FOR A LOST SOLDIER

ယခုအပတ် ရိမ်းဘိုးမဂ္ဂဇင်းရဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ရွေးချယ်ထားတဲ့ ဇာတ်ကားလေးကတော့ For A Lost Soldier လို့ အမည်ရတဲ့ ဒတ်ချ်ရုပ်ရှင် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ အသက် ၁၂ အရွယ် ဒတ်ချ် ကောင်လေးတစ်ယောက်နဲ့ ကနေဒါ စစ်သားလေး တစ်ယောက်တို့ကြားက အချစ်သံယောဇဉ်တွယ်မိခဲ့ ကြတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ နေ့ရက်လေးတွေအကြောင်းကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားလေးရဲ့ မူရင်း ဇာတ်ကားခေါင်းစဉ် နာမည်ကတော့ ဒတ်ချ်လို Voor een Verloren Soldaat လို့ အမည်ရပြီး ၁၉၉၂ ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်တဲ့အတွက် အတော်ကြာခဲ့ပြီလို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။ Rudi van Dantzig လို့ အမည်ရတဲ့ ဘဲလေးအကသမား တစ်ယောက်ရဲ့ ဖြစ်ရပ် မှန် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို ပြန်ရိုက်ထားတာ ဖြစ်လို့ ရိမ်းဘိုးရုပ်ရှင်ချစ်ပရိသတ်တွေအဖို့ ပိုပြီး ရင်ခုန်ကြည်နူးမိစေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကဲ… ဇာတ်လမ်းလေး အကြောင်းကို ပြောကြရအောင်နော်။

ဘဲလေးအက သင်တန်းကျောင်း ခန်းမတစ်ခုအတွင်းမှာ သင်တန်းဆရာနဲ့ သူ့ရဲ့ တပည့်တွေဟာ အားကြိုးမာန် တက် အကလေ့ကျင့်နေကြပါတယ်။ သူတို့တွေဟာ လွတ်လပ်မှုကို ဖော်ကျူးပြသနိုင်ဖို့ အကကျင့်နေကြတာ ဖြစ်ပါတယ်။ သင်တန်းသားတွေအနေနဲ့ ဘယ်လောက် လေ့ကျင့်နေပေမယ့် ဆရာလုပ်သူက ကျေနပ်အားရမှု မရှိပါဘူး။ သူတို့တွေ အကလေ့ကျင့်နေကြစဉ်မှာပဲ ဒုတိယကမ္ဘာစစ်ကာလ ဟော်လန်နိုင်ငံကို နာဇီဂျာမနီလက်အောက်ကနေ လွတ်မြောက် အောင် လုပ်ဆောင်ခဲ့ရာမှာ ပါဝင်ခဲ့တဲ့ ကနေဒါစစ်ပြန် ဟောင်းတွေအကြောင်း တီဗွီအစီအစဉ်တစ်ရပ် ထုတ်လွှင့်လာပါ တယ်။ ဒီတီဗွီအစီအစဉ်က အကဆရာဖြစ်သူ Jeroen ကို အတိတ်က ဖြစ်ရပ်တွေဆီ သယ်ဆောင်သွားခဲ့ပါတယ်။

အချိန်က ဒုတိယကမ္ဘာစစ်ကာလ… ဟော်လန်နိုင်ငံဟာ အဲဒီအချိန်တုန်းက နာဇီဂျာမနီတွေရဲ့ လက်အောက်ကို ရောက်ရှိနေပြီး အခြေအနေအရပ်ရပ်ဟာ ဆိုးဆိုးရွားရွားနဲ့ ရင်ဆိုင်နေရပါတယ်။ စစ်ပွဲကာလအတွင်း အမ်စတာဒမ်မြို့မှာ အစားအသောက်ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့လာရပါတယ်။ ဒီအခြေအနေကနေ လွတ်မြောက်ဖို့ မိဘတွေဟာ မိမိတို့ရဲ့ သားသမီးတွေကို အစားအသောက် အဆင်ပြေမယ့် ကျေးလက်ဒေသဆီ ပို့လွှတ်နေကြပါတယ်။ Jeroen ရဲ့ အမေဟာလည်း တခြားမိဘတွေနည်းတူ သူမရဲ့သားကို စစ်ရိပ်စစ်ငွေ့နဲ့ဝေးရာ ကျေးလက်ဒေသဆီ ပို့လိုက်ပါတယ်။ အဲဒီအချိန်မှာ Jeroen ရဲ့ အသက်ဟာ ၁၂ နှစ်ပဲ ရှိသေးတဲ့အရွယ် ဖြစ်ပါတယ်။ သူဟာ အမေနဲ့ ခွဲပြီး အဝေးကြီးကို ထွက်လာရတယ်ဆိုပေမယ့် ကားပေါ်မှာ သူနဲ့အသိဖြစ်တဲ့ Jan ဆိုတဲ့ကောင်လေးတစ်ယောက်ပါ ပါလာလို့ အနည်းငယ်တော့ သက်သာရာ ရစေခဲ့ပါတယ်။

Jeroen ဟာ ကျေးလက်ဒေသတစ်ခုမှာ တံငါလုပ်ငန်းလုပ်တဲ့ ခရစ်ယာန်မိသားစုတစ်စုရဲ့ အိမ်မှာ သူငယ်ချင်း ဖြစ်သူ Jan နဲ့အတူ နေခွင့်ရခဲ့ပါတယ်။ Jeroen ဟာ မွေးစားမိဘဖြစ်သူတွေနဲ့အတူ အဆင်ပြေပြေ နေခွင့်ရပေမယ့်လည်း ပျော်ပိုက်မှုမရှိဘဲ အမေ့ကိုသာ လွမ်းဆွတ်လျက် ရှိပါတယ်။ အိမ်ကိုလွမ်းတိုင်း Jeroen ဟာ သူငယ်ချင်းဖြစ်သူ Jan နဲ့ ပင်လယ်ကမ်းခြေဆီ ထွက်လာလေ့ ရှိပါတယ်။ ပင်လယ်လေကို ရှုရှိုက်ရင်း လမ်းလျှောက်ရတာဟာ Jeroen အတွက် စိတ်သက်သာရာ ရစေခဲ့ပါတယ်။ နောက်ပြီး စစ်ပွဲအတွင်း ပစ်ချခံရပြီး ရေပေါ်မှာ ပေါ်နေတဲ့ တိုက်လေယာဉ်ပျက်တစ်စီး ဟာလည်း Jeroen နဲ့ Jan တို့အတွက် စူးစမ်းလိုတဲ့စိတ်ကို နှိုးဆပေးနေစေပါတယ်။ ဒါပေမဲ့ ရေထဲမှာ မြွေလိုလို ရှည်ရှည် မျောမျောနဲ့ ငါးတွေရဲ့ အန္တရာယ်ဟာ ရှိနေတဲ့အတွက် သူတို့ကို လေယာဉ်ပျက်ဆီ မသွားဖို့ သူတို့မွေးစားမိဘတွေက တားမြစ်ထားပါတယ်။ တကယ်လည်း တစ်ရက်မှာ Jeroen နဲ့ Jan တို့ဟာ လူကြီးတွေအလစ်မှာ လေယာဉ်ပျက်ဆီ သွားစူးစမ်းရင်း Jan ဟာ ငါးကိုက်ခံရပြီး ဒဏ်ရာတွေ ရရှိခဲ့ပါသေးတယ်။ Jeroen အဖို့တော့ ဒီအဖြစ်အပျက်တွေဟာ ကျေးလက်ဒေသမှာ စစ်ရှောင်နေစဉ်အတွင်း သူ့အဖို့ သာမန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတွေလို့သာ ဆိုရမှာ ဖြစ်ပါတယ်။

ဒီလိုနဲ့ နေရင်းထိုင်ရင်း စစ်ပွဲကာလဟာ ပြီးဆုံးဖို့ လက်တစ်ကမ်းကာလမှာပဲ လိုပါတော့တယ်။ အလားတူပဲ သာမန်ထက် ထူးတော့မယ့် အခြေအနေတစ်ရပ်ဟာလည်း သူ့ဘဝထံ ရောက်လာခဲ့ပြီ။ ဒီလိုနဲ့ တစ်ရက်မှာတော့ ဂျာမန် တွေဟာ ဟော်လန်နိုင်ငံကနေ ထွက်ပြေးရပါတော့တယ်။ သူ့တို့ဒေသကို မဟာမိတ်တပ်တွေနဲ့အတူ ကနေဒါတပ်မတော်သားတွေလည်း ဝင်ရောက်နေရာယူလာခဲ့ကြပါတယ်။

ကယ်တင်ရှင် ကနေဒါတပ်သားတွေကို ဟော်လန်နိုင်ငံသူ နိုင်ငံသား တွေဟာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပြီး သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။ ကြိုဆိုကြသူတွေနဲ့အတူ Jeroen တို့ ကလေး တစ်သိုက်ဟာလည်း ရောက်လာတဲ့ စစ်သားကြီးတွေကြားမှာ ပျော်ရွှင်တက်ကြွလျက် အလုပ်များနေကြပါတယ်။ Jeroen ဟာ တစ်ရက်မှာတော့ စစ်သားတွေကို ကြိုဆိုဂုဏ်ပြုတဲ့ အခမ်းအနားပွဲမှာ ရုပ်ခပ်ဖြောင့်ဖြောင့် အသက် ၂၀ မပြည့်တပြည့် အရွယ်ရှိပြီဖြစ်တဲ့ ကနေဒါစစ်သားလေးနဲ့ ရင်းနှီးခင်မင်သွားခဲ့ပါတယ်။ ဒီကိုလူချောစစ်သားကြီးဟာ နောက်တစ်ချိန် Jeroen ရဲ့ ဘဝမှာ အရိပ်တစ်ခုလို ထာဝစဉ် စွဲထင်နေစေလောက်အောင် ဖြစ်လာစေမယ့်သူ တစ်ယောက်ပေါ့။

အဲဒီကနေဒါစစ်သားကြီးရဲ့ နာမည်ကတော့ Walt Cook လို့ ခေါ်ပါတယ်။ သူတို့နှစ်ဦးဟာ အစပိုင်းမှာတော့ ညီအကိုလို ခင်မင်နေကြတာ ဖြစ်ပါတယ်။ Walt Cook ဟာ Jeroen ကို ကားမောင်း သင်ပေးပါတယ်။ Jeroen ကလည်း Walt Cook အတွက် သေနတ်ပြောင်းတိုက်ကူတာ၊ သန့်ရှင်းရေး လုပ်ကူတာမျိုးတွေနဲ့ ကူညီလေ့ရှိပါတယ်။ သူတို့နှစ်ယောက်ဟာ အချိန်ရရင် ရသလို ဟိုဟိုဒီဒီ သွားလာလည်ပတ်လေ့ ရှိပါတယ်။ ပင်လယ်ကမ်းစပ်နားက လေယာဉ်ပျက်ဟာ လည်း သူတို့နှစ်ယောက် အတူတကွ သွားရောက်လေ့ရှိတဲ့ နေရာတစ်ခုပေါ့။ ဒီလိုနဲ့ ရက်တွေကုန်လွန်လာတာနဲ့အမျှ သူတို့ နှစ်ဦးကြားက သံယောဇဉ်တံတိုင်းဟာ တဖြည်းဖြည်းနဲ့ မှေးမှိန်လာခဲ့ပါတယ်။ တစ်ရက် မိုးတွေ သည်းနေတဲ့ တစ်နေ့မှာ သူတို့နှစ်ဦးဟာ သာမန်ညီအကို သံယောဇဉ်အဆင့်ထက်ပိုပြီး ၁၅၀၀ နယ်က ကိုကြီးညီလေးအဆင့်ထိ ရောက်သွားခဲ့ပါ တယ်။

ကြည်လင်နေတဲ့ မိုးသားပြင်ဟာ ထာဝစဉ်တော့ တည်ရှိနေခွင့် မရှိပါဘူး။ ရက်တွေ ကုန်လွန်လာတာနဲ့အမျှ ရာသီစက်ဝန်းတွေဟာ သူ့အစီအစဉ်နဲ့သူ လည်ပတ်နေပါတယ်။ တစ်ရက်မှာတော့ Walt Cook တို့ တပ်ကို ပြောင်းရွှေ့ဖို့ အမိန့်စာ ကျလာပါတယ်။ ကိုရွှေစစ်သားကြီးက Jeroen ကို အကြောင်းတစ်စုံတစ်ရာ မပြော၊ နှုတ်ဆက်စကားတောင် မဆိုဘဲ ထွက်သွားပါတယ်။ Jeroen ဟာ ဒီသတင်းကို သူ့မွေးစားမောင်နှမတွေထံက ကြားလျှင်ကြားချင်း သုတ်ချေတင် လိုက်သွားပေမယ့် Walt Cook အရိပ်အယောင်ကိုတောင် မတွေ့ရတော့ပါဘူး။ Jeroen ဟာ မမောနိုင်မပန်းနိုင် ပြေးလွှား ပြီး Walt Cook ကို တွေ့နိုင်မယ့်နေရာတွေဆီ ရှာဖွေရင်း သူ သိမ်းထားခဲ့တဲ့ Walt Cook ရဲ့ ဓာတ်ပုံလေးဟာ မိုးရေတွေနဲ့ အတူ လုံးဝပျက်စီးသွားခဲ့ရပါတော့တယ်။

ဒီလိုနဲ့ နောက်တစ်ည… အပြင်ဖက်မှာ မိုးတွေသည်းနေတုန်း Jeroen ဟာ အိပ်ရာပေါ်မှာ လဲလျောက်ပြီး နိုးနေတဲ့ အချိန် အပြင်ဖက် ခပ်လှမ်းလှမ်းမှာရှိတဲ့ စာခြောက်ရုပ်ဆီက ဆလိုက်မီးအရောင်လို အလင်းရောင်လေး တဖျပ်ဖျပ်နဲ့ လင်း နေတာကို တွေ့လိုက်ရပါတော့တယ်။ Jeroen ဟာ အိပ်ရာပေါ်ကနေ ဝုန်းခနထပြေး… အိမ်ပြင်ဖက်ထွက် စာခြောက်ရုပ်ဆီ ကို အပြေးသွားကြည့်လိုက်တဲ့အချိန်မှာတော့…..

ကဲ… ရိမ်းဘိုးရုပ်ရှင်ချစ် ပရိသတ်တို့ရေ… Jeroen လေးတစ်ယောက် မိုးသည်းည အိမ်ပြင်ဖက်ထွက်ပြီး စာခြောက်ရုပ်လေးဆီ သွားလိုက်တဲ့အချိန်မှာ ဘာတွေ ဆက်ဖြစ်သွားမလဲ၊ သူနဲ့ ကိုကိုစစ်သားကြီးတို့ ဇာတ်လမ်းကိုကော သူ့မွေးစားမိသားစုက မသိနိုင်ဘူးလား၊ သိသွားရင်ကော ဘာတွေ ဖြစ်မလဲ၊ ကိုရွှေစစ်သားကြီးကကော သူ ချစ်တဲ့ Jeroen လေးကို နှုတ်မဆက်ဘဲ တကယ်ပဲ ထွက်သွားပါ့မလား၊ Jeroen လေး အသက်ကြီးလာရင် ဒီအဖြစ်အပျက်အပေါ် ဘယ်လို စိတ်ထဲမှာ စွဲထင်နေဦးမလဲ၊ သူတို့နှစ်ယောက် ပြန်ဆုံဖို့ အခွင့်အလမ်းများ ရှိပါ့အုံးမလားဆိုတာကိုတော့ ဒီဇာတ်ကားလေး ကို ကိုယ်တိုင်ပဲ ကြည့်ရှုခံစားကြည့်ကြပါလို့ တိုတ်တွန်းရင်း ဒီမှာတင်ပဲ နားလိုက်ပါတော့မယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.