နော်ဝေးနိုင်ငံရဲ့ ပထမဦးဆုံး လယ်စဘီယံ လွှတ်တော်အမတ် ဖြစ်ခဲ့သူ ကွယ်လွန်

နော်ဝေနိုင်ငံရဲ့ ပထမဦးဆုံး ပွင့်ပွင့်လင်းလင်း လယ်စဘီယံ အမျိုးသမီးလွှတ်တော်အမတ်ဖြစ်ခဲ့သူ Wenche Lowzow ဟာ စက်တင်ဘာလ (၂၄) ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။

၁၉၂၆ ခုနှစ် မေလ (၂၇) မှာ မွေးဖွားခဲ့သူ Wenche Lowzow ဟာ ကွယ်လွန်စဉ်မှာ အသက် (၉၀) နှစ်ရှိပြီ ဖြစ်ပါတယ်။

သူမဟာ မသေခင်မှာ ကင်ဆာရောဂါကို ကြာမြင့်စွာ ခံစားနေခဲ့ရပြီး နော်ဝေနိုင်ငံ Geiro မှာရှိတဲ့ စောင့်ရှောက်ရေး ဂေဟာမှာ နေထိုင်နေစဉ် ကွယ်လွန်သွားခဲ့ပါတယ်။

Wenche Lowzow ဟာ နော်ဝေ ကွန်ဆာဗေးတစ်ပါတီကို ကိုယ်စားပြုပြီး ၁၉၇၇ ခုနှစ်မှ စတင်ကာ ၁၉၈၅ ခုနှစ်အထိ ပါလီမန်မှာ ရွေးကောက်ခံအမတ်အဖြစ် နိုင်ငံရေးတာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။ သူမဟာ ၁၉၇၉ ခုနှစ်မှာ လယ်စဘီယံအဖြစ် လူသိရှင်ကြား ဖွင့်ဟပြောဆိုခဲ့ပြီး ထိုစဉ်မှစတင်၍ LGBT တွေရဲ့ တန်းတူအခွင့်အရေးအတွက် လုပ်ဆောင်ခဲ့ပါတယ်။

wenche-lowzow

Wenche Lowzow ဟာ နော်ဝေနိုင်ငံမှာ လိင်တူချင်း နေထိုင်ပေါင်းသင်းခွင့် ဥပဒေကို ခွင့်ပြုပြဌာန်းခဲ့တဲ့ ၁၉၉၃ ခုနှစ်မှာ LGBT အခွင့်အရေး တက်ကြွလှုပ်ရှားသူလည်းဖြစ်၊ စာရေးဆရာတစ်ဦးလည်းဖြစ်သူ Karen Christine Friele နဲ့ လူသိရှင်ကြား စတင်ပြီး အတူနေထိုင် ပေါင်းသင်းခဲ့ပါတယ်။

“ကျွန်မ သူ့ကို လွမ်းဆွတ်နေတော့မှာပါ။ သူ မရှိတော့တဲ့နောက်ပိုင်း နေသားကျဖို့အတွက် ကျွန်မ ရက်အတော်ကြာ အချိန်ယူရပါလိမ့်မယ်”လို့ Karen Christine Friele က ပြောပါတယ်။ Karen Christine Friele ဟာ ၁၉၆၅ ခုနှစ်မှာ သူမရဲ့ လိင်စိတ်ခံယူမှုအတွက် နော်ဝေလူထုရဲ့ ပထမဦးဆုံး လူသိရှင်ကြား ထောက်ခံမှုရခဲ့သူလည်း ဖြစ်ပါတယ်။

Wenche Lowzow ဟာ အကောင်းအတိုင်း ရှိနေရာကနေ အဖြစ်အပျက်တွေဟာ ရုတ်တရက်ကြီး ဖြစ်သွားခဲ့တယ်လို့ Karen Christine Friele က ပြောပါတယ်။

Wenche Lowzow ကွယ်လွန်သွားတာနဲ့ ပတ်သက်လို့ “သူမဟာ နော်ဝေ ကွန်ဆာဗေးတစ်ပါတီအတွက် အရေးပါတဲ့ကိစ္စတွေ အမြောက်အမြားကို ထမ်းရွက်ခဲ့သူ ဖြစ်ပေမယ့်လည်း သူမနဲ့ ပတ်သက်လို့ နော်ဝေနိုင်ငံရဲ့ ပထမဦးဆုံး ပွင့်ပွင့်လင်းလင်း လယ်စဘီယံ လွှတ်တော်အမတ်ဖြစ်သူ ဆိုတဲ့အချက်က ပိုပြီးအမှတ်ရ သတိရစရာ ဖြစ်နေမှာပါ။ သူမရဲ့ ပွင့်လင်းရဲတင်းမှုက ကျွနိုပ်တို့ လူ့အဖွဲ့အစည်းအတွက် အရေးကြီးဆုံး ဖြစ်စေခဲ့ပါတယ်” လို့ ဝန်ကြီးချုပ်ဖြစ်သူ Erna Holberg က အမှတ်တရ ပြောကြားခဲ့ပါတယ်။

Wenche Lowzow နဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်ခဲ့သူ Per-Kristian Foss ကလည်း “ကျွန်တော်က Wenche နဲ့ ပတ်သက်လို့ သူ လယ်စဘီယံအဖြစ် မဖွင့်ဟခင်ကတည်းက ကောင်းကောင်းကြီး သိခဲ့တယ်။ သူမဟာ အင်မတန် ရဲရင့်တဲ့ အမျိုးသမီးကြီးတစ်ဦးပါ” လို့ အောက်မေ့ဖွယ် ပြောဆိုခဲ့ပါတယ်။

Per-Kristian Foss ဟာ ၁၉၈၁ ခုနှစ်ကနေ ၁၉၈၅ ခုနှစ်အထိ Wenche Lowzow နဲ့ လက်တွဲပြီး ပါလီမန်မှာ တာဝန် အတူထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
အလားတူပင် နော်ဝေကွန်ဆာဗေးတစ်ပါတီရဲ့ နိုင်ငံရေးသမားဟောင်းတစ်ဦးဖြစ်သူ Erling Lae ကလည်း Wenche Lowzow နဲ့ ပတ်သက်လို့ သူမဟာ ဘယ်သူ့ဘယ်သူမှ မလုပ်ရဲတဲ့ ကိစ္စတစ်ခုကို ရဲဝံ့စွာ လုပ်ပြခဲ့သူ ဖြစ်တယ်လို့ အောက်မေ့ဘွယ် အမှတ်တရ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Wenche Lowzow ရဲ့အလောင်းကို နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ဂူသွင်းသဂြိုလ်မှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.