How to Win at Checkers

အခုတစ်ပတ် ရိမ်းဘိုးမဂ္ဂဇင်း စာဖတ်ပရိသတ်တွေအတွက် တင်ဆက်ဖို့ စီစဉ်ထားတဲ့ ဇာတ်ကားကတော့ How to Win at Checkers (Every Time) ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂၀၁၅ ခုနှစ်မှာ စတင်ပြသခဲ့ပြီး ဒါရိုက်တာ Josh Kim ရဲ့ ပွဲဦးထုတ် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားကို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာလည်း ပြသခဲ့ပြီး မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ 2016 &PROUD LGBT ရုပ်ရှင်ပွဲတော်မှာလည်း ပြသဖို့ ရွေးချယ်ခံရတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

ထိုင်းဘာသာနဲ့ ခေါင်းစဉ်ကတော့ พี่ชาย (ကျွနိုပ်ရဲ့ သူရဲကောင်း) ဖြစ်ပြီး Rattawut Lapcharoensap ရေးသား တဲ့ At the Café Lovely” “Draft Day” ဆိုတဲ့ ဝတ္ထုတိုတွေအပေါ်မှာ အခြေခံပြီး ဇာတ်ညွန်းဖွဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ How to Win at Checkers (Every Time) ဆိုတဲ့ ဒီကားဟာ မိဘမဲ့ ညီအကိုနှစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှု အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ကဲ… ဇာတ်ကားလေး အကြောင်းကိုပဲ ပြောကြရအောင်နော်။ အုတ်ဆိုတဲ့ (Oat) နဲ့ အိ (Ek) ဟာ မိဘမဲ့ ညီအကိုတွေ ဖြစ်ကြပါတယ်။ အုတ် Oat က အသက် (၁၂) ခန့် အရွယ်ရှိပြီဖြစ်ပြီး အိ (Ek) ကတော့ အသက် ၂၁ နှစ် ရှိပြီ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အဒေါ်ဖြစ်သူနဲ့ အတူနေထိုင်ကြပါတယ်။ အိ (Ek) ဟာ ပွင့်ပွင့်လင်းလင်း ဂေးတစ်ယောက်ဖြစ်ပြီး သူ့မှာ ချစ်သူကောင်လေးတစ်ယောက်လည်း ရှိပါတယ်။ အိ (Ek) ဟာ လက်လုပ်လက်စား တစ်ယောက်ဖြစ်ပြီး သူ့ချစ်သူကတော့ အတော်အတန် ချမ်းသာကြွယ်ဝတဲ့ မိသားစုကလာသူ ဖြစ်ပါတယ်။

အုတ် (Oat) ဟာ အရမ်းအဆော့မက်သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အဒေါ်ဖြစ်သူရဲ့ ဆူပူမောင်းမဲမှုကို အမြဲတမ်း ခံရပါတယ်။ ဒါပေမဲ့ အိ (Ek) ဟာ အုတ် (Oat) ကို အရမ်းချစ်တဲ့အတွက် အစစအရာရာ အလိုလိုက် ဂရုစိုက်သူ ဖြစ်ပါတယ်။ ညီအပေါ် ချစ်တဲ့စိတ်ကြောင့်ပဲ တစ်နေ့မှာ အိ (Ek) ဟာ မမျှော်လင့်တဲ့ ဘဝသို့ ကျဆင်းသွားခဲ့ရပါတယ်။

တစ်နေ့မှာ အိ (Ek) နဲ့ အုတ် (Oat) တို့ရဲ့ ဘဝကို ကပြောင်းကပြန် ဖြစ်စေမယ့် အခြေအနေတစ်ရပ်ဟာ ဆိုက်ရောက်လာခဲ့ပါတယ်။ အဲဒါကတော့ ထိုင်းနိုင်ငံရဲ့ အရွယ်ရောက်ပြီးသူတိုင်း မဝင်မနေရ စစ်မှုထမ်းမှု ဥပဒေအရ လူတိုင်းလူတိုင်း မဲနှိုက်ရမှာ ဖြစ်ပါတယ်။ မဲကျတဲ့သူဟာ သက်ဆိုင်ရာ တပ်အသီးသီးမှာ စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။ အဲဒီအမိန့်ဆင့်ခေါ်စာဟာ အိ (Ek) တို့အိမ်ကို ဆိုက်ရောက်လာပါပြီ။ အကယ်၍ တစ်မိသားစုလုံးရဲ့ စားဝတ်နေရေးကို ပုခုံးပေါ် ထမ်းတင်ထားတဲ့ အိ (Ek) သာ မဲပေါက်မယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ အဒေါ်နဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေသာရှိတဲ့ တစ်မိသားစုလုံးအတွက် အခက်အခဲ အကြပ်အတည်းဟာ ဆိုက်ရောက်လာတော့မှာ ဖြစ်ပါတယ်။

အိ (Ek) မဲမပေါက်ဖို့ ကြိုးစားရမှာပေါ့။ မဲမပေါက်ဖို့အတွက် ကိုးကွယ်ရာယုံကြည်မှုအလိုက် ဆုတောင်းမှုအမျိုးမျိုး ယတြာအစုံစုံနဲ့ ကြိုးစားကြပါတယ်။ တစ်နေ့ အိ (Ek) တို့ အုတ် (Oat) တို့ အိ (Ek)ရဲ့ ချစ်သူအိမ်ကို သွားလည်တဲ့အခါမှာ အုတ် (Oat) က သူ့အကိုကို ကယ်တင်နိုင်မယ့် လမ်းကြောင်းတစ်ခုကို တွေ့သွားခဲ့ပါတယ်။ အိ (Ek)ရဲ့ ချစ်သူဖြစ်သူ ကောင်လေးရဲ့ မိဘတွေဟာ သူတို့သားလေး စစ်မှုထမ်းမဲနှိုက်ရာမှာ မဲမပေါက်ဖို့ ရပ်ကွက်ထဲ ဩဇာကြီးတဲ့ လူကြီးတစ်ယောက်ကို ငွေကြေးတွေနဲ့ လာဘ်ထိုးပြီး ကြိုးစားနေတာကို တွေ့သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီလူကြီးကတော့ ရပ်ကွက်ထဲမှာ ရာဇဝတ်မှုအမျိုးမျိုး၊ မှောင်ခိုလုပ်ငန်းတွေနဲ့ ကြီးပွားချမ်းသာနေသူဖြစ်ပြီး ဆိုင်ရာဆိုင်ရာ အာဏာပိုင်တွေကို အပီပေါင်းထားနိုင်သူ ဖြစ်ပါတယ်။ ဆိုတော့ ဒီလူကြီးရဲ့ ဇဟာ မသေးဘူးပေါ့။ ရပ်ကွက်ထဲမှာလည်း ဘယ်သူ့ဘယ်သူကမှ ဒီလူကြီးကို မလွန်ဆန်ဝ့ံကြဘူး။ အကုန်လုံးက ကြောက်ရတာ ဖြစ်ပါတယ်။ အဲဒီလူကြီးမှာ သားတစ်ယောက်လည်း ရှိပါတယ်။ သူလည်း ဖခင်ဖြစ်သူရဲ့ အရှိန်အဝါနဲ့ ရပ်ကွက်ထဲမှာ လူစွာတစ်ယောက်လည်း ဖြစ်ပါတယ်။ နောက်ပြီး အုတ် (Oat) ရဲ့ အကိုဟာ အဲဒီလူကြီးဆီမှာ အလုပ်လုပ်နေသူလည်း ဖြစ်ပါတယ်။

တစ်ရက်မှာ အုတ် (Oat) ကျောင်းကအပြန် လမ်းမှာ အကိုရဲ့ အလုပ်ရှင်ဖြစ်သူ ရပ်ကွက်လူဆိုးကြီးရဲ့ ကားတစ်စီးကို တွေ့ရပါတယ်။ အဲဒီကားထဲမှာ အရင်ရက်က သူ့အကိုရဲ့ ချစ်သူကောင်လေးရဲ့ မိဘတွေ ပေးထားတဲ့ လက်ဆောင်နဲ့ ငွေတွေဟာ ရှိနေပါတယ်။ အုတ် (Oat) ဟာ သူ့အကိုကို ကယ်တင်ချင်တဲ့အတွက် အဲဒီပစ္စည်းတွေကို ခိုးယူပြီး သူ့အကိုကို မဲနှိုက်ရာမှာ ကူညီဖို့ လာဘ်သွားထိုးတဲ့အခါမှာ သူ ပစ္စည်းခိုးတယ်ဆိုတာ ပေါ်သွားခဲ့ပါတယ်။ ထုံးစံအရ အုတ် (Oat) ဟာ အသတ်ခံရမှာ ဖြစ်ပါတယ်။ ဒါကို ကယ်ဖို့အတွက် အိ (Ek) က သူ့ဘဝနဲ့ နှလုံးသားကို အစားထိုးပြီး ကယ်တင်ခဲ့ပါတယ်။ အိ () အလုပ်ဝင်လုပ်နေတဲ့ လုပ်ငန်းဟာ အပြင်ပန်းကကြည့်ရင် ဘားဆိုင်တစ်ခု ဆိုပေမယ့် နောက်ကွယ်မှာ တရားမဝင် ပြည့်တန်ဆာလုပ်ငန်းကို တွဲဖက်ဖွင့်ထားတာ ဖြစ်ပါတယ်။ အိ (Ek) ဟာ အစကတော့ သာမန် အရက်စပ်သူတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် အိ (Ek) ဟာ ညီရဲ့အသက်ကို ကယ်တင်ချင်တဲ့အတွက် သူ့ရဲ့သူဌေးလူဆိုးကြီးရဲ့ အစီအမံအတိုင်း ယောက်ျားပြည့်တန်ဆာဘဝသို့ သက်ဆင်းခဲ့ရပါတော့တယ်။

ဒီအဖြစ်အပျက်ကို အုတ် (Oat) ဟာ အစပိုင်းမှာ မသိခဲ့ပါဘူး။ ဒါပေမဲ့ တစ်ရက်မှာ အကိုနဲ့အတူ ဘားဆိုင်ကို လိုက်လည်ရင်း အကိုဖြစ်သူဟာ တခြားအမျိုးသားတစ်ယောက်နဲ့ အပေါ်တက်သွားတာကို တွေ့ခဲ့ပါတယ်။ အကိုဖြစ်သူဟာ အချိန်အတော်ကြာတဲ့အထိ မပေါ်လာတဲ့နောက် အုတ် () ဟာ တခြားသူတွေ မမြင်အောင် အပေါ်ထပ်သို့ ခိုးပြီးတက်ကြည့် တဲ့ အခါမှာတော့ အကိုဖြစ်သူဟာ ပြည့်တန်ဆာအဖြစ် အလုပ်လုပ်နေသူတစ်ယောက် ဖြစ်တယ်ဆိုတာကို မြင်သွားခဲ့ပါ တယ်။ တစ်ချိန်တည်းမှာပဲ အိ (Ek) ရဲ့ ချစ်သူဟာလည်း အဲဒီကို ရောက်လာပြီး အိ (Ek) ရဲ့အဖြစ်မှန်ကို သိသွားခဲ့ပြန်ပါတယ်။

မိသားစုနဲ့ ညီငယ်ရဲ့ ဘဝအတွက် နှလုံးသားကို စတေးလိုက်ရသလို တစ်ချိန်တည်းမှာပဲ စစ်မှုထမ်းဖို့ မဲနှိုက်ရမယ့် ရက်ဟာလည်း ရောက်လာပါပြီ။ အားလုံးအတွက်တော့ ရင်တထိတ်ထိတ်နဲ့ပေါ့။ ကံကြမ္မာဟာ အားနည်းသူတွေကိုမှ ရက်စက်စွာနဲ့ အဆုံးအဖြတ် ပေးတော့မှာလား။ တစ်ဖက်က ချစ်ရတဲ့သူကို စွန့်လွှတ်လိုက်ရတဲ့နောက် အိ (Ek) အတွက် ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကို ရပါ့မလား။ စစ်မှုထမ်းဖို့ မဲနှိုက်ရမယ့်ဆိုပေမယ့် လူတွေ မလိုချင်တဲ့ ဒီပေါက်မဲတွေဟာ လူအားလုံးနဲ့ သက်ဆိုင်ပါ့မလား။ လုပ်ပိုင်ခွင့်ရှိပြီး အာဏာပိုင်အဆင့်ဆင့်နဲ့ ပိုင်သူတွေအတွက်တော့ အလွယ်တကူ ရှောင်ထွက်နိုင်မယ့် အခြေအနေမျိုး ရှိနိုင်သလား။

ထိုင်းနိုင်ငံမှာ မဝင်မနေရ စစ်မှုထမ်းစနစ်ဟာ လူအားလုံးအတွက် တန်းတူဖြစ်ဖို့အတွက် မဲနှိုက်တဲ့စနစ်နဲ့ တန်းတူ လုပ်ထားတယ်ဆိုပေမယ့် ဒီဇာတ်ကားကတဆင့် ထိုင်းနိုင်ငံရဲ့ အကျင့်ပျက်လာဘ်စားမှု အခြေအနေကို ပေါ်လွင်အောင် ရိုက်ကူးပြထားပါတယ်။

ကဲ… ရိမ်းဘိုးမဂ္ဂဇင်း စာဖတ်ပရိသတ်တို့ရေ… ဘဝမှာ အနိုင်ရဖို့အတွက် ကျားကစားသလိုပဲ အကွက်တွေနဲ့ တချို့အပိုင်းတွေကို ထိုးကျွေးဖို့လိုပြီး အနိုင်ရအောင် ကစားတဲ့အခါမှာ ယူခြင်းပေးခြင်းဆိုတာ အသားကျနေဖို့ လိုတယ်ဆိုတာကို ဒီဇာတ်ကားလေးက ပြသနေတဲ့အတွက် ကိုယ်တိုင်ပဲ ကြည့်ရှုခံစား ဆင်ခြင်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.