြေမယ်လို့ ကျွန်တော်ထင်တယ်ဗျ။ မိဘတွေအနေနဲ့ကလည်း ကိုယ်ကလက်မခံရင် ကိုယ့်သားသမီးက သူ့ကိုလက်ခံတဲ့နေရာမှာနေ မယ်။ ပျော်နေမယ်ဆိုရင် ပျက်ဆီးဖို့ အလားအလာများသွားပြီ။ ဒါကြောင့် မိဘတွေအနေနဲ့ နားလည်မှုရှိစွာနဲ့ ကိုင်တွယ်တတ်ဖို့ လိုပါတယ်။ မိဘကလက်ခံလိုက်ပြီဆိုတာနဲ့ ကလေးကို ဆွေမျိုးကြားမှာရော ပတ်ဝန်းကျင်ကရော လက် ခံပေးရတော့တာပဲလေ။ ကလေးအတွက် ကိုယ်၊ စိတ်လုံခြုံမှု အများကြီးရစေတယ်။

မေး- အန်တီ့အနေနဲ့ရော ကိုမြင့်မြတ်က ယောကျာ်းလေးလိုနေတော့မယ်လို့ ဖွင့်ပြောလာတဲ့အခါမှာ ဘယ်လိုနေ ဘယ်လိုထိုင်ရမယ်ဆိုတာနဲ့ ပတ်သတ်ပြီး ညှိနှိုင်းယူခဲ့ရတာမျိုးရော ရှိခဲ့လား။

ဖြေ-အဲဒီလိုမျိုး ညှိနှိုင်းယူခဲ့ရတာမျိုး မရှိခဲ့ဘူး။ သူကိုယ်တိုင်ကိုက Safe ဖြစ်တဲ့ ကလေးပါ။ လိမ္မာတဲ့ကလေးပါ။ ရင့်ကျက်တဲ့ စိတ်လေးရှိတယ်။ တခြားကြမ်းကြမ်းတမ်းတမ်း သွားလာနေထိုင်တာမျိုး မရှိဘူး။ အဝတ်အစားဝတ်တာ တောင် သပ်ရပ်သန့်ပြန့်နေတဲ့ ဝတ်ပုံမျိုးပဲ ဝတ်ပြီးနေတတ်တယ်။ ဟော့ဟော့ရမ်းရမ်း မရှိဘူး။

 

မေး- ဒီလိုမျိုးနေတဲ့အပေါ် အန်တီ့အမြင်လေးကရော။

ဖြေ- အန်တီကတော့လေ ဒါပြောရရင် (၁)အချက် သူ့ဘဝကံအကြောင်းလေး ပါလာတာပေါ့နော်။ (၂)အချက် သူကိုယ်တိုင်ကလည်း ဒီလိုမျိုးလေးနေတာပေါ့။ အဲဒီအပေါ်မှာ ကိုယ်က ဟင့်အင်းမရဘူး၊ မလုပ်ရဘူးဆိုတာမျိုး မဖြစ်သင့် ဘူးလေ။ ကိုယ့်စိတ်နဲ့ အသက်ရှင်သွားလို့မှ မရတာနော်။ သူ့စိတ်လေးနဲ့ သူ့ဘဝလေးကိုရှင်သန်သွားရမှာလေနော်။ အဲဒါကြောင့် ကိုယ်ဖြစ်ချင်တာချည်းပဲမဟုတ်ဘဲ သူဖြစ်ချင်တာလေးကိုလည်း ဘောင်တစ်ခုထဲကနေ စောင့်ကြည့် ပေးရမှာပေါ့နော်။ လွန်လွန်ကဲကဲတွေမလုပ်မိအောင် ထိန်းသိမ်းပေးသွားဖို့ပဲလိုတယ်။ ကိုယ်က အတင်းကြီးမှ မရဘူး၊ မလုပ်ရဘူးဆိုရင် အဆိုးတွေပိုများလာဖို့ပဲ ရှိတယ်လေ။ သူတို့ဖြစ်ချင်တာလေးကို မသိမသာလေး အားပေးပြီး ထိန်းပေးသွားတာ အကောင်းဆုံးပဲပေါ့။

မေး-အန်ကယ့်အနေနဲ့ ကိုမြင့်မြတ်နဲ့ပွင့်ပွင့်လင်းလင်းမပြောဖြစ်ခင်အချိန်မှာရော LGBTနဲ့ ပတ်သက်ပြီး ကြိုတင်လေ့လာခဲ့တာမျိုးတွေ ရှိလား။

ဖြေ-ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အန်ကယ်တို့မှာ ကြိုပြီးလေ့လာခဲ့တာမျိုး မရှိခဲ့ဘူး။ အခုနောက်ပိုင်းမှသာ LGBTအသိုင်းအဝိုင်းအကြောင်း သိလာရတာ။ သြော် ဒီလိုကလေးတွေရှိပါလား။ ဒီလို အဖြစ်ပျက်လေးတွေ ရှိတတ်ပါ လားဆိုပြီး သိလာတာပေါ့။ ကိုယ်က ဒီတိုင်းပဲ ကိုယ့်သားသမီးကိုချစ်တဲ့စိတ်နဲ့သွားနေတော့ သူ့ပတ်ဝန်းကျင်က ကိုယ်ပတ်ဝန်းကျင်ဖြစ်လာတာပေါ့။ ကျွန်တော်ကိုယ်တိုင်က သူ့ကိုသားတစ်ယောက်အနေနဲ့ အရှေ့ကရပ်တည်ပေးပြီး လက်တွဲခေါ်သွားတဲ့အခါကျတော့ ဘယ်သူ့မှ တိုက်ခိုက်လို့ မရတော့ဘူးပေါ့။ သူ့သူငယ်ချင်းလေးတွေဆိုလည်း ကျွန်တော်တို့အိမ်မှာ ပျော်ကြတယ်။ ပွင့်ပွင့်လင်းလင်းလက်ခံထားတဲ့အခါကျတော့ ကလေးတွေကလည်း ပျော်တယ်။ သူတို့လေးတွေက တူရာတူရာလေးတွေစုမိနေကြတော့ ကျွန်တော်ကလည်း သူတို့ကို ယောကျာ်းလေးလိုပဲ အသိမှတ်ပြုပေါင်းသင်းတော့ သူ့ပတ်ဝန်းကျင်က ကလေးတွေအားလုံး ကျွန်တော့်သူငယ်ချင်းတွေ ဖြစ်ကုန်တယ်။ အဲဒီတော့ မိဘက အရမ်းအရေးကြီးပါတယ်။ ကိုယ့်ကလေးတင်မကဘူး ကိုယ့်ကလေးရဲ့ပတ်ဝန်းကျင်ပါ ပျော်ရွှင်အောင် မိဘကလုပ်ပေးနိုင်ဖို့ လိုပါတယ်လို့ ကျွန်တော်က အကြံပေးချင်ပါတယ်။

 

မေး- ဟုတ်ကဲ့ပါ။ အခုလို ဖြေကြားပေးတာကို ကျေးဇူးတင်ပါတယ်။

ဖြေ- အခုလို မေးမြန်းတင်ဆက်ပေးတဲ့အတွက် Colors Rainbow ကိုလည်း ကျွန်တော်တို့က ကျေးဇူးတင်ရှိပါတယ်။

 

အညို

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.