COVID-19 နှင့် ဆက်နွယ်သော ဥပဒေများ

COVID-19 ရောဂါဟာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့ပြီး WHO က ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် မတ်လ (၁၁)ရက်နေ့ မှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ မတ်လ (၂၃)ရက်နေ့ကစပြီး ပိုးရှိလူနာကို စတင်တွေ့ရှိခဲ့တာကြောင့် အခုဆိုရင် ရောဂါဖြစ် ပွားသူ စုစုပေါင်းမှာ မေလ (၂၆)ရက် နံနက်ပိုင်းအထိ (၂၀၃) ယောက်အထိ ရှိလာနေပြီ ဖြစ်ပါတယ်။

မတ်လ (၂၄) ရက်နေ့က စတင်ပြီး လူစုလူဝေးနဲ့ဆောင်ရွက်ရတဲ့လုပ်ငန်းတွေကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီနောက်မှာ တော့ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့်ကော်မတီကို ဥက္ကဌအဖြစ် ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူကာ ဖွဲ့စည်း ခဲ့ပြီး အမိန့်၊ ညွှန်ကြားချက်တွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်ခဲ့ပါတယ်။ အမိန့် ညွှန်ကြားချက်တွေမှာ အတတ်နိုင်ဆုံး အိမ်မှာနေကြဖို့ တိုက်တွန်းပြီး၊ လူစုလူဝေး မပြုလုပ်ကြရန်နှင့် ညမထွက်ရ အမိန့်ညွှန်ကြားချက်တွေလည်း ပါဝင်ပါတယ်။

အဲဒီလို ထုတ်ပြန်တဲ့ အမိန့်ညွှန်ကြားချက်တွေနဲ့ ဆက်စပ်နေတဲ့ ဥပဒေ(၃)မျိုးရှိပါတယ်။ အဲဒါတွေကတော့ ကူးစက်ရောဂါများ ကာကွယ်နှိမ် နှင်းရေးဥပဒေ၊ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေ၊ ရာဇသတ်ကြီးပုဒ်မ (၁၈၈)တို့ပဲ ဖြစ်ပါတယ်။ ဒီဥပဒေတွေမှာ ရှိတဲ့ ပုဒ်မတွေနဲ့ပတ်သက်ပြီး ထုတ်ပြန်တဲ့ အမိန့်၊ ညွှန်ကြားချက်တွေကို နားမလည်၊ မလိုက်နာလို့ တရားစွဲဆိုမှုတွေလည်း ယခုလတ်တ လောမှာ အများအပြား ဖြစ်ပွားနေပါတယ်။

ယခုလတ်တလော COVID -19 ရောဂါနဲ့ ဆက်စပ်နေတဲ့ ဥပဒေတွေထဲက တစ်ခုကတော့ ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေပဲ ဖြစ်ပါတယ်။ ဒီဥပဒေထဲမှာ အခန်းပေါင်း (၉)ခန်းနှင့် ပုဒ်မပေါင်း (၂၂)ခု ပါဝင်ပါတယ်။ ဒီဥပဒေကို ၁၉၉၅ခုနှစ် ၊ မတ်လ (၂၀)ရက်မှာ ဗိုလ်ချုပ် မှူးကြီးသန်းရွေက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။

ဒီဥပဒေထဲမှာ ကျန်းမာရေးဦးစီးဌာနရဲ့ ကူးစက်ရောဂါအတွက် လိုအပ်သလိုချမှတ်တဲ့ အစီအမံတွေအပေါ် မလိုက်နာရင် ဒီဥပဒေရဲ့ ပုဒ်မ (၁၅)အရ ကျပ်ငါးထောင်ထက်မပိုတဲ့ ငွေဒဏ်ချမှတ်နိုင်ပါတယ်။ ဒီဥပဒေရဲ့ အခန်း(၇) အသွားအလာတား မြစ်ပိတ်ပင်ခြင်း ကန့်သတ်ခြင်း ခေါင်းစဉ်အောက်မှာ ကျန်းမာရေးဝန်ကြီးဌာနက လုပ်ပိုင်ခွင့်ပေးအပ်ထားတဲ့ အဖွဲ့အစည်း (သို့) အရာရှိဟာ တားမြစ်ပိတ်ပင်ကန့်သတ်မိန့် ထုတ်ပြန်နိုင်ပါတယ်။

အဲဒါတွေကတော့ ကူးစက်မြန်ရောဂါဖြစ်ပွါးနေသူကို နေအိမ်က ထွက်ခွါသွားလာခွင့် ပိတ်ပင်ကန့်သတ်နိုင်ပါတယ်။ ကူးစက်မြန်ရောဂါဖြစ် ပွားနေတဲ့ နေအိမ်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အတွင်းကလူတွေကို ပြင်ပသို့ထွက်ခွာခွင့်ကို တားမြစ်ပိတ်ပင် ကန့်သတ်နိုင်ပါတယ်။ ကူးစက် မြန်ရောဂါဖြစ်ပွားနေတဲ့ နေအိမ်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အတွင်းကိုလည်း ပြင်ပကလူများ ဝင်ရောက်ခွင့်ကို တားမြစ်ပိတ်ပင်ကန့်သတ် နိုင်ပါတယ်။

မီးရထား၊ မော်တော်ယာဉ်၊ လေယာဉ်စတာတွေနဲ့ ရောက်ရှိလာတဲ့လူတွေအနက် ကူးစက်မြန်ရောဂါ ပါရှိလာပါက အဲဒီလူတွေကို ကျန်းမာ ရေးစစ်ဆေးဖို့နဲ့ လိုအပ်နေသေးတဲ့အချိန်အထိ ထိန်းသိမ်းခွင့်ရှိပါတယ်။ တကယ်လို့ ပွဲလမ်းသဘင်ကျင်းပနေတဲ့ အချိန်တွေမှာ ကူးစက်မြန် ရောဂါဖြစ်ပေါ်လာရင် အဲဒီပွဲလမ်းသဘင်မှန်သမျှကို ပိတ်ပင်ကန့်သတ်နိုင်ခွင့်လည်း ရှိပါတယ်။ သက်ဆိုင်ရာဌာနနဲ့အရာရှိတွေရဲ့ တားမြစ် ကန့်သတ်ချက်တွေကို မလိုက်နာဘဲ ဖောက်ဖျက်ရင် ဒီဥပဒေရဲ့ ပုဒ်မ (၁၈)အရ ထောင်ဒဏ် ၆လ အထိဖြစ်စေ ငွေဒဏ်တစ်သောင်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမှာ ဖြစ်ပါတယ်။

ဒီဥပဒေရဲ့ ပုဒ်မ (၂၁)မှာ ကျန်းမာရေးဝန်ကြီးဌာနဟာ လိုအပ်တဲ့ နည်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေကို အစိုးရအဖွဲ့ရဲ့ သဘောတူညီ ချက်နဲ့ ထုတ်ပြန်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါအပြင် “ကျန်းမာရေးဝန်ကြီးဌာန သို့မဟုတ် ကျန်းမာရေးဦးစီးဌာနသည် လိုအပ်တဲ့ အမိန့်၊ ညွှန်ကြားချက်တွေကို ထုတ်ပြန်နိုင်တယ်လို့ ဖော်ပြထားတာကြောင့် လက်ရှိကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်တဲ့ အမိန့်နှင့် ညွှန်ကြားချက်တွေဟာ အခုဥပဒေအရ ထုတ်ပြန်ထားခြင်းဖြစ်တယ်လို့ မှတ်ယူနိုင်ပါတယ်။

ဒီဥပဒေမှာ ဖော်ပြထားတဲ့ ပုဒ်မ (၃)၊ ပုဒ်မခွဲ(၅)ဟာ နယ်စပ်ကနေ ဝင်ရောက်လာပြီး Quarantine မဝင်ဘဲ တိမ်းရှောင်သူတွေ၊ အခြားလို အပ်တဲ့ ကျန်းမာရေးဆောင်ရွက်မှုတွေကို မလိုက်နာသူတွေအတွက် ဖမ်းဆီးနိုင်တဲ့ပုဒ်မ ဖြစ်ပါတယ်။ ပုဒ်မ (၃)၊ ပုဒ်မခွဲ (၁၀) မှာတော့ ကျန်း မာရေးဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်ထားတဲ့အမိန့်တွေကို မလိုက်နာရင်လည်း အရေးယူ အပြစ်ပေးနိုင်ပါတယ်။ လတ်တ လော ဖြစ်ပွားနေတဲ့ Mask မတပ်သူတွေကို ဖမ်းဆီးပြီး တရားရုံးမှာ တရားစွဲတင်နေတဲ့ ပုဒ်မလည်း ဖြစ်ပါတယ်။ အဲဒီလို ကျန်းမာရေးဝန် ကြီးဌာနရဲ့ ဆောင်ရွက်ချက်တွေကို မလိုက်နာဘဲတိမ်းရှောင်သူတွေအတွက် ငွေငါးထောင်ထက်မပိုတဲ့ ဒဏ်ငွေကိုချမှတ်နိုင်ပါတယ်။

COVID-19 ရောဂါနှင့်ပတ်သက်ပြီး အရေးယူလျက်ရှိတဲ့နောက်ထပ် ဥပဒေတွေထဲမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒီဥပဒေကို ၂၀၁၃ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှာ အတည်ပြုပြဌာန်းခဲ့ပြီး အခန်း(၉)ခန်းနှင့် ပုဒ်မပေါင်း (၄၃)ခု ပါဝင် ပါတယ်။ ပုဒ်မ (၄၀)မှာ ဥပဒေတွေ၊ ပြစ်မှုတွေကို ရဲအရေးပိုင်သော ပြစ်မှုများ ဖြစ်တယ်လို့ ဖော်ပြထားတဲ့အတွက် ဥပဒေပါပြစ်မှုကျူး လွန်သူတွေကို ရဲတပ်ဖွဲ့က ဝရမ်းမပါဘဲဖမ်းဆီးနိုင်ပါတယ်။

ယခုလက်ရှိ COVID-19 နှင့်ပတ်သက်ပြီး ဒီဥပဒေအရ စပ်ဆက်အရေးယူနေတဲ့ ပုဒ်မတွေလည်း ရှိနေပါတယ်။ ဒီဥပဒေရဲ့ ပုဒ်မ (၂၅)မှာ “မည် သူမဆို ဆန်းစစ်ချက်မပြုလုပ်ဘဲ ပေါ့ဆစွာဆောင်ရွက်မှု တစ်ခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ် တစ်စုံတစ်ရာ ကျရောက်နိုင်သည်ကို သိ လျက်နှင့် တမင်ပြုလုပ်မှုကြောင့် ဖြစ်စေ၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လျှင် သို့မဟုတ် ဖြစ်ပေါ်စေရန်အကြောင်းရှိလျှင် ထိုသူကို သုံးနှစ် ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့် အပြင်ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒီပုဒ်မ (၂၅)ကတော့ ကပ်ရောဂါပျံ့နှံ နေတဲ့ကာလအတွင်းမှာလူစုလူဝေးနှင့် တရားပွဲပြုလုပ်ခဲ့တဲ့ တရားဟောဆရာတစ်ဦးကို မရမ်းကုန်းမြို့မရဲစခန်းက အမှုဖွင့်ထားတဲ့ပုဒ်မ ဖြစ် ပါတယ်။

ပုဒ်မ (၂၆)မှာ “မည်သူမဆို ဒီဥပဒေအရ တာဝန်ပေးအပ်ခြင်းခံရတဲ့ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီ မံခန့်ခွဲမှု တစ်ရပ်ရပ်ဆောင်ရွက်နေခြင်းကို နှောင့်ယှက်ခြင်း၊ တားဆီးခြင်း၊ ဟန့်တားခြင်း၊ လက်ရောက်မှုကျူးလွန်ခြင်း သို့မဟုတ် ပြစ်မှုမ ကင်းသော အနိုင်အထက်ပြုမူခြင်းပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရရင် အဲဒီသူကို နှစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ် စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ဖော်ပြထားပါတယ်။

လူမှုကွန်ယက်မှာ လူကြည့်များခဲ့တဲ့ မိုးကုတ်မြို့အဝင်မှာ ရောဂါကာကွယ်ရေးအတွက် အပူချိန်တိုင်းခြင်း၊ လက်ဆေးစေခြင်း ၊ Mask တပ်စေ ခြင်းစတဲ့ လုပ်ငန်းများဆောင်ရွက်နေသော အဖွဲ့အစည်းတွေကို နင်ပဲငစ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခဲ့တဲ့ ဇနီးမောင်နှံ နှစ်ဦးကိုကို ပုဒ်မ (၂၆)နဲ့ တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ်(၃)လ ချမှတ်ခဲ့ပါတယ်။

ဒီဥပဒေရဲ့ ပုဒ်မ (၃၀)မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတစ်ရပ်ရပ်ကို ဆောင်ရွက်ဖို့ ဒီဥပဒေအရ တာဝန်ပေးအပ်ခြင်း ခံရတဲ့ ဌာ န၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ရဲ့ ညွှန်ကြားချက် တစ်ရပ်ရပ်ကိုလိုက်နာဖို့ တမင်ပျက်ကွက်ခြင်း၊ သဘာဝ ဘေးအန္တရာယ်ကျရောက်တဲ့ နေရာ သို့မဟုတ် အဆောက်အအုံအတွင်းကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းတို့ကို ပြုလုပ်ပါက တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ဖော်ပြထားပါတယ်။

မတ်လအတွင်းက မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင်းရှိ ကော့ကလိန်ကျေးရွာအုပ်စုမှ လူစုလူဝေးနဲ့ ဘုရားထီးတော်ပင့်ဆောင်ခဲ့တဲ့ ရွာ သူရွာသားတွေကို ဧပြီလ (၁)ရက်နေ့မှာ ကျိုက်မရောမြို့နယ်ရဲစခန်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀(က)အရ တရားစွဲဆိုခဲ့ပြီး ဦးဆောင်သူကို ထောင်ဒဏ် (၉)လ ပြစ်ဒဏ်ပေးခဲ့ပါတယ်။ ဒါအပြင် စောင့်ကြည့် ခြေချုပ် စည်းကမ်းတွေကို မလိုက်နာကြ တဲ့ ပြည်ပကပြန်လာသူတွေကိုလည်း ပုဒ်မ ၃၀(က)နဲ့ တရားစွဲဆို အပြစ်ပေးမှုတွေလည်း တွေ့ရှိရပါတယ်။

ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေနှစ်ခု၏ ပုဒ်မများရှိ အဓိပ္ပါယ်များမှာ ဆင်တူလျှက် ရှိပါတယ်။ လုပ်ဆောင်ချက် ကြီးကြီးမားမား ပြုလုပ်ကျူးလွန်သူကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေနှင့် စွဲဆိုမှုများတွေ့ရှိရပြီး၊ မသိ နားမလည်၍ သာမာန်ကျူးလွန်သူကို ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေနှင့် စွဲဆိုနေသည်ကို တွေ့ရပါတယ်။

ယခုနောက်ပိုင်းမှာတော့ တရားရုံးများရှိ ဥပဒေရုံးများမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေမှာ သဘာဝဘေးအန္တရာယ်ကျရောက်ကြောင်း သမ္မတ၏ အမိန့်ကြေငြာချက်ရှိရမှာ ဖြစ်တဲ့အတွက် အဲဒီဥပဒေနဲ့စွဲဆိုတဲ့ ပုဒ်မတွေကို ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေပုဒ်မ တွေနဲ့သာ ပြောင်းလဲစွဲဆိုဖို့ အကြံပေးကြကြောင်းလည်း ကြားသိရပါတယ်။ နောက်ဆုံး COVID-19 ရောဂါကာလနှင့် ဆက်စပ်နေသော ဥပဒေမှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ (၁၈၈) ဖြစ်ပါတယ်။

ညမထွက်မရအမိန့်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ (၁၄၄)အရ ထုတ်သလား၊ ဒါမှမဟုတ် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေပါ အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပိုင်ခွင့်အရထုတ်သည်လားဆိုတာကိုတော့ အမိန့်ထုတ်ပြန်သောသူများသာ သိကြမည် ဖြစ်ပါတယ်။ သို့သော် ညမထွက်ရအမိန့်ဖောက်ဖျက်သောသူများအား ရာဇသတ်ကြီးပုဒ်မ (၁၈၈)အရ အရေးယူလျက်ရှိနေပါတယ်။

ရာဇသတ်ကြီးပုဒ်မ (၁၈၈)သည် ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန်ကြေညာသော အမိန့်ကိုဖီဆန်ခြင်း ဖြစ်ပါတယ်။ ပြည်သူ့ဝန် ထမ်းက ဥပဒေနှင့်အညီ တစ်ဦးတစ်ယောက်သောသူအား ပြစ်မှုတစ်ခုခုကို ရှောင်ကျဉ်ရန်မိမိပစ္စည်း/ မိမိစီမံခန့်ခွဲသော ပစ္စည်းနှင့်စပ်လျှဉ်း သည့်အမိန့်ကိုဖီဆန်လျှင် ပြည်သူ့ဝန်ထမ်းအား တားဆီးနှောင့်ယှက်/ စိတ်ငြိုငြင်/ နစ်နာခြင်းတို့ကို ဖြစ်စေသော်၊ အန္တရာယ်ကိုဖြစ်စေသော် အလုပ်မဲ့ထောင်ဒဏ် ၁ လ၊ ငွေဒဏ် နှစ်သောင်း ချမှတ်နိုင်သလို ဒဏ်နှစ်ရပ်လုံးကိုလည်း ချမှတ်နိုင်ပါတယ်။

ဒါအပြင် အထက်ပါအတိုင်း ဖီဆန်ခြင်းကြောင့်၊ လူ့အသက်၊ ကျန်းမာရေး၊ လုံခြုံရေးတို့ကို ဘေးဖြစ်စေသော် (သို့) ရုန်းရင်းဆန်ခတ်မှု၊ သတ် ပုတ်မှုတို့ကို ဖြစ်စေသော် အလုပ်မဲ့ထောင်ဒဏ် ၆ လ၊ ဒဏ်ငွေ တစ်သိန်းတို့အပြင် ဒဏ်နှစ်ရပ်လုံးကိုလည်း ကျခံစေရမည်လို့ ဖော်ပြပါရှိထား ပါတယ်။ ဒီပုဒ်မဟာ ရဲအရေးမပိုင်တဲ့ ပုဒ်မဖြစ်ပြီး အာမခံလျှောက်လို့ရနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

အထူးနှင့် အထွေထွေဥပဒေတွေမှာ ထောင်ဒဏ်(၃)နှစ်အောက်အမှုတွေဟာ အာမခံရပြီး ထောင်ဒဏ်(၃)နှစ် အထက်အမှုတွေကား အာမခံ ပေးလို့ မရနိုင်တဲ့အမှုတွေ ဖြစ်ပါတယ်။ ရာဇသတ်ကြီးဥပဒေက ပြစ်မှုတွေမှာ ထောင်ဒဏ် (၇)နှစ်အောက်အမှုတွေဟာ အာမခံရပြီး ထောင် ဒဏ်(၇)နှစ် အထက်အမှုများသည် အာမခံမရဟု ရာဇဝတ်ကျင့်ထုံးဥပဒေနောက်ဆက်တွဲ ဒုတိယဇယားမှာ ဖော်ပြထားတာလည်း ရှိပါ တယ်။

COVID-19 ရောဂါကို ကာကွယ်တားဆီးတဲ့အနေနဲ့ ဧပြီလအတွင်းမှာ ညမထွက်ရအမိန့်တွေကို သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်အလိုက် ထုတ် ပြန်ခဲ့ပါတယ်။ အဲဒီလိုထုတ်ပြန်ခဲ့တဲ့ အမိန့်တွေကို လိုက်နာခြင်းမရှိပါက ရာဇသတ်ကြီး ဥပဒေပုဒ်မ (၁၈၈)နဲ့ တရားစွဲဆိုနိုင်ပါတယ်။ တစ် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားလာချိန်မှာ သက်ဆိုင်ရာတိုင်းပြည်တွေရဲ့ အစိုးရတွေက ရောဂါကာကွယ်ထိန်းချုပ်နိုင်ဖို့ အမိန့်တွေ၊ ညွှန်ကြားချက်တွေထုတ်ပြန်တဲ့နည်းတူ မြန်မာနိုင်ငံဟာလည်း ဒီအတိုင်းထုတ်ပြန်ခဲ့ပါတယ်။ အမိန့်ညွှန်ကြားချက်၊ ဥပဒေတွေကို သိလျှက်နဲ့ ချိုးဖောက်သူတွေအတွက် ဥပဒေအထက်မှာ ဘယ်သူမှမရှိဆိုသည့်စကားအတိုင်း ထိုက်သင့်သည့် ပြစ်ဒဏ်ခံယူရမှာ ဖြစ်ပါတယ်။ ဥပဒေကို မ သိတဲ့သူများအတွက် မသိလို့ကျူးလွန်လျှင်လည်း ဥပဒေလက်တံမှ မလွတ်ကင်းနိုင်သည့်အတွက် ကပ်ရောဂါကာလအတွင်း ဆက်စပ် လျှက်ရှိနေတဲ့ ဥပဒေတွေကို သတိထားနိုင်ရန် ဖော်ပြလိုက်ရပါတယ်။

 

Access to Justice Program
Colors Rainbow

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.