၂၀၁၈ အော်စကာဆုပေးပွဲမှာ LGBT ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေရ

၂၀၁၈ အော်စကာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ Transgender အမျိုးသမီးတစ်ဦးရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ A Fantastic Woman ဇာတ်ကားဟာလည်း အကောင်းဆုံး နိုင်ငံခြားဘာသာ စကားပြောရုပ်ရှင်အဖြစ် အကယ်ဒမီဆု ဆွတ်ခူးရရှိခဲ့ပါတယ်။

ဒါရိုက်တာဖြစ်သူ Sebastián Lelio ရိုက်ကူးတင်ဆက်ထားတဲ့ ချီလီဇာတ်ကားဟာ အော်စကာဆုပေးပွဲမတိုင်မီ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာလည်း အကောင်းဆုံးဆုတွေ ရရှိခဲ့ပြီး ဖြစ်ပါတယ်။

A Fantastic Woman ဇာတ်ကားဟာ အနုပညာဖန်တီးမှု လက်ရာကောင်းမွန်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ အပြင် Transgender အမျိုးသမီးသရုပ်ဆောင် Daniela Vega ရဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်း ပရိသတ်တွေရဲ့ အားပေးနှစ်ခြိုက်မှုတွေ အထူးရရှိခဲ့တာ ဖြစ်ပါတယ်။

အထူးသဖြင့် Transgender တစ်ယောက်ရဲ့အကြောင်းကို တကယ့်အစစ်အမှန် Transgender တစ်ဦးရဲ့ ထူးချွန် ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်း အတိုင်းထက်အလွန် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

အသက် (၂၈) နှစ်အရွယ်ရှိပြီဖြစ်တဲ့ Daniela Vega ဟာ သူမကိုယ်တိုင် Transgender အမျိုးသမီးတစ်ဦးဖြစ်ပြီး ဒီဇာတ်ကားမှာ Transgender တစ်ယောက်ရဲ့ နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။

အော်စကာဆု ဆွတ်ခူးရရှိခဲ့တဲ့အတွက် ဒီဇာတ်ကားမှာ အဓိကအခန်းကဏ္ဍ နေရာကနေ ထူးချွန်ပြောင်မြောက်စွာ သရုပ်ဆောင်ခဲ့တဲ့ Daniela Vega ကို အထူးကျေးဇူးတင်ကြောင်း Sebastián Lelio က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

A Fantastic Woman ဇာတ်ကားဟာ Transgender အမျိုးသမီးတစ်ဦးအနေနဲ့ ချစ်သူသေဆုံးပြီးနောက်ပိုင်း အများသူငှာရဲ့ ရှုံ့ချမှုကိုရင်ဆိုင်ကာ ကိုယ့်ကိုယ်ကို ရှာဖွေတွေ့ရှိဖို့ ကြိုးစားရင်း နောက်ဆက်တွဲ မိမိတို့လို အပွင့်မတွေအပေါ် မုန်းတီးနေတဲ့ ပတ်ဝန်းကျင်မှာ ပြဿနာတွေ ကိုင်တွယ်ဖြေရှင်း သွားတဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။

“ဒီဇာတ်ကားရဲ့ အဓိကနေရာမှာ သရုပ်ဆောင်မယ့်သူဟာ Transgender ကိုယ်တိုင်ကလွဲလို့ တခြားသူ မဖြစ်နိုင်ဘူးလို့ ကျွန်တော့်စိတ်ထဲ အလိုလို သိနေတယ်။ Daniela Vega ကြောင့် ဒီဇာတ်လမ်းကို ရှုထောင့်အသွယ်သွယ် ကနေ ချယ်မှုန်းပြနိုင်ခဲ့တာပါ” လို့ Sebastián Lelio က ပြောဆိုခဲ့ပါတယ်။

Daniela Vega ဟာ ယခုနှစ် အော်စကာ အကယ်ဒမီဆုပေးပွဲမှာ အကောင်းဆုံး ရုပ်ရှင်သရုပ်ဆောင်ဆုကိုတော့ မရရှိခဲ့ပေမယ့်လည်း အော်စကာစင်မြင့်ပေါ်မှာ ရပ်ခွင့့်ရရှိခဲ့တဲ့ ပထမဦးဆုံး ပွင့်ပွင့်လင်းလင်း Transgender အမျိုးသမီး သရုပ်ဆောင်တစ်ဦးအဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ယခုနှစ် အော်စကာဆုပေးပွဲမှာ နောက်ထပ် LGBT ဇာတ်ကားတစ်ကားဖြစ်တဲ့ Call Me by Your Name ဇာတ်ကားဟာလည်း အကောင်းဆုံး ဇာတ်ညွှန်းဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ Call Me By Your Name ဇာတ်ကားဟာ ၁၉၈၀ ဝန်းကျင်ကာလက အီတလီနိုင်ငံရဲ့ တောရွာလေးတစ်ရွာမှာ အသက် (၁၇) နှစ်အရွယ် ကောင်လေးတစ်ယောက်နဲ့ အဖေရဲ့လက်ထောက် ဖြစ်သူ သူ့ထက်အသက်ကြီးတဲ့ ကောင်လေးတစ်ယောက်တို့ကြားက ပထမဦးဆုံး အချစ်ပန်းလေး ပွင့်လန်းလာခဲ့တာကို ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားကို ဒါရိုက်တာ Luca Guadagnino က ရိုက်ကူးခဲ့ပြီး André Aciman ရေးသားထားတဲ့ ဝတ္ထုကို ဇာတ်ညွှန်းရေးဆရာ James Ivory က ဇာတ်ညွှန်းရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြောင့် ဇာတ်ညွှန်းဆရာ James Ivory ဟာ အော်စကာဆုရရှိတဲ့ အသက်ကြီးဆုံး ဇာတ်ညွှန်းဆရာအဖြစ် မှတ်တမ်းတင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီနှစ်မှာ မှတ်တမ်းရုပ်ရှင်ကားတွေနဲ့ ပတ်သက်တဲ့ အကယ်ဒမီ အော်စကာဆု ဆန်ကာတင်စာရင်းမှာ နာမည်တင်သွင်းခံခဲ့ရတဲ့ နောက်ထပ် Transgender တစ်ဦးလည်း ရှိပါသေးတယ်။ သူကတော့ Strong Island ဇာတ်ကားနဲ့ ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ Yance Ford ဆိုသူ ဖြစ်ပါတယ်။ သူကတော့ နောက်ဆုံးမှာ Icarus ဆိုတဲ့ ဇာတ်ကားကို ရှုံးနိမ့်ခဲ့ပြီး အကယ်ဒမီဆုနဲ့ လွဲချော်ခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.