၂၀၂၀ မှာ ဝန်ထမ်း ၆ ယောက်မှာ ၁ ယောက် LGBT တွေ ဒါမှမဟုတ် လူနည်းစုဝင်တွေ ဖြစ်ရမယ်လို့ ဘီဘီစီက ပြော

ဘီဘီစီသတင်းဌာနဟာ မဟာလူမျိုးကြီး လူဖြူတွေ ကြီးစိုးတဲ့ သတင်းဌာနတစ်ခု ဖြစ်တယ်လို့ ဝေဖန်ခံနေရာကနေ အခုအခါမှာတော့ အဆိုပါ အနေအထားကို ပြောင်းလဲပစ်ဖို့ စတင်ကြိုးပမ်းလာခဲ့ပြီ ဖြစ်ပါတယ်။

ဘီဘီစီရဲ့ အဆိုပါ မကြာသေးမီက အသစ်ပေါ်ထွက်လာသော မဟာဗျူဟာစီမံချက်အရ လာမယ့် ၂၀၂၀ ခုနှစ်မှာ ဘီဘီစီရဲ့ ဝန်ထမ်း ခြောက်ယောက်အနက် တစ်ယောက်ဟာ လူနည်းစု တိုင်းရင်းသား ဒါမှမဟုတ် LGBT ဒါမှမဟုတ် မသန်ပေမဲ့ စွမ်းသူတွေ ဖြစ်လာဖို့ မျှော်မှန်းထားကြောင်း သိရှိရပါတယ်။

အခုလို အစီအစဉ်သစ်တွေ ထွက်ပေါ်လာတာကလည်း ဘီဘီစီသတင်းဌာနအနေနဲ့ သူ့ရဲ့ပရိသတ်ဖြစ်တဲ့ အလွှာစုံက ပရိသတ်တွေကို ကိုယ်စားပြုနိုင်မှု ပျက်ယွင်းလျက် ရှိနေတယ်ဆိုတဲ့ ဝေဖန်သံတွေ လူတွေကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့တဲ့နောက် အထက်ပါအတိုင်း အစီအစဉ်သစ်တွေ ချပြလာခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီရဲ့ စတားတွေဖြစ်တဲ့ Idris Elba နဲ့ Lenny Henry တို့ကလည်း ဘီဘီစီဝန်ထမ်းတွေရဲ့ အသွေးအရောင်စုံ ကင်းမဲ့မှုကို ကိုင်တွယ်ဖြေရှင်းဖို့ တိုက်တွန်းတောင်းဆိုခဲ့ကြပါတယ်။

ဘီဘီစီရဲ့ အထွေထွေ ဒါရိုက်တာဖြစ်သူ Greg Dyke ကလည်း ဘီဘီစီကို လူမျိုးရေး အသားအရောင်ခွဲခြားတဲ့ ကော်ပိုရေးရှင်းအဖြစ် သူ့အနေနဲ့ မယူဆသော်လည်း လူမျိုး၊ အသားအရောင်၊ မတူကွဲပြားမှုတွေနဲ့ ပတ်သက်ပြီး ပြဿနာတွေ ရှိကြောင်း၊ ဘီဘီစီရဲ့ ၉၈ ရာခိုင်နှုန်းကျော်ဟာ လူဖြူတွေသာ ဖြစ်တယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

အဆိုပါ အစီအစဉ်အသစ်က အမျိုးသမီးနဲ့ BAME လို့ အတိုကောက် သတ်မှတ်တဲ့ လူမဲတွေ၊ အာရှနဲ့ လူနည်းစု တိုင်းရင်းသား (Black, Asian နဲ့ Minority Ethnic) တွေ ပိုမိုတိုးမြှင့်ခန့်အပ်ဖို့ အဓိကဦးတည်ချက်ထား လုပ်ဆောင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘီဘီစီက ထုတ်ပြန်တဲ့ကြေငြာချက်အရ ၂၀၂၀ ခုနှစ်မှာ သူ့ရဲ့ ဝန်ထမ်းတွေထဲမှာ အမျိုးသမီးဝန်ထမ်း ၅၀ ရာခိုင်နှုန်းနဲ့ လူမဲတွေ၊ အာရှနဲ့ လူနည်းစု တိုင်းရင်းသား (Black, Asian နဲ့ Minority Ethnic) ဖြစ်တဲ့ဝန်ထမ်းတွေ ၁၅ ရာခိုင်နှုန်းအထိ ရှိလာဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ လောလောဆယ်အားဖြင့် ကိန်းဂဏန်းပမာဏများအရ အမျိုးသမီးဝန်ထမ်း အရေအတွက်ဟာ ၄၈ ဒသမ ၅ ရာခိုင်နှုန်းခန့်ရှိပြီး လူမဲ၊ အာရှနဲ့ လူနည်းစုတိုင်းရင်းသားဖြစ်သူ ဝန်ထမ်းတွေ အရေအတွက်ကတော့ ၁၃ ဒသမ ၁ ရာခိုင်နှုန်းသာ ရှိနေဆဲ ဖြစ်ပါတယ်။

ဘီဘီစီရဲ့ ချာနယ်တစ်ခုဖြစ်တဲ့ Radio 2 ချာနယ်တစ်ခုလုံးရဲ့ ဝန်ထမ်းအကုန်လုံးနီးပါးဟာ လူဖြူတွေနဲ့ အမျိုးသားတွေသာ ဖြစ်တဲ့အတွက် အဆိုပါ ချာနယ်တစ်ခုလုံးကို တစ်စုံလုံး ပြောင်းလဲဖို့တောင်မှ သင့်နေပြီဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။

ဘီဘီစီရဲ့ ချာနယ်တစ်ခုဖြစ်တဲ့ Radio 2 ချာနယ်တစ်ခုလုံးရဲ့ ဝန်ထမ်းအကုန်လုံးနီးပါးဟာ လူဖြူတွေနဲ့ အမျိုးသားတွေသာ ဖြစ်တဲ့အတွက် အဆိုပါ ချာနယ်တစ်ခုလုံးကို တစ်စုံလုံး ပြောင်းလဲဖို့တောင်မှ သင့်နေပြီဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။ အဆိုပါ ချာနယ်မှာရှိတဲ့ ဝန်ထမ်းတွေအနက် ၁၂ ရာခိုင်နှုန်းခန့်သာလျှင် လူမဲ၊ အာရှနဲ့ အခြားတိုင်းရင်းသားမျိုးနွယ်စုဝင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဟာ အရွယ်ရောက်ပြီးဖြစ်သူတွေရဲ့ အရေအတွက်နဲ့ နှိုင်းစာရင် ၃၅ ရာခိုင်နှုန်းသာ ရှိမှာ ဖြစ်ပါတယ်။

ဘီဘီစီအနေနဲ့ မိမိဝန်ထမ်းတွေကြားမှာ လူဖြူကြီးစိုးမှုကို လျော့ချပြီး အလွှာပေါင်းစုံက ပါဝင်မှုရှိတဲ့ လုပ်ငန်းခွင်ဖြစ်ဖို့ အနာဂတ်မှာ မည်သို့မည်ပုံ လုပ်ဆောင်မယ်လို့ ပြောဆိုနေသော်ငြားလည်း လောလောဆယ် အနေအထားများအရ ကာလတစ်ခုအထိတော့ အမျိုးသားတွေရဲ့ ကြီးစိုးမှု သို့မဟုတ် လူဖြူတွေရဲ့ ကြီးစိုးမှု အခန်းကဏ္ဍဟာ ဆက်လက်မြင့်မားလျက် ရှိနေဦးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဗြိတိသျှပါလီမန်အမတ်ဖြစ်သူ David Lammy ကလည်း ဒီပြဿနာအပေါ် ဘီဘီစီရဲ့ ကိုင်တွယ်ပုံ၊ လုပ်ပုံကိုင်ပုံတွေဟာ နှေးကွေးလျက် ရှိတယ်လို့ ဝေဖန်ထားပါတယ်။

“တခါလာလည်း မဟာဗျူဟာတွေ၊ ချဉ်းကပ်မှုအသစ်တွေ၊ လုပ်ငန်းစဉ် ချမှတ်တာတွေ၊ အစပျိုးလုပ်ဆောင်နေတာတွေ၊ သတင်းစာ ရှင်းလင်းပွဲတွေနဲ့… ကျွနု်ပ်ဖြင့် ဒါတွေကို တဖြည်းဖြည်း ညည်းငွေ့နေပြီ။ ဒီမဟာဗျူဟာတွေ၊ အစပျိုး လုပ်ဆောင်မှု ဆိုတာတွေကနေ အသားတင် ထွက်ရှိလာတဲ့ ရလဒ်ဆိုတာက နည်းနည်းလေးရယ်… တကယ့် ဝမ်းနည်း စိတ်ပျက်ဖွယ်ပါပဲ။ စိတ်ကောင်း စေတနာကောင်းတွေ ရှိနေတယ်ဆိုပေမဲ့ နှုတ်သီးကောင်းလျှာပါး ရွှန်းရွှန်းဝေနေတဲ့ ဒီပြောဆိုချက်တွေဟာ တကယ့်လက်တွေ့မှာ အောင်မြင်မှုရဖို့ မကိုက်ညီနေဘူး” လို့ သူ့ရဲ့ ပါလီမန်မှာပြောဆိုခဲ့တဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဘီဘီစီရဲ့ မတူကွဲပြားမှုများအရေး ကိုင်တွယ်သူ အကြီးအကဲဖြစ်တဲ့ Tunde Ogungbesan ကလည်း ဘီဘီစီအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး အောင်မြင်မှုတွေရရှိအောင် အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်တယ်ဆိုပေမယ့်လည်း ဆက်လက် လျှောက်လှမ်းရဦးမှာဖြစ်တယ်လို့ သူ့ရဲ့ ကြေငြာချက်ထဲမှာ ထုတ်ဖော်ဝန်ခံထားပါတယ်။

“ကျွနု်ပ်တို့ရဲ့ လုပ်ငန်းခွင်မှာ အမျိုးသမီးအရေအတွက် ထက်ဝက်နီးပါးရှိလာတာ၊ နောက်ပြီး လူမဲတွေ၊ အာရှသားတွေ၊ အခြားလူနည်းစု တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ပါဝင်မှုအချိုးအစားပမာဏဟာ ခေတ်အဆက်ဆက်အရ မြင့်မားတဲ့ အနေအထားမျိုးမှာ ရှိနေပါတယ်။ ဒါပေမဲ့ လုပ်စရာတွေ ထပ်ပြီး ရှိနေပါသေးတယ်။ ဒီအတွက် စိန်ခေါ်မှုတွေကိုလည်း သိပါတယ်။ ကျွနု်ပ်တို့အနေနဲ့ ပိုမိုအားကောင်းတဲ့ အနေအထားတစ်ရပ်ကို ရရှိဖို့ ဖန်တီးတည်ဆောက်သွားပါမယ်” လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

“ဒီကိစ္စအပေါ် ပါလီမန်အမတ် David Lammy နဲ့ အခြားသောသူတွေ ခံစားရှုမြင်သလိုပါပဲ ကျွနု်ပ်လည်း ဒီအပေါ်မှာ ထပ်တူထပ်မျှ ခံစားမှုမျိုး ရှိပါတယ်။ ကျွနု်ပ်လည်း သူတို့နဲ့ အတူတူပဲ တူညီတဲ့ရလဒ်ကို လိုချင်တာပါပဲ။ ဘီဘီစီကို ပရိသတ်တွေအနေနဲ့ သူတို့ကို ကိုယ်စားပြုတဲ့ အစီအစဉ်တွေကို ထုတ်လွှင့်ပေးနေတဲ့ ဌာနတစ်ခုအဖြစ် မြင်စေချင်ပါတယ်” လို့ Tunde Ogungbesan က ပြောဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.