အတ္တအသိ (Self-Knowledge)

သမိုင်းဝင်ခဲ့တဲ့ ခေါင်းဆောင်တွေ၊ ဉာဏ်ပညာရှင်တွေ၊ လူတော်တွေကို ကြည့်ရင် ကိုယ့်ကိုယ်ကို သိကြတယ်။ မိမိကိုယ်ကို သိကြလို့ပဲ ကိုယ့်ဘဝကို ကိုယ်အလိုရှိရာကို ဖန်တီးထုဆစ်နိုင်ကြတာပဲ ဖြစ်တယ်။ အဲလို ကိုယ့်ကိုယ်ကို သိတာမျိုးကို အတ္တအသိ ရှိတယ်လို့ ကိုယ်ရည်ကိုယ်သွေး စိတ်ပညာမှာ သုံးတယ်။

လောကမှာ ကိုယ့်ကိုယ်ကိုသိပြီး ကိုယ်လိုချင်တဲ့ဘဝမှာ အောင်အောင်မြင်မြင် ရှင်သန်နေကြတာထက်၊ ကိုယ့်ကိုယ်ကို မသိဘဲ ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင် လမ်းမှားပို့မိတဲ့ အဖြစ်တွေက များနေတာဟာ အတ္တအသိ မရှိကြလို့ပဲ ဖြစ်တယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်လောက်တုန်းက မိုင်းလက်တပ်စ် (Miletus) ဆိုတဲ့ ဂရိစ် (Greeks) မှာ နေထိုင်ခဲ့တဲ့ သေးလိစ် (Thales) ရဲ့ ယူဆချက်အရ၊ လောကမှာ အခက်ခဲဆုံး အလုပ်ကတော့ ကိုယ့်ကိုယ်ကို သိဖို့ပဲတဲ့။

ဆိုကရေးတီးကလည်း ပြောခဲ့တယ်။ “KNOW THYSELF” ကိုယ့်ကိုယ်ကို သိပါတဲ့။

ရှင်တော်ဗုဒ္ဓ နောက်ဆုံး အဆုံးအမကတော့

“၀ယဓမ္မာ သင်္ခါရာ
အပ္ပါမာဒေန သမ္ဗာဒေထ”
ဘဝသည် မမြဲ သတိမပြတ် နေကြကုန်လော့…

မိမိကိုယ်မိမိ အမြဲဆင်ခြင်သုံးသပ် သိမြင်အောင် ကြိုးစားနေဖို့ အရေးကြီးတယ်ဆိုတာ သိဖို့လိုတယ်။

 

အတ္တရဲ့ အကြောင်းရင်းတွေ

လူတစ်ယောက်ရဲ့ အတ္တကို ဖွဲ့စည်းတည်ဆောက်ထားတဲ့ အဓိကအကြောင်းရင်းတွေ ရှိတယ်။ အဲဒီ အကြောင်းရင်းတွေကို အတ္တအကြောင်းရင်းတွေလို့ ခေါ်တယ်။ လူတစ်ယောက်ရဲ့ အတ္တကို ဖွဲ့စည်းတည်ဆောက်ထားတဲ့ အဓိက အတ္တအကြောင်းရင်းတွေကတော့

  • လိုအပ်ချက် (Need)၊
  • လိုအင်ဆန္ဒ (Desire)၊
  • စိတ်ဓါတ်ခံယူချက် (Attitude)၊
  • လောကအမြင် (Perceptive)၊
  • လောကကို တုံ့ပြန်ပုံ (Respond & Reaction)
  • ခံစားချက် (Feelings) စတာတွေပဲ ဖြစ်တယ်။

အတ္တအသိ (Self-Knowledge)

အတ္တရဲ့အကြောင်းရင်းတွေကလည်း ကာလ၊ ဒေသ၊ ပရောဂ၊ ဥပဓိတို့ဖြစ်တဲ့ ရှုထောင့်ကြီးလေးခုအရ ဖြစ်ပေါ်လာတာပဲ။ အတ္တရဲ့အကြောင်းရင်းတွေနဲ့ ရှုထောင့်ကြီးလေးခုအရ ဖြစ်ပေါ်လာတဲ့ လူတစ်ယောက်ရဲ့ ဘဝမှာ ဘာတွေကို တန်ဖိုးထားလဲ (ဘဝတန်ဖိုး)၊ လိုအပ်ချက်က ဘာလဲ (ဘဝလိုုအပ်ချက်)၊ ဘယ်လောက်လိုလဲ (အတိုင်းအဆ)၊ လောကကို ဘယ်လို မြင်လဲ (လောကအမြင်)၊ စိတ်ဓါတ်ခံယူချက် ဘယ်လိုရှိလဲစတာတွေကို သိတာမျိုးကို Self-knowledge ရှိတယ်လို့ ပြောတယ်။

အတ္တကို သိခြင်းအကျိုး

Self-Knowledge ဆိုတာ လူတစ်ယောက်ရဲ့ ပညာရေးဖြစ်ထွန်းမူ၊ စရိုုက်နဲ့ စိတ်ဓါတ်ခံယူချက် တည်ဆောက်မူတွေမှာ အရေးပါတဲ့ အဓိကအကြောင်းတရား ဖြစ်တယ်။ ကိုယ့်ဘဝကို ဖွဲ့စည်းတည်ဆောက်နေတဲ့ အကြောင်းတရားတွေဟာ ဘာတွေလဲ၊ အဲဒီအကြောင်းတရားတွေဟာ ဘယ်ကနေ ဖြစ်ပေါ်လာရလဲ၊ ဒီအကြောင်းတရားတွေက ကိုယ့်ဘဝကို ဘယ်လို အကျိုးတရားမျိုး ဖြစ်စေနိုင်လဲဆိုတာ သိမြင်နိုင် ဆင်ခြင်နိုင်စွမ်းဟာ ကိုယ့်ဘဝကိုယ် နားလည်နိုင်စွမ်းနဲ့ အခြားသူတွေကို ဘယ်လောက် နားလည်မှုပေးနိုင်သလဲဆိုတာကို အဓိက သက်ရောက်တယ်။

Self-knowledge မြင့်တဲ့သူဟာ အခြားသူတွေကို နားလည်လက်ခံနိုင်စွမ်းလည်း မြင့်မားတယ်။ ကိုယ့်ရဲ့ အပြုအမူတွေနဲ့ အခြားသူတွေရဲ့ အပြုအမူတွေကို အပြန်အလှန် နှိုင်းယှဉ်လေ့လာတာဟာ Self-knowledge ကို မြင့်မားစေတယ်။

အတ္တအသိ မြင့်မားစေဖို့

Self-knowledge မြင့်တဲ့သူဟာ အခြားသူတွေကို နားလည်လက်ခံနိုင်စွမ်းလည်း မြင့်မားတယ်။ ကိုယ့်ရဲ့ အပြုအမူတွေနဲ့ အခြားသူတွေရဲ့ အပြုအမူတွေကို အပြန်အလှန် နှိုင်းယှဉ်လေ့လာတာဟာ Self-knowledge ကို မြင့်မားစေတယ်။ Self-knowledge မြင့်မားရေးမှာ စာပေ၊ ရုပ်ရှင်၊ ဂီတတွေဟာ အရေးပါတယ်။ လူ့သဘော၊ လူ့စိတ် သဘာဝကို ထဲထဲဝင်ဝင် မြင်သာအောင် ဖေါ်ကြူးထားတဲ့ ရုပ်ရှင်တွေ၊ စာပေတွေ ဖတ်ရှုခံစားခြင်းအားဖြင့် ဒီစာပေ အရေးအသားတွေ၊ ရုပ်ရှင်တွေထဲက လူတွေရဲ့ ဘဝအဖြစ်အပျက်တွေနဲ့ လောကကို တုံ့ပြန်ပုံတွေ တွေ့မြင်လေ့လာ သင်ယူနိုင်စေလို့ ဖြစ်တယ်။ ဒါကြောင့် စာပေ၊ ရုပ်ရှင်၊ ဂီတကို လိုက်စားတာ အရေးကြီးတယ်။

အတ္တအသိနဲ့ စာပေ၊ အနုပညာနဲ့ ရုပ်ရှင်

စာပေ၊ ရုပ်ရှင်၊ ဂီတစတဲ့ အနုပညာတစ်ခုခုကို ကြိုက်နှစ်သက်တာ၊ ၀ါသနာပါတာ ကောင်းတယ်။ အထူးသဖြင့်တော့ စာဖတ်ဝါသနာပါအောင် ကိုယ့်ကိုယ်ကို လေ့ကျင့်ပျိုးထောင်သင့်တယ်။ စာကောင်းတစ်ပုဒ်ဟာ ကိုယ့်ဘဝကို အဖက်ဖက်က တွန်းအားဖြစ်စေနိုင်သလို၊ ဘဝနဲ့ ပတ်သက်တဲ့ သင်ခန်းစာတွေ အများကြီးကိုလည်း ယူနိုင်စွမ်းရှိသလောက် ပေးတယ်။ ကမ္ဘာ့စာပေမှာကော၊ မြန်မာစာပေမှာပါ ဘဝကို ပညာအလင်းပေးနိုင်တဲ့ တန်ဖိုးရှိတဲ့ စာပေကောင်းတွေ အများကြီး ရှိတယ်။ ဒီလို စာပေမျိုးတွေရဲ့ ကိုယ့်ကိုယ်ကို ရင်းနှီးနေအောင် အားထုတ်ရတယ်။ ကိုယ် ဖတ်နိုင်သမျှ ရှာဖတ်သင့်သလို၊ ဒီလို စာပေမျိုးနဲ့ ရင်းနှီးသူတွေနဲ့လည်း ဆွေးနွေးငြင်းခုံ သင်ယူသင့်တယ်။

Self-knowledge မြင့်မားစေဖို့ စာပေပြီးရင် ရုပ်ရှင်တွေလည်း အရေးပါတယ်။ ရုပ်ရှင်ကားကောင်းတစ်ခုမှာ ဘဝနဲ့ ပတ်သက်တဲ့ ကိုယ် မသိဖူး မမြင်ဖူးတာတွေ သိမြင်ဖူးလာအောင်၊ ကိုယ်မရောက်ဖူးတဲ့ အခြေအနေတစ်ခုမှာ ရောက်ရှိ ခံစားနိုင်လာအောင် သင်ပေးနိုင်စွမ်း ရှိတယ်။ သမိုင်းမှာ ဟစ်တလာရဲ့ အမုန်းတရားနဲ့ ဂျူးလူမျိုးတွေ ပျက်သုန်းရေး အဖြစ်အပျက် ဇာတ်လမ်းတွေကို အခြေခံပြီး ရိုုက်ကူးတင်ပြထားတဲ့ Schindlear’s List လိုမျိုး၊ The Pianist လို ရုပ်ရှင်မျိုးတွေမှာ လူဖြစ်တည်ရခြင်းနဲ့ ပတ်သက်ပြီး လူအချင်းချင်း ရက်စက်ပုံနဲ့ လူအချင်းချင်း စာနာထောက်ထားပုံ အားပြိုင်မူတွေကိုု ရင်ထဲအသည်းထဲ လှိုက်လှိုက်လှဲလှဲ ဖြစ်အောင်ကို အနုပညာစွမ်းတွေနဲ့ တင်ပြထားတယ်။

အတ္တအသိ သတိရှိတဲ့ လူသား

ကိုယ့်ကိုယ်ကို သိတဲ့အသိလေး မြင့်မားလာတဲ့အခါ ကိုယ် ဘာလိုချင်လဲ၊ ဘာမလိုချင်ဘူးလဲ၊ ဘာတွေဟာ ကိုယ် တန်ဖိုးထားတဲ့ အရာတွေလဲ၊ ဘာတွေကတော့ ကိုယ့်တန်ဖိုးစံတွေနဲ့ မကိုက်ညီဘူးလဲ၊ ဘာတွေကြောင့် ကိုယ် ၀မ်းသာတတ်လဲ၊ ဘာတွေကြောင့် ကိုယ် ၀မ်းနည်းတတ်လဲ၊ ဘယ်လို အကြောင်းတွေက ကိုယ့်ကို ဘာတွေ ခံစား၊ သိမြင်၊ တွေးခေါ်၊ ဆုုံးဖြတ်ပြုမှုစေသလည်း စတာတွေ သိမြင်လာတယ်။ အဲလို သိမြင်လာတဲ့အခါ ကိုယ့်မှာ ရွေးချယ်နိုင်စွမ်းတွေ မြင့်မားလာတယ်။ ကိုယ့်အတ္တကို ကိုယ်သိတဲ့အခါ အခြေအနေတွေရဲ့ ပြဋ္ဌာန်းချက်တွေကို ကျော်လွန်လာနိုင်တယ်။ လူဖြစ်ရကျိုးနပ်စေတဲ့ ပိုက်ဆံနဲ့ ၀ယ်လို့ မရနိုင်တဲ့ အကြောင်းအရာတွေဖြစ်တဲ့ ဘဝကို နားလည်နိုင်စွမ်းနဲ့ ပျော်ရွှင်သာယာနိုင်စွမ်းတွေ၊ ယုံကြည်မူနဲ့ လက်ခံနိုင်စွမ်းတွေ ပိုပြီးမြင့်လာတယ်၊ Self-Esteem လို့ ခေါ်တဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု မြင့်မားလာတယ်။ အောင်မြင်ပျော်ရွှင်တဲ့ ဘဝကို အခြေအနေမရွေး၊ နေရာမရွေး တည်ဆောက်နိုင်လာမှာပဲ ဖြစ်တယ်။

အောင်မျိုးမြတ်
Greenhill

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.