လိင်တူချင်း ဆက်ဆံမှုကို ထောင်ချအပြစ်ပေးနိုင်မယ့် ဥပဒေအသစ်တစ်ရပ် အင်ဒိုနီးရှားမှာ မကြာခင် ပေါ်ထွက်လာဖို့ ရှိနေပြီ

အင်ဒိုနီးရှားနိုင်ငံမှာ လိင်တူချင်း လိင်ဆက်ဆံတာကို အပြစ်ပေးအရေးယူနိုင်မယ့် ဥပဒေတစ်ရပ် ပေါ်ထွန်းလာဖို့ ကြိုးပမ်းနေခဲ့တာဟာ ကာလအတန်ကြာခဲ့ပြီလို့ ဆိုကြပါတယ်။ ဒီဥပဒေမူကြမ်းဟာ မကြာခင်မှာ ဥပဒေအဖြစ် ပေါ်ထွက်လာတော့မယ်လို့ Pink News သတင်းဌာနမှာ ရေးသားဖော်ပြထားပါတယ်။

ဘယ်တော့ ဒီဥပဒေ ထွက်လာမယ့်ဆိုတာကို အတိအကျ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ အင်ဒိုနီးရှားနိုင်ငံ အောက်လွှတ်တော် ပြောရေးဆိုခွင့်ရှိသူကတော့ ဖေဖော်ဝါရီလ အလယ်လောက်မှာ ထွက်လာဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားက LGBT အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးကတော့ ဖေဖော်ဝါရီလ (၁၄) မှာ ကျရောက်မယ့် ချစ်သူများနေ့ မတိုင်ခင်မှာပဲ ဒီဥပဒေဟာ ထွက်ပေါ်လာနိုင်ဖွယ်ရာ ရှိတယ်လို့ ဩစတြေးလျနိုင်ငံက အေဘီစီသတင်း ဌာနရဲ့ တွေ့ဆုံမေးမြန်းမှုမှာ ဖော်ပြထားပါတယ်။

Pink News ရဲ့ ဝဘ်ဆိုက်ဒ်မှာ ရေးသားဖော်ပြထားချက်အရ ဒီဥပဒေမူကြမ်းကို အင်ဒိုနီးရှားနိုင်ငံရဲ့ အဓိကကျတဲ့ နိုင်ငံရေးပါတီ (၁၀) ပါတီက ထောက်ခံထားကြပြီး ဒီဥပဒေမှာ ပြဋ္ဌာန်းထားချက်အရ လိင်တူချင်း ဆက်ဆံသူကို ထောင် ဒဏ် (၅) နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရမှာ ဖြစ်ပါတယ်။

ဒီဥပဒေဟာ လိင်တူချင်း လိင်ဆက်ဆံတာကို အရေးယူဖို့သာမက လက်မထပ်ဘဲ အတူနေကြတဲ့ ချစ်သူစုံတွဲတွေ အတွက်ပါ သက်ရောက်မှုရှိလာနိုင်တယ်လို့လည်း လေ့လာသူတွေက ပြောကြားကြောင်း Pink News သတင်းဌာနရဲ့ ဝဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ပီပီပီပါတီရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ Arsul Sani ကလည်း အခုထွက်ရှိလာမယ့် ဥပဒေအရ တရားဝင် မင်္ဂလာမဆောင်းသေးပဲ အတူနေတာတွေကို ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်တယ်လို့ ပြောဆိုထားပါတယ်။ Arsul Sani ဟာ ဒီဥပဒေပေါ်ထွက်လာဖို့ နောက်ကွယ်ကနေ အဓိကအားပေးထောက်ခံသူတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

Human Rights Watch အဖွဲ့မှ Andreas Harsono ကတော့ ဒီဥပဒေကြောင့် ခွဲခြားဆက်ဆံမှုတွေ ပိုမိုတိုးမြှင့် လာမှာဖြစ်ပြီး အဲဒီအတွက် နိုင်ငံတော်ရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေးဆိုင်ရာ တိုးတက်မှုကို ထိခိုက်စေလာလိမ့်မယ်လို့ သတိပေးပြောဆိုခဲ့ပါတယ်။
“ထွက်လာမယ့် ဒီဥပဒေက အာချေးပြည်နယ်မှာ ပြဋ္ဌာန်းထားတဲ့ ရှာရီယာဥပဒေလို ဖြစ်နေတယ်” လို့ Andreas Harsono က ရိုက်တာသတင်းဌာနဲ့ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းမှုမှာ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့မွတ်ဆလင်လူဦးရေအများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း အရွယ်ပြီးသူနှစ်ဦးကြား အများပြည်သူနဲ့မသက်ဆိုင်တဲ့ တစ်သီးပုဂ္ဂလ မမြင်ကွယ်ရာနေရာတွေမှာ လိင်တူချင်း ပေါင်းသင်းဆက်ဆံမှုကို ရာဇဝတ်မှု အဖြစ် သတ်မှတ်အရေးယူတဲ့ ဥပဒေတွေကို လောလောဆယ် ပြဋ္ဌာန်းထားတာမျိုး မရှိသေးပါဘူး။ ဒါပေမဲ့ ခြွင်းချက်အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရရှိတဲ့ အာချေးပြည်နယ်မှာတော့ လိင်တူချင်း ဆက်ဆံမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ် အရေးယူနိုင်တဲ့ ရှာရီယာဥပဒေကို ပြဋ္ဌာန်းထားရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.