နတ်သားထောင်ချောက်

အခန်း (၁)

ကုမ္ပဏီစာရင်းကိုင် ကျွန်မဘဝ
“မခိုင်”
“ရှင် မအိ”
“နင် ဟိုသတင်းကြားပြီးပြီလား”
အနားနားကိုယ်တစ်ခြမ်းစောင်းပြီး သူ့ကိုယ်ဝဝဖိုင့်ကြီး အိကျလာတဲ့ ဟိုဘက်ခုံက မအိတစ်ယောက် စကားလည်းပြောရင်း လူလည်း အနားတိုးရင်းပေါ့။

“မကြားရသေးဘူး။ ဘာလဲ မအိ ဖုန်းအကြွေးပေးလို့လား။ SMEက ငွေထပ် ထုတ်ချေးပေးတော့မယ်တဲ့လား။”
“အာ ဒီကောင်မလေး မဟုတ်ပါဘူး။ နင့်နောက်ခုံက ကိုမျိုးအကြောင်းပြောပြမို့”

အသံနိမ့်ပြီး အတင်းပြောနေတဲ့ မအိအသံကြောင့် ပြီးခဲ့တဲ့လကမှ မင်္ဂလာဆောင်လိုက်တဲ့ ကျွန်မတို့ ရုံးရဲ့ တစ်ဦးတည်းသော ယောကျာ်းလေးကိုမျိုး ဘာဖြစ်လို့ပါလိမ့်လို့ တွေးမိတယ်။ ကျွန်မက ရုံးမှာဘယ်သူ့အကြောင်းမှ စိတ်ဝင်စား တာ မဟုတ်ဘူး။ လစဉ် ဘယ်အလှကုန်ပစ္စည်းက ပရိုမိုးရှင်းပေးပြီး ဘယ်သူက အကြွေးရောင်းလဲ ဆိုတာရယ်။ လကုန်ရက် ကျွန်မပေးရမည့် SME အသေးစားစီးပွားရေးက တစ်ကျပ်တိုးရယ်။ နောက် စိတ်ဝင်စားတာတွေတော့ ရှိပါ သေးတယ်။ ကျွန်မချစ်ရတဲ့ သူရယ်။ စာမူခရယ်ပေါ့။

ကျွန်မရဲ့ ခရေဇီအဖြစ်ဆုံးက စာရေးစာဖတ်ခြင်းပါ။ ကျွန်မရဲ့ ကဗျာတစ်ပုဒ်စ၊ နှစ်ပုဒ်စတွေ ဆောင်းပါးလေးတစ်ပုဒ်၊ နှစ်ပုဒ်လောက် စာစောင်တွေထဲ ပါဖူးတယ်။ ဒါလေးပါတာကို ရုံးကလူတွေအမြင်မှာတော့ ကျွန်မက စာရေးဆရာမ ပေါ့။ ကုန်ကြမ်းဆိုပြီး လာလာပြောကြတာကို ကျွန်မကလည်း စိတ်ဝင်တစား နားထောင်ပေးရတယ်။ ကျွန်မစာရေးတာသိတဲ့ ပတ်ဝန်းကျင်ရဲ့အားပေးမှုကို လေးစားသမှုနဲ့ပေါ့။

“မခိုင်ရေ ရပ်ကွက်က လင်မယားလေ။ ရန်ဖြစ်တာ မိန်းမကေ ဆးရုံမှာ။ ယောကျာ်းက အချုပ်ထဲမယ်။ သူတို့ကလေးတွေက အဘိုး အဘွားတွေ လက်ထဲမှာ။ ကျွန်မပြောပြမယ်။ ဇာတ်လမ်းအစက ဒီလို…” အစချီကာ အတင်းမဟုတ် သောစကားများ လာလာပြောကြသေးတယ်။ ကျွန်မလည်း ပြောပြသမျှ ကုန်ကြမ်းမှတ်ထားတယ်။

တကယ်တော့ ကျွန်မကိုယ်တိုင်က သူများပြောမှ သိရသူ၊ ကုန်ကြမ်းရှာသူ မဟုတ်လား။ အပျိုကြီးလို့ လူတစ်ကာသိကြပေမယ့် လက်ေတွ့မှာ အပျိုပေါက်အရွယ် တူမလေးနှိုင်းမခရဲ့ အုပ်ထိန်းသူပါ။ မွေးချင်းနည်းတဲ့ ကျွန်မမှာ ညီမ လေးတစ်ယောက်သာ ရှိပါတယ်။ နယ်စပ်တစ်နေရာမှာ တာဝန်ကျနေတဲ့ ညီမလေးတို့လင်မယားက တူမလေးကို မမွေးစားရရုံတမယ် ကျွန်မလက်ထဲ အပ်ထားလေရဲ့။

အခန်း (၂ )

ကျွန်မအသက်ကလည်း သစ်ရွက်လှုပ်တိုင်း ရင်ခုန်တဲ့အရွယ်လွန်လို့ သစ်ပင်ပြိုတာတောင် ရင်မတုန်တဲ့ သုံးဆယ့်ငါးနှစ်လေ။ ခပ်ငယ်ငယ်က အချစ်ရေး၊ အိမ်ထောင်ရေး ကျွန်မစိတ်မဝင်စားခဲ့ဘူး။ စာမှ စာဖြစ်ကာ အလုပ်၊ သင်တန်း တွေထဲသာ ပျော်မွေ့နေခဲ့တယ်။ ခုတော့ ကျွန်မကိုယ်တိုင် ပထမဆုံး စိတ်ဝင်စားမိရတဲ့သူ။ ကျွန်မရင်ထဲက ချစ်ရသူရှိနေပြီ။ ဟုတ်တယ်။ သူဟာ ကျွန်မရဲ့ပထမဆုံး ရင်ခုန်မိသူပါ။ သူဆိုတဲ့ ဦးကိုကိုပေါ့။ သူကတော့ ကျွန်မရဲ့ကုမ္ပဏီ အလုပ်ရှင် ဦးကိုကိုပါ။ တစ်နည်း ကျွန်မရဲ့ နတ်သားလေး။ ကျွန်မစိတ်ကူးထဲ ချစ်နေရတဲ့ ချစ်ဦးသူပေါ့။

အသက်ကြီးမှ ဝက်သက်ပေါက်တယ်ဆိုတဲ့စကား ကျွန်မအစက အဓိပ္ပါယ်ကို သေသေချာချာမသိခဲ့ပါ ။ လက်တွေ့ကြုံမှ နဖူးတွေ့ ဒူးတွေ့ကြုံမှ ကွက်ကွက်ကွင်းကွင်း သိခဲ့ရတယ်။ ခလုတ်ထိမှ အမိတတော့ ကျွန်မရဲ့ နှလုံးသားလေး သွေးထွက်လွန်နေပြီလေ။ သူ့ကို ရင်ခုန်မိတော့လည်း မိန်းကလေးတန်မဲ့ ရေလာမြောင်းပေး အမူအယာပိုမိတယ်။ အရှက်တရားနဲ့ ဂုဏ်သိက္ခာလွန်ဆွဲရင်း ကျွန်မ သူ့ကိုချစ်ခဲ့မိတယ်။ အလုပ်ရှင်အဖြစ်သာမကပဲ ကျွန်မတူမလေး သူ ငယ်ချင်းရဲ့အဖေအဖြစ်ပါ ခင်မင်မှုအတိုင်းအတာ ပိုခဲ့တယ်။ မုဆိုးဖိုတန်မဲ့ ရှင်းသန့်တည်ကြည်သော သူ့အပြုံးအောက် ကျွန်မရဲ့သုံးဆယ့်ငါး ရင်ခုန်သံက တာကျိုးဆည်လို့ သစ်ပင်ပါ အမြစ်လှန်၊ မြည်ဟီးသံက မိုးသို့ညံနေခဲ့ရတယ်။

နီးစပ်မှုထက် သူ့ကိုလေးစားမှုပိုကာ ကျွန်မရဲ့အချစ်တွေ ပိုနေခဲ့တာပါ။ အသက်အရွယ် အတွေ့အကြုံအရ ကျွန်မရင်ထဲက စကားလုံးကို အပြင်မှာတော့ လူတကာ မမြင်စေပါဘူး။ ထိန်းချုပ်ခြင်းအတတ်ပညာနဲ့ ကျွန်မ ဟန်ဆောင် ထားနိုင်ခဲ့တယ်။ သေချာတာ တစ်ခုကေတာ့ အချစ်မှာ မျက်စိမရှိဘူးဆိုတာက အမှန်ပါ။ တစ်ခုလပ်မုဆိုးဖိုကို စိတ်ဝင်စားရင်ခုန်မိတဲ့ ကျွန်မရဲ့အချစ်က လေးနက်လွန်းပါတယ်။ သူရုံးလာတိုင်းလှည့်ကြည့် ပြုံးပြတတ်တဲ့ သွားစွယ် လေးနဲ့အပြုံးက ကျွန်မအတွက်တော့ ဗီတာမင်အပြည့်ပေးနေတဲ့ အားဆေးလေးပေါ့။ ကိုယ့်ဇယားနဲ့ကိုယ်ရှုပ်နေတတ်တဲ့ ကျွန်မ၊ ကျွန်မကို ဘာကဘယ်လို ဘယ်သူကဘယ်လိုဆိုတာ တစ်ယောက်ယောက် လာမပြောသရွေ့ ဘာမှ မသိသူပါ။ အခုလည်း မအိပြောတဲ့ “ကိုမျိုး ဘာတွေဖြစ်နေလဲ” ဆိုတာကို သတိမထားမိခဲ့တာ အမှန်ပါ။

“ကိုမျိုးဘာဖြစ်လို့လဲ”
“အေးအေး ပြောပြမယ်။ ပြောချင်တာ မနက်ထဲက။ ကိုမျိုးမိန်းမက မအိဆီ ဖုန်းဆက်တိုင်ထားတယ်ဟ။ နင်သိတဲ့အတိုင်း သူ့မိန်းမဖြူဖြူ့ အမေက င့ါအဒေါ်သူငယ်ချင်းဆိုတာ။ ကိုမျိုးနဲ့ပတ်သက်ပြီး ငါ့ကို ရင်ဖွင့်တယ်ပေါ့ဟာ”
ပြောရင်းကနေ ခုံပါ မပြီး ကျွန်မရဲ့စားပွဲနား စွေ့ခနဲ သူ့ခန္ဓာကိုယ်နဲ့မတန် အနားရောက်တာက မအိပါ။
“ဒီလိုဟေ့” ဟု အစချီကာ..ကိုမျိုးမိန်းမ ဖြူဖြူရဲ့စကားများကို ဖောက်သည်ချနေပါတော့တယ်။

အစ်မတွေကြားနေခဲ့ရလို့ မိန်းကလေးတွေအပေါ် ညင်ညင်သာသာဆက်ဆံတတ်တဲ့ ကိုမျိုးအကြောင်း၊ ဖြူဖြူ့ကိုလည်း ဘယ်လိုအလိုက်တသိ အလိုလိုက်ကြောင်း၊ ဒါပေမယ့် ဖြူဖြူက ကိုမျိုးကို ယောကျာ်းပီပီသသကြီး ချစ်ချင် ကြောင်း၊ ဖြူ့ယောက္ခမ ကိုမျိုးအေမက လည်လည်ဝယ်ဝယ် မိန်းမများနဲ့တွေ့ ပြီး ကိုမျိုးဘဝပျက်မှာ စိုးရိမ်နေလို့ ဖြူဖြူနဲ့ စပ်ဟပ်ပေးစားခဲ့ကြောင်း၊ ကိုယ်ချစ်သလို ပြန်ချစ်လိမ့်မယ်လို့ ဖြူ အိမ်ထောင်မကျခင်ထိ ယုံကြည်ခဲ့မိတာတဲ့ အကြောင်းဆိုပြီး ကိုမျိုးမိန်းမပြောတဲ့အတိုင်း မအိတစ်ယောက် ကျွန်မကိုပြောပြနေပါတော့တယ်။ ခဏကြာတော့ မောသွားလို့ထင်ရဲ့။ ပြောရင်းကနေ မအိ ရေတစ်ခွက်ထသောက် လိုက်သေးတယ်။

“ကိုမျိုးဓာတ်ပုံလေးကို ပထမဆုံးအချိန် မြင်စဉ်ခဏမှာ အချစ်ဆိုတာကို ဖြူဖြူသိလာရတာဆိုပဲဟ။ ဟီး….. ငါတို့ကတော့ သူယောကျ်ားကို ယောကျ်ားလို့ မမြင်တာကခက်သားနော် မခိုင်…”

ပြုံးစစနဲ့မအိအမေးကို ကျွန်မလည်း ခေါင်းငြိမ့်ထောက်ခံလိုက်တယ်။ ဟုတ်တယ်လေ။ ဘယ်နှယ် ဖြူဖြူနွဲ့နွဲ့နဲ့ မပွင့်တပွင့်ပြောဟန်နဲ့ ကိုမျိုးကို ကျွန်မစိတ်ထဲ ရုံးစဝင်ကတည်းက ကြည့်မရခဲ့ပါ။ မိသားစုထဲ အစ်မများကြားနေခဲ့ရသူ အထွေးဆုံးသားလေးမို့ အနေအထိုင်ကအစ ညင်သာပျော့ဖတ်နေလို့ ကျွန်မကြည့်မရခဲ့ဘူး။ တစ်ဦးကမေတ္တာ တစ်ဦးကစေတနာများလား မသိပါဘူး။ ကိုမျိုးကလည်း ကျွန်မကို ကြည့်မရတဲ့ပုံပင်။ တစ်ခြားသူတွေနဲ့ စကားပြောတိုင်း ပြုံးမြမြ သူ့မျက်နှာက ကျွန်မကိုစကားပြောရင်တော့ နှုတ်ခမ်းကိုက်ပြီး မကျေနပ်သလိုမျိုး မဲ့ပြုံးအသွင်ဆောင်လို့လေ။ တကယ်တော့ သူများအကြောင်းပြောဖို့ ကျွန်မတို့ ကုမ္ပဏီမှာ အချိန်အပိုမရှိပါဘူး။ ခါတိုင်း အကြောင်းအရာတစ် ခုကို ရှည်ရှည်ဝေးဝေး သိပ်မပြောတတ်တဲ့ မအိတစ်ယောက် ခုတော့ ကိုမျိုးအကြောင်းကို အားရပါးရဆက်ပြောနေတယ်လေ။

“ကောင်မလေးဖြူဖြူကသာ ချစ်သလောက် ကိုမျိုးသဘောထားက အေးစက်စက်ဆိုပဲ။ သူ့အမေ စကားမငြင်းရဲတဲ့ သားလိမ္မာတို့ ထုံးစံအတိုင်း မိဘတွေပေးစပ်ကြလို့သာ ကိုမျိုးက ဖြူဖြူ့ကို ယူရတာတဲ့လေ။ ဖြူနဲ့မညားခင် တစ်လ လောက်က အသည်းကွဲခဲ့ဖူးတယ်ဆိုပဲ။ ဘယ်လိုမှ မဖြစ်နိုင်လို့ သဘောမတူနိုင်လို့ သူ့မိဘတွေဘက်က အတင်းခွဲခဲ့ရတယ်ဆိုပဲ။ ဒီကိစ္စကို ဖြူဖြူက လက်ထပ်ပြီးမှ သိခဲ့ရတာတဲ့လေ။ သနားပါတယ်ဟာ။ ခုလည်းကြည့်ပါလား။ လက် ထပ်တာမှ တစ်လမပြည့်သေးဘူး။ မိန်းမအနားကို မကပ်ဘူး။ အချိန်ပြည့် ရုံးမှာအိုဗာတိုင်ချည်း လှိမ့်ဆင်းနေတာ ငါတို့အမြင်ပဲလေ။ ငါတို့ကသာ ဘယ်အချိန်ရုံးဆင်းရမလဲ နာရီတကြည့်ကြည့်ဖြစ်နေတာ။ ဒင်းကတော့ အိမ်မပြန်ရ ပြီး ရောလုပ်နေတာ။ ဖြူဖြူ သနားစရာနော်။ ဖြူဖြူ့စိတ်ထဲက ခံစားချက်တွေက မိန်းမချင်းကိုယ်ချင်းစာပါတယ်ဟာ။ သူ့နေရာမှာ မအိသာဆိုရင်တော့ ခုချိန်ပွဲထကြမ်းလိုက်မယ်။ ဖြူဖြူ့လိုတော့ ငိုမနေဘူးဟ။”

“အေးလေ မအိရယ်။ ငိုစရာလား ။ မျက်ရည်ဆိုတာ လွယ်လွယ်ထွက်သင့်တဲ့ အရာမဟုတ်ဘူးလေ။ သူကြင်မှ ကိုယ်ကြင်ပေါ့။ ခုဟာက ယူထားပြီးမှ အရင်တစ်ယောက်ကို စိတ်ထဲထားစရာလား။ တကယ် ဘယ်လိုယောကျ်ားမှန်းကို မသိပါဘူးနော်။ စိတ်ပျက်စရာကြီး”

“အေးလေဟာ။ ကိုမျိုး ကရုပ်ကလေး သနားကမားနဲ့ မထင်ရဘူးနော်”

“ဟုတ်တယ်နော် မအိရယ်။ မထင်ရဘူး။ ဒီကောင်လေး မိန်းမရတောင် ခြေမငြိမ်ဘူးပေါ့။ ယောကျာ်းတွေများ ကြောက်စရာကောင်း လိုက်တာနော်”

“ခြေများတာက မိန်းကလေးဆို တော်သေး။ ခုတော့အေ။ မိန်းမလည်းယူပြီးပြီ။ ယူတာမှ တစ်လမပြည့်သေးဘူး။ အရင်ကိုမျိုးနဲ့ ပတ် သက်ခဲ့တဲ့သူက ……” မမအိစကားမဆုံးခင် “ကျွီ”ခနဲကားရပ်သံကြောင့် ကျွန်မနဲ့မအိ စကားစပြတ် သွားတယ်။

အခန်း (၃)

လူချင်းခွာ၊ ခုံနေရာတွေရွေ့ထိုင်ရင်းမှ မအိက………

“နောက်မှ ဆက်ပြောပြမယ် သိလားမခိုင်။ မနေ့က သူတို့ (၂)လပြည့်လုပ်တာပေါ့”လို့ အနောက်စားပွဲကို မသိမသာ မေးငေါ့ပြရင်း သူ့နေရာကို ပြန်သွားတော့တယ်။

ကုမ္ပဏီရှေ့က ကားတံခါးပိတ်သံအဆုံး တည်ကြည်သြဇာအပြည့်နဲ့
“မင်္ဂလာပါ။ အားလုံး ကြိုးစားပေးကြပါဦးနော်”လို့ စကားသံလေးကို စကြားရပါတော့တယ်။ အသံလေးက နားဝင်ပီယံရှိလိုက်တာ။ အမယ်……အသက်ရှည်ဦးမယ့် မောင်မင်းကြီးသား ကိုမျိုးက ဦးကိုကိုကားနဲ့ ပါလာလို့ပါလား။ လမ်း မှာ ကိုမျိုးကိုတွေ့လို့ ကား ကြုံခေါ်တင်ခဲ့တာနေမယ်။ ကျွန်မနတ်သားလေးက စိတ်ထားပြည့်ဝသူတစ်ယောက်လည်း ဖြစ်နေသေးတယ်လေ။

“မောနင်းနော်…………….. ခိုင်”
အသံပိုင်ရှင်က ကျွန်မရဲ့နတ်သားလေး ဦးကိုကိုပေါ့။ သေသပ်လှပလွန်းစွာ မိုးပြာရောင် ရှပ်အစင်းကြားကို စတိုင်အပြည့်ဝတ်ထားသူက ကျွန်မရှိရာစားပွဲဘက်လှမ်းကြည့် နှုတ်ဆက်သွားတယ်လေ။ ကျွန်မရင်ထဲမှာ တဒိန်းဒိန်းနဲ့ အချစ်နတ်က ဗုံတီးနေလို့။ ကျွန်မမျက်လုံး အရိပ်ထောင့်စွန်းမှာ အခုမှ ကျွန်မအနောက်စားပွဲမှာ ဝင်ထိုင်လိုက်တဲ့ ကိုမျိုးလည်း ဦးကိုကိုကို လက်ပြနှုတ်ဆက်နေသလားလို့။ ကျွန်မရဲ့ နတ်သားလေးကတော့ ထုံးစံအတိုင်း အပြုံးလေး တစ်ပွင့် ခြွေချသွားတယ်လေ။ ကျွန်မပြန်ပြုံးပြလိုက်တဲ့ ရှက်ပြုံးကို သူလှမ်းမှမြင်လိုက်ရဲ့လားကွယ်။ သူက ကျွန်မတစ်ယောက်ထဲ အမည်တပ်ကာကွက်ပြီး နှုတ်ဆက်သွားလို့လေ။ ဘေးစားပွဲက မမအိဆီက မျက်ခုံးပင့် နှုတ်ခမ်းကိုမဲ့ပြ နေတာကို တွေ့လိုက်ရတယ်။ တစ်ခုခုပြောချင်နေတဲ့ပုံကြီးနဲ့ မအိကို ကျွန်မ မသိဟန်ဆောင်နေလိုက်တယ်။

ထူးမခြားနား ကျွန်မနဲ့ ဦးကိုကိုတို့ဇာတ်လမ်းက အခုရက်ပိုင်းမှာတော့ ကံကောင်းခြင်းလမ်းစတွေ မြင်နေရတယ်။ သူက သူ့သမီးလေးအကြောင်းပြော ကျွန်မကလည်း ကျွန်မရဲ့တူမလေးအကြောင်းပြောရင်း ဆွေးနွေးဖြစ်တယ်လေ။ လူမှုရေးအသိများလည်း အပြန်အလှန်မျှဝေဖြစ်တယ်။ နွေးထွေးလှတဲ့ သူ့စကားအရိပ်အယောင်ထဲ သံယောဇဉ် အကြင်အနာလေးတွေကို ကျွန်မမြင်နေရတယ်။ ကျွန်မတို့ နှစ်ယောက်ရဲ့အခြေအနေက အတိအလင်း ဖွင့်မပြောဖြစ်ကြ ပေမယ့် သူငယ်ချင်းမက သမီးရည်းစားမကျ အခြေအနေတစ်ရပ်ပေါ့။ သေချာတာတစ်ခုကတော့ မိတ်ဆွေသံယောဇဉ်အဆင့်ကို ကျော်လွန်နေပြီလေ။ သူနဲ့ကျွန်မ တစ်ခါတစ်ရံ ဖုန်းဆက်ဖြစ်သလို၊ ကုမ္ပဏီပိတ်ရက်၊ ကလေးတွေ ကျောင်းပိတ်ရက်တွေဆို အပြင်မှာဆုံဖြစ်ကြတယ်။ တစ်ခါတလေတော့ Facebook ရဲ့ ChatBox ထဲက Message စာတိုပို့ရင်း စနောက်ဖြစ်ကြတယ်။ နွေးထွေးအကြင်နာပါတဲ့ သူ့စကားလုံးတွေအောက် ကျွန်မရဲ့အမူပိုတဲ့ စိတ်တွေက တဖြည်းဖြည်း အရည်ပျော်ကျခဲ့ရတယ်။

မနေ့ညကတော့ မှတ်မှတ်ရရပါ။ မနေ့ကသူ ဗြုန်းစားကြီး နှင်းဆီပန်းအပွင့်တစ်ရာပုံတွေ ပို့ပေးတယ်လေ။ ကျွန်မရဲ့ ရန်ခုန်သံတွေ အကျယ်ဆုံးညပေါ့။ ပျော်လိုက်တာ။ သူပို့ပေးတဲ့ နှင်းဆီအပွင့်တစ်ရာရဲ့ အဓိပ္ပါယ်က ဘာလဲဆိုတာ သိ အောင် ကျွန်မကြိုးစားရမယ်။ သူ ဘာကိုပြောချင်လဲနော်။ အိုး…. ရှက်လိုက်တာ ကျွန်မရဲ့အသက်တစ်ဝက်ကျော်ကျော် ပိုငယ်သွားသလား အောက်မေ့မိပါရဲ့။ ဟင်း… ဟင်း…… ကျွန်မ ဘာတွေ တွေးနေပါလိမ့်နော်။

ကျွန်မတို့နှစ်ယောက် အခြေအနေကိုလည်း မမအိ သိချင်နေပုံရတယ်။ ကျွန်မကလည်း အရင်က မသေချာသေးလို့ မမအိကို ဘာမှ မပြောပြဖြစ်ပါ။ ညကကိစ္စကိုတော့ ပြောပြချင်နေတာ တစ်ပိုင်းတောင်သေနေပြီ။ တကယ်ဆို ခုမနက် ပိုင်းမှာ မအိကိုပြောပြမယ် စိတ်ကူးထားတာလေ။ အရေးထဲ ဟိုကောင်လေး ကိုမျိုးနဲ့သူ့မိန်းမကိစ္စ ကြားဖြတ်ကြေငြာဝင်လိုက်တော့ ညကကိစ္စတောင် မအိကို ပြောဖြစ်လိုက်တော့ဘူး။ နောက်နေ့မှ အေးအေးဆေးဆေး ကျွန်မပြောပြ တော့မယ်လို့ စဉ်းစားထားတယ်။ အခြေအနေက ကျွန်မထင်ထားတဲ့အတိုင်း ဖြစ်လာတယ်လေ။ တော်တော်လေးတိုးတက်လာတဲ့ ကျွန်မနဲ့ ဦးကိုကိုတို့ အခြေအနေကကြာလေ အနှောင့်အယှက် မရှိလာလေပါပဲ။ လွန်ခဲ့တဲ့ တစ်လ၊ နှစ် လကအထိ အဆင့်တက်စရာလမ်းစမရှိတဲ့ ဆက်ဆံရေးက ခုထိဖွင့်ပြော အဖြေပေးတဲ့ အဆင့်ကိုရောက်လုနီးနီး ဖြစ်နေတယ်။

မအိစကားတွေကြောင့် အနောက်စားပွဲက ကိုမျိုးကို ကျွန်မတစ်ချက်လှမ်းကြည့်လိုက်တယ်။ အမယ်…ဒင်းက ကျွန်မကို စူးစူးရဲရဲ ကြည့်နေလို့ပါလား။ သူ့ရဲ့အနီရောင်အင်္ကျီနဲ့အပြိုင် မျက်လုံးက အရောင်လည်း နီနေသလိုလို၊ ငိုထားသ လိုလို။ ကျွန်မလှမ်းကြည့်တာကို လှမ်းပြီး မျက်စောင်းတစ်ချက် ဝင့်သွားတဲ့ ကိုမျိုး…..။ စိတ်ထဲဒေါသတောင် နည်းနည်းထွက်သွားသလိုပဲ။ ကျွန်မစိတ်ထဲ

“ဘာလားဟ။ ဘလိုင်းကြီး မျက်စောင်းလှမ်းထိုးရတယ်လို့။ ငါတို့ သူ့အကြောင်းပြောတာ သိနေလို့လား။ အမယ်လေးဟဲ့…သူ့မိန်းမက ဘယ်နေရာကို ကြိုက်တာပါလိမ့်နော်”လို့ တွေးလိုက်မိပါတယ်။

အနောက်စားပွဲကနေ ကိုမျိုးတစ်ယောက် ဖိုင်တွေ “တဝုန်းဝုန်း” မြည်အောင်ပစ်ချနေပြီး ဆူညံနေတာများ သူ့မိန်းမနဲ့ အဆင်မပြေမှုများက ကုမ္ပဏီထိ ပါလာပုံပင်။ ကျွန်မလည်း သူ့ကိုဂရုမစိုက်အားတော့ပါဘူး။ တစ်နေ့တာအတွက် စားပွဲပေါ်က ကျွန်မအလုပ်များနဲ့ ကျွန်မလုံးလည်ချာလည်ရင်း အလုပ်ထဲ အာရုံနစ်မျောသွားပါတော့တယ်။ ခုဏက ကိုမျိုးအကြောင်းပြောပြီး လေကန်ခဲ့တာတွေကို သတိမရနိုင်တော့ပါ။

အခန်း (၄)

“မခိုင် ..မအိပြန်ပြီနော်။ မနက်က စကားတောင်မဆုံးလိုက်ဘူး။ ဟယ်…။ နောက်နေ့မှ ဆက်မယ်”လို့ နှုတ်ဆက်ပြန်သွားပြီ။  မအိကို “ဟုတ်……ဟုတ်”လို့သာ ပြောလိုက်နိုင်တဲ့ ကျွန်မ။ လချုပ်စာရင်းတွေက ကွာ။ စာရင်းတွေက အောက်က တက်လာကတည်းက လွဲနေတော့ Data အစအဆုံးပြန်ကောက်ရတယ်။ မနက်ဖြန်က လစာထုတ်ပေးရမှဆိုတော့ ကျွန်မ အလုပ်များပေဦးမယ်။ ဘဏ်သွားရပေဦးမယ်။ ဒီနေ့ အလုပ်အားလုံးပြီးမှ ဖြစ်မယ်။

လကုန်ရက် များလိုက်တဲ့အလုပ်။ လိုင်စင်သက်တမ်းတိုးဖို့ လုပ်ရ။ အဝင်ပြေစာ။ အထွက်ပြေစာ စာရင်းသွင်းရ။ အမှာစာတွေပါ fax တွေလက်ခံရနဲ့ များလိုက်တဲ့ အလုပ်ကျရက်ပါ။ အရေးထဲ ကွန်ပျူတာ Error တက်လို့ ဆိုင်ပြေး ရတာ။ နေ့လယ်စာကို ခါတိုင်း မအိနဲ့အတူ စားနေကျ။ ကွန်ပျူတာပြင်ရင်း ရုံးအတွက် တစ်လစာ စာရေးကိရိယာပါ ဝယ်ဖြစ်တယ်။ အပြင်မှာ နေ့လယ်စာကို စားလိုက်ရတဲ့ အဖြစ်ပါ။ ဒီနေ့အတွက် ပက်လက်လန်တဲ့အထိ မောရတယ်။ ရုံးဆင်းချိန် (၅)နာရီကျော်တာတောင် ကျွန်မ မသိလိုက်တဲ့အဖြစ်။ ခါတိုင်း (၄)နာရီအတိဆို အချိန်မှန်ရုံးဆင်းတဲ့ ကျွန်မ။

“ဒုန်း”
ကျွန်မရဲ့နတ်သားလေး ရုံးခန်းက အသံပါလား။ စာရိုက်လက်စ File ကို ကွန်ပျူတာထဲ saveကာ ခလုတ်မပိတ်ဘဲ ဖွင့်လျက်အနေအထားအတိုင်း ထားခဲ့မိတယ်။ ခြေလှမ်းက ကျွန်မအရမ်းသိချင်နေတဲ့ နတ်သားလေး အခန်းရှိရာဘက် ကိုပေါ့။ ဒါဆို ကျွန်မရဲ့ နတ်သားလေး မပြန်သေးဘူးပေါ့။ သူ……………..သူက ကျွန်မကို စောင့်နေတာများလား။

“ဟင်….. စကားပြောသံတွေပါလား။ အားလုံးရုံးဆင်းသွားကြတာ မဟုတ်ဘူးလား။ ဘယ်သူနဲ့ ပြောနေပါလိမ့်။” ကျွန်မအတွေးတွေနဲ့ စဉ်းစားပြီး ဦးကိုကိုရဲ့ ရုံးခန်းမှန်တံခါးနားအရောက်…။ အထဲကနေ အနီရောင်နဲ့ အပြာရောင် အရိပ်တို့ကို လှမ်းမြင်လိုက်ရတယ်။

!!ဘုရား…ဘုရား…!!
!!မဖြစ်သင့်ဘူး… မဖြစ်သင့်ဘူး..!!
!!ဒါဆို..ဒါဆို…!!
!!သူတို့က…သူတို့က….!!
မြင်လိုက်ရတဲ့ ရုံးခန်းအတွင်းက ပုံရိပ်တွေကို ကျွန်မ ခံနိုင်ရည်မရှိခဲ့ပါ။

ပါးပြင်ပေါ် အတားအဆီးမဲ့ စီးကျလာတာကတော့ ကျွန်မရဲ့ နာကြည်းမျက်ရည်များသာ။ ခြေလှမ်းများ ဒယိမ်းဒယိုင်လှမ်းကာ အလုပ်စားပွဲနေရာကို ဘယ်လိုရောက်ခဲ့မှန်း မသိပါ။ ကွန်ပျုတာပါဝါမပိတ်ဘဲ ပလပ်ကို ဆွဲဖြုတ်လိုက် တယ်။ လက်ဆွဲအိတ်ကို အလျင်မြန်ဆုံး ဆွဲယူလိုက်တယ်။ ဒင်းတို့နဲ့ဝေးရာ ကုမ္ပဏီအပြင်ဘက်ဆီသို့ အပြေးလေး ထွက်လာမိပါတော့တယ်။

အခန်း (၅)

“မနေ့က (၂)လပြည့် အထိမ်းအမှတ် နှင်းဆီအပွင့်တစ်ရာနဲ့ နှစ်ယောက်ထဲ ပွဲလုပ်တယ်တဲ့အေ” ကြားယောင်ရင်း ဝေးရာ ဝေးရာနေရာသို့ အပြေးကလေး ပြေးထွက်ခဲ့ရသူက ကျွန်မပေါ့။ ဆုံးရှုံးသွားတဲ့ အရာတစ်ခုအတွက် ခြေလှမ်း များက အပြင်ဘက်သို့သာ။ ကမူးရှူးထိုး အပြေးတပိုင်း လှမ်းလျက်။

“ပြန်ပြီလားတူမကြီး…. မခိုင်။ ထုံးစံအတိုင်း ရုံးဆင်းနောက်ကျတဲ့ မောင်မျိုးနဲ့ ဆရာတို့ပဲကျန်တော့တယ်ထင်တယ်။ မခိုင်…ဒီနေ့ အလုပ်များတယ်ထင်ရဲ့။ ခါတိုင်းနေ့ ရုံးဆင်းချိန်တွေ နောက်မကျတတ်ပါဘူး”
ရုံးစောင့်ကြီး ဦးထွန်းလူကို ဘာစကားမှ ကျွန်မ ပြန်မပြောမိ။ ကျွန်မ ဒီနေရာကနေ အမြန်ဆုံးထွက်သွားချင်နေပြီလေ။

ရုံးအရှေ့ တက်စီဂိတ်မှ ကားကို လက်ယပ်ခေါ်လိုက်မိတယ်။ ထိုးရပ်လာတဲ့ တက်စီပေါ်တက်ထိုင်ပြီး ဈေးမမေးနိုင်ခဲ့ပါ။
“မောင်းမောင်း” လို့သာ ကားဆရာကို မောင်းခိုင်းလိုက်မိတယ်။ မျက်ရည်ရော နှပ်ရောမထွက်အောင် ထိန်းချုပ်ထားရတဲ့ ကျွန်မကို ကားဆရာက နောက်ကြည့်မှန်မှ အကဲခတ်နေလေရဲ့။
“တီ… တီ…… တီ” အရေးထဲ ဒီအချိန်ဖုန်းက လာရတယ်လို့။
“ဟယ်လို”
“မခိုင်လေး ငါ မအိပါ။ နင်အိမ်ရောက်နေပြီလား။ မနက်ကကိစ္စ ဆက်ပြောချင်လို့အေ။ ကိုမျိုးနဲ့ Boy to Boy ချစ်သူက တစ်ခြားသူ မဟုတ်ဘူး။ ငါတို့ဆရာ ဦးကိုကို…….”                                                              နားထောင်နိုင်စွမ်းမရှိလို့ ဖုန်းကို Power Off လိုက်တယ်။ ထိန်းချုပ်ထားတဲ့ မျက်ရည်များက မျှော်လင့်ချက်တာကျိုးသလို ပိုးပိုးပေါက်ေပါက် ကျလာပါတော့တယ်။ ကျွန်မအဖြစ်အပျက်ကို အကဲခတ်မိသော ကားဆရာက အာရုံပြောင်း အောင် ကားကက်စက်ကို လှမ်းနှိပ်လိုက်ပုံရတယ်။ ကားကက်စက်ထဲက ထွက်လာတဲ့ သီချင်းက တိုက်တိုက်ဆိုင်ဆိုင်………..

#မင်းက…………………နတ်သားလား ဟေး ……………….ဟေး………………….
#ချစ်ဖို့…………………..တကယ်ကောင်းလား……………… ဟေး…………..ဟေး
#မိုးထက်က ဆင်းသက်ကျ
#သိကြားမင်း ကတွန်းကာချ
#ကိုးရိုးကားရားပဲ့ကြွေကျ……………..
နီနီခင်ဇော်ရဲ့ “ဂယ်ဘဲ ဂယ်ဘဲ” သီချင်းကြောင့် ထိန်းချုပ်ထားတဲ့ ကျွန်မမျက်ရည်တွေက ရှိုက်သံထွက်တဲ့အထိ တာကျိုးကုန်ပြီလေ။ ကျွန်မ နတ်သားထောင်ချောက် မိခဲ့တာပါလား။ လုပ်ရက်လိုက်တာ ဦးကိုကိုရယ်။ စိတ်ထဲကရှက် ဒေါသကို အပြင်ဘက်က ကားဆရာ အပေါ် ပုံချလိုက်တဲ့ ကျွန်မ…။

“ဒီမှာ ကားဆရာ သီချင်းပိတ်မလား၊ ကျွန်မ ကားပေါ်က ခုန်ချလိုက်ရမလား”
“ဗျာ”
ကျွန်မစကားကြောင့် ကားဆရာ ကြောင်နနဖြစ်ကာ ကားကို လမ်းဘေးသို့ ထိုးရပ်လိုက်ပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.