LGBT အခွင့်အရေး လုပ်လို့ လူတိုင်းလူတိုင်း LGBT ဖြစ်စရာ မလိုပါဘူး

ပြီးခဲ့တဲ့ မေလ (၇ရက် – ၁၅ရက်) အထိ ကျင်းပပြုလုပ်ခဲ့တဲ့ &PROUD ဓာတ်ပုံပြိုင်ပွဲမှာ ဆရာ ဦးအောင်မျိုးမင်း (ဒါရိုက်တာ၊ ညီမျှခြင်း-မြန်မာ) ပြောကြားခဲ့တဲ့ စကားအချို့ ကို ဖော်ပြပေးလိုက်ပါတယ်။

အခုလိုမျိုး &PROUD ဓာတ်ပုံပြိုင်ပွဲမှာ ဂုဏ်ယူစွာနဲ့ စကားပြောခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မီဒီယာ တော်တော်များများက ကျနော့်ကို မြန်မာနိုင်ငံရဲ့ LGBT တွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး အမြဲတမ်း မေးလေ့ရှိပါတယ်။ ဘာတွေ တိုးတက်လာလဲပေါ့။ တိုးတက်မှုကို ကျနော် အမြဲတမ်းပြောပါတယ်။

ဟုတ်ပါတယ်။ အရင်တုန်းက LGBT ဆိုတဲ့ ရပ်တည်မှု၊ ဖြစ်တည်မှုကိုတောင်မှ ကျနော်တို့ အသိအမှတ်ပြုထားခြင်း မရှိဘူး။ ပြောဖို့အတွက်လည်း တစ်စုံတစ်ရာတွေ မရှိဘူး။ ပြောရမယ်ဆိုရင် ဒါက ပြောစရာမကောင်းသော၊ ဒါတွေက ဆွေးနွေးစရာမကောင်းသော လူအများကြားမှာ ရင်ဖွင့်စရာ မကောင်းသော၊ အံ့သြရွံ့ရှာဖွယ်ကောင်းတဲ့ အဖြစ်အပျက်တွေနဲ့ ကျနော်တို့ အမြဲတမ်း ဆက်ဆံခံနေရတဲ့အတွက် ကျနော်တို့ရဲ့ ဘဝ၊ ကျနော်တို့ရဲ့ ဖြတ်သန်းမှုတွေ၊ ကျနော်တို့ရဲ့ အလှတရားတွေ၊ ကျနော်တို့ရဲ့ တည်ရှိမှုတွေ ဘယ်သူမှ အသိအမှတ်ပြုမှု မခံခဲ့ရပါဘူး။

ဒီ &PROUD ဓာတ်ပုံပြိုင်ပွဲကို ကြည့်မယ်ဆိုလို့ရှိရင် ကျနော်တို့ အားလုံးရဲ့ နိုင်ငံတွေခြားနေပေမယ့် ကျနော်တို့ရဲ့ ဘဝတွေ၊ လူသားတစ်ယောက်အနေနဲ့ ဖြစ်တည်မှု အကြောင်းတွေ တွေ့ရပါတယ်။ အထူးသဖြင့် ပေါ်ဦးပေါ်စ ဘဝ အဖြစ်အပျက်တွေ၊ LGBT မြန်မာပြည်က လူငယ်တွေရဲ့ ဘဝတွေ၊ ဒါတွေ တင်ပြနိုင်ခြင်းဟာ မင်္ဂလာရှိသော တိုးတက်မှု တစ်ရပ်လို့ ပြောချင်ပါတယ်။ တစ်ဖက်တည်းမှာပဲ ကျနော်တို့ ဆက်ပြီးတော့ လုပ်ဆောင်မှုတွေ အများကြီး ရှိနေတုန်းပါ။

တိုးတက်နေတဲ့ လူတစ်ယောက်အနေနဲ့ ကျနော်တို့ကို လက်မခံနိုင်သေးတဲ့ အသိုင်းအဝိုင်းတွေ ရှိပါတယ်။ ယဉ်ကျေးမှု၊ ဘာသာရေးကို အကြောင်းပြပြီး LGBT ကိုဆန့်ကျင်သော၊ အလိုလိုနေရင်း မုန်းတီးနေသော လူမှုအသိုင်းအဝိုင်းတွေ ဆက်ရှိနေတုန်းပါပဲ။ ပုဒ်မ (၃၇၇) လို့ခေါ်တဲ့ လိင်တူချင်း ချစ်တဲ့အပေါ်မှာ ခွဲခြားဖိနှိပ်မှုရှိသော၊ သဘာဝမကျသော လိင်ဆက်ဆံမှုဟု သတ်မှတ်ပြီး ပြစ်ဒဏ်ပေးခံရတဲ့ အမှုတွေကလည်း ကျနော်တို့ ကြားထဲမှာ အမြဲတမ်းတွေ့နေကျ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး လုပ်ဆောင်ဖို့အတွက် အမျိုးသမီး ဖြစ်စရာ မလိုပါဘူး။ အမျိုးသမီးတွေ လူ့အခွင့်အရေး လှုပ်ရှားသူ၊ လူ့အခွင့်အရေး ခံစားခွင့်ရှိသူတွေအဖြစ် မြင်ကြပါ။ LGBT အခွင့်အရေး လုပ်လို့လည်း လူတိုင်းလူတိုင်း LGBT ဖြစ်စရာ မလိုပါဘူး။ LGBT ကို လူသားအဖြစ် အသိအမှတ်ပြုရင် ကျနော်တို့ လက်တွဲနိုင်မှာ ဖြစ်ပါတယ်။

အဲတော့ တစ်ဖက်မှာ ကျနော်တို့ ဂုဏ်ယူကြပါ၊ တစ်ဖက်မှာလည်း မပြီးဆုံးသေးသော၊ ကျနော်တို့အပေါ် ဖိနှိပ်နေသော၊ ကျနော်တို့ကို မုန်းတီးနေသော ပတ်ဝန်းကျင်ကိုလည်း ဝိုင်းပြီး တိုက်ဖျက်ပေးကြပါ။ ကျနော်တို့တွေဟာ လူမှုအသိုင်းအဝိုင်းရဲ့ အစိတ်အပိုင်းပဲ ဖြစ်ပါတယ်၊ လူမှုအသိုင်းအဝိုင်းရဲ့ ပြဿနာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့အားလုံး LGBT တင်မကဘဲ LGBT မဟုတ်သော သူတွေအားလုံးက လူသားရဲ့ အခွင့်အရေးတစ်ရပ်အဖြစ် ရတာဖြစ်တဲ့ “မည်သူ့ကိုမှ ခွဲခြားခြင်းမရှိရ၊ အားလုံးဟာ တန်းတူဖြစ်တယ်” ဆိုတဲ့ လူ့အခွင့်အရေးဆိုင်ရာ မူဝါဒတွေ လက်တွဲပြီးတော့ ကျနော်တို့ ဘဝတွေ လွတ်မြောက်ဖို့၊ ကျနော်တို့ရဲ့ ရပ်တည်မှုကို အသိအမှတ်ပြုဖို့အတွက် ကြိုးစားကြပါ။

ကြိုးစားတဲ့နေရာမှာ LGBT သက်သက်ချည်း မဟုတ်ဘဲ Non-LGBT လို့ခေါ်တဲ့ လူတွေကလည်း လက်တွဲပေးကြပါ။ ကျနော်တို့ အမျိုးသမီးအခွင့်အရေး လုပ်ဆောင်ဖို့အတွက် အမျိုးသမီး ဖြစ်စရာ မလိုပါဘူး။ အမျိုးသမီးတွေ လူ့အခွင့်အရေး လှုပ်ရှားသူ၊ လူ့အခွင့်အရေး ခံစားခွင့်ရှိသူတွေအဖြစ် မြင်ကြပါ။ LGBT အခွင့်အရေး လုပ်လို့လည်း လူတိုင်းလူတိုင်း LGBT ဖြစ်စရာ မလိုပါဘူး။ LGBT ကို လူသားအဖြစ် အသိအမှတ်ပြုရင် ကျနော်တို့ လက်တွဲနိုင်မှာ ဖြစ်ပါတယ်။ တစ်ဦးကိုတစ်ဦး လေးစားနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ &PROUD ကြီးကို ဆက်လက်ပြီးတော့ PROUD ဖြစ်နိုင်ဖို့အတွက် ဝိုင်းဝန်းကူညီ လက်တွဲကြပါလို့ ကျနော် တိုက်တွန်းရင်းနဲ့ နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဦးအောင်မျိုးမင်း

(ဒါရိုက်တာ၊ ညီမျှခြင်း-မြန်မာ)

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.