၀င်ကစွပ်လေးရဲ့ အချစ်

မိန်းမတစ်ယောက်က ယောက်ျားခန္ဓာကိုယ်ထဲ မွေးဖွားလာတယ်လို့ ဆိုရမလား။ စိတ်နဲ့လူနဲ့ ဖြစ်တည်ပုံချင်း မအပ်စပ်ကြတဲ့အခါ ရင်ဆိုင်ရတဲ့အခက်အခဲတွေကလည်း မနည်းလှပါဘူး။ ဒီကြားထဲ ပတ်ဝန်းကျင်နဲ့ မိဘအသိုင်းအဝိုင်းက ဖိအားတွေပေးတဲ့အခါ ကိုယ်ရည်ရွယ်ရာပန်းတိုင်ထိကို မရောက်နိုင်ကြဘဲ လမ်းတစ်ဝက်မှာတင် အရှုံးပေးသွားကြသူတွေက ထုနဲ့ဒေး။ ဒါဟာ သူတို့ရဲ့ ရွေးချယ်မှုမဟုတ်တာကြောင့် သူတို့ အပြစ်လည်း မဟုတ်ဘူးလေ။ လောကကြီး က သူ့သဘာဝအတိုင်း ဖန်တီးပေးထားတာပါပဲ။ ရွေးချယ်ခွင့်လည်း မရှိကြဘူးမဟုတ်လား။ ခက်တာက ဒါကိုသဘာဝပါပဲလို့ နားလည်ပေးနိုင်ကြသူတွေ ရှားပါးနေတာပါပဲ။ ကိုယ်နဲ့ အရင်းနှီးဆုံးဖြစ်တဲ့ မိဘနဲ့မိသားစုဆီက နားလည်မှု ရရင်တောင် ဒါဟာ ကံကောင်းမှုကြီးတစ်ရပ်ပေါ့။ ဒါပေမဲ့ ဒီလိုနားလည်ပေးနိုင်တဲ့ မိသားစုဆိုတာ လက်ချိုးရေလို့တောင်ရတယ် မဟုတ်လား။ ကံကောင်းစွာနဲ့ ရွှေဘိုဆိုတဲ့ ထီးစိုက်နန်းစိုက်မြို့က ဇော်ဇော့် မိသားစုလေးကတော့ သူ့ကို အဆုံးထိ နားလည်ပေးနိုင်ခဲ့ပါတယ်။ ဒါဆို သူ့ဘဝဇာတ်ခုံကို ကျွန်တော်တို့ ခဏလှပ်ကြည့်ကြရအောင်။

“တို့မှာက မောင်နှမ (၁၀)ယောက်ရှိတယ်လေ။ အဲဒီမှာ နံပတ်တစ်က ကိုကြီးပြီးရင် အစ်မရှစ်ယောက် အငယ်ဆုံးက တို့။ တို့ကငယ်ငယ်တုန်းကလေ အလှအပတစ်အားကြိုက်တော့ အစ်မတွေက မျက်ခုံးမွှေးဆွဲတံလေးတွေ ဝယ်ဝယ် ပေးတာပေါ့။ ကလေးကလည်း ကေလးကိုး။ အဲဒီ မျက်ခုံးမွှေးဆွဲတံတွေက ဝယ်မလောက်လည်းဖြစ်ရော တို့အိမ်မှာ ဆီအိုးကြီးတွေ ရှိတယ်လေ။ ဆီအိုးအပေါ်မှာ ဖုံးတဲ့ဗန်းက နှစ်တွေကြာလာတော့ ဆီချေးတွေတက်ပြီး မဲနေတော။ အဲဒီမှာလေ တို့က သနပ်ခါးလိမ်းတဲ့အခန်းက ထရံတွေချိုးပြီး ဆီချေးနဲ့မျက်ခုံးမွှေးကို ဆွဲတာပါဆို။ ထရံစတွေ ချိုးချိုးပြီးသုံးတာ တံခါးတစ်ချပ်ကို ကုန်ပါရောလား”

အလှကြိုက်တဲ့ သူ့အဖြစ်ကလည်း ပြောမဆုံးပေါင်၊ တောသုံးထောင်ပါပဲ။ အစ်မတွေချည်း ရှစ်ယောက်ရှိတာကလည်း သူ့ ကံကောင်းမှုမီးတောက်လေးရဲ့ အောက်ဆီဂျင်ပဲပေါ့။

“အိမ်မှာက အစ်မတွေချည်း ရှိတာဆိုတော့လေ။ ကိုယ်ကငယ်ငယ်ကတည်းက ဘော်လီဆို တအားဝတ်ချင်တာ။ ဘော်လီကို ဝတ်ချင်တဲ့အခါကျတော့ ဘယ်လိုလုပ်တုန်းဆိုရင် တို့ခေတ်တို့ကကျ အဝတ်အစားတွေကို ဒါကပွဲနေ့ပွဲထိုင် ဒါက အိမ်နေရင်း အဲဒီလိုမျိုး ခွဲခွဲပြီးထားကြတာကိုး။ အဲဒီမှာ တို့အစ်မတွေက ဘော်လီတွေဆိုလည်း သိမ်းထားတာပေါ့ကွာ။ ရှင်လောင်းလှည့်မှဝတ်ဖို့တို့ အလှူလိုက်မှာ ဝတ်ဖို့တို့ အဲဒီလိုသိမ်းထားမျိုးတို့ဆို တို့ကခိုးပြီး ဘော်လီကို လွယ်အိတ်ထဲ ထည့်သိမ်းထားလိုက်တော့တာ။ ပြီးတော့ ကျောင်းကျမှ ထုတ်ဝတ်လိုက်ရော။ အဲဒီတုန်းက ၅တန်း၊ ၆တန်းလားပဲ ရှိဦးမယ်။ အိမ်မှာ ကိုယ့်အစ်မတွေ ဘာပွဲသွားစရာတယ်ဆိုတာမျိုးလည်း မသိဘူးလေ။ စိတ်လည်း မဝင် စားဘူး။ အိမ်မှာ ဘော်လီပျောက်ပြီဆို အစ်မတွေက အိမ်ကနေစက်ဘီးနဲ့လိုက်လာပြီး မောင်လေးရေ ဘော်လီဟေ့…. ဘော်လီဆိုပြီး လာတောင်းတာပဲ။ ကိုယ်ကလည်း ပြန်မပေးချင်တော့တဲ့အခါ ကိုယ်က ကျောင်းကြီး နှစ်ပတ် လောက် ပတ်ပြေးတော့တာ။ ပြီးမှ ဘော်လီကို ပြန်ပေးတာ ဘော်လီကို လယ်လွယ်နဲ့မရဘူး ”(ရယ်လျက်)

ငယ်ကတည်းက အလှကြိုက်ပြီး အစ်မတွေကြား မွှေနေခဲ့ပေမဲ့ Miss ပြိုင်ပွဲတစ်ခုကို Winner ရအောင်ဝင်ပြိုင်ထားတဲ့ သူ့ကိုကြည့်ရင်တော့ ဘယ်လိုဒုက္ခသုခတွေကြုံကြုံ ကိုယ်ဖြစ်ချင်တာကို ဇွဲမလျှော့တမ်းလုပ်တတ်တဲ့ စရိုက်လေး ကို အထင်းသားတွေ့မြင်နိုင်မှာပါ။

“Miss ပြိုင်တယ်ဆိုတာကလေ ကိုယ်လှတယ်ဆိုတာ ပြချင်တာရယ်။ ဝါသနာပါတာကြောင့် ဝင်ပြိုင်ခဲ့တာပါ။ ငယ်ကလည်း ငယ်သေးတော့လေ။ ပထမ မန္တလေးမှာဝင်ပြိုင်ခဲ့တာ (၄-၅)ယောက် လောက်မှာပြုတ်သွားခဲ့တယ်။ အတွေ့ အကြုံမရှိတဲ့အခါကျတော့ Talent မလုပ်သွားဘူးလေ။ အယောက်(၄၀)လောက်ဝင်ပြိုင်တာ (၅)ယောက်လောက်ကျန်တဲ့အချိန်မှာ Talent ကြောင့် ပြုတ်သွားခဲ့တာ။ ရွှေဘိုမှာ ပြန်ပြီးတော့ Miss ပွဲလုပ်တဲ့အခါကျတော့ ကိုယ်ကလည်း ဆုက မရသေးဘူး။ လိုချင်တဲ့စိတ်နဲ့ ဝင်ပြိုင်ခဲ့တာပါ။ နောက်တော့ Winner ရတယ်ပေါ့”

အရှက်အကြောက်ကြီးသူ အစ်မတွေကြား သူတစ်ယောက်ကြောင့်လည်း အကြီးအကျယ်ပွဲကျခဲ့ရတဲ့ အဖြစ်တွေက ရှိနေပါသေးတယ်။

“တို့အိမ်က ရွာမှာဆိုရင်တော့ ချမ်းသာတာပေါ့နော်။ အဲဒီမှာဆို တို့အစ်မတွေကိုတောင်းချင်တဲ့ လူတွေရှိတဲ့အခါကျတော့ အဖေက သမီးတွေကိုခေါ်ပြီး ပြောတာပေါ့။ ဘယ်သူကတော့တောင်းတယ် နင်တို့တွေစဉ်းစားကြ နောင်တချိန် လည်း ယူကြမယ့်အတူတူ အခုကတင့်တောင်တင့်တယ်ဆိုတော့ အဲ့လိုမျိုးပြောပြီဆို အစ်မတွေကတော့ အဖေရှေ့ လင်လိုချင်တယ်ဘယ်ပြောမလဲ။ အင်း.. အဲနဲ့မူကြတာပေါ့။ တောသူလည်း တောသူတွေဆိုတော့ ရိုးကြတာကိုး။ ကိုယ် ကတော့ ဆံပင်နှစ်ဖက်စည်းပြီး စကားဝိုင်းရှေ့ဆုံးမှာထိုင် သူတို့ပြောတာနားထောင်ပြီး အစ်မတွေက ဘာမှမပြောဘူးလား ။ ဟေ့ဆို..အဖေ သူတို့မယူရင် ကျွန်မယူလိုက်မယ်လေဆိုပြီး ကိုယ်က ထိပ်ကနေချေပလိုက်တာ။ အဲတော့ အဖေက ကိုယ့်ဆော်ရော ခေါင်းမှာလည်း ဘုကြီးပဲ။ အစ်မတွေက မပြောဘူးလေ။ အဲဒီတော့ ကိုယ်က သူတို့မယူရင် ကျွန်မယူရမလားဆိုတော့ အဖေက ဟာ. . .ကောင်လေးနှယ်ဟာဆိုပြီး ချပြန်ရော”

အင်း.. သူတို့မပြောနဲ့ ကျွန်တော်တောင် သူနဲ့ရောယောင် ရယ်မိပါရောလား…။ မိဘတွေကလည်း သူ့ရဲ့ဖြစ်တည်မှုကို အရှိအတိုင်းလက်ခံပေးခဲ့ကြတာ သိသာလှပါတယ်။ မိသားစုရဲ့ချစ်ခြင်းက သူ့ဘဝအတွက် ခိုလှုံရာ ထီးအရိပ် ကောင်းကောင်း တစ်ခုပေါ့။

“အိမ်က ငယ်ငယ်လေးကတည်းက အဲဒီလိုမျိုး မိန်းကလေးလိုနေတဲ့ ပုံစံကိုမပြောဘူး အလိုလိုက်တယ်။ သူလည်း ရှက်ရှာမှာပေါ့အေ။ အဲဒီတုန်းက တောကလည်း တောလေ။ အခုခေတ်လိုလည်း ခေတ်မမှီဘူးကွာ။ အိမ်ခြေ(၇၀၀) လောက်ရှိတဲ့ရွာမှာ ကိုယ်တစ်ယောက်တည်း ခြောက်နေတာဆိုတော့ အဲဒီတော့ ရှက်မှာပေါ။ သင်္ကြန်ဆို ရွာထဲမှာ (၇)စင်ရှိတယ်ဟေ့ဆို အဲဒီ (၇)စင်လုံးကဗဟိုမှာ သွားပြီးဖျော်ဖြေရတာပေါ့ကွာ။ အဲဒီမှာကလည်း ကိုယ့်အလှည့် ရောက်ဖို့ကို မဲနှိုက်ပြီးစောင့်ရတာမလား။ ကိုယ့်အလှည့်ရောက်ပြီဟေ့ဆို ကိုကြီးက အရှေ့ရောက်နေပြီဆို ကိုယ့်မှာ မကလိုက်ရဘူး။ မထွက်ရဲဘူး။ ကိုယ်က မိန်းမစိတ်ကလည်းအပြည့်ဆိုတော့ အရှက်ကွဲမှာကလည်း ကြောက်တာ ကိုး။ အစ်မတွေက ကပါ…မောင်လေးရယ်ဆိုလည်း မကရဲတော့ဘူး။ အဲဒီလိုမျိုးဆို အဖေ့ဆီသွားပြီး အဖေ..အဖေ့သားကြီး လုပ်လို့မို့ မကရတော့ဘူးဆိုရင် အဖေက ဝါးရင်းဒုတ်ကြီးနဲ့လိုက်လာပြီး ကိုကြီးလာပြန်ခေါ်ရတာ။ အဲဒီလိုမျိုး ကိုယ်ကဖို့ အဖေက လိုက်စောင့်ပေးရတာပါဆို။ အဲဒါမို့ တို့အစ်ကိုကြီးတော့ မြန်မြန်သေပါစေ မြန်မြန်သေပါစေဆိုပြီး ဆုတောင်းပြီးနေရတာပဲ ဆုတောင်းပဲ ပြည့်သွားသလိုပဲ။ ကိုယ်တွေမိတ်ကပ်ပြင်တဲ့ လောကထဲရောက်တဲ့အခါကျ တော့ အစ်ကိုက တကယ်သေသွားတာ။ သေတာတောင် မျက်နှာမမြင်လိုက်ရဘူး။ အစ်ကိုဆုံးတော့ နယ်မှာမိတ်ကပ်သွားပြင်နေချိန်၊ နယ်မှာတစ်ပတ်လောက်ကြာသွားတော့ အစ်ကိုရက်လည်မှပဲ ပြန်ရောက်တာပါ။ အဲဒီတုန်းကတော့ အစ်ကို့ကိုမုန်းခဲ့တာ။ အခုမှသာ အစ်ကို့ကိုလွမ်းနေခဲ့တာပါ ”

ဒီလို အစ်ကိုတစ်ယောက်ရှိနေတာကို ငယ်ငယ်က မကျေနပ်ခဲ့ဘူးဆိုပေမဲ့ ကိုယ့်ကို အရှိအတိုင်းလက်ခံပေးခဲ့တဲ့ မိသားစုအသိုင်းအဝိုင်းတစ်ခု ရှိနေတာကိုက သူ့ရဲ့ကံကောင်းမှုကြီးတစ်ခုပဲ မဟုတ်လား။ ငယ်ငယ်ကတည်းက ကိုယ့်ရဲ့ ဖြစ်တည်မှုကို သိရှိလာတဲ့ သူ့အတွက် မိသားစုကလွဲပြီး ပတ်ဝန်းကျင်အသိုင်းအဝိုင်းကရော လက်ခံခဲ့ရဲ့လား။

“အတန်းထဲမှာကျတော့ ဆရာမတွေက လက်မခံဘူး။ ရွာဓလေ့ဆိုတော့လည်း ရွာမှာနေခဲ့ရတာ သူ့မိဘတွေ ကိုယ့်မိဘတွေက သိတဲ့အခါကျတော့ အတူတူနေလို့ရပေမဲ့ ဆရာ၊ ဆရာမတွေက လက်မခံဘူးလေ။ အဲဒီလို စိတ်ဆင်းရဲရ တာတွေ အများကြီးကြုံတွေ့ခဲ့ရတာပေါ့။ ဒါတွေကိုလည်း ဒီလိုပဲ ကျော်ဖြတ်ခဲ့ရတာပါပဲ။ စိတ်ညစ်စရာရှိလည်း ရင်ထဲမှာပဲ ထားခဲ့ရတာပေါ့။ ထုတ်တော့ မသိစေခဲ့ရဘူးပေါ့။ ကလေးလည်းကလေးဆိုတော့ ဒီအကြောင်းအရာတွေက ဘေးပတ်ဝန်းကျင်ကို ထုတ်ပြောဖို့ကလည်း အဆင်မပြေဘူးလေ။ ကိုယ့်ဘဝကို ကိုယ်ပဲနားလည်တာဆိုတော့လေ”

ဆယ်နှစ်အရွယ်ကတည်းက ရည်းစားထားလာခဲ့တယ်ဆိုတဲ့ သူ့အချစ်ရေးအခြေအနေကရော ဘယ်လိုရှိမှာပါလိမ့်။ သူ့ချစ်သူတွေ ကရော သူ့ဖြစ်တည်မှုကို လက်ခံနိုင်ခဲ့ရဲ့လား။ သူ့ရဲ့ ဒီဘဝအချိုးလေးကိုလည်း ပြန်ငဲ့ကြည့်ကြည့်ကြရ အောင်။

“တကယ့်တကယ် အချစ်နဲ့စတွေ့ပြီး အိမ်ထောင်ကျခဲ့တာတော့ အသက် (၂၆)နှစ် (၂၇)နှစ် မှာပါ။ အဲဒါက ပထမတစ်ယောက်ပေါ့နော်။ သူနဲ့က (၇)နှစ်လောက် ပေါင်းခဲ့တာပေါ့။ နောက်တော့ သူက မိန်းမရသွားတာ။ မိန်းမရသွားတဲ့ အခါကျတော့ သူက အဆင်မပြေဘူး။ ကိုယ်ကလည်း သူ့အိမ်ထောင်ကို ထောက်ပံ့ပေးပါတယ်။ သူ့က အိမ်ထောင်တစ်ခု ထူထောင်လိုက်တဲ့အခါကျတော့ ထောက်ပံ့လို့မနိုင်ဘူးလေ။ အစ်မလည်း အရမ်းပင်ပန်းနေပြီဆိုတော့ သူက စီးပွားထွက်ရှာမယ်ဆိုပြီး သူမိန်းမကိုထားခဲ့ပြီး ထွက်သွားတာပေါ့။ အဆင်လည်းပြေရော သူမိန်းမကို လှမ်းခေါ်တော့ ကိုယ်ကဘေးရောက်သွားတာပေါ့။ အဲဒီတော့ ကိုယ်လည်း နောက်တစ်ယောက် ထပ်ထားလိုက်တာပါ”

တကယ်တော့ သူ့ရဲ့ ဖြစ်တည်မှုဟာ ဘယ်လိုပဲဖြစ်နေနေ လူတစ်ယောက်က လူတစ်ယောက်ပဲ မဟုတ်လား။ ခံစားချက်ရှိတယ်။ ပျော်တတ်မယ်။ ပူဆွေးတတ်မယ်။ ဝမ်းနည်းတတ်မယ်။ ရယ်စရာရှိတာ ရယ်မယ်။ ငိုစရာရှိရင် ငိုမယ်။ ချစ်စရာတွေ့ရင် ချစ်မယ်။ ဟော.. လောကဓံနဲ့ ရင်ဆိုင်ရရင် အားတင်းပြီး ရုန်းကန်မယ်။ ကိုယ့်ဘဝအတွက် ကြိုးစားမယ်။ အိပ်မက်တွေကို အကောင်အထည်ဖော်မယ်။ သူတို့တွေဟာ လူသားတွေထဲက လူသားတွေပါ။ သူတို့ရဲ့ ဖြစ် တည်မှုကို ပွင့်ပွင့်လင်းလင်းထုတ်ပြပြီး ရိုးရိုးသားသား ရုန်းကန်လှုပ်ရှားနေကြသူတွေပါ။ ဘယ်လိုပဲဖြစ်နေနေ ဒါဟာသဘာဝပါပဲလို့ လက်ခံနိုင်ကြတဲ့သူတွေ တိုးပွားလာမယ်ဆိုရင်တော့ သိမ်ငယ်မှုတွေ၊ နှိမ့်ချဆက်ဆံခံရမှုတွေ ကင်း ဝေးပြီး ကိုယ်စီကိုယ်စီ သာယာတဲ့ဘဝလေးတွေ ပိုင်ဆိုင်နိုင်ကြမှာပေါ့။

ဒီလို ကမ္ဘာလောကမျိုး မကြာတော့တဲ့ ကာလမှာပေါ်ပေါက်လာနိုင်ပါစေလို့ ဆုတောင်းရင်း ………………………………..

                                                                                                                                                                                                                        Angelic Demon

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.