လိင်တူချစ်သူတွေအတွက် သမိုင်းဝင် နေ့တစ်နေ့နဲ့ နောက်ဆက်တွဲ စာမျက်နှာများ

၂၀၁၅ ခုနှစ်၊ ဂျွန်လ ၂၆ရက်….

ဒီနေ့ဟာ အမေရိကန်နိုင်ငံရဲ့ လက်ရှိမျိုးဆက် ပြည်သူတွေအတွက် အထူးခြားဆုံးနေ့ တစ်နေ့လို့ ဆိုရမှာပါ။ ဒီနိုင်ငံမှာ လိင်တူချင်းချစ်သူ ဂေးနဲ့ လယ်စဘီံယံတွေကို အမေရိကန်ရဲ့ ပြည်နယ်အချို့မှာ တရားဝင် လက်ထပ်ခွင့် ပိတ်ပင်ထားရာကနေ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ ဆုံးဖြတ်ပြီး ပြည်နယ် ၅၀လုံးမှာ လက်ထပ်ခွင့် ပေးရမယ်လို့ မြို့တော် ၀ါရှင်တန် ဒီစီမှာရှိတဲ့ တရားရုံးချုပ် (Supreme court) ကနေ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ Supreme court က တရားသူကြီး ကိုးဦးရှိတဲ့အနက် ဒီဆုံးဖြတ်ချက်ကို ငါးဦးက ထောက်ခံမဲပေးပြီး ကျန်လေးဦးက ကန့်ကွက်မဲပေးလို့ တစ်မဲအသာနဲ့ ပွတ်ကာသီကာ အနိုင်ရသွားတာပါ။

ဒါဟာ ဥရောပမှာ ဘာလင်တံတိုင်းကြီး ပြိုကျသွားတဲ့နောက် စစ်အေးခေတ်ကုန်သွားသလိုုပဲ၊ အမေရိကန်နိုင်ငံမှာ ခေတ်သစ်တစ်ခေတ်ကို ဖော်ဆောင်လိုုက်တာပါပဲ။ နောက်လာနောက်သား လူငယ်တွေက ဂေးအခွင့်အရေး လှုပ်ရှားမှု သမိုင်းကြောင်းကို ပြန်ကြည့်ရင် ၂၀၁၅ ဂျွန်လ ၂၆ရက် မတိုင်ခင် ကာလ (Pre- June 26) နဲ့ နောက်ပိုင်းကာလ (Post June 26) ဆိုုပြီး ခွဲခြားပြောရတော့မယ်လို့တောင် ပြောနေကြပါပြီ။ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အမေရိကန် မြို့ကြီးတွေမှာ ရက်ပေါင်းများစွာ ကြာအောင် အောင်ပွဲခံခဲ့ကြပါတယ်။

ဒီ သမိုင်းဝင် မဲခွဲဆုံးဖြတ်ချက်ကို ကြေငြာတာ နားထောင်ဖို့ ဂျွန်လ (၂၆) ရက် မနက်စောစောကတည်းက ၀ါရှင်တန် ဒီစီမြို့က တရားရုံးချုပ်ကြီးရဲ့ အပြင်ဘက်မှာ လိင်တူချစ်သူ ဟုတ်သူရော၊ မဟုတ်သူရော ထောင်ပေါင်းများစွာသော ပြည်သူတွေက လာစောင့်နေကြတယ်။

ကျွန်တော်ကတော့ ကံကောင်းတယ်ဆိုရမလိုပဲ ဒီ သမိုင်းဝင် ဆုံးဖြတ်ချက်ချတဲ့ အချိန်မှာ မြို့တော် ၀ါရှင်တန်ဒီစီမှာ အချိန်ကိုက်ရှိနေလို့ သူတို့တွေ ပျော်ကြရွှင်ကြ အောင်ပွဲခံကြတာတွေ ကိုယ်တွေ့ သွားကြည့်ခွင့် ရလိုက်ပါတယ်။ ကျွန်တော် Supreme court ရှေ့ကို ရောက်သွားချိန်မှာတော့ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြတဲ့ လူအုပ်ကြီးကို တွေ့လိုက်ရပါတယ်။ လိင်တူချင်းချစ်သူ ဂေး၊ လယ်စဘီယံ၊ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ၀တ်ဆင်သူ (အပွင့်မတွေ)၊ လိင်ပြောင်းထားသူတွေအပြင် အခြားစိတ်ဝင်စားလို့ လာကြည့်ကြသူတွေ အသားအရောင်မျိုးစုံ၊ အသက်အရွယ်စုံ ပုံစံမျိုစုံနဲ့ လာစောင့်နေကြတာပါ။ သက်တံ့ရောင် အလံတွေနဲ့ အပြာရောင်ပေါ်မှာ အဝါရောင် ညီမျှခြင်း ရိုက်နှိပ်ထားတဲ့ လိင်တူခြင်း လက်ထပ်ခွင့် အထိမ်းအမှတ်အလံတွေလည်း ပလူပျံလို့ နေပါတယ်။ သတင်းဌာနပေါင်းစုံက ဂျာနယ်လစ်တွေကလည်း ခြေချင်းလိမ်ပြီး၊ ဓါတ်ပုံတွေ၊ တီဗီ အင်တာဗျူးတွေ ရိုက်နေကြတာ တွေ့ရပါတယ်။ အမေရိကန် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လိင်တူချင်း လက်ထပ်ခွင့်ကို တရားဝင် ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ကြေငြာလိုက်တော့ အားလုံး တစ်ညီတစ်ညွတ်ထဲ အော်ဟစ်ကြပြီး၊ မိုးပျံပူဖောင်းတွေ လွှတ်တင်ကြပါတယ်။ အချို့ဂေးစုံတွဲတွေဆို ၀မ်းသာလွန်းလို့ ငိုနေကြတာ တွေ့ရတော့ ကိုယ်တိုင် ၀မ်းနည်းမိပါရဲ့။

                                                                                 (AP Photo/Jacquelyn Martin)

အဲဒီနေ့က ကျွန်တော်နဲ့စကားပြောဖြစ်တဲ့ အသက် (၆၀) ကျော် လိင်တူချစ်သူ အဖိုးကြီးနှစ်ယောက် စုံတွဲက ငါတို့ဘဝမှာ အနိုင်ဆိုတာ ဒီတစ်ကြိမ်ပဲ ကြုံဖူးပါသေးတယ်လို့ ပြောပြသွားတယ်။ ဒီက လိင်တူချင်းချစ်သူ စုံတွဲတွေမှာ ကျားမ၊ လိင်ကွဲ လင်မယားတွေအတိုင်းပဲ၊ ကလေးမွေးစားပြီး၊ ဆယ်နှစ်ဆယ်မိုး သစ္စာရှိရှိ ပေါင်းသင်းနေထိုင်ကြပေမယ့် သူတို့ရဲ့ လက်ထပ်ခြင်းကို အသိအမှတ်ပြု မခံရပါဘူး။ လိင်တူချင်း လက်ထပ်တာ ဥပဒေအရကော၊ ယဉ်ကျေးမှုနဲ့ ဘာသာတရားအရပါ အသိအမှတ်မပြုလို့ သူတို့ကို သူငယ်ချင်းမိတ်ဆွေ သို့မဟုတ် အခန်းဖော်လို့ပဲ သတ်မှတ်ပါတယ်။ အကြင်လင်မယားအဖြစ် တရားဝင် အသိအမှတ်ပြု မခံခဲ့ရတဲ့အတွက် ဖြစ်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ မရေမတွက်နိုင်အောင်ပါပဲ။

ပထမဆုံး ပြဿနာကတော့ တရားဝင် အကြင်လင်မယား မဖြစ်တဲ့အတွက် အမွေဆက်ခံပိုင်ခွင့် မရှိတာပါပဲ။ လိင်တူချစ်သူ နှစ်ဦးထဲက တစ်ဦး ကွယ်လွန်သွားတဲ့အခါ အခြားအကြင်လင်မယားတွေလို အတူနေတဲ့အိမ်နဲ့ ပိုင်ဆိုုင်မှု ပစ္စည်းအားလုံးကိုု ကျန်ခဲ့တဲ့ တစ်ယောက်က ဆက်ခံပိုင်ဆိုင်ခွင့် မရှိပါဘူး။ လိင်တူချင်း လက်ထပ်တာ တရားမဝင်တဲ့အတွက် ဥပဒေအရ ကွယ်လွန်သူကို လူပျိုလူလွတ်လို့ပဲ သတ်မှတ်ပါတယ်

ပထမဆုံး ပြဿနာကတော့ တရားဝင် အကြင်လင်မယား မဖြစ်တဲ့အတွက် အမွေဆက်ခံပိုင်ခွင့် မရှိတာပါပဲ။ လိင်တူချစ်သူ နှစ်ဦးထဲက တစ်ဦး ကွယ်လွန်သွားတဲ့အခါ အခြားအကြင်လင်မယားတွေလို အတူနေတဲ့အိမ်နဲ့ ပိုင်ဆိုုင်မှု ပစ္စည်းအားလုံးကိုု ကျန်ခဲ့တဲ့ တစ်ယောက်က ဆက်ခံပိုင်ဆိုင်ခွင့် မရှိပါဘူး။ လိင်တူချင်း လက်ထပ်တာ တရားမဝင်တဲ့အတွက် ဥပဒေအရ ကွယ်လွန်သူကို လူပျိုလူလွတ်လို့ပဲ သတ်မှတ်ပါတယ်။ ဒါကြောင့် ကွယ်လွန်သူရဲ့ မိဘ၊ ဆွေမျိုးမောင်နှမတွေက ပိုင်ဆိုင်ခွင့် ရပါတယ်။ အချို့အဖြစ်အပျက်တွေမှာဆိုရင် အေအိုင်ဒီအက်စ်ဖြစ်ပြီး၊ နာမကျန်းဖြစ်နေတဲ့ လိင်တူချစ်သူကို သူ့ချစ်သူက မသေခင် နောက်ဆုံးအချိန်ထိ အနစ်နာခံ ပြုစုပါတယ်။ သူ ကွယ်လွန်သွားတော့ သူ ပိုင်ဆိုင်သမျှကို သူ့ချစ်သူက မရဘဲ သူ့ကို လိင်တူဆက်ဆံသူဖြစ်လို့ဆိုပြီး ပစ်ပယ်ထားခဲ့တဲ့ မိဘနဲ့ ဆွေမျိုး မောင်နှမတွေက ရသွားကြပါတယ်။ အဆိုးဆုံးကတော့ ကျန်ခဲ့တဲ့ ချစ်သူကိုပါ သူတို့သားကို ဂေးဖြစ်အောင် လုပ်တဲ့သူဆိုပြီး မိဘဆွေမျိုးတွေက ခါးခါးသီးသီး ငြင်းပယ်လို့ အိမ်ပေါ်က ဆင်းခိုင်းရုံမကပဲ၊ အသုဘကိုတောင် လာခွင့် မပေးပါဘူး။ ဒါကြောင့် ကျန်ခဲ့တဲ့ချစ်သူမှာ အသုဘပို့တဲ့သူတွေ ပြန်မှ သင်္ချိုင်းက အုတ်ဂူကို တိတ်တိတ်လေး လာကြည့်ရတဲ့ ဖြစ်ရပ်တွေ ရှိနေပါတယ်။

ဒါ့အပြင် အစိုးရကို အခွန်ဆောင်တာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ခံယူတာမှာလည်း ပြဿနာ ရှိပါတယ်။ အမေရိကန်နိုင်ငံမှာ အခွန်ကောက်ခံတဲ့ စနစ်က အလွန်တင်းကြပ်ပြီး ပြည်သူတိုင်း ရတဲ့ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းလောက်အထိကို အခွန်အဖြစ် အစိုးရကို ပေးရပါတယ်။ အခွန်ကောက်တဲ့နေရာမှာ အိမ်ထောင်ရှိသူ၊ သားသမီး ရှိသူတွေဆိုရင် စရိတ်စက များတဲ့အတွက် ကောက်ခံတဲ့ပမာဏ အများကြီး လျော့ပေါ့ပေးပါတယ်။ နောက်ပြီး ဒီနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်အရ လူတစ်ဦးချင်းအပြင်၊ မိသားစုလိုက်ပါ စောင့်ရှောက်မှု ပေးပါတယ်။ ကိုယ့်အလုပ်က ကိုယ့်ကို ကျန်းမာရေး အာမခံထားပေးတယ်ဆိုရင် ကိုယ်ကိုယ်တိုင်အပြင် ကိုယ့်ရဲ့ ဇနီး၊ ခင်ပွန်းနဲ့ သားသမီးအားလုံး နေထိုင်မကောင်းဖြစ်ရင် အခမဲ့ ဆေးကုသခွင့် ရကြပါတယ်။ လိင်တူချစ်သူစုံတွဲတွေဟာ လင်မယားကဲ့သို့ အတူနေပြီး သားသမီးတွေ ရှိပါသော်လည်း တရားဝင် မဖြစ်တဲ့အတွက် ဒီလိုအခွင့်အရေးတွေ မရကြပါဘူး။

နောက် အရေးပါတဲ့ အချက်တစ်ခုကတော့ အမေရိကန်နိုင်ငံသား တစ်ဦးဟာ နိုင်ငံခြားသားနဲ့ လက်ထပ်ရင် အဲဒီနိုင်ငံခြားသားပါ အမေရိကန်နိုင်ငံသားဖြစ်ခွင့် ရှိပါတယ်။ များသောအားဖြင့် ပြည်ပမှာ တွေ့လာတဲ့ ချစ်သူ၊ ဇနီး ခင်ပွန်းလောင်းကို တိုးရစ်ဗီဇာနဲ့ အလည်ခေါ်လိုက်ပြီး အမေရိကန်နိုင်ငံတွင်းမှာ လက်ထပ်လိုက်ပြီဆိုတာနဲ့ ပြန်စရာ မလိုတော့ပဲ တစ်သက်လုံး အတူနေထိုင်လို့ ရသွားပါပြီ။ လိင်တူချစ်သူတွေအတွက်ကျတော့ ၄င်းတို့ရဲ့ ချစ်သူကို အမေရိကန်ကို ခေါ်ယူပြီးရင် တရားဝင် လက်ထပ်ခွင့်မရှိတဲ့အတွက် ဗီဇာသက်တမ်းကုန်တာနဲ့ ပြန်ရပါတယ်။ ဒီလိုအခြေအနေ ကြုံရတဲ့ လိင်တူချစ်သူ စုံတွဲတွေကတော့ လေဆိပ်မှာ မျက်ရည်လည်ရွဲနဲ့ နှုတ်ဆက်ကြရင်း လမ်းခွဲကြရတဲ့ ဇာတ်လမ်းတွေလည်း အင်တာနက်ပေါ်မှာ တစ်ပုံတစ်ပင်ပါပဲ။

တရားဝင် လက်ထပ်ခွင့်မရှိလို့ ဖြစ်လာရတဲ့ ဇာတ်လမ်းပေါင်းများစွာထဲမှာ ကြေကွဲစရာ အကောင်းဆုံးကတော့ အရေးပေါ် အခြေအနေတွေမှာပါ

တရားဝင် လက်ထပ်ခွင့်မရှိလို့ ဖြစ်လာရတဲ့ ဇာတ်လမ်းပေါင်းများစွာထဲမှာ ကြေကွဲစရာ အကောင်းဆုံးကတော့ အရေးပေါ် အခြေအနေတွေမှာပါ။ အရေးပေါ်ကိစ္စကြောင့် ဆေးရုံတက်ရပြီး၊ သေရေးရှင်ရေး အသက်လုရတဲ့ အခြေအနေမျိုးမှာဆိုရင် ဆေးရုံရဲ့ အရေးပေါ်ခန်းထဲကို လူနာရဲ့ တရားဝင်ဇနီး သို့မဟုတ် ခင်ပွန်းနဲ့ သားသမီးအရင်းတွေကသာ ၀င်ကြည့်ခွင့် ရှိပါတယ်။ ထုတ်ပြန်ထားတဲ့ စည်းကမ်းနဲ့ ဥပဒေတွေကို တိတိကျကျ လိုက်နာကျင့်သုံးကြတဲ့ ဒီနိုင်ငံမှာ လိင်တူချစ်သူတွေရဲ့ လက်ထပ်မှုက တရားဝင် မဖြစ်တဲ့အတွက်၊ တစ်ဦး ထိခိုက်ဒဏ်ရာရလို့ ဆေးရုံတက်ရရင် ကျန်တဲ့တစ်ဦးက လူနာရဲ့ အရေးပေါ်ခန်းထဲကို ၀င်ကြည့်လို့ မရပါဘူး။ လူနာနဲ့ အနီးကပ်ဆုံးသူ ဖြစ်ပေမယ့် အနားမှာနေပြီး အားပေးလို့ မရပါဘူး။ အခန်းအပြင် မှန်ပြတင်းပေါက်ကပဲ လှမ်းကြည့်နေရပါတယ်။ နောက်ဆုံးမှာ ကိုယ်ချစ်ရတဲ့သူ ဝေဒနာ အပြင်းအထန် ခံစားရပြီး အသက်ထွက်သွားတာကိုတောင် အနားသွားလို့ မရဘဲ အခန်းအပြင်က လှမ်းကြည့်ရင်း မျက်ရည်ကျနေရုံပဲ ရှိပါတယ်။

ဒါတွေ အားလုံးဟာ အရင်က အခြေအနေတွေပါ။ အခုတော့ ပြည်နယ်အားလုံးမှာ လိင်တူချစ်သူတွေ တရားဝင် လက်ထပ်ခွင့် ရသွားပြီးဆိုတော့ ဒီအဖြစ်အပျက်အားလုံး သမိုင်းအဖြစ်နဲ့ပဲ ကျန်ခဲ့တော့မှာပါ။ ၁၉၆၉ ခုနှစ်မှာ နယူးယောက်မြို့ Stonewall Inn အရေးအခင်းက စလိုက်တဲ့ အမေရိကန် လိင်တူချစ်သူအခွင့်အရေး လှုပ်ရှားမှုဟာ အခုု ၂၀၁၅ ကျမှ တစ်နိုင်ငံလုံး အပြည့်အဝ ခံစားရတဲ့အဆင့် ရောက်လာတာပါ။ ဒီလို ရောက်လာဖို့ အမေရိကန် လိင်တူချစ်သူတွေ အများကြီး ကြိုးစားခဲ့ရတာပါ။

ဒါတောင် ဇာတ်လမ်းက မပြီးသေးပါဘူး။ အခု Supreme Court က တရားဝင် အမိန့်ထုတ်ပြီး ဘယ်ပြည်နယ်မှာမဆိုု လိင်တူချင်း လက်ထပ်ချင်ရင် လက်ထပ်ခွင့် ပေးရမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တာတောင် အချို့ပြည်နယ်တွေက အယူခံဝင်ဖို့ လုပ်နေကြပါတယ်။ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ကိစ္စကို တရားသူကြီး ကိုးဦးတည်းက ဆုံးဖြတ်ပေးတာ တရားရဲ့လားလို့လည်း စောဒကတက်နေကြပါတယ်။ အခြား အရေးကြီးကိစ္စတွေကိုလည်း ဒီလိုပဲ ဆုံးဖြတ်ခဲ့တာပါပဲ။ အဲဒီတုန်းကတော့ လက်ခံပြီး အခုကိစ္စကျမှ အသံတွေ ထွက်လာတာပါ။ ဒါ့အပြင် လာမယ့်နှစ် သမ္မတရွေးကောက်ပွဲမှာ ဘာသာရေး အယူပြင်းထန်တဲ့ ခေါင်းဆောင်တစ်ယောက်ယောက်များ မတော်လို့ အနိုင်ရသွားရင် နောက်ကြောင်း ပြန်လှည့်သွားမယ့် အရေးကို စိုးရိမ်နေကြပါတယ်။

အခု ဒီဆောင်းပါးကို ပုံနှိပ်ဖော်ပြချိန်မှာ အမေရိကန် တရားရုံးချုပ်က ဆုံးဖြတ်ချက်ချပေးလိုက်တာ နှစ်လနီးပါး ကြာသွားခဲ့ပါပြီ။ အခုအချိန်မှာတော့ အောင်ပွဲခံ ပျော်ရွင်တာတွေ အရှိန်ကျသွားသလောက် ရှိနေပါပြီ။ ဒီအချိန်မှာ တစ်စထက်တစ်စ ပိုပြီး သိသာထင်ရှားလာတာကတော့ လိင်တူချစ်သူတွေ တန်းတူအခွင့်အရေးရဖို့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်နဲ့တင် မလုံလောက်ဘူးဆိုတာပါပဲ။

ပြီးခဲ့တဲ့ ဇူလိုင်လက Supreme Court က ဆုံးဖြတ်ချက်ချပြီး မကြာခင်မှာပဲ ရှေးရိုးစွဲ ခရစ်ယာန် ဘာသာဝင်အများစု နေထိုင်တဲ့ ကင်တပ်ကီပြည်နယ်မှာ အမျိုးသမီးချင်းချစ်သူ စုံတွဲတစ်တွဲဟာ သူတို့နေထိုင်ရာ မြို့နယ်တရားရုံးမှာ လက်ထပ်လက်မှတ်ရဖို့ လျောက်ထားရာမှာ ငြင်းပယ်ခြင်း ခံရပါတယ်။ ငြင်းပယ်ခဲ့တဲ့ အုပ်ချုပ်ရေး အရာရှိရဲ့ အကြောင်းပြချက်ကတော့ ရှင်းပါတယ်။ လူအများစုရဲ့ ဘာသာရေး ယုံကြည်ချက်နဲ့ ဆန့်ကျင်နေလို့ လိင်တူချစ်သူနှစ်ဦး လက်ထပ်တာကို အသိအမှတ်ပြုတဲ့ လက်မှတ် ထုတ်မပေးနိုင်ပါဘူးတဲ့။ တစ်နိုင်ငံလုံးကို ကိုယ်စားပြုတဲ့ ဖက်ဒရယ် အစိုးရက လက်ခံလိုက်ပြီးတာတောင် မြို့နယ်အဆင့်ပဲရှိတဲ့ အုပ်ချုပ်ရေးမှူးက ခေါင်းမာမာနဲ့ ငြင်းဆန်နေတာပါ။ လက်ရှိ အဆိုပါ အုပ်ချုပ်ရေးမှုးကို လိင်တူချစ်သူ အမျိုးသမီးနှစ်ဦးက တရားစွဲဆိုထားပါတယ်။ သူတို့အနေနဲ့ အခြားပြည်နယ်တွေမှာ သွားပြီး လက်ထပ်ရင် ရနိုင်ပေမယ့် သူတို့ နေထိုင်တာ၊ အလုပ်လုပ်ကိုင်တာ၊ အခွန်ဆောင်တာနဲ့ သူတို့ မွေးစားထားတဲ့ သမီးလေး ကျောင်းတက်နေတာအားလုံး အဲဒီမှာပဲ ဖြစ်လို့ ဒီပြည်နယ်ကပေးတဲ့ လက်ထပ်လက်မှတ်ကိုပဲ လိုချင်တယ်လို့ ဆိုပါတယ်။ အစိုးရက အိမ်ထောင်သည်တွေကိုပေးတဲ့ အထောက်အပံ့တွေကို ရချင်ရင် သက်ဆိုင်ရာ မြို့နယ်တရားရုံးက ထုတ်ပေးတဲ့ လက်ထပ်လက်မှတ် ရှိမှ ဖြစ်မှာပါ။ ဒါကြောင့် ရတဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။ ကင်တပ်ကီပြည်နယ်လိုပဲ အယ်လာဘားမား၊ မစ္စစ္စပီနဲ့ တက္ကဆပ် ပြည်နယ်တွေက အခြားမြို့နယ်တွေမှာလည်း တရားရုံးချုပ် အမိန့်ကို ဖီဆန်ပြီး လိင်တူချင်း လက်ထပ်တာဆိုရင် လက်ထပ်လက်မှတ် ထုတ်မပေးပဲထားတဲ့ တရားရုံးတွေ ရှိနေပါတယ်။

ဖလော်ရီဒါပြည်နယ်က လိင်တူချင်းချစ်သူ အမျိုးသမီးစုံတွဲကတော့ တရားဝင် လက်ထပ်လက်မှတ် ရရှိခဲ့ပေမယ့် သူတို့ ပြည်နယ်အစိုးရကို တရားစွဲဆိုပါတယ်။ ပြည်နယ်တွင်းက ဆေးရုံဆေးခန်းတွေမှာ သူတို့နှစ်ဦးကို အကြင်လင်မယားအဖြစ် လက်မခံသလို သူတို့ကလေးရဲ့ မွေးစာရင်းမှာ သူတို့နှစ်ဦးလုံးကို တရားဝင်မိဘအဖြစ် မဖော်ပြပေးလို့ တရားစွဲရတာလို့ ဆိုပါတယ်။ အလားတူ လိင်တူချင်း လက်ထပ်တာကို ဆန့်ကျင်တဲ့ အမာခံ ပြည်နယ်တစ်ခုဖြစ်တဲ့ ကော်ရိုရာဒိုမှာလည်း လိင်တူချင်းချစ်သူ အမျိုးသားနှစ်ဦးဟာ သူတို့အတွက် မင်္ဂလာကိတ်မုန့် လုပ်ပေးဖို့ ငြင်းဆိုလို့ဆိုပြီး ကိတ်မုန့်ဆိုင် တစ်ဆိုင်ကို တရားစွဲဆိုထားပါတယ်။ အမေရိကန်နိုင်ငံမှာ လူလူချင်း ခွဲခြားဆက်ဆံမှုကို တားမြစ်တဲ့ဥပဒေ ရှိပါတယ်။ ဒီဥပဒေအရ စားသောက်ဆိုင်လို လုပ်ငန်းတွေမှာ လူမျိုး၊ ဘာသာနဲ့ လိင်စိတ်ခံယူမှု မတူလို့ဆိုပြီး ၀ယ်သူကို ၀န်ဆောင်မှု ပေးဖို့ ငြင်းဆန်ရင် ဆိုင်ရှင်ကို တရားစွဲဆိုပြီး ထောင်ချတဲ့အထိ အပြစ်ပေးနိုင်ပါတယ်။ ကော်ရိုရာဒိုပြည်နယ်က ကိတ်မုန့် ဆိုင်ပိုင်ရှင်ကတော့ ခပ်မာမာပါပဲ။ လိင်တူချင်း လက်ထပ်တာကို လက်ခံပြီး၊ ကိတ်မုန့် လုပ်ပေးမယ့်အစား ထောင်ထဲပဲ ၀င်လိုက်မယ်လို့ မီဒီယာတွေကို ပြောပါတယ်။

လိင်တူချစ်သူ ဒါမှမဟုတ် အပွင့်မဆိုရင် မကြားတကြား ဆဲဆိုသွားတာတို့လို အပျော့စား နှိမ့်ချဆက်ဆံမှုမျိုးကနေ အုပ်စုဖွဲ့ မုဒိန်းကျင့်တာ၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်ရန်ပြုတာတို့လို အသက်ပါသေအောင် ဒုက္ခပေးတဲ့ ဖြစ်ရပ်တွေက အမေရိကန် မြို့တိုင်းလိုလိုမှာ တွေ့နေရဆဲ ဖြစ်ပါတယ်

ဒါတွေဟာ တရားတဘောင်စွဲဆိုတဲ့အထိဖြစ်ပြီး မီဒီယာတွေရဲ့ စာမျက်နှာပေါ်ထိ ရောက်လာတဲ့ ကိစ္စတွေပဲ ရှိပါသေးတယ်။ သာမန် ရပ်ရွာထဲမှာ လူမသိသူမသိဖြစ်ပြီး ပြီးသွားတဲ့ ကိစ္စတွေ မရေမတွက်နိုင်အောင် ရှိဦးမှာ သေချာပါတယ်။ လိင်တူချစ်သူ ဒါမှမဟုတ် အပွင့်မဆိုရင် မကြားတကြား ဆဲဆိုသွားတာတို့လို အပျော့စား နှိမ့်ချဆက်ဆံမှုမျိုးကနေ အုပ်စုဖွဲ့ မုဒိန်းကျင့်တာ၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်ရန်ပြုတာတို့လို အသက်ပါသေအောင် ဒုက္ခပေးတဲ့ ဖြစ်ရပ်တွေက အမေရိကန် မြို့တိုင်းလိုလိုမှာ တွေ့နေရဆဲ ဖြစ်ပါတယ်။

ကောက်ချက်ချရမယ်ဆိုရင် အမေရိကန် အစိုးရတစ်ရပ်လုံးက မားမားမတ်မတ် ရပ်ပေးလိုက်တာတောင် လိင်တူချင်း ချစ်သူတွေ လုံးဝ တန်းတူအခွင့်အရေးရဖို့ အချိန်တွေ ကြာဦးမှာ သေချာပါတယ်။ ဒါပေမယ့် မထင်မှတ်ပဲ ရလိုက်တာကတော့ ဒီကိစ္စကြောင့် နိုင်ငံတကာက လိင်တူချစ်သူတွေအပေါ် သက်ရောက်မှုပါ။ အိမ်နီးချင်း ကနေဒါမှာ လိင်တူချင်း လက်ထပ်တာကို အသိအမှတ်ပြုထားတာ ကြာလှပါပြီ။ ဒါပေမယ့် ဘယ်သူမှ မသိကြပါဘူး။ တရားရုံးချုပ် ဆုံးဖြတ်ချက်ချပြီး နောက်တစ်နေ့မှာ မကျေနပ်တဲ့ အမေရိကန်အချို့က ငါတို့တော့ ကနေဒါမှာပဲ သွားနေတော့မယ်လို့ ပြောလာတာကို အင်တာနက်ပေါ်မှာ ရယ်စရာတစ်ခုအဖြစ် Share နေကြတာ တွေ့ရပါတယ်။ ကမ္ဘာပေါ်မှာ ကနေဒါရဲ့ ဥပဒေကို လူမသိပေမယ့် အမေရိကန်ကတော့ တစ်ကမ္ဘာလုံးက စောင့်ကြည့်ရတဲ့ အင်အားကြီးနိုင်ငံ မဟုတ်လား။ ဒီမှာ လိင်တူချင်းတရားဝင် လက်ထပ်ခွင့် ပြုလိုက်တဲ့ကိစ္စကတော့ တစ်ကမ္ဘာလုံးကို ရိုက်ခတ်သွားတာ အထင်အရှားပါပဲ။

အထင်ရှားဆုံး ဥပမာကိုတော့ ဖေ့စ်ဘုတ်ပေါ်မှာ တွေ့နိုင်ပါတယ်။ ဂျွန်လ ၂၆ ရက်က အမေရိကန်မှာ သမိုင်းဝင် ဆုံးဖြတ်ချက် ချခဲ့တဲ့နောက် ဖေ့စ်ဘုတ်ကနေ ဒီကိစ္စကို ထောက်ခံကြောင်း ပြသချင်သူတွေအတွက် ပရိုဖိုင်ပုံကို သက်တံ့ရောင် ပြောင်းလဲလို့ရအောင် လုပ်ပေးလိုက်ပါတယ်။ ဒါကြောင့် နောက်တစ်နေ့မှာတော့ ဖေ့ဘွတ်ပေါ် တက်လိုက်တယ်ဆိုရင်ပဲ သက်တံရောင်ခြယ်ထားတဲ့ ပရိုဖိုင်ပုံပေါင်းများစွာကို တွေ့လိုက်ရတယ်။ ကျွန်တော် တကယ်ပဲ အံ့သြမိတာကတော့ ပရိုဖိုင်အများစုက အမေရိကန်က သူငယ်ချင်းတွေ မဟုုတ်ပဲ မြန်မာပြည်က လူတွေ ဖြစ်နေတာပါပဲ။ အချို့ ကိုယ် လုံးဝထင်မထားတဲ့သူတွေ၊ ရှေးရိုးဆန်ပြီး လိင်တူချစ်သူဆိုရင် မုန်းတီးစိတ်ရှိလိမ့်မယ့် ထင်ထားသူတွေကိုပါ သက်တံ့ရောင်နဲ့ တွေ့လိုက်ရတော့ ၀မ်းသာဝမ်းနည်း နှစ်မျိုးလုံး ဖြစ်မိပါတယ်။ ကျွန်တော်လည်း သေချာချင်တာနဲ့ ဖေ့စ်ဘုတ်က သူငယ်ချင်းစာရင်းကို ၀င်ကြည့်ပြီး သက်တံ့ရောင် ပရိုဖိုင် ပြောင်းထားသူ အရေအတွက်ကို ရေကြည့်မိပါတယ်။ ကျွန်တော့် ဖေ့စ်ဘုတ်ထဲမှာ သူငယ်ချင်း ၂၀၀၀ နီးပါးရှိတဲ့အနက် (၅၇) ဦးတိတိ (လေးပုံတစ်ပုံခန့်) က သက်တံ့ရောင် ပရိုဖိုင်ပုံ ပြောင်းထားတာ တွေ့ရပါတယ်။ ကျွန်တော့်မှာ အစကတည်းက လိင်တူချစ်သူ သူငယ်ချင်း အမြောက်အများ ရှိနေလို့လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်တိုင် လိင်တူချစ်သူ မဟုတ်ပေမယ့် ဒီကိစ္စကို အားပေးထောက်ခံချင်သူတွေရယ်၊ ဘာမှန်း သေသေချာချာ မသိပဲ သူများပြောင်းလို့ လိုက်ပြောင်းသူတွေ အမြောက်အများ ရှိနိုင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ ကျွန်တော်တို့ဆီမှာလည်း လိင်တူချင်း ချစ်သူတွေအပေါ်မှာ လူများစုရဲ့ သဘောထားအမြင်တွေ ပြောင်းလဲစပြုနေပြီဆိုတာကိုတော့ ထင်မြင်သုံးသပ်မိပါတယ်။

နေရောင်လင်းခန့်

Colors Rainbow Magazine Vol-27 (2015) တွင် ဖော်ပြခဲ့သည့် ဆောင်းပါးကို ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.