“တောင်းစားတဲ့ အခြောက်မဆိုတာ မရှိဘူး၊ ကိုယ်က အမ်းလိုက်တာပဲရှိတယ်” ဆိုတဲ့ လက်သုံးစကား တကယ်ပဲလား

“ဟဲ့… တောင်းစားနေတဲ့ အခြောက်မဆိုတာ နင် မြင်ဖူးလား… ငါတို့ အခြောက်မဆိုတာက ကိုယ်က အမ်းလိုက်တာပဲ ရှိတယ်။ သူ့ဆီက အမ်းတာကို မမျှော်လင့်ဘူး” ဆိုပြီး LGBT လောကမှာ အထူးသဖြင့် အပွင့်မကြီးတွေ လောကမှာ ခပ်ချေချေနဲ့ ပြောလေ့ရှိတဲ့စကား ရှိပါတယ်။

အဲဒီစကား ဘယ်လောက်မှန်နိုင်သလဲဆိုတာ မြန်မာပြည်အတိုင်းအတာအနေနဲ့ မသိရပေမယ့် ကမ္ဘာလုံးအတိုင်းအတာအရ ခန့်မှန်းချက်တစ်ရပ်တော့ ထွက်ရှိလာပါပြီ။

တစ်ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာအရ နိုင်ငံအသီးသီးမှာရှိကြတဲ့ LGBT တွေရဲ့ ငွေဖြုန်းအားဟာ ပျမ်းမျှအားဖြင့် အမေရိ ကန် ဒေါ်လာ ၃ ဒသမ ရ ထရီလီယမ်ခန့်အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။ တစ်ထရီလီယမ်ဟာ ဘီလီယမ်ပေါင်း ၁၀၀၀ ရှိပြီး ၁ ဘီလီယမ်ဟာ သန်းပေါင်း ၁၀၀၀ ဖြစ်ပါတယ်။

ဒီလေ့လာတွက်ချက်မှုကို LGBT Capital အဖွဲ့ကနေ ခန့်မှန်းတွက်ချက်ခဲ့တာ ဖြစ်ပါတယ်။ LGBT တွေရဲ့ ငွေကြေးပိုင်ဆိုင်မှု နဲ့ ပတ်သက်ပြီးလည်း LGBT Capital အဖွဲ့ကနေ နောက်ထပ် လေ့လာခန့်မှန်းချက်အရ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ LGBT တွေ အားလုံးရဲ့ ကြွယ်ဝချမ်းသာမှု ပမာဏဟာ ပေါင်းလိုက်ရင် အမေရိကန် ဒေါ်လာ ၁၄ ထရီလီယမ်မျှ ရှိတယ်လို့ ဆိုပါတယ်။

LGBT Capital အဖွဲ့ဆိုတာ Galileo Capital Management ကုမ္ပဏီရဲ့ လက်ခွဲတစ်ခုဖြစ်ပြီး နိုင်ငံတကာ LGBT စျေးကွက်နဲ့ ပတ်သက်ပြီး လေ့လာသုတေသနပြုလုပ်ဖို့နဲ့ စီးပွားရေးအခွင့်အလမ်းများအတွက် နိုင်ငံတကာ ကုမ္ပဏီတွေ လိုအပ်မယ့် ကိန်းဂဏန်း အချက်အလက်တွေကို ပြုစုဖြန့်ချိပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ LGBT Capital အဖွဲ့ကို ၂၀၁၀ ခုနှစ်မှာ Galileo Capital Management ကုမ္ပဏီက ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီတော့ LGBT Capital အဖွဲ့ရဲ့ လေ့လာခန့်မှန်းချက်အရ အမေရိကန်နိုင်ငံတစ်ခုတည်းမှာတင် LGBT တွေရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၅ ထရီလီယမ်မျှ ရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး အမေရိကန်နိုင်ငံသား LGBT တွေရဲ့ ငွေဖြုန်းအားဟာ တစ်နှစ်မှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၉၀၀ မျှ ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒီခန့်မှန်းတွက်ချက်မှုဟာ Witeck Communication အဖွဲ့ရဲ့ ခန့်မှန်းတွက်ချက်မှုထက်တော့ အနည်းငယ် ပိုများတဲ့သဘော ရှိပါတယ်။ Witech Communication အဖွဲ့ရဲ့ ခန့်မှန်းတွက်ချက်မှုအရ ၂၀၁၄ ခုနှစ်တစ်ခုတည်းမှာတင် အမေရိကန်နိုင်ငံမှာ LGBT တွေရဲ့ ငွေဖြုန်းအားဟာ အမေရိကန်ဒေါ်လာ ၈၈၄ ဘီလီယံအထိ ရှိတယ်လို့ ဆိုပါတယ်။

LGBT Capital အနေနဲ့ အကြီးစား စီးပွားရေးဆိုင်ရာ အချက်အလက်တွေ၊ အစိုးရတွေရဲ့ ထုတ်ပြန်ချက်တွေအပါအဝင် ကမ္ဘာ့လူဦးရေရဲ့ ၆ ဒသမ ၅ ရာခိုင်နှုန်းဟာ LGBT တွေ ဖြစ်တယ်ဆိုတဲ့ အချက်တွေအပေါ် အခြေခံပြီး အထက်ပါ ကိန်း ဂဏန်း အချက်အလက်တွေကို ခန့်မှန်းတွက်ချက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်

အာရှဒေသတစ်ခုလုံးအနေနဲ့ ပြောမယ်ဆိုရင်လည်း စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှု မြင့်မားလာတာနဲ့အမျှ အာရှသား LGBT တွေရဲ့ ငွေကြေးသုံးစွဲနိုင်မှု ပမာဏဟာ ၁ ထရီလီယမ်လောက်အထိ ရှိတယ်လို့ ဆိုပါတယ်။

“ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ LGBT လူဦးရေ သန်း ၄၅၀ ခန့်ရဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်မှု၊ သုံးစွဲနိုင်မှု ပမာဏဟာ တစ်နှစ်တစ်နှစ်မှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ရ ထရီလီယမ်အထိ ရှိတယ်လို့ ခန့်မှန်းနိုင်ပါတယ်။ အာရှဒေသဟာဆိုရင်လည်း စီးပွားရေးအရ အလျှင်အမြန် ဖွံ့ဖြိုးတိုးတက်နေတဲ့အတွက် တရုတ်နိုင်ငံမှာရှိတဲ့ LGBT အုပ်စုဝင် လူဦးရေ သန်း ၈၀ ကျော်နဲ့ တွက်ချက်ကြည့်မယ်ဆိုရင် ၁ ထရီလီယမ်ခန့်မျှ ရှိမှာ ဖြစ်ပါတယ်” လို့ LGBT Capital ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

“အခု ထုတ်ပြန်လိုက်တဲ့ အချက်အလက်တွေ၊ ကိန်းဂဏန်းတွေဟာ LGBT တွေနဲ့ ပတ်သက်လို့ စီးပွားရေးလုပ်မယ့် ကုမ္ပဏီကြီးတွေ၊ နိုင်ငံတွေအတွက် အင်မတန်အရေးပါမယ့် အချက်အလက်တွေ ဖြစ်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ခန့်မှန်းတွက်ချက်မှုအရ ကမ္ဘာတစ်ဝှမ်းလုံးမှာ တည်ရှိတဲ့ LGBT လူဦးရေပမာဏဟာ လက်ရှိ အမေရိကန်နိုင်ငံမှာရှိတဲ့ လူဦးရေပမာဏ အားလုံးထက် ပိုမိုများပြားနိုင်စရာ ရှိပါတယ်။ ဒီလူဦးရေပမာဏရဲ့ နှစ်စဉ် ပိုင်ဆိုင်မှု၊ ပြည်တွင်းအသားတင် ထုတ်လုပ်မှု ပမာဏဟာ ဂျာမနီနိုင်ငံရဲ့ နှစ်စဉ် ပြည်တွင်း အသားတင်ထုတ်ကုန် ပမာဏထက် ပိုမိုများပြားနိုင်စရာ ရှိတယ်လို့ ကျနော်တို့ ခန့်မှန်းတွက်ချက်ထားပါတယ်” လို့ LGBT Capital ကို တည်ထောင်သူ Paul Thompson က ပြောဆိုခဲ့ပါတယ်။

LGBT Capital အနေနဲ့ အကြီးစား စီးပွားရေးဆိုင်ရာ အချက်အလက်တွေ၊ အစိုးရတွေရဲ့ ထုတ်ပြန်ချက်တွေအပါအဝင် ကမ္ဘာ့လူဦးရေရဲ့ ၆ ဒသမ ၅ ရာခိုင်နှုန်းဟာ LGBT တွေ ဖြစ်တယ်ဆိုတဲ့ အချက်တွေအပေါ် အခြေခံပြီး အထက်ပါ ကိန်း ဂဏန်း အချက်အလက်တွေကို ခန့်မှန်းတွက်ချက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူပဲ စျေးကွက်ဖြန့်ချိရေးနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဧရာမ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Ogilvy ကုမ္ပဏီကနေ Mather ကုမ္ပဏီနဲ့ ပူးပေါင်းပြီး မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းအရလည်း ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ LGBT တွေရဲ့ စျေးကွက်အတွင်း သုံးစွဲနိုင်မှု ပမာဏဟာ နှစ်စဉ် ၃ ထရီလီယမ်မျှ ရှိတယ်လို့ သိရပါတယ်။

LGBT ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်လို့ လေ့လာချက်များအရလည်း အမေရိကန်နိုင်ငံတစ်ခုတည်းမှာတင် LGBT ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကတစ်ဆင့် အကျိုးအမြတ်ရရှိမှုဟာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၅ ဘီလီယံခန့် ရရှိနိုင်တယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။

၂၀၁၂ ခုနှစ်က ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ကနေ ထုတ်ပြန်တဲ့ LGBT ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး အကျိုးအမြတ် ဖြစ်ထွန်းမှုအပေါ် လေ့လာချက်များအရလည်း ကမ္ဘာတစ်ဝန်း နိုင်ငံအသီးသီးအနေနဲ့ LGBT ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ကတစ်ဆင့် အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံမျှ အကျိုးအမြတ် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

မေးစရာရှိလာတာက ဒီအချက်အလက်တွေဟာ ဘယ်လောက်အထိ တိကျမှန်ကန်နိုင်ပါသလဲ။ ယဉ်ကျေးမှု အဟန့်အတား၊ ဘာသာရေး အယူအဆ၊ နိုင်ငံရေး နောက်ခံ စတာတွေအပေါ် အခြေခံပြီး LGBT တွေဟာ ပုန်းလျှိုးကွယ်လျှိုး နေထိုင်တတ် ကြတဲ့အတွက် LGBT လူဦးရေ အတိအကျကို သိရဖို့ဆိုတာ မလွယ်ကူတဲ့ကိစ္စ ဖြစ်ပါတယ်။

သေချာတာတစ်ခုကတော့ LGBT တွေဟာ တစ်နေ့တစ်ခြား တိုးတိုးပြီး လူ့အဖွဲ့အစည်းအတွင်း မြင်တွေ့ရမှု ပိုမိုများပြားလာတာ ကတော့ မငြင်းနိုင်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်

ဒီစိုးရိမ်ချက်အပေါ် Witeck Communication ရဲ့ တည်ထောင်သူတစ်ဦးဖြစ်သူ Bob Witeck ကလည်း သူ့ရဲ့ အမြင်ကို အခုလိုမျိုး ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့အနေနဲ့ ကောက်ယူတဲ့နည်းလမ်းတွေ၊ လုပ်နည်းကိုင်နည်းတွေ ဘယ်လောက်ပင် ကောင်းတယ်၊ ပြီးပြည့်စုံတယ် ဆိုစေဦး၊ ကမ္ဘာ့ LGBT လူဦးရေကို မှန်မှန်ကန်ကန် ကောက်ယူတွက်ချက်နိုင်ဖို့နဲ့ ကမ္ဘာ့နယ်ပယ်အသီးသီးက LGBT တွေရဲ့ စီးပွားရေးအရ ပိုင်ဆိုင်နိုင်မှုတွေကို တွက်ချက်ဖော်ပြနိုင်ဖို့ဆိုတာ မလွယ်ကူတဲ့ကိစ္စဆိုတာ ကျနော် လက်ခံပါတယ်။ နောက်ပြီး မတူတဲ့ ယဉ်ကျေးမှုအခြေအနေ နောက်ခံအကြောင်းတွေအရလည်း LGBT တွေကို အလွယ်တကူ မဖော်ပြနိုင်၊ မသိနိုင်တာကလည်း ကျနော်တို့အနေနဲ့ အချက်အလက်တွေကို မှန်မှန်ကန်ကန်ဖြစ်အောင် တွက်ချက်ဖော်ပြနိုင်ဖို့ကိစ္စမှာ စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်နေပါတယ်။ အထူးသဖြင့် အစ္စလာမ်ကမ္ဘာ အသိုင်းအဝိုင်းက LGBT တွေနဲ့ ပတ်သက်လာလျှင် အခက်အခဲတွေ ရှိပါတယ်။ ဒီလိုမျိုး အပိုင်းတွေဆိုရင် ကျနော်တို့အနေနဲ့ သီးသန့်လုပ်ဆောင်မလား” လို့ Bob Witeck က ပြောဆိုခဲ့ပါတယ်။

သေချာတာတစ်ခုကတော့ LGBT တွေဟာ တစ်နေ့တစ်ခြား တိုးတိုးပြီး လူ့အဖွဲ့အစည်းအတွင်း မြင်တွေ့ရမှု ပိုမိုများပြားလာတာ ကတော့ မငြင်းနိုင်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာဆိုရင်လည်း အရင်တုန်းက သိပ်မတွေ့ရပေမယ့် အခုဆိုရင် LGBT တွေကို နေရာတကာ တွေ့လာရပါတယ်။ အောက်ခြေအဆင့်ကနေ စီးပွားရေးနယ်ပယ်၊ လူမှုစီးပွားနယ်ပယ် အသီးသီးရဲ့ ထိပ်ပိုင်းတွေအထိ LGBT တွေရဲ့ ဝင်ဆံ့နိုင်မှုဟာ ယနေ့ခေတ်မှာ မငြင်းနိုင်တဲ့ အကြောင်းအရာတွေ ဖြစ်လာပါပြီ။

ဒီအခြေအနေအပေါ်မှာ စီးပွားရေးအရ ဘယ်လို အခွင့်အလမ်းတွေ ဆုပ်ကိုင်ဖမ်းယူမလဲ၊ လူ့အဖွဲ့အစည်းအတွင်း LGBT တွေကို ဘယ်လိုနေရာပေးပြီး သူတို့တွေရဲ့ လူ့အဖွဲ့အစည်းအတွင်း ပါဝင်နိုင်မှုကို တိုးချဲ့ပေးမလဲဆိုတာတွေကိုတော့…

“LGBT အသိုင်းအဝိုင်းဟာ တစ်နေ့တစ်ခြား ပိုမိုကျယ်ပြန့်လာပြီး လုပ်ကိုင်နိုင်စွမ်းတွေ မြင့်မားတိုးတက်လာနေပါတယ်။ သူတို့ရဲ့ အသံကို နေရာအနှံ့ ကြားလာရပြီး တဖြည်းဖြည်း ဩဇာကြီးလာတဲ့သဘော ရှိပါတယ်။ အဲဒီတော့ ဒီအုပ်စုကို ကျနော်တို့အနေနဲ့ အလေးအနက်ထား နေရာပေးဆက်ဆံဖို့ လိုအပ်လာပြီလို့ ယူဆပါတယ်။ အခု ကျနော်တို့ တင်ပြတဲ့ အချက်အလက်တွေဟာ ကမ္ဘာလုံးချီတဲ့ LGBT တွေရဲ့ ဖြစ်တည်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်တွေမှာ သူတို့တွေရဲ့ ပါဝင်နိုင်မှု ကို အထောက်အကူ ဖြစ်စေနိုင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” လို့ Paul Thompson က ပြောဆိုခဲ့ပါတယ်။

မြတ်မော်ဦး

ဩဂုတ်လ ၂၀၁၅

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.