Documentary Filmmaker တွေထဲက LGBT လူငယ်ဖြစ်သူ ကိုဝေယံနှင့် တွေ့ဆုံခြင်း

အင်တာဗျူးကဏ္ဍအတွက် ရွေးချယ်ထားသူကတော့ LGBT လူငယ်တစ်ဦးလည်းဖြစ်ပြီး LGBT တွေနဲ့ ပတ်သက်တဲ့ မှတ်တမ်းရုပ်ရှင်ကားတွေကို ရိုက်ကူးနေသူ ကိုဝေယံပဲ ဖြစ်ပါတယ်။ Colors Rainbow အဖွဲ့ရဲ့ လူ့အခွင့်အရေး သင်တန်းတွေကို တက်ရောက်ခဲ့မိရာမှတဆင့် လက်ရှိကျင်လည်ရာ Documentary Filmmaker တစ်ယောက်ဖြစ်တဲ့အထိ သူ ရှင်သန်ရာ ဘဝရဲ့ အချိုးအကွေ့တွေမှာ ဘယ်လိုဖြတ်သန်းခဲ့သလဲ ဆိုတာတွေကို မေးမြန်းတင်ဆက်ထားတာ ဖြစ်ပါတယ်။

မင်္ဂလာပါဗျ ကိုဝေယံရေ… ပထမဦးဆုံး ကိုဝေယံရဲ့ အကြောင်းလေး နည်းနည်းမိတ်ဆက်ပေးပါဦး။

ကျွန်တော့်ရဲ့မူရင်းဇာတိက ထားဝယ်မြို့က။ အဲတော့ ထားဝယ်သားပေါ့နော်။ ဒါပေမဲ့ ၂ဝဝ၉/ ၂ဝ၁ဝ မှာ ဆယ်တန်းအတွက် ဘော်ဒါဆောင်တက်ဖို့ ရန်ကုန်ရောက်လာခဲ့တယ်။ ဆယ်တန်းအောင်ပြီးတော့လည်း တက္ကသိုလ်ကို ပထမနှစ်အထိ ရန်ကုန်မှာ တက်တယ်။ ပထမနှစ်တက်နေတဲ့အချိန်မှာ ကျွန်တော် ကောင်လေး တစ်ယောက်နဲ့ ချစ်သူတွေ ဖြစ်ခဲ့တယ်။ သူနဲ့ မတွေ့ခင်တုန်းကလည်း ကိုယ့်ကိုယ်ကို Gay တစ်ယောက်အဖြစ် နည်းနည်းတော့ ရိပ်မိတယ်။ သူနဲ့ တွေ့ပြီးတဲ့အချိန်မှာတော့ စိတ်က ပိုပြီး လွတ်လပ်သွားတာပေါ့။ ကျွန်တော့်ကို Gay တစ်ယောက်ဆိုတာကို အိမ်က သိသွားတာက သူနဲ့ပြတ်သွားပြီးမှပါ။ သူနဲ့ ပြတ်တဲ့နေ့မှာမှ ကျွန်တော်က Gay တစ်ယောက်ပါဆိုတာရယ်၊ နောက်ပြီး သူနဲ့ ကျွန်တော်ကလည်း ပွင့်ပွင့်လင်းလင်း ချစ်သူတွေဖြစ်နေပြီး အခု သူက လမ်းခွဲဖို့ ပြောနေတယ်ဆိုတာ အမေ့ကို ဖွင့်ပြောပြခဲ့တယ်။ ဘာလို့လဲဆိုတော့ သူနဲ့လည်း အိမ်က သိနေတော့ ပြောပြလိုက်တာ။ ပြောပြလိုက်တော့ အမေကတော့ စိတ်မကောင်းတော့ ဖြစ်တာပေါ့နော်။ ဒါပေမဲ့ အရမ်းဆိုးဆိုးရွားရွားတော့ မဖြစ်ဘူး။

နည်းနည်းရိပ်မိတယ်ဆိုတော့ ကိုယ် Gay ဆိုတာ ဘယ်အချိန်လောက်ကတည်းက ကိုယ့်ကိုယ်ကို ဘယ်လို ရိပ်မိခဲ့တာလဲ။

ရှစ်တန်းကိုးတန်းလောက်တုန်းက ကောင်မလေးတွေနဲ့ဆိုရင် ကိုယ်က အဆင်ပြေတယ်။ ကောင်လေး တွေနဲ့ဆိုရင် စကားပြောရတာ အဆင်မပြေဘူး။ ပြီးတော့ ဘောလုံးတွေ ဘာတွေကိုဆိုရင်လည်း ကန်ရတာ ကိုယ်က ဝါသနာမပါဘူး။ ဒါပေမဲ့ ဘောလုံးပွဲကြည့်ရတာတော့ ကြိုက်တယ်။ အဲဒီအချိန်တွေတုန်းကတော့ ဘာရယ်ညာရယ်လို့တော့ မဟုတ်ဘူး… ဒီလိုမျိုး မိန်းကလေးတွေနဲ့ ပေါင်းတာများတော့ မိန်းကလေးတွေလိုမျိုး လိုက်နေချင်တယ်။ ပုဆိုးဝတ်လို့ရှိရင်လည်း ဆရာမလစ်လို့ရှိရင် စကပ်လေးလို ဝတ်ပြီးတော့ နေတာတို့၊ ဆရာမ လစ်လို့ရှိရင် ကောင်မလေးတွေရှိတဲ့ဖက်ကို စကားသွားပြောတာတို့၊ ကောင်မလေးတွေနဲ့ ဆော့တာတို့၊ စာကျက်ရင်လည်း ကောင်မလေးတွေဆီမှာ သွားကျက်တာက များတယ်။ ရှစ်တန်းကိုးတန်းလောက်တုန်းက တော့ ဘာမှ မသိသေးဘူးပေ့ါ။ ဆယ်တန်းလည်းရောက်ရော ဘော်ဒါမှာနေတဲ့အခါကျတော့ အဲဒီမှာက ယောက်ျားလေးတွေက အရမ်းများတယ်လေ။ အစကလည်း ကိုယ့်ဟာကိုယ်က ဇဝေဇဝါ ဖြစ်နေတဲ့အချိန်မှာ ကောင်လေးတွေနဲ့နေရင် အဆင်ပြေပါ့မလားဆိုတဲ့ အတွေးမျိုးတော့ ဖြစ်မိတယ်။ ဒါပေမဲ့ တကယ့်တကယ် နေကြည့်တော့… စဉ်းစားမိတာက အဲဒီမှာ ကိုယ်က ကိုယ့်ကိုယ်ကို ဂေးဖက်ကို နည်းနည်းပိုပါနေပြီလားပေါ့နော် ကိုယ့်ဟာကိုယ် သေသေချာချာတော့ မသိသေးဘူး။ သေချာတာက သူတို့နဲ့နေရတာ ပျော်တယ်။ တစ်ချိန်လုံး ဒီကောင်လေးတွေကြားထဲမှာလေ သူတို့နဲ့ပဲ နေ၊ သူတို့နဲ့ပဲ ရေချိုး၊ အိပ်ရထဆိုတော့လေ…။ ဆယ်တန်းပြီးလို့ တက္ကသိုလ်တက်ခါနီးကျတော့မှ website တစ်ခုမှာ ဟိုမိုဆိုတဲ့ စာလုံးလေးကို စမြင်မိတာပေါ့နော်။ စမြင်ပြီး တော့မှ ဪ… ငါက ဟိုမိုပဲဆိုတာ စသိသွားတော့တယ်။ ပြောရအုံးမယ်… အဲဒီအချိန်တုန်းက ကျွန်တော် သိထားတာက ကျွန်တော့်ကိုယ် ကျွန်တော်တော့ ဟိုမို… မိန်းကလေးလို ဝတ်စားနေထိုင်တဲ့ သူတွေကိုကျတော့ Gay လို့ သိထားတယ်။ အဲတော့ ကျွန်တော့်ကို Gay လို့ လာပြောရင် အရမ်းမုန်းတာ။ ကျွန်တော် Gay မဟုတ်ဘူး။ ကျွန်တော်က ဟိုမိုဆိုပြီးတော့မှ ပြန်ပြောတယ်။ အခုအချိန်ကျတော့မှ Gay ဆိုတာက ကျွန်တော်တို့တွေလိုမျိုး ပုန်းလျှိုးကွယ်လျှိုး နေတဲ့သူမဟုတ်ဘူး၊ ယောက်ျားလေးစတိုင်အတိုင်းပဲ နေတဲ့သူမျိုး၊ ဟို မိန်းကလေးလို နေတဲ့သူကျတော့ Transgender ဆိုပြီး သိလာရတာပေါ့နော်။

ကိုဝေယံရဲ့ အိမ်က ကိုယ် gay တစ်ယောက်ဖြစ်တယ်ဆိုတာ ဘယ်လိုမျိုး သိသွားတာလဲ.. အဲဒါလေး နည်းနည်းလောက် ချဲ့ပြီး ပြောပြပေးပါလား။

ပထမနှစ်တက်နေတုန်း အဲဒီကောင်လေးနဲ့ တွဲတာမှ အကြာကြီးပဲ။ တနှစ်ကျော်လောက်ထိ ရှိတယ်။ အမေနဲ့လည်း သူက သိတယ်။ ကျွန်တော်က ပိုက်ဆံအရမ်းသုံးတော့ အိမ်က ပိုက်ဆံလွှဲပေးလို့ရှိရင် ကျွန်တော့်ကို တိုက်ရိုက် မလွှဲပေးဘူး။ သူ့ကိုပဲ လွှဲတယ်။ ဖုန်းနဲ့လည်း ပြောဖူးတယ်။ သူက ထားဝယ်ကိုလည်း လိုက်လည်ဖူးတယ်။ ဆိုတော့ သူ ကျွန်တော့်ကို လမ်းခွဲစကား ပြောခဲ့တုန်းက ကျွန်တော်က ထားဝယ်မှာပေါ့။ အဲဒီနေ့က သူ့မှာ ရည်းစားရှိနေပြီလို့ ဖုန်းထဲကနေ လှမ်းပြောလိုက်တော့ ကျွန်တော် ဖုန်းကို ပေါက်ခွဲပစ်လိုက်မိ တယ်။ အဲဒီအချိန်မှာ အမေက ထွက်ပြေးလာပြီးတော့ မေးတာပေါ့နော်။ အဲဒီမှာ ကျွန်တော်က ကျွန်တော်နဲ့ သူနဲ့က ချစ်သူတွေဖြစ်နေတာ တစ်နှစ်ကျော်ပြီ… အခု သူက လမ်းခွဲစကား ပြောလာတယ်ဆိုပြီး ပြောပြလိုက်တယ်။ အဲဒါနဲ့ အမေက သိသွားတယ်။ ဒါပေမဲ့ အမေက ကိုယ့်ကို မွေးလာတာပဲလေ။ သူလည်း အစကတည်းက ရိပ်မိတော့ ရိပ်မိကောင်းမှာပေါ့နော်။

အဲဒီလို ကိုယ်က ဖွင့်ပြောလိုက်တော့ မိသားစုအတွင်းမှာ ဘာတွေ ဆက်ဖြစ်သေးလဲ။

ကျွန်တော်က ကျွန်တော့်ရည်းစားနဲ့ မပြတ်ခင်ကတည်းက အိမ်ကနေ နှစ်ခါတောင်မှ ဆင်းပြေးဖူးတယ်။ ဒါပေမဲ့ အဲဒီလို ကောင်လေးရည်းစား ထားတယ်ဆိုတာကို ဖွင့်ပြောလိုက်တော့ အိမ်က အဲဒီအချိန်မှာ ကိုယ့်အပေါ် အရမ်းကောင်းခဲ့ကြတယ်။ ကိုယ့်သားလေး Gay ဖြစ်လို့ဆိုပြီး ခွဲခြားတယ်ဆိုတာမျိုးတော့ မရှိခဲ့ဘူး။

Documentary Film Maker တစ်ယောက်အဖြစ် လျှောက်လမ်းလာခဲ့ဖြစ်တာလေးကိုလည်း ပြောပြပေးပါဦး။

အဲဒီကိစ္စတွေလည်းပြီးရော နောက်ပိုင်း ကျောင်းတက်ဖို့ ကိစ္စနဲ့ ရန်ကုန်ကို တစ်ခေါက် ထပ်လာခဲ့တယ်။ ရန်ကုန်ရောက်တော့ Colors Rainbow အဖွဲ့က ရှင်းသန့်နဲ့တွေ့ပြီး ထားဝယ်မှာ သူတို့အဖွဲ့က လုပ်မယ့် LGBT Rights သင်တန်းနဲ့ ပတ်သက်လို့ ကျွန်တော့်ကို တက်ဖို့ ပြောပြခဲ့တယ်။ အဲဒါနဲ့ ကျွန်တော်လည်း ထားဝယ်ကို ပြန်သွားတော့ အဲဒီမှာ အိမ်က ရိပ်မိပြီး ဘာသင်တန်းတက်ဖို့ ပြန်လာတာလဲဆိုပြီး မေးကြတယ်။ လူ့အခွင့်အရေး သင်တန်းတက်ဖို့ ပြန်လာတယ်ဆိုပြီး ပြောပြရင်းနဲ့မှ… ထားဝယ်မြို့ဆိုတာက သေးသေးလေးပဲလေ… ဘာလုပ်လုပ် အကုန်သိတယ်… အဲဒီမှာ မေးရင်းမေးရင်း စုံးစမ်းရင်းနဲ့မှ အဲဒီသင်တန်းနဲ့ ပတ်သက်လို့ အိမ်က အကုန် သိသွားခဲ့တယ်။ သိသွားတဲ့အခါကျတော့ ဒီသင်တန်းကို ဘာဖြစ်လို့ တက်မှာလဲ ဘာညာဆိုပြီး ပြောကြရော… ကျွန်တော်ကလည်း ငယ်ငယ်လေးကတည်းက အခြောက်တွေဆိုတာ ပတ်ဝန်းကျင်မှာ အမြဲတမ်း အနှိမ်ခံရ တယ်ဆိုတာ မြင်ထားသိထားတော့ သူတို့တွေအတွက် လူတွေက အကောင်းဖက်ကနေ မြင်လာအောင် တစ်ခုခု လုပ်ပေးချင်တယ်ဆိုတဲ့ စိတ်က ဒီသင်တန်းတက်ပြီးတော့ ပိုပေါ်လာခဲ့တယ်။ အဲတော့ အမေနဲ့ ဆွေးနွေးတာ ပေါ့။ အမေ… သား ဒီလိုမျိုး လုပ်ချင်တယ်ဆိုပြီး ဆွေးနွေးတော့ အမေက လက်မခံဘူး။ အမေက ကျွန်တော် Gay ဖြစ်တာကို လက်ခံတယ်။ ဒါပေမဲ့ ဒီလိုမျိုး ရှေ့ထွက်ပြီး အားကြိုးမာန်တက်နဲ့ လုပ်မှာကို လက်မခံဘူး။

အဲလိုဆိုတော့ ကိုယ်ကလည်း မထူးပါဘူး… အိမ်ကနေ ဆင်းမယ်ကွာဆိုပြီး လုပ်နေဆဲအချိန်မှာ ကိုဖြိုး (Colors Rainbow) ကနေ ဖုန်းဆက်တယ်… ဝေယံရေ… ရန်ကုန်မှာ Documentary သင်တန်းတစ်ခု ရှိတယ်… မင်း စိတ်ဝင်စားလား တက်ချင်လားဆိုပြီး ပြောလာတယ်။ အဲဒီအချိန်မှာ ကိုယ်ကလည်း အိမ်ပေါ်ကနေ ဆင်းဖို့ လုပ်နေတယ်ဆိုတော့ အဲဒီမှာ ကားလက်မှတ်တွေ ဘာတွေ ခိုးလုပ်တာပေါ့။ အဲဒီလိုနဲ့ အိမ်ပေါ်ကနေ ဆင်းချလာခဲ့တယ်။ ရန်ကုန်ကို စစရောက်ချင်းတုန်းကတော့ Colors Rainbow ကနေလုပ်တဲ့ Documentary နှစ်ပတ်သင်တန်း တက်ပြီးတော့ Documentary ကားတွေကို စတင်ပြီး လုပ်ဖြစ်ခဲ့တယ်။ နှစ်ပတ်လောက် ဆိုပေမဲ့လည်း အပြီးအစီးဆိုရင် တစ်လလောက် ကြာပါတယ်။ အဲဒီသင်တန်းပြီးတော့ ဘာဆက်လုပ်ရမလဲဆို တာ မသိတဲ့အချိန်မှာ ရှင်းသန့်အိမ်မှာ သွားနေတယ်။ အဲဒီမှာ သောင်တင်နေတဲ့အချိန် Human Rights Documentary သင်တန်းကနေ စကောလာပေးမယ်ဆိုပြီး ကြေငြာတော့ ထပ်လျှောက်ဖြစ်တယ်။ အဲဒီမှာ တစ်ခါထပ်ပြီး သင်တန်းထပ်တက်ဖြစ်ရော။ ကိုယ့်ကိုယ်ကို ပွင့်ပွင့်လင်းလင်း Gay တစ်ယောက်အနေနဲ့ ပါသွားတာပေါ့။ အဲဒီမှာ သင်တန်းဆက်တက်ဖြစ်ရင် လောလောဆယ်အထိ Documentary ကားလေးတွေ ဆက်လုပ်ဖြစ်နေတာပေါ့။

Documentary ဇာတ်လမ်းတွေကို ဖန်တီးမှုကတဆင့် LGBT အခွင့်အရေး လှုပ်ရှားမှုအပေါ် ဘယ်လောက်အထိ အကျိုးပြုနိုင်လိမ့်မယ်လို့ မျှော်မှန်းထားတာမျိုးတွေ ရှိလဲ။

Documentary Film Maker ဆိုတာက ဘုရားသခင် မဟုတ်ဘူး။ ဒီကားတစ်ကားကို ကိုယ်က သူ လုပ်နေတာကိုပဲ ပြလို့ရတာ။ ဥပမာ- ဒီကားတွေ ပြလိုက်လို့ LGBT အခွင့်အရေးတွေ တထစ်ချ ရလာလိမ့်မယ်လို့ တထစ်ချ ပြောလို့ မရဘူး။ နောက်ပြီး ကိုယ်က ဒီကားအပေါ်မှာ လွှမ်းမိုးလို့လည်း မရဘူး။ ဒီကားနဲ့ ကိုယ်က တစ်ပြေးတည်း သွားရမယ့်သဘောမျိုးဆိုတော့ ပရိသတ်ရဲ့ တွေးခေါ်နိုင်မှု စွမ်းရည်အပေါ်မှာပဲ မူတည်မှာပေါ့နော်။ ပရိသတ်က သူ့ဟာသူ တွေးသွားမှာပဲ။ ဒါကို ကြည့်ပါဆိုတဲ့ Message မျိုးက ကိုယ်က မပေးချင်ဘူး။ ဒါတွေ ဒါတွေ ဖြစ်နေတယ်ဆိုတာမျိုးကိုပဲ ကိုယ်က ပေးချင်တာ။ အဲတော့ ကိုယ်ပေးတဲ့ဟာတွေ အပေါ်မှာမှ ပရိသတ်အနေနဲ့ သူတို့ရဲ့ Educate ဖြစ်မှုနဲ့ တိုင်းတာပြီးတော့ သူ့ဟာသူ တွေးသွားလိမ့်မယ်။ အဲတော့ Film Maker တစ်ယောက်ရဲ့ မျှော်လင့်ချက်ဆိုတာထက် ကြည့်တဲ့သူရဲ့ တွေးခေါ်နိုင်မှုပေါ်မှာပဲ မူတည်တယ်။

ဟုတ်ပါပြီ… အခုလောလောဆယ်အထိတော့ အိမ်နဲ့တော့ အဆက်အသွယ် မရှိတော့ဘူးဆိုတဲ့သဘောလား။

အိမ်နဲ့ လုံးဝအဆက်အသွယ် ပြတ်နေတာတော့ မဟုတ်ဘူး။ ညီမလေးနဲ့တော့ တစ်ခါတလေ ဖုန်းပြောဖြစ်တယ်။ အမေကတော့ လုံးဝမပြောဘူး။ တစ်ခါတလေ အမေက ကျွန်တော် ဖုန်းဆက်လို့ ကျွန်တော့်အသံ ကြားတာနဲ့ ဖုန်းကို ချက်ချင်း ချပစ်လိုက်တယ်။ နောက်ပြီး အဖေနဲ့လည်း ပြောဖြစ်ပါတယ်။ အဖေနဲ့ကျတော့လည်း အများကြီးတော့ မပြောဖြစ်ဘူးပေါ့နော်။ နေကောင်းလား၊ စီးပွားရေး အဆင်ပြေရဲ့လား… အဲလောက်ပဲ။ တစ်ခါတလေ အိမ်ကို ပိုက်ဆံလေးဘာလေး ပို့ပေးချင်တဲ့အခါကျလို့ရှိရင် လောလောဆယ် ကိုယ့်မှာကလည်း တစ်ယောက်တည်း ရုန်းကန်နေရတာဆိုတော့ သိပ်ပြီး အဆင်ပြေတဲ့ အနေအထားမျိုး မဟုတ်သေးတော့လေ မပို့ပေးနိုင်သေးဘူး။

ဒီအခြေအနေတွေအပေါ်မှာကော ကိုယ့်အနေနဲ့ ဘယ်လို သုံးသပ်မိတာတွေ ရှိလဲ။

အစကတော့ ငါ အိမ်ပေါ်ကနေ ဆင်းလာတာ မှားပြီပေါ့နော်။ အမေနဲ့လည်း တစ်သက်လုံး မတွေ့ရတော့ဘူးဆိုတဲ့ဟာမျိုး ဖြစ်မိတယ်။ ဒါပေမဲ့ သူငယ်ချင်းတွေက အားပေးတယ်။ လုပ်… ဒါကိုပဲ ဆက်လုပ်… မြန်မာနိုင်ငံအနေနဲ့ ဒီ Documentary လောကမှာ LGBT Film Maker တွေဆိုတာ လက်ချိုးရေလို့ ရတယ်။ ဒါလေးနဲ့ ကိုယ့်ရဲ့ Community ကို ဖော်ထုတ်ပေးရမှာ… ပြီးတော့ အမေအဖေတွေဆိုတာကလည်း တစ်နေ့ကျရင် လက်ခံလာကြလိမ့်မယ်… ဘာပဲဖြစ်ဖြစ် ကိုယ့်သားသမီးပဲ… သူတို့ မွေးထားတာဆိုပြီး အားပေးကြ၊ ပြောကြတယ်။ ဟုတ်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း သူတို့လက်ခံမယ်လို့လည်း မျှော်လင့်တယ်။ အမေတို့ လက်ခံလာအောင်လည်း ကျွန်တော် ကြိုးစားပြမှာပါ။ ခြောက်လပိုင်းလောက်ဆိုရင် ကျွန်တော့်ကား နှစ်ကားလောက်တော့ ပါဖို့ရှိလိမ့်မယ်။ အဲဒီအခါကျရင် အဆင်ပြေလို့ ဖိတ်လို့ရရင် အမေတို့ကို ဖိတ်ချင်တယ်။

အဲဒီအခါကျလို့ရှိရင် ကိုဝေယံအနေနဲ့ အမေ့အပေါ်မှာ ဘယ်လို မျှော်လင့်မိတာမျိုးတွေ ရှိလိမ့်မလဲ။

အပေါ်မှာလည်း Documentary film maker တစ်ယောက်ဟာ ဘုရားသခင်မဟုတ်ဘူးလို့လည်း ကျွန်တော် ပြောပြခဲ့ပြီးပြီ။ ဒါနဲ့ ပတ်သက်လို့ အမေ့အပေါ်မှာ ဘာတွေ မျှော်မှန်းမိမလဲဆိုတော့ ကျွန်တော် ရိုက်ချင်တဲ့ ကားတွေကလည်း ကျွန်တော်လိုပဲ ခံစားခဲ့ရတဲ့သူတွေချည်းပဲ ဖြစ်နေမှာပဲ။ နောက်ပိုင်းဆိုလို့ရှိရင် ငယ်ငယ်လေးကတည်းက ခွဲခြားခံရတဲ့သူ၊ အမေအဖေတွေနဲ့ အဆင်မပြေလို့ အိမ်ပေါ်က ဆင်းလာတဲ့သူ… ဒီလိုမျိုး ကျွန်တော့်ခံစားချက်နဲ့ တထပ်တည်းဖြစ်တဲ့ ကားတွေကိုပဲ လုပ်ဖို့ များမယ်ဆိုတော့ ဒီကားလေးတွေကို ကျွန်တော့်ရဲ့ မိဘပဲဖြစ်ဖြစ် တစ်ယောက်ယောက်က ပြန်ကြည့်လိုက်လို့ရှိရင် ဒီကားထဲက သူဟာ ကိုယ် မဟုတ်ဘူး ဆိုပေမယ့် သူတို့တွေရဲ့ စိတ်ထဲမှာ သူတို့ရဲ့ သားလေးဆိုပြီးတော့ ပြန်မြင်ပြီးတော့… ဖြစ်ကောင်း ဖြစ်လာမလားပေါ့လေ။ အဲလိုမျိုး မျှော်လင့်ချက်တော့ ရှိတယ်။

လက်ရှိအနေအထားအရ ကိုဝေယံအနေနဲ့ LGBT တွေနဲ့ ပတ်သက်တာကိုပဲ ရိုက်ဖြစ်တာလား။

ဆရာမင်းထင်ကိုကိုကြီးတို့ရဲ့ သင်တန်းမှာတော့ ဆရာတွေရဲ့ အကြံပေးချက်အရ ကလေးစစ်သားနဲ့ ပတ်သက်တဲ့ ကားတစ်ကားကို ရိုက်ဖူးတယ်။ ဒါကတော့ ကျောင်းက ရိုက်ခိုင်းလို့ ရိုက်တဲ့ ကားပေါ့နော်။ ကျန်တာတွေကတော့ LGBT တွေနဲ့ ပတ်သက်တာတွေချည်းပဲ။ လောလောဆယ်တော့ She is a male ဆိုတဲ့ကားကို ရိုက်ပြီးသွားပြီ။ ခြောက်လပိုင်းကျရင် လုပ်မယ့် လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်မှာ တင်ဖို့ ရှိတယ်။

ကိုဝေယံအနေနဲ့ အခု ဘယ်နှစ်ကားလောက်ကို ရိုက်ပြီးပြီလဲ။

ကင်မရာသမားအနေနဲ့ Open ဆိုတဲ့ကားလေး ရိုက်ပြီးပြီ။ အခုနက ပြောတဲ့ ကလေးစစ်သားနဲ့ ပတ်သက်တဲ့ ကားမှာတော့ ကင်မရာသမားအနေနဲ့ကော တည်းဖြတ်သူအနေနဲ့ပါ လုပ်ခဲ့တယ်။ အခု နောက်ဆုံး လုပ်ခဲ့တဲ့ She is a Male ကားမှာတော့ အစအဆုံး ဒါရိုက်တာ၊ ကင်မရာ၊ တည်းဖြတ်သူအဖြစ် အကုန်လုံး လုပ်ထားတယ်… ဒါပေမဲ့ သူငယ်ချင်းတစ်ချို့ကတော့ အသံဖမ်းတာ၊ ရိုက်ကူးတာတွေကိုလည်း အားရင် အားသလို လာကူပေးတာတော့ ရှိတယ်။

ကိုဝေယံရေ… မိသားစုဖက်လေး ပြန်သွားရအောင်… ကိုဝေယံရဲ့ အမေက ကိုဝေယံအပေါ်မှာ ကိုယ့်သား Gay ဖြစ်တာကို လက်ခံတယ်၊ ဒါပေမဲ့ ဒီလိုမျိုး လူ့အခွင့်အရေးတွေ၊ LGBT အခွင့်အရေးစတာတွေအတွက် ပါဝင်ပြီး အလုပ်လုပ်တာကိုသာ မကြိုက်တာဆိုတဲ့ သဘောမျိုး နားလည်မိတာပေါ့နော်။ အဲတော့ ကိုဝေယံအနေနဲ့ အိမ်ပေါ် ပြန်တက်ချင်တယ်ဆိုရင် ဘာလုပ်ရမယ်ဆိုတာ ရှင်းနေတဲ့သဘောပဲ။ ဒီအပေါ်မှာကော ဘယ်လို စဉ်းစားထားလဲဗျ။

ကျွန်တော် အိမ်ကို ပြန်တက်ဖို့တော့ စိတ်ကူး မရှိဘူး။ ဒါပေမဲ့ အမေနဲ့တော့ ပြန်ပြီး အဆင်ပြေချင် တယ်။ အမေနဲ့မှ မဟုတ်ပါဘူး… တစ်အိမ်လုံးနဲ့ အဆင်ပြေချင်တယ်… နောက်ပြီး တစ်အိမ်လုံးကိုလည်း အထောက်အပံ့ ပေးနိုင်ချင်တယ်။

ကိုဝေယံကကော အမေ့ဖက်က စဉ်းစားပေးမိတာမျိုးကော ရှိလား… ဘယ်လို စဉ်းစားပေးမိတာမျိုးလေး ရှိလဲ။

ရှိလားဆိုတော့… ပြောရရင် ကျွန်တော် Gay ဖြစ်တယ်ဆိုတာကို ကြားတဲ့သူပဲ သိနိုင်မှာလေ။ အခုကျတော့ ကိုယ်က ရှေ့ကို ထွက်လိုက်ပြီဆိုတာနဲ့ အားလုံးက သိသွားမယ်ဆိုတာကို အမေက သိလို့ နေမှာပေါ့။ ကျွန်တော်ထင်တာကတော့ သူ့သား Gay ဖြစ်တယ်ဆိုတာကို ပတ်ဝန်းကျင်မှာ မသိစေချင်ဘူး။ သူ သိရင် ရပြီဆိုတဲ့သဘောမျိုးလို့ ထင်တာပဲ။ နောက်တစ်ချက်က အာဏာပိုင်တွေနဲ့ ရှုပ်ရှုပ်ယှက်ယှက် ဖြစ်လာမှာကိုလည်း စိုးရိမ်တဲ့သဘောမျိုး ရှိတယ်။

အခု အိမ်ပေါ်ကနေ ဆင်းလာပြီး တစ်ယောက်တည်း ဒီလိုနေရတဲ့အပေါ်မှာကော တစ်စုံတစ်ရာ နောင်တရမိတာမျိုးကော ရှိလား။

မရှိဘူး။ မရှိဘူးဆိုတာက ကျွန်တော်သာ နယ်မှာနေလို့ရှိရင် အခုလိုမျိုး သင်တန်းတွေကိုလည်း တက်ခွင့် ရမှာ မဟုတ်ဘူး။ ကျွန်တော်မှာ တစ်ရက်တစ်ရက် အမေ့ဆိုင်လေးမှာပဲ ကုန်ဆုံးနေလိမ့်မယ်။ အခုလိုမျိုး Documentary လောကကိုလည်း ရောက်လာမှာ မဟုတ်ဘူး။ အများကြီး ပြောင်းလဲသွားပါတယ်။

LGBT အသိုင်းအဝိုင်းနဲ့ ပတ်သက်လို့ကော ကိုဝေယံအနေနဲ့ ဘယ်လို သုံးသပ်မိလဲ။

ကျွန်တော်က ကိုယ်တိုင်ကလည်း LGBT အုပ်စုဝင်တစ်ယောက်လည်း ဖြစ်တယ်… Documentary သမားလည်း ဖြစ်တယ်ဆိုတော့ Documentary သမားတစ်ယောက်အနေနဲ့ ကိုယ့်ရွေးလိုက်တဲ့ main character ကို အမှန်အတိုင်း ပြောရရင် အဘက်ဘက်က အပြစ်အနာအဆာ ကင်းတဲ့သူမျိုး ဖြစ်စေချင်တယ်။ အဲလိုမျိုးပဲ… ကျွန်တော်တို့ LGBT တွေအားလုံး အပြစ်အနာအဆာ ကင်းတဲ့သူတွေ ဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့ကို လာပြီး ရှုတ်ချပြောဆိုတဲ့သူတွေဆိုတာလည်း ရှိလာမှာ မဟုတ်ဘူး။ အခုကတော့ LGBT လို့ ဆိုလိုက်တာနဲ့ သာမန်လူတွေရဲ့ မျက်စိထဲမှာ တစ်ခုခု လွဲနေတဲ့သူတွေဆိုပြီး မြင်နေကြတဲ့အတွက် ကိုယ့်ဖက်က နည်းနည်းလေး အမှားလေး လုပ်မိလိုက်တာနဲ့တင် လူတွေရဲ့ ပါးစပ်ထဲမှာ အများကြီး ပြောစရာတွေ ဖြစ်လာတယ်။ ဒါကတော့ တစ်ပိုင်းပေါ့နော်… အဲတော့ ကိုယ့်ဖက်ကနေ အတတ်နိုင်ဆုံး အနေအထိုင်တွေ ဆင်ခြင်နိုင်မယ်ဆိုရင် ပတ်ဝန်းကျင်မှာ ပြောစရာဆိုတာ ရှိလာမှာ မဟုတ်ဘူး။ ကျွန်တော့်တို့ ပတ်ဝန်းကျင်မှာ လည်း အဲလို အနေအထိုင် ဆင်ဆင်ခြင်ခြင် နေနေတဲ့သူတွေ အများကြီး ရှိပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ အခွင့်အရေးဆိုင်ရာ အသိပညာပေးမှုတွေ၊ လူထုကြား စည်းရုံးလှုံ့ဆော် ပညာပေးမှုတွေ အားကောင်းလာတော့ လူတွေရဲ့ အမြင်မှာ LGBT ဖြစ်လို့ရှိရင် ရှောက်သီးဆေးပြား ရောင်းစားမယ်တို့၊ နတ်ကတော် လုပ်စားမယ်တို့ဆိုတာ အရင်ကလို မရှိတော့ဘူး။ အဲဒီဘောင်ထဲကနေ ကျွန်တော်တို့ ချိုးဖောက်လာနိုင်ကြပြီ။ မိတ်ကပ်ဆရာတွေဆိုရင်လည်း တကယ့်ဖရော်ဖက်ရှင်နယ်သမားတွေအဖြစ် အသိအမှတ်ပြု ခံလာရပြီ။ တော်တော်တော့ ပြောင်းလဲလာပါပြီ။ ဒါကတော့ အပြုအမူပိုင်းပေါ့နော်… အဲတော့ စိတ်ဓါတ်ပိုင်းဆိုင်ရာတွေကိုသာ နှစ်ဦးနှစ်ဖက် ပြုပြင်ပြောင်းလဲနိုင်မယ်ဆိုရင် ပိုကောင်းတဲ့အခြေအနေတစ်ခုဆီ ကျွန်တော်တို့ ရောက်နိုင်မယ်လို့ မျှော်လင့်မိတာပဲ။ နောက်တစ်ခု အရေးကြီးတာက ကျွန်တော်တို့ အသိုင်းအဝိုင်းထဲမှာလည်း တစ်ယောက်နဲ့တစ်ယောက် စုစည်းညီညွတ်မှုမရှိတာ၊ တစ်ဦးအပေါ် တစ်ဦး အပြန်အလှန် လေးစားမှုနည်းတာ၊ ဝုန်းတာချေတာမျိုးတွေကိုလည်း ပြုပြင်နိုင်ဖို့ လိုပါလိမ့်မယ်။

အနာဂတ်မှာ ဘာတွေလုပ်ဖို့ စိတ်ကူးထားတာ ရှိလဲ။

ကျောင်းက တစ်ပိုင်းတစ်စဆိုတော့ ကျောင်းပြီးအောင်လည်း တက်ရမယ်။ Documentary နဲ့ ပတ်သက်လို့တော့ feature တွေ ရိုက်ချင်တယ်။ နောက်ပြီး LGBT တွေအပြင် တခြား လူ့အခွင့်အရေးနဲ့ ဆက်စပ်ပတ်သက်တဲ့ ကားလေးတွေကိုလည်း ရုုိက်ချင်တယ်။ စိတ်ကူးလည်း ရှိတယ်။ နောက်တစ်ခုက ရည်းစားတစ်ယောက်လောက် လိုချင်တယ်။

ခေတ်သစ်လူ စီစဉ်တင်ဆက်သည်

 

မှတ်ချက်။           ။ ကိုဝေယံမှာ LGBT Filmmaker တစ်ဦးဖြစ်ပြီး လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ နေထိုင်လျက် ရှိသည်။ ၂၀၁၅ ခုနှစ်ထုတ် Colors Rainbow မဂ္ဂဇင်းတွင် ဖော်ပြခဲ့ပြီးသည်ကို ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *