လူ့အခွင့်အရေးကို လေးစားလိုက်နာတယ်ဆိုတာဟာ ကိုယ့်ရဲ့အသံ၊ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်၊ ယုံကြည်ချက်တွေကိုပဲ အသံလွှင့်နေတာ မဟုတ်ပါဘူး

လူ့အခွင့်အရေး အခြေခံ သဘောတရားမှာ အဓိက တန်ဘိုးထားရမည့် စံ (၅) ခု ရှိပါတယ်။ အဲဒါတွေကတော့ ရွေးချယ်ခွင့် (Choice)၊ ဂုဏ်သိက္ခာ (Dignity)၊ မတူကွဲပြားမှု (Diversity)၊ တန်းတူညီမျှမှု (Equality)၊ လေးစားမှု (Respect) တို့ပဲ ဖြစ်ပါတယ်။

လူတစ်ဦးတစ်ယောက်ဟာ ကိုယ့်ရဲ့ လိင်စိတ်ကိုင်းညွတ်မှုနှင့် လိင်ဝိသေခံယူမှု (Sexual orientation and gender identity) ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိသင့်ပါတယ်။ လိင်စိတ် ကိုင်းညွတ်မှုဆိုတာဟာ ကိုယ့်အနေနဲ့ ချစ်ခြင်းမေတ္တာအရ၊ လိင်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှုအရ ဘယ်လိင်ကို ချစ်ခင်မြတ်နိုး သာယာသလဲဆိုတဲ့ တိမ်းညွတ်သာယာမှုပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် လိင်တူကို ချစ်ခင်စုံမက်သာယာခြင်း၊ လိင်ကွဲကို ချစ်ခင်စုံမက် သာယာခြင်းနှင့် လိင်တူ၊ လိင်ကွဲနှစ်မျိုးစလုံးကို ချစ်ခင်စုံမက် သာယာခြင်းတို့ပဲ ဖြစ်ပါတယ်။ လိင်ဝိသေခံယူမှုကျတော့ ကိုယ့်ကိုယ်ကို ဘယ်လို လိင်အမျိုးအစားမျိုး ရှုမြင်ထားသလဲဆိုတဲ့ ကိုယ်ကိုယ်တိုင်ရဲ့ ရှုမြင်ချက်၊ ခံယူချက် ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကိုယ့်ကိုယ်ကို ယောက်ျား (သို့) မိန်းမ (သို့) ဆန့်ကျင်ဘက်လိင်လို ဝတ်စားဆင်ယင်နေထိုင်သူ (Transgender) အဖြစ် ရှုမြင်ခံယူထားမှုပဲ ဖြစ်ပါတယ်။ လိင်ကွဲကို ချစ်ခင်စုံမက် သာယာသူတွေအနေနဲ့ မိမိတို့ရဲ့ လိင်စိတ်ကိုင်းညွတ်မှုနှင့် လိင်ဝိသေသခံယူမှုကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိသလိုပဲ။ လိင်တူကို ချစ်ခင်စုံမက် သာယာသူတွေအနေနဲ့လည်း မိမိတို့ရဲ့ လိင်စိတ်ကိုင်းညွတ်မှုနှင့် လိင်ဝိသေသခံယူမှုကို လွတ်လပ်စွာ ရွေးချယ်ပြီး ဖော်ထုတ် ပြသခွင့် ရှိသင့်ပါတယ်။ လူတစ်ဦးတစ်ယောက်ရဲ့ ရွေးချယ်ခွင့်ကို လေးစားခြင်းဟာ လူတစ်ဦးတစ်ယောက်ရဲ့ အခြေခံ လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်းပဲ ဖြစ်ပါတယ်။

လူ့အခွင့်အရေး ကြေငြာစာတမ်း အပိုဒ် (၁) အရ လူတိုင်းဟာ မွေးကတည်းက တူညီသော ဂုဏ်သိက္ခာနှင့် အခွင့်အရေး ရှိပါတယ်။ တစ်ယောက်ကို တစ်ယောက် ညီရင်းသဖွယ် မောင်ရင်းနှမလို ပြုမူဆက်ဆံရမယ်လို့လည်း ဆိုထားပါတယ်။ အသက်၊ လူမျိုး၊ ကိုးကွယ်သည့် ဘာသာ၊ ရာထူး၊ အဆင့်အတန်း၊ မသန်စွမ်းမှု အခြေအနေ၊ လိင်ကွဲပြားမှု၊ လိင်စိတ်ကိုင်းညွတ်မှုနှင့် လိင်ဝိသေသခံယူမှုအပေါ် ပဓာနမထားဘဲ လူတိုင်းလူတိုင်းဟာ တူညီသော တန်ဖိုးနှင့် ဂုဏ်သိက္ခာ ရှိကြပါတယ်။ လူတစ်ဦးတစ်ယောက်ရဲ့ လူ့ဂုဏ်သိက္ခာကို လေးစားခြင်းဟာလည်း လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်းပဲ ဖြစ်ပါတယ်။

 

တကယ်တော့ လူ့အခွင့်အရေးကို လေးစားလိုက်နာတယ်ဆိုတာဟာ ကိုယ့်ရဲ့အသံ၊ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်၊ ယုံကြည်ချက်တွေကိုပဲ အသံလွှင့်နေတာ မဟုတ်ပါဘူး။ အခြားသူတွေရဲ့ အသံ၊ ထင်မြင်ယူဆချက်နဲ့ ယုံကြည်ချက်တွေကိုလည်း နားထောင်ရမှာ ဖြစ်ပါတယ်။

မတူကွဲပြားမှုဆိုတာဟာ သဘာဝတရားက ဖန်တီးပေးထားတဲ့ အလှတရားပဲ ဖြစ်ပါတယ်။ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း တစ်ခုဟာ မတူကွဲပြားမှုတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားပြီး အဲဒီ မတူကွဲပြားမှုတွေကို အသိအမှတ်ပြု လက်ခံထားတဲ့ အဖွဲ ့အစည်းပါပဲ။ မတူကွဲပြားမှုလို့ ဆိုတဲ့အခါမှာ အတွေးအခေါ် အယူအဆ မတူကွဲပြားမှု၊ ကိုးကွယ်ယုံကြည်မှု၊ မတူကွဲပြားမှု၊ ကျား-မ မတူကွဲပြားမှု၊ လိင်စိတ်ကိုင်းညွတ်မှုနှင့် လိင်ဝိသေသခံယူမှု မတူကွဲပြားမှုစတဲ့ မတူကွဲပြားမှု အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဒီမိုကရေစီမှာ အများစုရဲ့ ဆန္ဒမဲနှင့် ရွေးချယ်အုပ်ချုပ်ပေမယ့် အနည်းစုရဲ့ အခွင့်အရေးကို ကာကွယ်ပေးရမယ်ဆိုတဲ့ မူဝါဒတွေ ပါပါတယ်။ ဒါကြောင့် LGBT တွေရဲ့ လိင်စိတ်ကိုင်းညွတ်မှုနှင့် လိင်ဝိသေသခံယူမှု ကွဲပြားနေမှုကို အသိအမှတ်ပြုခြင်း၊ အကာအကွယ်ပေးခြင်းဟာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အသိအမှတ်ပြု၊ လေးစားလိုက်နာခြင်းပဲ ဖြစ်ပါတယ်။

တန်းတူညီမျှမှုဟာ ဒီမိုကရေစီရဲ့ အခြေခံမူဝါဒတစ်ခုပါပဲ။ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတစ်ခုဟာ လူသားအားလုံးသည် တန်းတူပဲ ဖြစ်တယ်’ ဆိုတဲ့ အခြေခံမူကို အလေးထားပါတယ်။ တန်းတူညီမျှမှုဆိုတာ လူသားအားလုံးဟာ တန်းတူညီမျှ တန်ဖိုးရှိမှု၊ တန်းတူညီမျှ အခွင့်အလမ်း ရရှိမှုဖြစ်ပြီး သူတို့တွေရဲ့ လူမျိုး၊ ဘာသာတရား၊ ရာထူး အဆင့်အတန်း၊ လူမျိုးစု၊ လိင်၊ လိင်စိတ်ကိုင်းညွတ်မှုနှင့် လိင်ဝိသေသခံယူမှုတို့ကြောင့် ခွဲခြားဆက်ဆံခံရမှု မရှိစေရပါဘူး။ ဒါကြောင့် ကွဲပြားမှုတွေကြောင့် ခွဲခြားမှုမလုပ်ဘဲ လူသားအားလုံးကို တန်းတူညီမျှ ဆက်ဆံခြင်းဟာလည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်းပဲ ဖြစ်ပါတယ်။

လိင်စိတ်ကိုင်းညွတ်မှုနှင့် လိင်ဝိသေသခံယူမှု ကွဲပြားနေတဲ့ LGBT တွေဟာ လူသားတွေထဲက လူသားတွေပဲ ဖြစ်နေကြတဲ့အတွက် လူသားတွေကဲ့သို့ လေးစားခံရပိုင်ခွင့် အခွင့်အရေး ရှိပါတယ်။ တကယ်တော့ လူ့အခွင့်အရေးကို လေးစားလိုက်နာတယ်ဆိုတာဟာ ကိုယ့်ရဲ့အသံ၊ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်၊ ယုံကြည်ချက်တွေကိုပဲ အသံလွှင့်နေတာ မဟုတ်ပါဘူး။ အခြားသူတွေရဲ့ အသံ၊ ထင်မြင်ယူဆချက်နဲ့ ယုံကြည်ချက်တွေကိုလည်း နားထောင်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ အခြားသူတွေရဲ့ အသံ၊ အခြားသူတွေရဲ့ အတွေးအခေါ်နဲ့ ခံစားချက်တွေကို နားထောင်မပေးနိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ လူ့အခွင့်အရေး လေးစားလိုက်နာမှုဆိုတာကို ဘယ်တော့မှ ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့နှင့်မတူပဲ ကွဲပြားနေတဲ့သူတွေကိုလည်း လေးစားပြီး သူတို့တွေရဲ့ အသံ၊ ယုံကြည်ချက်တွေကိုလည်း နားထောင်ဖို့ လိုအပ်လှပါတယ်။

ဒါကြောင့် လူ့အခွင့်အရေး အခြေခံသဘောတရားမှာ စံထားရမည့် တန်ဘိုး (၅)ခု ဖြစ်တဲ့ ရွေးချယ်ခွင့် (Choice)၊ ဂုဏ်သိက္ခာ (Dignity)၊ မတူကွဲပြားမှု (Diversity)၊ တန်းတူညီမျှမှု (Equality)၊ လေးစားမှု (Respect) တို့ကို တန်ဖိုးထားရင်း လိင်စိတ်ကိုင်းညွတ်မှုနဲ့ လိင်ဝိသေသခံယူမှု ကွဲပြားနေတဲ့ LGBT တွေရဲ့ ရွေးချယ်ခွင့်နှင့် မတူကွဲပြားမှုတို့ကို လေးစားပေးဖို့ တိုက်တွန်းလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.