သူသာလျှင် LGBT တွေရဲ့ မိတ်ဆွေအစစ်ဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ကိုယ့်ကိုယ်ကို ညွန်းဆို

ဒေါ်နယ်ထရမ့်က သူသာလျှင် LGBT လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းရဲ့ စစ်မှန်တဲ့ မိတ်ဆွေတစ်ယောက်ဖြစ်ပြီး ဟီလာရီကလင်တန်ကတော့ အစ္စလာမ်တွေကို ထောက်ခံနေသမျှ ကာလပတ်လုံး LGBT တွေရဲ့ မိတ်ဆွေ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဟီလာရီကလင်တန်နဲ့အပြိုင် ဝင်ရောက်အရွေးခံဖို့ ယှဉ်ပြိုင်နေတဲ့ ရီပတ်ဗလီကန်ပါတီရဲ့ သမ္မတလောင်းဖြစ်သူ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။

ဇွန်လ ၁၃ ရက်နေ့ ညက အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမြို့ရှိ LGBT များ သွားရောက်လေ့ ရှိရာ ညကလပ်ပွဲအတွင်း IS (အစ္စလာမစ် နိုင်ငံတော်အဖွဲ့) အဖွဲ့ဝင်ဖြစ်သူ အကြမ်းဖက်သေနတ်သမား အိုမာမာတီးရဲ့ လက်ချက်နဲ့ လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဒေါ်နယ်ထရမ့်က မိန့်ခွန်းပြောကြားရာမှာ အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

၎င်းအပြင် ဟီလာရီ ကလင်တန်ရဲ့ လူဝင်မှုရေးရာ ပေါ်လစီနဲ့ ပတ်သက်၍လည်း အကယ်၍ ဟီလာရီကလင်တန်သာ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရပြီး သမ္မတဖြစ်လာပါက ယခုကဲ့သို့သော LGBT တွေအပေါ် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုတွေဟာ ထပ်မံရှိလာနေဦးမှာ ဖြစ်တယ်လို့ သူက ဝေဖန်ခဲ့ပါတယ်။

“ကျွန်တော်အနေနဲ့ ရွေးချယ်စရာ နှစ်ခုကို အမေရိကန်ပြည်သူတွေထံ တင်ပြပါမယ်။ တစ်ခုက ကျွန်တော့်ရဲ့ အမေရိကန် ပြည်သူတွေ အကျိုးရှိစေမယ့် အမေရိကန်လူဝင်မှုရေးရာ ပေါ်လစီ၊ နောက်တစ်ခုက ဟီလာရီရဲ့ လူဝင်မှုရေးရာ ပေါ်လစီ…ပေါ့။ အဲဒီတော့ ကိုယ့်ဖာသာပဲ မေးကြပါ။ ဘယ်သူ့ဘယ်သူက LGBT အသိုင်းအဝိုင်းနဲ့ အမျိုးသမီးတွေအတွက် မိတ်ဆွေ ဖြစ်နိုင်မလဲ။ ကျွန်တော်က လက်တွေ့သမား၊ ဟီလာရီကလင်တန်က လေပဲ ရှိတဲ့သူ၊ ဟီလာရီ ကလင်တန်က အစွန်းရောက် အစ္စလာမ် အကြမ်းဖက်သမားတွေကို နိုင်ငံတွင်း ဝင်လာစေချင်နေတာ၊ ဒီအကြမ်းဖက်သမားတွေက LGBT တွေကို သတ်ပြီး၊ အမျိုးသမီးတွေကိုဆိုလည်း ကျွန်ဇာတ် သွင်းကြလိမ့်မယ်” လို့ ဒေါ်နယ်ထရမ့်က သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဟီလာရီကလင်တန်ဟာ LGBT တွေရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီး လူသိရှင်ကြား အစဉ်ထောက်ခံ ရပ်တည်လေ့ရှိသူတစ်ဦး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ LGBT တွေရဲ့ တန်းတူလက်ထပ်ခွင့် ရရှိရေးနဲ့ ပတ်သက်ပြီး အမေရိကန် ဗဟို တရားလွှတ်တော်ချုပ်က အဆုံးအဖြတ်ပေးရေး ကိစ္စမှာလည်း ဟီလာရီ ကလင်တန်က သူမဟာ LGBT တွေရဲ့ လက်ထပ် ထိမ်းမြားခွင့် တန်းတူရရှိရေးကို ထောက်ခံတဲ့အကြောင်း ရိုက်ကူးထားတဲ့ ဗွီဒီယိုနဲ့ သတင်းစကားကို သူမရဲ့ လူမှုကွန်ယက် စာမျက်နှာပေါ် တင်ခဲ့ပါတယ်။ ဒါကြောင့် တစ်ကမ္ဘာလုံးမှာရှိတဲ့ LGBT တွေက ဟီလာရီ ကလင်တန်ကို မိတ်ဆွေအဖြစ် အသိအမှတ်ပြု လက်ခံထားကြတာ ဖြစ်ပါတယ်။

“ဟီလာရီ ကလင်တန်ဟာ အစွန်းရောက် အစ္စလာမ်တွေကို နိုင်ငံတွင်းကို ဝင်လာစေမယ့် ပေါ်လစီတွေကို ထောက်ခံနေသမျှ ကာလပတ်လုံး LGBT အသိုင်းအဝိုင်းရဲ့ မိတ်ဆွေတစ်ယောက် ဖြစ်မှာမဟုတ်ဘူး။ အစ္စလာမ်တွေဟာ အမျိုးသမီးတွေ၊ LGBT တွေနဲ့ တခြားသော သူတို့နဲ့ ဘာသာအယူအဆ မတူတဲ့ ဘယ်သူ့ကိုမဆို သတ်မယ့်သူတွေ ဖြစ်တယ်။ ကျွန်တော်ကတော့ အမေရိကန်နိုင်ငံကို အစွန်းရောက် အစ္စလာမ်တွေတွေရဲ့ ရန်ကနေ ကြောက်နေရမှာမျိုး လက်မခံနိုင်ဘူး” လို့ ဒေါ်နယ်ထရမ်က ဝေဖန်ခဲ့ပါတယ်။

ဟီလာရီ ကလင်တန်ကတော့ ဒီအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ကိုင်တွယ်ရာမှာ ဉာဏ်အမျှော်အမြင်ရှိရှိနဲ့ တကယ့် အရင်းအမြစ်ကို ရှာဖွေကိုင်တွယ်နိုင်ဖို့ လိုတယ်လို့ ပြန်လည်ထောက်ပြခဲ့ပါတယ်။

အကြမ်းဖက်သမားကတော့ သေသွားပြီ။ ဒါပေမဲ့ သူ့ရဲ့ စိတ်ကို အဆိပ်ခတ်ဖျက်ဆီးခဲ့တဲ့ ဗိုင်းရပ်စ် တွေကတော့ အများကြီး အသတ်ရှင်နေတုန်းပဲ

“ဒီအချိန်ဟာ ကျွန်မတို့ အမေရိကန်တွေအားလုံး တစ်စိတ်တစ်ဝမ်းတည်း ရပ်တည်ကြရမယ့် အချိန်ပါ။ ဘယ်နှစ်ခါပဲဖြစ်ဖြစ် ဒီလို အဖြစ်အပျက်မျိုးတွေ၊ တိုက်ခိုက်မှုတွေကို ကျွန်မတို့ အမေရိကန်တွေအားလုံး ရင်ဆိုင်နိုင်ရမယ်။ ဒီလို အပြစ်မဲ့တဲ့သူတွေ အသတ်ခံရတဲ့ကိစ္စက ကျွန်မတို့အားလုံး ဒေါသထွက် ကြေကွဲဝမ်းနည်းကြရပြီး မလုံခြုံတဲ့ စိတ်ခံစားမှုတွေ ခံစားရစေတယ်။ ဒီအဖြစ်အပျက်မျိုးတွေအပေါ် ရန်သူအနေနဲ့ လက်တုံ့ပြန်ကြရမယ်။ အဲဒီတော့ ကျွန်မတို့ ဘယ်လို တုံ့ပြန်မလဲ။ အကြမ်းဖက်သမားကတော့ သေသွားပြီ။ ဒါပေမဲ့ သူ့ရဲ့ စိတ်ကို အဆိပ်ခတ်ဖျက်ဆီးခဲ့တဲ့ ဗိုင်းရပ်စ် တွေကတော့ အများကြီး အသတ်ရှင်နေတုန်းပဲ။ ကျွန်မတို့ ဒီကိစ္စကို တုံ့ပြန်တဲ့အခါမှာ ရှင်းလင်းတဲ့ အမြင်၊ တည်ငြိမ်တဲ့ လက်တွေနဲ့ ကျွန်မတို့ရဲ့ စံတန်ဖိုးနဲ့ ဂုဏ်သိက္ခာတွေအတွက် မယိုင်းယိုင်တဲ့ သန္နိဌာန်တွေနဲ့ ချေမှုန်းသွားကြရမှာ ဖြစ်ပါတယ်။ ဒီကြေကွဲဖွယ် အဖြစ်အပျက်ကို ကျွန်မတို့ အမြဲတမ်း အောက်မေ့အမှတ်ရနေမှာ ဖြစ်ပါတယ်” လို့ Cleveland နယ်က ပြည်သူတွေနဲ့ တွေ့ဆုံရာမှာ အထက်ပါအတိုင်း ဟီလာရီကလင်တန်က သူမရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

အော်လန်ဒိုအရေးနဲ့ ပတ်သက်ပြီး ဟီလာရီ ကလင်တန်အပေါ် ဒေါ်နယ်ထရမ်အနေနဲ့ စွပ်စွဲပြောဆိုမှုတွေ ရှိနေမယ့်လည်း ဒေါ်နယ်ထရမ်ဟာ အချက်အလက် မှတ်တမ်းများအရ LGBT တွေရဲ့ လူ့အခွင့်အရေး ရပိုင်ခွင့်တွေနဲ့ ပတ်သက်လို့ သူ့ရဲ့ ရပ်တည်ချက်ဟာ အငြင်းပွားစရာ ရှိပါတယ်။

ရီပတ်ဘလီကန်ပါတီရဲ့ ကျောထောက်နောက်ခံနဲ့ ရေးဆွဲနေတဲ့ Transgender တွေအတွက် မိမိနှစ်သက်ရာ အိမ်သာကို သုံးစွဲခွင့်ရရှိရေး ဥပဒေမူကြမ်းနဲ့ပတ်သက်လို့လည်း ဒေါ်နယ်ထရမ့်က ထောက်ခံဖို့ ပျက်ကွက်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ် နှစ်အစပိုင်း ဇန်နဝါရီလက Fox News သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာလည်း လိင်တူချင်း လက်ထပ်ခွင့် တန်းတူရရှိရေးနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူကြောင်းနှင့် သူသာ သမ္မတဖြစ်လာလျှင် ဒီကိစ္စကို ပြင်ဆင်ဖို့ လေးလေးနက်နက် ပြန်လည်သုံးသပ်သွားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.