YOU ARE HERE: Home အင်တာဗျူးကဏ္ဍ စကားဝိုင်းကဏ္ဍ မေလ (၁၇) ရက်နေ့ အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေး အထိမ်းအမှတ်နေ့အကြောင်း ရင်တွင်းဖြစ် စကားဝိုင်း

မေလ (၁၇) ရက်နေ့ အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေး အထိမ်းအမှတ်နေ့အကြောင်း ရင်တွင်းဖြစ် စကားဝိုင်း

User Rating: / 1
PoorBest 

ပြီးခဲ့တဲ့ မေလ (၁၇) ရက်နေ့က အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေး အထိမ်းအမှတ်နေ့အခမ်းအနားတက်ရောက်လာတဲ့သူတွေနဲ့ လွတ်လပ်စွာအမြင်ချင်းဖလှယ်တဲ့ စကားဝိုင်းလေးကျင်းပဖြစ်ပါတယ်။

အနယ်နယ်အရပ်ရပ်က တက်ရောက်လာတဲ့ လိင်တူချစ်သူ ခြောက်ယောက်ကို ပွင့်ပွင့်လင်းလင်းမေးခွန်းလေးတွေမေးပြီး သူတို့ရဲ့ဘ၀အကြောင်း၊ အမြင်အယူအဆလေးတွေကို စာဖတ်ပရိဿအတွက် ဖော်ပြလိုက်ပါတယ်။ တချို့အမည်တွေကို ပြောင်းလဲထားရတဲ့အပေါ် ပရိတ်သတ်နားလည်နိုင်မယ်လို့ယူဆပါတယ်။

နောင် ကတော့ ထိုင်းနိုင်ငံ ရနောင်းမြို့ရောက် မြန်မာလူမျိုးတယောက်ဖြစ်ပြီး မန်နေဂျာအဖြစ်အလုပ်လုပ်နေပါတယ်။ နှင်းဆီ၊ သဇင်၊ ဒေလီယာ၊ ဇီဇ၀ါ၊ ခရေ တို့ကတော့ မြန်မာနိုင်ငံမှာ အေအိုင်ဒီအက်စ်ပညာပေးလုပ်ငန်းလုပ်နေတဲ့ လိင်တူချစ်သူတွေ ဘဲဖြစ်ပါတယ်။

gem-logo

မေး။ ။ အခု မေလ ၁၇ ရက်နေ့မှာ ရနောင်းမြို့၊ ရနောင်းဂါးဒင်းဟိုတယ်မှာ ကျင်းပပြုလုပ်သွားတဲ့ အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအား ကြောက်ရွံ့မုန်းတီးမှုအပေါ် ဆန့်ကျင်ရေးနေ့ အခမ်းအနားကို တက်ရောက်ရတဲ့အတွက် ကိုယ့်ရဲ့စိတ်ခံစားမှုလေးကိုလည်း ပြောပြပေးပါဦးနော်။

နှင်းဆီ။ ။ ကျမကတော့ ဒီမေလ ၁၇ ရက်နေ့ကိုပေါ့လေ လာပြီးတော့ တက်ရတဲ့အတွက် မကြုံဖူးတဲ့ အတွေ့အကြုံတွေပေါ့လေ၊ ပြီးတော့ ကျမတို့ မြန်မာပြည်မှာမရှိတဲ့ ဒီလိုမျိုးအခွင့်အရေးတောင်းဆိုမှုတွေကို တွေ့ရတဲ့အတွက် ၀မ်းသာတယ်။ ပြီးတော့ ကြည်နူးပြီးတော့ ပီတီ တွေဖြစ်မိပါတယ်။ ရနောင်းမှာရှိတဲ့ MSM တွေက စုစုစည်းစည်းနဲ့ပေါ့လေ ဒီလိုမျိုး ကိုယ့်အုပ်စုအတွက် အလုပ်လုပ်တာတွေကိုတွေ့တဲ့အခါကျတော့ အားကျပြီးတော့ ကျေနပ်မှုတွေလည်း ဖြစ်လာပါတယ်။

ဒေလီယာ။ ။ ဒီလိင်တူချစ်သူများအား ကြောက်ရွံ့မုန်းတီးမှုများအပေါ် ကန့်ကွက်ဆန့်ကျင်ရေးပွဲလေးဟာဆိုရင် တခါမှ မကြုံဖူးဘူး။ တသက်နဲ့တကိုယ် ဒီတခါပဲ ကြုံဖူးတဲ့အတွက် အရမ်းလည်း ၀မ်းသာပြီးတော့ အရမ်းလည်း အတွေ့အကြုံတွေ အများကြီးရတာပေါ့နော်။ ဒီလိုပွဲမျိုးကိုလည်း နောက်ထပ် နှစ်စဉ်နှစ်တိုင်း အမြဲတမ်း ကျင်းပနိုင်လိမ့်မယ်လို့လည်း ထင်ပါတယ်။ ကျင်းပတဲ့ ပွဲတိုင်းမှာလည်း ပါဝင်ဆင်နွဲချင်ပါတယ်။ ကိုယ့်နိုင်ငံမှာလည်း နောင်ဆိုရင် ဒီလိုမျိုးပွဲလေးတွေ ပေါ်ပေါက်လာမယ်လို့ မျှော်လင့်တယ်ပေါ့နော်။ အခုချက်ခြင်း မလုပ်နိုင်ရင် တောင်မှ တဖြည်းဖြည်းနဲ့လုပ်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီမှာ သူငယ်ချင်းအသစ်တွေနဲ့တွေ့ရတဲ့အတွက် အားလုံးဟာဆိုလို့ရှိရင် MSM တွေ တသွေးတသားတည်း စည်းစည်းလုံးလုံးနဲ့ ပွဲကြီးကို အောင်အောင်မြင်မြင်ပြုလုပ်နိုင်ခဲ့တဲ့အတွက် အတော်လေးကို ဂုဏ်လည်းယူတယ်။ ၀မ်းလည်းဝမ်းသာတယ်။ အရမ်းကိုပီတိဖြစ်ပြီး ကိုယ့်ဆီမှာလည်း ဒီလိုမျိုးလုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်။ လုပ်နိုင်လာအောင်လည်း ကြိုးစားပြီး ရည်မှန်းချက် ချထားတယ်ပေါ့နော်။

သဇင်။ ။ ကျမကတော့လေ ဘာကိုသွားပြီးတွေ့ကြုံခံစားရသလဲဆိုရင် အိပ်မက်ကြီးတခု ကျမ မက်နေရာကနေ လန့်နိုးတဲ့အချိန်မှာလေ တကယ့်ကိုအိပ်မက်ထဲမှာ ဖြစ်တဲ့အရာတွေက အပြင်မှာတွေ့လိုက်ရတယ်။ ဘာလဲဆိုတော့ ကိုယ့်ရဲ့လိင်တူချင်းတွေအပေါ်မှာ အခွင့်အရေးတွေရဖို့အတွက် လုပ်ဆောင်ရတဲ့ပွဲမှာ အရမ်းလည်းပျော်တယ်။ နောက်တခုက ရေးထားတဲ့ခေါင်းစဉ်ကို ဖတ်ကြည့်ပြီး ကျမရဲ့ သေသွားတဲ့သူငယ်ချင်းကို သွားသတိရတာပေါ့။ ၁၉၉၈ခုနှစ် တုန်းက သူပြောခဲ့တဲ့စကား အတိုင်းသုံးထားတာ ကျမတွေ့လိုက်ရတယ်။ မိန်းမလျာဆိုတာ တကယ်တော့ ကူးစက်တဲ့ရောဂါမဟုတ်ပါ၊ သူပြောခဲ့တဲ့စကားနဲ့ ကျမတွေ့လိုက်တဲ့အချိန်မှာ သွားတိုက်ဆိုင်တယ်ပေါ့နော်။ ကျမသမီးပါပဲ။ ကျမအရမ်းဝမ်းလည်းသာပါတယ်။

ဇီဇ၀ါ။ ။ အခုရနောင်းမှာလုပ်တဲ့ လိင်တူချစ်သူများအား ကြောက်ရွံ့မုန်းတီးမှုအပေါ် ကန့်ကွက်ဆန့်ကျင်ရေးနေ့ပွဲကို တက်ရတဲ့အတွက်ကြောင့် ဂုဏ်လည်းဂုဏ်ယူပါတယ်။ ၀မ်းလည်းသာပါတယ်။ ကျနော်တို့ လိင်တူချစ်သူတွေအချင်းချင်း အသိမိတ်ဆွေတွေလည်း တိုးပွားလာပါတယ်။ ဒီပွဲမှာ လိင်တူချစ်သူ ဖက်ရှင်ရှိုးပွဲအတွက် ၀တ်စုံတွေကို ဖန်တီးပေးခွင့်ရတဲ့အတွက်လည်း အားရကျေနပ်မိပါတယ်။ လာမယ့် လာမယ့် ပွဲတွေမှာလဲ ဒီထက်မက လှပတဲ့ဝတ်စုံတွေကို စပွန်ဆာ ဆက်ပြီးပေးပါမယ်လို့ ကျနော်ကတိပြုပါတယ်။

ခရေ။ ။ အခုလို လိင်တူချစ်သူများအား ကြောက်ရွံ့မုန်းတီးမှုများအပေါ် ကန့်ကွက်ဆန့်ကျင်ရေးနေ့ပွဲကို တက်ရတဲ့အတွက်ကြောင့် ၀မ်းလည်းသာပါတယ်။ နောင်လည်း နှစ်တိုင်းလုပ်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ အကုန်လုံးလည်း ကျန်းမာပြီး နောင်နှစ်အခါ ပြန်လည် ဆုံတွေ့နိုင်ပါစေလို့ ရည်စူးထားပါတယ်။ မျှော်လင့်ထားပါတယ်။ ဆန္ဒလည်းရှိပါတယ်။

နောင်။ ။ နောင်ကတော့ပေါ့နော် ဒီလိုမျိုး ကိုယ့်ရဲ့ဂျီမအချင်းချင်း တယောက်နဲ့တယောက်နားလည်ပြီး ကူညီရိုင်းပင်တဲ့ အဖွဲ့အစည်းမျိုးကို မြင်လည်းမမြင်ခဲ့ဖူးဘူးပေါ့နော်။ မေလ ၁၇ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအား ကြောက်ရွံ့မုန်းတီးမှုအပေါ် ကန့်ကွက်ဆန့်ကျင်ရေးနေ့ ဆိုတာဘာလဲဆိုတာကို အခုမှ လက်တွေ့သိလိုက်ရတဲ့အတွက် တကယ်လည်း ဂုဏ်လည်းဂုဏ်ယူတယ်။ ၀မ်းလည်းဝမ်းသာတယ်။ အားလည်းရှိလာတယ်။ ဘယ်လိုပြောမလဲ ကိုယ့်မိသားစု အသစ်တခုပြန်တွေ့သလိုမျိုးခံစားရတယ်။ နောက်နှစ်လည်း ဒီလိုပွဲမျိုးကို ကြုံချင်ပါတယ်။ အခက်အခဲတွေဖြစ်နေတဲ့ ဂျီမတွေ အကုန်လုံးကိုလည်း ဒီလိုမျိုး စည်းစည်းလုံးလုံးနဲ့ မိသားစုစိတ်ဓာတ်နဲ့ ဖြစ်နေတာမျိုးကိုလည်း မြင်ချင်တယ်ပေါ့နော်။ ဒီလိုပွဲမျိုးကိုလည်း အမြဲတမ်းမျှော်လင့်ပါတယ်။ ကြုံလည်းကြုံချင်ပါတယ်။

gem-logo

မေး။ ။ ပတ်ဝန်းကျင်ကမြင်တဲ့ ဂျီမတွေဟာ ဘာမှအသုံးမ၀င်ဘူး၊ ဘယ်နေရာမှာမှ အသုံးမကျဘူးလို့ပြောတဲ့ အမြင်ပေါ်မှာရော ဒီကလူတွေ အနေနဲ့ ဘယ်လိုမြင်လဲဆိုတာကို ပြောပြပေးပါဦး။

ဒေလီယာ။ ။ ကျမဆိုလို့ရှိရင် ဗြူတီပါလာ လုပ်တယ်။ ဗြူတီပါလာလုပ်တယ်ဆိုလို့ရှိရင် သတို့သမီးတွေအများကြီးကို ကျမအလှပြင်ပေးနိုင်တယ်။ အဲဒီတော့ ကျမနေနဲ့ ဒီပတ်ဝန်းကျင်မှာ ရှိသင့်လား၊ မရှိသင့်ဘူးလား ဆိုတာကို သူတို့တွက်ဆလို့ရတယ်။ နောက်တခု ကျမ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် နဲ့ပက်သက်ပြီးတော့မှ လူသားတွေကို အကျိုးပြုပေးတဲ့ ပညာပေးသင်တန်းတွေလုပ်ပေးတယ်။ ဒီတော့ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် နဲ့ ပက်သက်ပြီးတော့မှ အကျိုးပြုလုပ်ဆောင်ပေးနေတဲ့သူတယောက် ကရော ဒီပတ်ဝန်းကျင်မှာရှိသင့်လား၊ မရှိသင့်တော့ဘူးလားဆိုတာကို အားလုံးပြောပြလို့ရတယ်။

နှင်းဆီ။ ။ လူ့အသိုင်းအ၀ိုင်းမှာ ဒီ MSM တွေက အကျိုးမ၀င်ဘူး အသုံးမကျဘူးဆိုရင် ကျမတို့လည်း ကျမတို့ နိုင်ငံပေါ့လေ ကျမတို့လူမျိုးပေါ့ မိသားစုအတွက်ကို တဖက်တအားကနေပြီးတော့ ကိုယ်တက်နိုင်တဲ့ဝန်နဲ့ပေါ့လေ ဒီနေ့အထိထမ်းဆောင်တယ်။ နောက်တော့ ဒီကမ္ဘာမှာ ခြိမ်းခြောက်နေတဲ့ အိတ်စ် ရောဂါပေါ့လေ ကျမတို့ရဲ့ ဒီ MSM အုပ်စုကြီးတစ်ခုလုံးကပေါ့လေ ကင်းဝေးသွားအောင် ကျမတို့ လုပ်နိုင်တဲ့ဖက်ကနေပြီးတော့ ဆောင်ရွက်ပေးနေတယ်ပေါလေ။ အဲဒီအတွက် ကျမတို့ ကတော့ MSM တွေဟာ အများပြည်သူအတွက် အကျိုးမဲ့တဲ့အရာမဟုတ်ဘူးဆိုတာကိုတော့ ကျမတို့ရဲ့နှလုံးသားထဲမှာ သတ်မှတ်ထားပါတယ်။

သဇင်။ ။ တကယ့်တကယ်တော့ ပြန်ကြည့်မယ်ဆိုရင် ကျမတို့ MSM တွေဟာ အလွှာအသီးသီးမှာ သူ့ဟာသူ တာဝန်ယူထားပြီးသား၊ သူ့နေရာနဲ့သူ တန်ဖိုးရှိပြီးသား။ ဥပမာ တစ်ခုပြောမယ်ဆိုရင် ကျမတို့ လက်ငါးချောင်းမှာ လက်လေးချောင်းကဖယ် တချောင်းကို MSM လို့ထား ကျန်လက်လေးချောင်းတည်းနဲ့ လက်သီးဆုတ်လို့ အားမဖြစ်ပါဘူး။ အဲတော့ လက်တချောင်းဖြစ်တဲ့ MSM ကို ထပ်ပြီးဆုတ်မှ အားဆိုတာဖြစ်လာပါတယ်။ အဲတော့ ကျမတို့ MSM ကိုထည့်ပြီးတော့ အားရှိအောင်ဆုတ်မှ အားဆိုတာဖြစ်လာမယ်ဆိုရင် ကျမတို့ MSM ဆိုတာ အလိုလို လူ့လောကရဲ့ အသိုင်းအ၀ိုင်းမှာ တန်ဖိုးဒီထက်မက ပိုရှိသွားမယ်လို့ ကျမကထင်တယ်။

ဇီဇ၀ါ။ ။ လူမှုအဖွဲ့အစည်းထဲမှာ ဒီ MSM တွေ ရှိသင့်လား မရှိသင့်ဘူးလားဆိုတဲ့ဟာနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုလို့ရှိရင် MSM တွေရှိသင့်ပါတယ်။ MSM တွေဟာ ကိုယ့်ရဲ့ကြိုးစားမှု ယုံကြည်မှုတခုနဲ့ ရုန်းကန်ပြီးတော့ လူမှုအဖွဲ့အစည်းထဲမှာ နေရာတနေရာရအောင် အကုန်လုံးကြိုးစားနေကြတာပါပဲ။ ကြိုးစားနေတဲ့အတိုင်းလဲ တတပ်တအားအနေထားနဲ့ ဒီMSMတွေ မရှိရင်မဖြစ် မပါရင်မဖြစ်တဲ့ အနေထားတွေအများကြီးရှိပါတယ်။ အဲဒီအနေအထားတွေက ဘာလဲဆိုတော့ ဗြူတီပါလာလိုင်းနဲ့ ပက်သက်တယ်ဆိုလို့ရှိရင် ဒီMSMတွေမပါလို့မရဘူး။ နောက်တခုက ကျနော်တို့ ပန်းအလှပြင်တဲ့နေရာတွေမှာ ဒီMSMတွေပဲ ပိုပြီးမျက်စိရှိတယ်။ နောက်တစ်ခုက ဒီဇိုင်နာတွေ ဆိုရင် ဒီMSM ဒီဇိုင်နာတွေပဲ နာမည်ကြီးတယ်။ နောက် ဒီကရေးရှင်းပိုင်းဆိုင်ရာ ဖန်တီးမှု အနေထားတွေက ဒီMSMတွေက မပါမဖြစ်ဘူး။ သူတို့လူ့အဖွဲ့စည်းအသိုင်းအ၀ိုင်းမှာ မင်္ဂလာဆောင်မယ်။ သတို့သမီးတယောက်ရဲ့ ၀တ်စားဆင်ယင်မှု ဘယ်သူက ဒီဇိုင်းထွင်ပေးလဲ။ ဒီMSMတွေပဲ ထွင်ပေးတာပဲ။ သူတို့ ဒီMSMတွေကို အားမကိုးလို့မရဘူး။ MSMတွေကို ပြစ်ပယ်ထားလို့မရဘူး။ MSMတွေက နေရာ တနေရာကိုရတယ်။ လူမှုအသိုင်းအ၀ိုင်းမှာ ပါကိုပါသင့်တယ်။ ရှိလည်းရှိသင့်ပါတယ်။

နောင်။ ။ နောင် အမြင်ကိုပြောရမယ်ဆိုရင် စကားပုံတခုရှိတယ်ပေါ့နော်။ ‘ကုလားလည်းလူ လူလည်းကုလား’ ဆိုသလို ဂျီမတွေလည်းပေါ့နော် လူသားထဲက လူသားတွေပါပဲ။ မရှိလို့မဖြစ်ပါဘူး။ ရှိကိုရှိရမယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေကအမြင်အားဖြင့် ဖယ်ကျဉ်ထားကြပေမယ့် တခုပြောချင်တာက ဒီကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းမှာ အလှအပနဲ့ပတ်သက်လာရင် ကျနော်တို့ ဂျီမတွေက ထိပ်စီးလို့ပြောလို့ရသလို ဂုဏ်လည်းဂုဏ်ယူတယ်။ အမြင်သေးတဲ့သူတွေကတော့ ကျနော်တို့ ဂန်ဒူးတွေကိုတော့ အောက်တန်းစားတွေဆိုပြီးတော့ ဖယ်ကျဉ်ထားကြတာပေါ့နော်။ အမြင်ကျယ်တဲ့သူတွေ ဗဟုသုတကြွယ်ဝတဲ့သူတွေကတော့ ထည့်သုံးကြတယ်။ အလှအပနဲ့ပတ်သက်လာရင် ကျနော်တို့ကို ဖယ်ကျဉ်ထားလို့မရကြဘူးလေ။ ဂန်ဒူးဆိုပေမယ့် သူတို့က မိန်းမလိုရော ယောက်ျားလိုရော ပညာနှစ်မျိုးစလုံးကို တတ်တယ်ဆိုတော့ ပြောရမယ်ဆိုရင် သူတို့က ပိုပြီးထူးချွန်တယ်လို့ ပြောပါရစေ။ နောင်ကတော့ မိန်းမအလုပ်ဆိုလည်း လုပ်လို့နိုင်တယ်။ ယောက်ျားအလုပ်ဆိုလည်း လုပ်လို့နိုင်တယ်။ ငါဟေ့ ယောက်ျား မပြောနိုင်ပေမယ့် ယောက်ျားအလုပ်ကို လုပ်လို့နိုင်တယ်လို့ထင်တယ်ပေါ့နော်။ လုပ်လည်းလုပ်တယ်။ ကျနော်ကိုယ်တိုင်လည်း လုပ်တယ်။ အဲဒါကြောင့် အများလည်း လုပ်နိုင်မယ်လို့ ကျနော်ထင်တယ်။

ခရေ။ ။ အလွှာအသီးသီးမှာလေ MSMတွေဟာ အမြဲတမ်းရှိတယ်။ MSMတွေမပါရင် မဖြစ်ဘူးလို့လည်းပြောကြပါတယ်။ သူတတ်နိုင်တဲ့ ဖက်ကနေ အမြဲတမ်းသူ့ဟာနဲ့သူ အမြဲတမ်းပါဝင်ဆောင်ရွက်သွားလိမ့်မယ်။ လောကကြီးမှာ MSM မရှိရင် မဖြစ်ဘူးဆိုတာကို ကျနော်ဆန္ဒပြုပါတယ်။

မေး။ ။ ကိုယ့်ရဲ့ဘ၀ထဲမှာရော လိင်တူချင်းချစ်တဲ့သူ ဖြစ်တဲ့အတွက်ကြောင့် ခွဲခြားဆက်ဆံခံရဖူးတာရှိရင် ပြောပြပေးပါဦး။

နှင်းဆီ။ ။ ကျမဘ၀မှာပေါ့လေ ဒီလိုမျိုးနှိပ်ချ ခွဲခြားခံရဖူးတာကတော့ ၁၉၉၃ခုနှစ် ဆယ်တန်းအောင်တဲ့အချိန်မှာ အလူးအလဲ ခံခဲ့ရပါတယ်။ ထားခဲ့တဲ့ ဆံပင်ရှည်တွေကို ညှပ်ပြီးတော့ တက္ကသိုလ်ကို ၀င်လျှောက်ခဲ့ပါတယ်။ ဒါပေမယ့် ကျမ တက္ကသိုလ်မှာ စတတ်တော့ ဂေး ဆိုပြီးတော့ အမျိုးသားတွေကလည်း ကျမကို လက်မခံကြပါဘူး။ အမျိုးသမီးတွေကလည်း သူတို့ဘေးမှာ လာထိုင်တဲ့အခါကျရင် ရှောင်ကျဉ်ကြပါတယ်။ အဲဒီမှာ ကျမ ကြေကွဲရတယ်ပေါ့နော်။ ကျမဖြစ်ချင်တာက မိန်းမပုံစံနဲ့တက်ချင်တယ်။ ဒါပေမယ့် ကျမတက္ကသိုလ်မှာ လေးနှစ်လုံးလုံးကို ဇွတ်ကျားပြီးတော့ တက်ခဲ့ရတယ်။ ရင်ထဲမှာတော့ နေ့တိုင်းမျက်ရည်တွေ ကျခဲ့ရပါတယ်။

သဇင်။ ။ ကျမကတော့ မိသားစုနဲ့ ပက်သက်လို့တော့ ပြောချင်ပါတယ်။ ဒါကလည်း ကိုယ့်ရဲ့မိသားစုကို စော်ကားတဲ့စကားမဟုတ်ပါဘူး။ ဖြစ်လာတတ်တဲ့ ဖြစ်စဉ်ကိုပြောပြတာပါ။ ကျမတို့က မောင်နှမလေးယောက်ရှိတယ်။ မိန်းကလေးက သုံးယောက် ကျမက အငယ်ဆုံး။ ငယ်ငယ်တုန်းကပေါ့နော် အိမ်မှာ အဖေက ဘယ်ကိစ္စမဆို ကျမကို ဦးစားမပေးဘူး။ အမြဲတမ်း ချောင်ထိုးထားတယ်။ ဘာကြောင့်လည်းဆိုတော့ ကျမက MSMဖြစ်လို့ အရာရာကျမကိုနှိမ့်ချတယ်။ ကျမကို အားမကိုးဘူးပေါ့နော်။ တခုခုဖြစ်ပြီဆို ကျမကို အိမ်ပေါ်က မောင်းချတော့တာပဲ။ အဲဒီဒဏ်တွေ ကျမတော်တော်ကို ခံခဲ့ရတယ်။ ဒါပေမယ့် အခုချိန်မှာ ကျမက ပြန်ပြီးတော့ တချိန်တုန်းက ကျမကိုနှိပ်ချခဲ့တဲ့အဖေက မရှိတော့ပေမယ့် အစ်မတွေအားလုံးကို ကျမက ပြန်ပြီးစောင့်ရှောက်တယ်။ ပြန်ပြီး သူတို့ကို ပြုစုပေးရတယ်။ ကျမက အဲဒီတခုတော့ ရှိခဲ့ရပါတယ်။ အဖေ့ရဲ့ နှိမ့်ချမှုကို ခံခဲ့ရတယ်ပေါ့နော်။ ဖိုးအေကလည်း ဒီအတိုင်းပဲ ကိုယ့်ကိုငယ်ငယ်ကတည်းက ကိုယ်က သနပ်ခါးတွေ ဘာတွေ လိမ်းတဲ့အခါကျတော့ ဟိုကောင် အခြောက်က ဘယ်မှာလဲ။ ဆဲတာတောင် မအေလိုး၊ ဖအေလိုးမ လို့ ကိုယ့်ကိုဆဲတာ။ ဒီအခြောက်ကို ဖင်ထဲမှာ ဗြောက်အိုး ထည့်ပြီး ဖောက်မယ်ဖောက်မယ်ဆိုပြီး ကျမကို အရမ်းနှိမ့်ချပါတယ်။ ဒါကျမတို့ မိသားစု ပေါ့နော်။ ဖအေတွေ၊ အဖိုးတွေကို စော်ကားတာမဟုတ်ပါဘူး။ ဖြစ်တတ်တဲ့ သဘာဝကို ကျမက တင်ပြတာပါ။

ဒေလီယာ။ ။ ကျနော်ဘ၀မှာတော့ ပထမဆုံးအကြိမ် မိန်းမလို စ၀တ်တဲ့အချိန်မှာပေါ့နော် အရင်တုန်းက ကျောင်းတုန်းကပေါင်းခဲ့တဲ့ ယောက်ျားလေး သူငယ်ချင်းတွေနဲ့ ပြန်တွေ့တဲ့အချိန်မှာ ကျနော်ကို လုံးဝအရေးမလုပ်ကြဘူး။ မခေါ်ကြဘူးပေါ့နော်။ အပေါင်းအသင်းလည်း မလုပ်ကြတော့ဘူးပေါ့။ အဲဒီအချိန်မှာ ကျနော်မိန်းမလိုစ၀တ်တဲ့အချိန် အသက် ၂၀ ကျော်လောက်ပေါ့နော် အဲဒီအချိန်မှာ ကျနော်ကို ခွဲခြားနှိပ်ချမှုတွေဖြစ်ခဲ့တယ်။ မိန်းမလို ၀တ်ထားတယ်လို့ရှိရင် သူတို့တွေကရှက်တယ် မပြောရဲဘူး ဆိုပြီးတော့ သူတို့က လုံးဝကို အခုချိန်ထိကို စကားမပြောတော့တဲ့ သူလည်းရှိပါတယ်။

ဇီဇ၀ါ။ ။ လိင်တူချစ်သူတွေကို မုန်းတီးတဲ့အနေအထားက ကျနော်ဘ၀နဲ့ပြောရရင် အခုမကြာသေးခင်ကပေါ့နော် ၂၀၀၇ နှစ်ဦးပိုင်းမှာ လိင်ဆက်ဆံဖော်တယောက်နဲ့ လိင်ဆက်ဆံမိတယ်ပေါ့နော်။ လိင်ဆက်ဆံ ဖြစ်တဲ့အချိန်မှာ သူ့ရဲ့ကြံစည်မှုတွေက ကွန်ဒုံးမသုံးပဲ လိင်ဆက်ဆံချင်တယ်ဆိုပြီးတော့ တောင်းဆိုလာတယ်။ တောင်းဆိုလာတဲ့အချိန်မှာ ကွန်ဒုံးမသုံးတာကို လက်မခံသည့်အတွက်ကြောင့် ဓါးနဲ့ရွယ်ရင်းကနေပြီးတော့ ဓါးထိုးမှုအဆင့်ထိ ဓါးထိုးခံရတဲ့အထိ ကျနော်ဘ၀မှာ ဖြစ်ခဲ့ဖူးပါတယ်။ ဒါဟာ လိင်တူချစ်သူအပေါ်မှာ မုန်းတီးပြီးတဲ့အခါကျတော့ အသက်တချောင်းဆုံးရှုံးအောင်အထိ ကြံစည်တဲ့အနေအထား မျိုးလည်းဖြစ်တယ်။ အဲဒီအတွက်ကြောင့် ဒီလိင်တူချစ်သူများအား ကြောက်ရွံ့မုန်းတီးမှုများအပေါ် ကန့်ကွက်ဆန့်ကျင်တဲ့နေ့မှာ ဂုဏ်လည်း ဂုဏ်ယူတယ်။ ဒီ မေလ (၁၇) ရက်နေ့ ‘အပြည်ပြည်ဆိုင်ရာလိင်တူချစ်သူများအား ကြောက်ရွံ့မုန်းတီးမှုအပေါ် ဆန့်ကျင်ရေးနေ့’ ဟာဆိုရင် ဖြစ်လည်း ဖြစ်သင့်တယ်။ ဖြစ်ကိုလည်း ဖြစ်ရမယ်ဆိုတာကို ကျနော်အနေနဲ့ ခံယူပါတယ်။ ကျနော်ရဲ့ ကိုယ်တိုင် ခံစားချက်တခုပါ။

ခရေ။ ။ ကျနော်အဖေက ဗိုလ်မှူးကြီးဆိုတော့လေ လိင်တူချစ်သူတွေရဲ့ဘ၀ကို အင်မတန်မှ ရွံစရာကောင်းတယ်လို့မြင်ပါတယ်။ ကျနော်ကို အိမ်ထောင်ပြုပေးဖို့ အမျိုးမျိုး အခါခါ ကြိုးစားခဲ့ပါတယ်။ ကျနော်က အိမ်ထောင်မပြုတဲ့အတွက် ကျနော်ကို သုံးနှစ်လောက် စွန့်ပစ်ထားခဲ့ပါတယ်။ ဒါပေမယ့် လူမှုရေး၊ ကျန်းမာရေး အ၀၀တွေကို အဖက်ဖက်က ဖန်တီးခဲ့တဲ့အတွက်ကြောင့် အဖေက ကျေနပ်ပြီးတော့ ပြန်လည်သင့်မြတ်ခဲ့ပါတယ်။

နောင်။ ။ နောင် ဘ၀မှာပေါ့နော် ဒီလိုမျိုး မှတ်မှတ်ရရတော့ရှိတယ်။ ခုထက်ထိလည်းရှိတယ်။ ငယ်ငယ်ကတည်းက ဂံဒူးဖြစ်စကတည်းက ဂံဒူးလို့ပေါ်တင်နေကတည်းက MSMကလွဲလို့ ယောက်ျားလေး သူငယ်ချင်းဆိုတာမရှိခဲ့ဖူးဘူး။ ယောက်ျားလေးတွေက ကိုယ့်ကိုသိပ်မခင်ကြဘူး။ ကိုယ်ဘယ်လောက်ပဲခင်ခင် ကိုယ့်ကိုယ် ပြန်မခင်ချင်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ အထင်သေးကြတာပေါ့နော်။ အခုရနောင်းမြို့ကို ရောက်တဲ့အထိပါပဲ သူငယ်ချင်းယောက်ျားလေးဆို ခင်ခင်မင်မင်နဲ့ ကိုယ်ကဘယ်လောက်မိသားစုစိတ်ဓါတ်နဲ့ ခင်နေပါစေ ကိုယ့်ကိုယ် ပြန်ခင်မယ့်သူမရှိပါဘူး။ ဘယ်လိုပြောမလဲ ဂန်ဒူးဆိုပြီး နှိပ်ချပြီးတော့ စော်ကားတဲ့ပုံစံမျိုးလောက်ပဲ မြင်တယ်။ အထင်သေးတဲ့မျက်လုံးနဲ့ပဲ ကြည့်တာကို ကြုံခဲ့ရတယ်။ ဘ၀တသက်တာမှာ မှတ်မှတ်ရရဆိုလို့ ကျနော် ၁၃နှစ် ၁၄နှစ်သားအရွယ် အိမ်ကမောင်းချခံရတဲ့အချိန်မှာ ကျနော်ကို အဲဒီပေါ့နော် မြို့ပြင်ကလူက ပြောလိုက်တယ်။ ရွာပြင်ကပေါ့နော်။ လူမှမဟုတ်တာ။ ဂန်ဒူးကြီးကို သေတောင်ဘယ်သူမှ လှည့်ကြည့်မှာမဟုတ်ဘူး။ မိဘဆွေမျိုးက ကြည့်မှာလား ဆိုတဲ့ စကားတခွန်းကို ရင်ထဲမှာ မမေ့သေးပါဘူး။ မာနတော့ ထားထားပါတယ်။ တနေ့တချိန်ချိန်ကျရင် ဒီဂန်ဒူးဟာ နဂါးမှန်းသိအောင် အမောက်ထောင်ပြမှ ဂန်ဒူးဆိုတာ ဘယ်လိုမျိုးလဲလို့ သိစေရမယ့် ဆိုတဲ့မာနတော့ အခုထက်ထိ ရင်ထဲမှာ ထားထားတုန်းပါပဲ။ ဒီစကားကိုလဲ နောင် မမေ့သေးပါဘူး။ နောက်ဘ၀အတွက်လည်း အမှတ်တရပါပဲ။

gem-logo

မေး။ ။ လိင်တူချစ်သူတွေကို မုန်းတီးတယ်ဆိုတဲ့အမြင်တွေက ဘယ်ကနေ လာသလဲဆိုတာကို ကိုယ်ရဲ့အမြင်လေးနဲ့ ယှဉ်ပြီးပြောပြပေးပါဦး။

နှင်းဆီ။ ။ ကျမတို့ဆီမှာတော့ ဘယ်သူကမုန်းသလဲဆိုတော့လေ အထက်ပိုင်း အုပ်ချုပ်ရေးအပိုင်းကပဲကြည့် ဒီဂျီမတွေကို ရုံးမှာ တာဝန်မပေးချင်ဘူးပေါ့နော်။ ပြီးတော့ အရာရောက်တဲ့နေရာတွေမှာ ဆိုရင် ဂျီမတွေကို သူတို့ နေရှင်နယ် ဖက်ကဆိုရင် လုံးဝလက်မခံဘူးပေါ့လေ။ အဲလို လက်မခံတာကနေ စပြီး ရပ်ကွက်ထဲက လူကြီးတွေကလည်း အခြောက်ဆိုရင် နှိမ်တယ်ပေါ့နော်။ ဥပမာ လမ်းလူကြီးပေါ့နော်၊ လမ်းလူကြီးဆိုရင် အခြောက်လာတည်းတယ်ဆိုရင် ၀င်စစ်တာတို့ အဲလိုပေါ့လေ၊ နောက်တစ်ချက်က အများသောအားဖြင့် ကျမတို့လုပ်ကိုင်စားသောက်တဲ့ ဘေးက လူကြီးတွေပေါ့လေ အကြီးပိုင်းတွေက ဖိတဲ့အခါကျတော့ အငယ်တွေကပါ ဒီအလုပ်ကို သူတို့လက်ဆင့်ကမ်းပြီးတော့ ဆက်လုပ်တယ်။ လုပ်ရင်းလုပ်ရင်း ကျမတို့မိန်းမလျာတွေဟာ နှိပ်ချခံတဲ့ဘ၀ကို ရောက်လာပါတယ်။ အမျိုးသားနဲ့ အမျိုးသမီးဆိုရင်တော့ အမျိုးသားတွေက ပိုပြီးနှိမ့်ချပါတယ်။ အမျိုးသမီးတွေကမှ အလိုက်အထိုက်ဆက်ဆံပြီးတော့ လုပ်ငန်းတွေဘာတွေ တွဲလုပ်လို့ရပါသေးတယ်။

နောင်။ ။ ကျနော်ကို လူကြီးတစ်ယောက်ပြောဖူးတယ်။ ဒို့ ဗုဒ္ဒဘာသာ မြန်မာလူမျိုးတွေမှာ ယောက်ျားလေးဟာ အင်မတန် မြင့်မြတ်တယ်တဲ့။ သားယောက်ျားလေးတယောက်မွေးလိုက်တဲ့မိသားစုမှာ သားဦးရတနာဆိုရင် ရဟန်းလောင်း မိခင် ဖခင် တွေဖြစ်သွားကြတာကို ဂုဏ်ယူတယ်တဲ့။ မင်းတို့လို ဂန်ဒူးမတွေက ယောက်ျားမဟုတ်၊ မိန်းမမဟုတ်တွေတဲ့။ ရဟန်းလဲ တက်လို့မရဘူးတဲ့။ ရဟန်းတက်ရင် ရဟန်းတက်ပေးတဲ့ သိက္ခာတင်ပေးတဲ့ဆရာမှာလည်း အပြစ်ဖြစ်တယ်။ မင်းတို့တွေက အကျိုးယုတ်တဲ့လူတွေ၊ လောကအတွက် အကျိုးမပေးဘူးလို့ ကျနော့်ကို ပြောဖူးတယ်။ ယောက်ျားဖြစ်ပြီးတော့ ရဟန်းမ၀တ်တဲ့ လူမျိုးဆိုရင် အမျိုးယုတ်တဲ့၊ ကံဆိုးတဲ့ မိဘတွေလောက်သာ ဒီလိုသားမျိုးတွေ မွေးတယ်ပေါ့နော်။ ကျနော်ကို ပြောခဲ့ဖူးတယ်။ အဲဒီကနေစပြီး ဒီဗုဒ္ဒဘာသာအယူမှာ ဘုရားမဟောတဲ့ဟာကို ချဲ့ကားပြီးတော့ သူတို့ဟာ သူတို့ပြောခဲ့တယ်ပေါ့နော်။ ဒါပေမယ့် ဘုရားတော့ ဟောခဲ့ပါတယ်။ ကထိလေ။ နပုဒ်လေ ဆိုပြီးတော့။ ဒါပေမယ့် ဘုရားစကားကို တော်လှန်တာတော့မဟုတ်ပါဘူး။ မွေးရာပါ ဗီဇတစ်ခုဆိုတာ ဖျောက်ရခက်ပါတယ်။ ခေါင်းကဆံပင်အမဲရောင်တွေလိုပေါ့နော် ကျနော်က အနီလိုချင်လို့ အနီဆိုးလိုက်ပြီ၊ နောက်ထပ်ထွက်လာတဲ့ဆံပင်က အနီမဟုတ်ပါဘူး၊ အမဲပဲထွက်လာတာဘဲ။ ကျနော်လည်း ဘယ်လိုပဲ ယောက်ျားစိတ်ပေါက်အောင်နေနေ တစ်ချိန်ကျရင် ဂန်ဒူးစိတ်ကတော့ ပေါ်လာတာပဲ။ အဲဒါကြောင့် ရဟန်းတက်တဲ့အခါကျရင် ယောက်ျားစိတ်ကို မွေးပါတယ်။ ရဟန်းထွက်လာတဲ့အချိန်မှာတော့ MSMဟာ MSM ပါပဲ။

ဒေလီယာ။ ။ ကျနော်တို့ အစ္စလန် ဘာသာမှာဆိုလို့ရှိရင် ဘာသာရေးအရ လိင်တူချင်းဆက်ဆံတာသည် အပြစ်ကြီးဆုံးလို့ သတ်မှတ်ထားတဲ့အတွက် မူဆလင် အသိုင်းဝိုင်းမှာဆိုလို့ရှိရင် မိန်းမလျာတယောက် အိမ်မှာရှိတယ်ဆိုလို့ရှိရင် ရိုက်ထုတ်ပြီးတော့ မြို့ပြင်ထုတ်ရမယ်ဆိုတဲ့ ဘာသာရေး အယူအဆရှိတယ်ပေါ့နော်။ ဒါကြောင့်မို့လည်း ကျနော်အနေနဲ့ ဒီလိုမျိုးဖြစ်ခဲ့ဖူးတယ်ပေါ့နော်။ နောက်ပြီးတော့ ဘာသာရေးကျောင်းတွေမှာဆိုလို့ရှိရင်လည်း မိန်းမလျာတွေကို နေရာမပေးဘူး။ အတူတူတောင်မှ ဘုရားဝတ်ပြုခွင့်မပေးဘူး။ အဲလိုမျိုးတွေ ကြုံခဲ့ရဖူးတယ်။ ဘုရားသခင်က လူသားတွေကို ဖန်တီးထားတာ။ ကောင်းတဲ့သူရှိသလို ဆိုးတဲ့သူလည်း ရှိတာပဲ။ ဘုရားသခင်ဖန်ဆင်းထားတဲ့လူသားအချင်းချင်း ဘုရားသခင်က သူ့ဟာနဲ့သူ အပြစ်ကို စီရင်သွားမှာပဲ။ လူသားအချင်းချင်း စီရင်ပိုင်ခွင့်မရှိဘူး လို့ကျနော်ထင်တယ်။

သဇင်။ ။ ဒို့ကျတော့လေ အဲလိုပဲ ကိုယ်က MSM ဖြစ်နေတဲ့အခါကျတော့ အိမ်ကအဖေက နဂိုကမှ တပ်ထွက်ဆိုတော့ စိတ်ကတအားဆတ်တော့ မဖြစ်ဘူးတဲ့ ငါ့သားကို သာသနာ့ဘောင်ကို ၀င်စေမယ်ပေါ့။ ဘုန်းကြီးရဟန်း ၀တ်ခိုင်းမယ်ဆိုပြီးတော့ ခေါ်သွားတယ်။ ကိုယ်က အသက် ၂၀ ကျော်ဆိုတော့ ရဟန်းဝတ်ခိုင်းတယ်ပေါ့နော်။ အဲဒီအချိန်မှာ ကိုယ့်ကို သူကနေပြီးတော့ သိမ်တက်ရတာပေါ့နော် ကျမတို့ ဗုဒ္ဓဘာသာစဉ်အရ။ အဲဒီမှာ သိမ်ပေါ်က ဆင်းခါနီးအချိန်မှာပဲ အဖေကပြောလိုက်တယ်၊ သားတဲ့ အဖေလုပ်တဲ့သူက နောက်ဆုံးအနေနဲ့ ဘုရားရဲ့ သဘောတရားနဲ့ သားရဲ့ဘ၀ကို ချွတ်လိုက်ပြီပေါ့။ သား ဒီကနေ ဆင်းတာနဲ့ယောက်ျားဖြစ်ပြီပေါ့လို့ပြောတယ်။ အဲဒီအချိန်မှာ ကျမတခွန်းပဲပြောလိုက်တယ် အဖေ့ကို ‘အဖေလို့ အခုချိန်မှာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးကိုယ်တိုင်ရှိလို့ ချွတ်ရင်တောင် ကျွန်မ MSM ဘ၀က မကျွတ်ပါဘူးလို့။ ဘာကြောင့်လဲဆိုတော့ အုတ်နီခဲတစ်လုံးဟာ ဖုတ်ပြီးရင် အုတ်နီခဲဟာ အုတ်နီခဲပါပဲလို့။ အမှုန့်ဖြစ်လဲ အုပ်ဆုံရဲ့အရင်းထဲက ခပ်ထုတ် အုတ်မှုန့်။ ကျိုးရင်လည်း အုပ်ကျိုးပါဘဲ။ ဘယ်တော့မှ ကျွန်မတို့ မကျွတ်ပါဘူးလို့၊ ဒီဘ၀ကို ဒီလိုနဲ့ပဲ ကျွန်မတို့အဆုံးသပ်မယ်လို့’ ကျွန်မပြောလိုက်ပါတယ်။

ခရေ။ ။ မြန်မာရိုးရာ အစဉ်လာအလေ့အထပေါ့နော် မြန်မာတွေဟာ ယောက်ျားကို မြင့်မြင့်မြတ်မြတ်ထားသလို မိန်းကလေးကိုလည်း မိန်းကလေးဘ၀ထားပါတယ်။ ဒါကြောင့်မို့ ဂေး (MSM) ဆိုပြီးတော့ မုန်းတီးထားတဲ့ ဓလေ့ဆိုပြီးတော့ အမြဲတမ်း MSMဆိုပြီးတော့ မုန်းတီးကြပါတယ်။

gem-logo

မေး။ ။ အခုလိုမျိုး ခွဲခြား ဖိနှိပ် မုန်းတီးဆက်ဆံ ခံနေရတာတွေကို ပပျောက်အောင် ဘယ်လိုမျိုးလုပ်ဆောင်နိုင်မလဲ ဆိုတဲ့အပေါ်မှာ ကိုယ့်အမြင်လေးတွေကိုပြောပြပေးပါဦး။

သဇင်။ ။ ကျမအခု မြင်ရသမျှ ကြားရသမျှ အမြင်အတိုင်းပြောမယ်ဆိုရင် လိင်တူဆက်ဆံသူများအတွက်ကို အခွင့်အရေးပဲ ကျမတို့ကတောင်းတာ။ ဟုတ်ပြီနော် အခွင့်အရေးပဲ ကျမတို့ကတောင်းနေတာ။ အဲဒီတော့ သူတို့ဆီက အခွင့်အရေးကိုလိုချင်ရင် ကျမတို့ဆီကလည်း တခုပြန်ပေးရလိမ့်မယ်။ ဘာပြန်ပေးရမလဲဆိုရင် အများရဲ့အမြင်မှာ အားလုံးက သူတို့ယုံကြည်လာအောင် ကျမတို့ဖက်က ပြောင်းလဲပေးရမယ်။ ဘာတွေပြောင်းလဲပေးရမလဲဆိုတော့ သူတို့ ယုံကြည်အောင် ကျမတို့ လုပ်ဆောင်ပြရမယ်။ အရာရာမှာ ဘယ်နေရာမှာ ကျမတို့ အကုန်လုပ်နိုင်တယ် ဒါလည်းလုပ်နိုင်တယ်ဆို စွမ်းစွမ်းတမံ လုပ်နိုင်မယ်ဆိုရင် သူတို့ဆီက အခွင့်အရေးရသလို ကျမတို့ဆီကပြန်ပေးရင် ကျမတို့တွေအပေါ် မုန်းတီးမှုတွေ လျှော့နည်းလာလိမ့်မယ်။ ဒါအဓိကပါပဲ။

နှင်းဆီ။ ။ ကျမတို့ ဒီပတ်ဝန်းကျင်ကပေါ့လေ နှိပ်ချတာတွေ ပြစ်ပယ်တာတွေ ပပျောက်ဖို့ဆိုရင်တော့ ကျမတို့ MSMတွေ စည်းရုံးဖို့လိုပါတယ်။ အခုတော့ MSM တွေဟာ တနေရာနဲ့ တနေရာလည်း ဝေးနေကြတယ်။ စုစုစည်းစည်းလည်း ကျမအမြင်မှာမရှိကြဘူးပေါ့နော်။ ပြီးတဲ့အခါကျတော့ တယောက်နဲ့တယောက်ကို တိုက်ခိုက်ဖို့ပဲ သူတို့ကြည့်နေကြတယ်။ အဲဒီအတွက် အခုချိန်မှာ ကမ္ဘာမှာရှိတဲ့ MSMတွေကို ကျမပြောချင်တာက တိုက်ခိုက်ဖို့အချိန်မဟုတ်တော့ပါဘူး။ ကျမတို့တွေ စည်းရုံးရမယ် ညီညွတ်ရမယ်။ ဒါမှသာလျှင် ကျမတို့ရဲ့ MSMကွန်မြူနယ်တီကြီးဟာ အောင်အောင်မြင်မြင်နဲ့ ကမ္ဘာမှာ ရပ်တည်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်ရှင်။

ဒေလီယာ။ ။ ကျနော်တို့ ဒီခွဲခြားဆက်ဆံမှုတွေပျောက်ဖို့ဆိုတာကလည်း တကယ့်ကို စကားပုံတခုပေါ့နော်။ ‘နွားကွဲရင် ကျားဆွဲမယ်’ဆိုတဲ့ စကားပုံတခုလိုပေါ့ ကျနော်တို့ စုစုရုံးရုံးမရှိဘူးဆိုရင်တော့ ဒီလိုပဲ ဖြစ်နေဦးမှာပဲ။ ဒီဟာကြီး ပပျောက်သွားအောင်ဆိုရင် အရင်ဆုံး MSM ဂျီမတွေ အုပ်စု စည်းလုံးညီညွတ်စွာနဲ့ တိုက်ဖျက်မှရမယ်။ တယောက်ထဲလဲ လုပ်လို့မရဘူး။ ဗမာစကားပုံတခုလိုပဲ ‘နွံထဲတွင် လှည်းဘီးကျွံနေသည်၊ ကူ၍တွန်းပေးကြပါ၊ လေးလွန်း၍ မတွန်းနိုင်ဘူးလား၊ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်’ ဆိုတဲ့စကားပုံလိုပဲပေါ့နော်။ ကျနော်တို့ MSMတွေ အားလုံး စည်းစည်းရုံးရုံးနဲ့ လုပ်မယ်ဆိုလို့ရှိရင် ဒီဥစ္စာသည် ပပျောက်လာနိုင်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။

ဇီဇ၀ါ။ ။ ဒီမိန်းမလျာတွေကို မုန်းတီးတဲ့စိတ်တွေဖြစ်လာတာက ဘယ်နိုင်ငံကနေမှ ပို့လိုက်တာမဟုတ်ပါဘူး။ သူနိုင်ငံနဲ့သူ အကုန်လုံးရှိနေကြတာပဲ။ အဓိက က ကိုယ့်တိုင်းပြည်မှာရှိနေတဲ့ မိန်းမလျာတွေ ကိုယ့်ရဲ့ အပြုအမူ၊ အနေအထိုင်၊ ကိုယ်ကျင့်တရား၊ ကိုယ်လျှောက်ရမယ့်လမ်း နောက်ပြီးတော့ ဒီလူမှုအကျိုးပြုလုပ်ငန်းတွေကို ကိုယ်တက်နိုင်တဲ့ ဖက်ကနေပြီးတော့ လုပ်ဆောင်သွားတယ်ဆိုရင် မိန်းမလျှာတွေကို မုန်းတီးတဲ့ စိတ်ဆိုတာ ဘယ်လိုမှ ဖြစ်လာစရာ အကြောင်းမရှိဘူး။ အဲဒါကြောင့် ဘယ်လိုပဲဖြစ်နေနေ ဒီမုန်းတီးတဲ့စိတ်ကို ဖြစ်လာအောင် ဖန်တီးတာကလည်း ဒီလူတွေပဲ၊ ဒီစိတ်ကို ပျောက်အောင်ဖန်တီးရမှာကလဲ ဒီလူတွေပါပဲ၊ အဲဒါကြောင့် အဓိက ကတော့ ကိုယ်ကျင့်တရားကောင်းကောင်းထားပြီးတော့ လူမှုရေးလုပ်ငန်းတွေမှာ အရှေ့ကနေပြီးတော့ ကိုယ်တက်နိုင်တဲ့ဖက်က စွမ်းစွမ်းတမံ အတိုင်းအတာတခုကို လုပ်ဆောင်သွားတယ်ဆိုရင် မုန်းတီးတဲ့စိတ်ဆိုတာကလည်း ပျောက်သွားမှာပါပဲ။ ဖြစ်လာတာကလည်း ဒီလူက လုပ်တာပါပဲ။ ပျောက်အောင်လုပ်ရမှာကလည်း ဒီလူတွေပါပဲ။ အားလုံးညီညီ ညွတ်ညွတ်နဲ့ လှလှပပ ဘ၀ရှေ့ရေးမှာ အခွင့်အရေးတွေရလာအောင် လူသားတွေကပဲ လုပ်ဆောင်ရမှာပါပဲ။

ဒီ MSM တွေကို မုန်းတီးမှုကို ပပျောက်အောင်လုပ်ဆောင်ဖို့ဆိုတာ ဒီလိုရှိပါတယ်။ လိင်တူချစ်သူများကို မုန်းတီးမှုကို ပပျောက်ဖို့ရန်အတွက်က လိင်တူအချင်းချင်းလည်း စည်းကမ်းထိန်းသိမ်းဖို့လိုပါတယ်။ လိင်တူအချင်းချင်း စည်းကမ်းထိမ်းသိမ်းပြီးတော့ စည်းလုံးညီညွတ်မှသာလျှင် မုန်းတီးမှုဆိုတဲ့ အရာတခုကို ဖျောက်ဖျက်လို့ရမယ်။ ဖျောက်ဖျက်လို့ရအောင် ဆိုတာကလည်း ပြည်သူလူထုအများစုထဲမှာ လိင်တူချစ်သူတွေကို ယုံကြည်မှုတစ်ခုဖြစ်လာအောင် ကိုယ့်ရဲ့ကိုယ်ပိုင်တပ်အားနဲ့ စွမ်းတဲ့ တတ်တဲ့ အတတ်ပညာတွေနဲ့ တတပ်တအားကနေပြီးကျတော့ သူတို့ကို ကျနော်တို့ရဲ့ လုပ်ဆောင်ချက်တွေကို ပြနိုင်ရမယ်။ ပြနိုင်တဲ့အချိန်မှာ သူတို့ရဲ့အားကိုးမှုတွေရလာမယ်။ အားကိုးမှုရလာရင် ကျနော်တို့မှာ ခွဲခြားဆက်ဆံမှုမရှိတော့ဘူး။ နှိပ်ချမှုမရှိတော့ပဲနဲ့ ကျနော်တို့နေရာတွေရလာမယ်။ နေရာတွေရလာရင် မုန်းတီးမှုက အလိုလိုနေရင်း လျှော့ပြီးတော့ ပပျောက်သွားလိမ့်မယ်။ အဓိက ကတော့ ‘နွားကွဲရင် ကျားဆွဲမယ်’ ပေါ့နော်။ အချင်းချင်း ညီညွတ်ဖို့ကအရေးကြီးတယ်။ အချင်းချင်းညီညွတ်ဖို့ရာဆိုတာ လိင်တူအချင်းချင်းရဲ့ စည်းကိုထိန်းသိမ်းဖို့ စောင့်စည်းဖို့ရယ် လိင်တူအချင်းချင်းစည်းရုံးဖို့က အဓိကပါပဲ။

ခရေ။ ။ MSM အချင်းချင်းပေါ့နော် စည်းရုံးပြီးတော့ ခွဲခြားဆက်ဆံမှုတွေပပျောက်ဖို့ရာ အခုထုတ်ထားတဲ့ LGBT Rights တွေကို တသွေမတိမ်းလိုက်နာဆောင်ရွက်ပြီးတော့ စည်းစည်းရုံးရုံး နဲ့လုပ်ဆောင်မယ်ဆိုရင် အောင်မြင်လာမယ်လို့ ကျနော်ထင်ပါတယ်။

နောင်။ ။ နောင်ကပေါ့နော် ပတ်ဝန်းကျင်မှာ အဲဒီမုန်းတီးမှုပပျောက်အောင်ပေါ့နော် ကျနော်ရဲ့ စိတ်ခံစားချက်အတိုင်းပြောရမယ်ဆိုလို့ရှိရင် MSMတွေ တယောက်နဲ့တယောက် မ၀ုန်းကြဖို့ပဲ။ ငပိမှာ လောက်နဲ့မကင်းသလို ရွှေဟာလဲ ကျောက်နဲ့မကင်းဘူးလေ။ ဒီလိုပဲ MSMတွေလည်း အချင်းချင်းမကင်းကြပါဘူး။ အဲဒါကို သူတို့က ကိုယ့်ကိုယ်ကို ကင်းထားတဲ့ပုံစံမျိုးနဲ့ တယောက်ကိုတယောက် ၀ုန်းနေကြတယ်။ ကျနော်က အဲလိုမဖြစ်စေချင်ဘူး။ အားလုံး ပတ်ဝန်းကျင်မှာ ကိုယ့်ကိုယ်မုန်းနေတဲ့အချိန်မှာ ကိုယ်တွေက စည်းစည်းလုံးလုံးနဲ့ ပတ်ဝန်းကျင်မှာ လိုအပ်နေတဲ့ ရှုထောင့်ကနေပေါ့နော် ဖြည့်ဆည်းပြီးတော့ ကူညီခဲ့မယ်ဆိုလို့ရှိရင် MSM တွေကိုလည်း လူတွေအထင်ကြီးလာမယ်။ သူများမုန်းတီးမှုတွေကိုလည်း တိုက်ဖျက်သွားနိုင်မယ်ပေါ့နော်။ နောင် ခံယူချက်ကတော့ လောလောဆယ် လုပ်ချင်တာကတော့ ရွာကနေစပြီးလုပ်ချင်တယ်။ ကိုယ့်ရဲ့ အခြေနေရာကနေ စပြီးလုပ်ချင်တယ်။ ခြေချမယ့် မော်လမြိုင်ကနေ စပြီးလုပ်ချင်လုပ်ပေါ့နော်။ အဲမှာ ကျနော်စဉ်းစားထားတယ်။ MSM တွေကို အရမ်းမုန်းကြတယ်။ အဲဒီက လူငယ်တွေကိုရော လူကြီးပိုင်းတွေအားလုံးကို ရဟန်းသံဃာတွေအစ ကျနော်က အခုချိန်မှာတော့ ရဟန်းသံဃာတွေကိုတော့ နည်းနည်းတော့ စည်းရုံးလို့ရတဲ့ပုံစံဖြစ်သွားပြီ။ သာသနာ့ဘောင်ကို အရမ်းထောက်ပံ့ပေးနေပါတယ်။ လိုအပ်တဲ့မိသားစုတွေမှာပေါ့နော် ကျောင်းမအပ်နိုင်တဲ့ကလေးတွေကို ကျနော်က MSM တယောက်အနေနဲ့ ကူညီထောက်ပံ့ထားပေးတယ်ဆိုတော့ အဲလိုမျိုး နည်းနည်းလေးစားတာပေါ့။ နောက်ထပ် သူငယ်ချင်းတွေလည်းလိုအပ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တယောက်တည်းအားနဲ့လည်း မနိုင်ဘူးပေါ့နော်။ အဲဒါကြောင့် အဲလိုမျိုးစိတ်ဓါတ်ရှိတဲ့ သူငယ်ချင်း MSM တွေကိုလည်း ဖိတ်ခေါ်ပါတယ်။ လာလေ့လာပါ။ ပြီးတော့ ကျနော်ကို တက်နိုင်သလောက် လာကူညီပေးကြပါ။ ငွေအားသော်လည်ကောင်း။ လူအားသော်လည်းကောင်းပေါ့နော် ကူညီပေးကြပါ။ ပြီးတော့ ဒီလိုမျိုး MSMတွေကို မုန်းတဲ့သူတွေကိုလည်း MSMတွေရဲ့ တန်ဖိုးကိုနားလည်လာအောင် ဆောင်ရွက်ပေးကြပါ။ ပြီးတော့ MSMတွေ အချင်းချင်း မ၀ုန်းကြပါနဲ့။ ကိုယ့်အချင်းချင်းမစည်းလုံးတဲ့အခါကျတော့ ကျနော်တို့ ငယ်ငယ်က သင်ခဲ့တဲ့အတိုင်းပဲလေ ‘ထင်းတစည်းလုံးကို ချိုးမယ်ဆိုရင် မကျိုးနိုင်ဘူး။ တချောင်းတည်း ချိုးမယ်ဆိုရင်တော့ ကျိုးမှာပဲ’ ဆိုသလို အဲဒါကြောင့် ကိုယ်တွေစည်းစည်းလုံးလုံးနဲ့ အခုနက အစ်မတွေပြောသွားသလို နွားကွဲတော့ ဒီကျားကတော့ ဆွဲတော့မှာပဲ ကိုယ့်နွားအုပ်မကွဲအောင် သင့်သင့်မြတ်မြတ်နဲ့ နေဖို့လိုတယ်လေ။ အဲဒါကြောင့် ကျနော်ကလည်း ကျနော့်ရဲ့ ခံစားချက်အတိုင်း ပြောပြတာပါ။ MSM တွေကို စည်းစည်းလုံးလုံးနဲ့နေစေချင်တယ်။ ပြီးတော့ ပတ်ဝန်းကျင်မှာ လိုအပ်တဲ့ အရာမှန်သမျှကို အားလုံးတက်နိုင်သလောက် ၀ိုင်းဝန်းကူညီစေချင်တယ်။ ကိုယ့်ရွာမှာလည်း ကိုယ်ကူညီစေချင်တယ်။ အဲဒါဆို အလိုလိုနဲ့ MSMတွေ အထက်ကိုရောက်လာမှာပါ။

မေး။ ။ အဲလိုမုန်းတီးမှုတွေကို တိုက်ဖျက်တဲ့ နေရာမှာ ကိုယ့်အနေနဲ့ ဘာတွေလိုအပ်မလဲဆိုတာကို ပြောပြပေးပါဦး။

ဇီဇ၀ါ။ ။ ပပျောက်သွားအောင် လိုအပ်ချက်ဆိုတာက သိပ်ပြီးတော့ ရင်းနှီးစိုက်ထုတ်စရာ အကြောင်းမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူဆိုတဲ့အမျိုးဟာ ဘယ်လိုပြောရမလဲဆိုတော့ ဥပမာတခုပြောပြမယ် ‘ အလှူအတန်းတခု၊ ပွဲလမ်းသဘင်တခု လုပ်လိုက်ပြီဆိုရင် ၀န်ဆောင်မှုတစ်ခုခုကို MSMတွေက အောက်ခြေသိမ်း ပြည့်ပြည့်၀၀ အကုန်လုံး လုပ်ပေးနိုင်မယ်ဆိုရင် ဒါကိုယ်ပေးဆပ်လိုက်တာပဲ။ ပေးဆပ်လိုက်ပြီးဆိုရင် ဘာဖြစ်လာလဲဆိုရင် ဒီ MSMတွေကို နေရာပေးလာတယ်။ နေရာပေးလာတာက ကိုယ့်အရင်းနှီးစိုက်ထုတ်လိုက်တာကြောင့် အုပ်စုလိုက် စည်းစည်းရုံးရုံးနဲ့ ၀န်ဆောင်မှုတစ်ခုကို ပိုင်ပိုင်နိုင်နိုင် လုပ်ပြခဲ့နိုင်တာကြောင့်ပေါ့။ ဒီလိုနဲ့ တဖြည်းဖြည်းခွဲခြားနှိပ်ချမှုတွေ၊ ခွဲခြားဆက်ဆံတာတွေ၊ ဖိနှိပ်ရှုံ့ချတာတွေဟာ တဖြည်းဖြည်း ပပျောက်သွားတယ်။ သူတို့တွေက မရှိမဖြစ် ဖြစ်သွားပြီ။ သူတို့ရှိမှ သူတို့ပါမှ။ နို့မဟုတ်ဘူးဆိုရင် ဒို့လုပ်နိုင်တာ မဟုတ်ဘူး။ ဒို့ကျွမ်းကျင်တာမဟုတ်ဘူး။ သူတို့လုပ်ပေးသွားလို့ ဒီလို ပြည့်စုံသွားတာ။ နောင်တခါဆိုရင် သူတို့ကိုပဲ ခေါ်ခဲ့ ဆိုပြီး အနေထားဖြစ်သွားတော့ နေရာရသွားတယ်။ အဲဒါဟာ အရင်းအနှီးတစ်ခုပဲ။ အဓိကကတော့ ဘယ်လုပ်ငန်းပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဒီလိင်တူချစ်သူပဲဖြစ်ဖြစ် ဘယ်အတန်းစားပဲဖြစ်ဖြစ် အဓိကကတော့ ကိုယ်ကျင့်တရားကောင်းဖို့ပဲ အရေးကြီးတယ်။ ကိုယ်ကျင့်တရားကောင်းကောင်းနဲ့ လူသားတွေအပေါ်မှာ စေတနာအပြည့်နဲ့ ကိုယ့်ဖက်ကနေပြီးတော့ ၀န်ဆောင်မှုတစ်ခုခုကို ပြည့်စုံအောင် ဖန်တီးလုပ်ဆောင်ပေးလိုက်မယ်ဆိုရင် ကျနော်တို့အနေအထားတွေက အင်အားတခုဖြစ်သွားတယ်။ ဖြစ်သွားတဲ့ အတွက်ကြောင့် ကျနော်ပြောသလိုပေါ့ ခွဲခြားနှိပ်ချမှုတွေ၊ ၀ိုင်းဝန်းပြစ်ပယ်တာတွေ၊ ရှုံ့ချတာတွေဆိုတာ အကုန်လုံး ပပျောက်သွားတယ်။ ကျနော်တို့ လိုချင်တဲ့အချိန်ရလာတယ်။ ကျနော်တို့ နေရာတွေရလာတယ်။ မုန်းတီးမှုတွေ လျှော့သွားတယ်။ နောင်ဖြစ်မလာတော့ဘူး။ အဓိက ကတော့ ကိုယ်ကျင့်တရားပဲ။ ကိုယ်ကျင့်တရား ကောင်းဖို့ပါပဲ။

ဒေလီယာ။ ။ ခွဲခြားနှိပ်ချမှုတွေပပျောက်အောင်ဆိုတာကတော့ တကယ်ကို လိင်တူချစ်သူတွေဟာ စည်းရုံးဖိုဏ္ဍလိုအပ်မယ်။ နည်းပညာပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေလိုအပ်မယ်။ နေရာထိုင်ခင်းတွေ လိုအပ်မယ်။ ငွေကြေးဆိုင်ရာ ထောက်ပံ့မှု တွေလိုအပ်မယ်ပေါ့နော်။ ဒီဟာတွေသာ အားလုံးပြည့်စုံသွားမယ်ဆိုလို့ရှိရင် ကျနော်တို့ဒီခွဲခြားနှိပ်ချမှုတွေကို ပပျောင်အောင် ကြိုးစားလုပ်ဆောင်သွားနိုင်မယ်လို့ ထင်ပါတယ်။

သဇင်။ ။ အခုဆိုရင် ပေါ့လေ ဒီ MSM (လိင်တူချစ်သူ) တွေကို ပတ်ဝန်းကျင်အမြင်မှာ နောက်ဆုံး တစ်ကမ္ဘာလုံးရဲ့အမြင်မှာ နှိမ့်ချတဲ့အတွေးခေါ်တွေရှိတယ်။ မျက်လုံးတွေရှိတယ်။ ဒါပေမယ့် ကျမတို့လိင်တူချစ်သူတွေအခု ဘယ်နေရာမှာ ၀င်ပြီးလှုပ်ရှားမလဲဆိုလို့ရှိရင် တစ်ကမ္ဘာလုံးကြောက်တဲ့ အိတ်ခ်ျအိုင်ဗွီနဲ့ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးမှာ ကျမတို့က ၀င်ပြီးလှုပ်ရှားနေပြီလေ။ ဒီလို လှုပ်ရှားတဲ့အခါမှာ သူ့ရဲ့နေရာ ဘက်ပေါင်းစုံက လှုပ်ရှားတဲ့အတွက် သူတို့ကလည်း ကျမတို့ကို ကြည့်လာပြီလေ။ လိင်တူချစ်သူတွေဟာ အရင်လိုမဟုတ်တော့ဘူး။ တကယ့်ကို အရေးကြီးတဲ့နေရာတွေမှာ ၀င်ရောက်လာပြီဆိုရင် တဖြည်းဖြည်းသူတို့ဟာ အတွေးလေးတွေ ပြောင်းလဲလာပြီ။ ဒီလိုအတွေးလေးတွေကို ဒီထက်မက ပိုပြောင်းဖို့က ဘယ်သူတွေလိုအပ်သလဲဆိုရင် ကျမတို့ လိင်တူချစ်သူတွေ အများကြီးလိုအပ်တယ်။ ကျမတို့ လိင်တူချစ်သူတွေ အတွင်းမှာဖြစ်ပေါ်နေတဲ့ အတွင်းစကားများကို တတ်နိုင်ဆုံး အပြင်ကို မပေါက်ကြားစေချင်ဘူး။ အဲလို အပြင်ကို ပေါက်ကြားတဲ့အတွက် ပြင်ပက လူတွေက ကျမတို့အကြောင်းကို ပိုပြီးတော့ သိသွားတယ်။ ဒါက ထုံးစံလိုဖြစ်နေပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ တော်ယုံတန်ယုံ ပြင်ပမှာ ‘အခြောက်တို့၊ ဂန်ဒူးတို့၊ အပုန်း၊ အပွင့်၊ အင်ဂလန်တို့’ ဆိုတာ ကျမတို့ လိင်တူတွေပဲသိတာ။ တကယ့်ယောက်ျားစစ်စစ်၊ မိန်းမစစ်စစ်တွေက မသိပါဘူး။ ကျမတို့ပြောလို့ သူတို့သိတာ။ သူတို့သိလို့ ကျမတို့ကို မုန်းတာ။ ဒါကြောင့် အတက်နိုင်ဆုံးတော့ အပြင်ကို မပေါက်ကြားစေချင်ဘူး။ ဒါဆိုရင် သူတို့ ကျမတို့ကို ပိုပြီးတော့လည်း အမြင်တွေ ကြည်လင်လာမယ်။ အိတ်ခ်ျအိုင်ဗွီနဲ့ အေအိုင်ဒီအက်စ်နဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေမှာ လိင်တူချစ်သူတွေဟာ တတပ်တအားနဲ့ ပါဝင်တဲ့အတွက်ကိုလည်း ကျမတို့လိင်တူချစ်သူတွေကို တဖြည်းဖြည်းနဲ့လက်ခံလာမယ်။

ခရေ။ ။ MSM (လိင်တူဆက်ဆံသူ) တွေကို မုန်းတီးမှုပပျောက်အောင်ပေါ့နော် ကိုယ်တတ်နိုင်စွမ်းဖက်က ကျန်းမာရေးပဲဖြစ်ဖြစ်၊ စည်းရုံးမှုဖြစ်ဖြစ် လူတွေယုံကြည်လာအောင် စွမ်းဆောင်ပြနိုင်ရင် မုန်းတီးမှုတွေဟာ တဖြည်းဖြည်း ပပျောက်ပြီးတော့ ကမ္ဘာပေါ်မှာ MSM တွေဟာ ရွံရှာမုန်းတီးစရာကောင်းတဲ့သူတွေမဟုတ်ပါဘူးလို့ လူတွေယုံကြည်လာမယ်လို့ ထင်ပါတယ်။

နှင်းဆီ။ ။ ကျမကတော့ပေါ့နော် ဒီ MSM ကွန်မြူနယ်တီ အတွက်ပေါ့လေ ပတ်ဝန်းကျင်အမြင်ပြောင်းလဲဖို့အတွက် အရေးကြီးဆုံးကတော့ ကိုယ့်ကိုယ်ကို အရင်ပြောင်းလဲရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကမှ ဒီလိုအပြုမူကို လက်မခံတာလေ။ ဒါကို ကျမတို့ ပြန်စဉ်းစားရမယ်။ ဒီလိုအပြုမူကို လက်မခံရင် ကိုယ်ဒီအရပ်ကိုသွားရင် ကိုယ်ဘယ်လိုပြုမူပြရမယ်။ ဒါမှလည်း ညီမျှဖြစ်မယ်လေ။ အဲဒါကြောင့် ကျမက ဒီ MSM ကွန်မြူနယ်တီမှာရှိနေတဲ့ သူတွေကို စကားလေးပါးချင်ပါတယ်။ စိတ်ကို ဖြူစင်အောင်ထားပါ။ ကိုယ့်ကိုယ်ကိုအရင် ကောင်းအောင် ကြိုးစားပါ။ ပြီးမှ ကိုယ့်မိသားစု။ ကိုယ့်မိသားစု ပြီးမှ ကိုယ့်ပတ်ဝန်းကျင်မှာ အရေးပါလာမယ်။ ကိုယ့်ပတ်ဝန်းကျင်ကနေပြီး ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်နိုင်ငံ၊ ကိုယ့်MSM ဆိုတာ ကျယ့်ပြန့်လာမယ်လို့ ကျမမျှော်လင့်ထားပါတယ်။ ဒါကြောင့်မို့ ကျမပြောချင်တာကတော့ MSM တွေ သူများကိုပြုပြင်ဖို့ဆိုရင် ကိုယ့်စိတ်နဲ့ ကိုယ့်ခန္ဓာကို အရင်ပြုပြင်ပါလို့ပြောချင်ပါတယ်ရှင်။

မေး။ ။ စာဖတ်ပရိတ်သတ်တွေကိုလည်း စကားလက်ဆောင်လေး ပြောပေးပါဦး။

နှင်းဆီ။ ။ ကမ္ဘာပေါ်မှာရှိတဲ့ ဂျီမ တွေကိုပြောချင်တာကပေါ့နော်။ ကျမတို့ ဗမာ စကားပုံရှိပါတယ်။ ‘အလိမ္မာစာမှာရှိပါတယ်’ တဲ့ ‘စာအုပ်စာပေ လူ့မိတ်ဆွေ’ တဲ့။ အဲဒါကြောင့် စာအုပ်လေးတွေကို ဖတ်ကြပါ။ ကမ္ဘာမှာ ရှိနေတဲ့ MSM သတင်းလေးတွေကို နားထောင်ပြီးတော့ လုပ်သင့်လုပ်ထိုက်တဲ့ အပြုမူလေးတွေကို ဆက်လက်ပြီးလုပ်ကြပါလို့ ကျမက ပြောကြားချင်ပါတယ်ရှင်။

ခရေ။ ။ ကမ္ဘာပေါ်မှာရှိတဲ့ MSM တွေကို အမှာစကားပြုချင်တာကတော့ စည်းစည်းရုံးရုံးနေပြီးတော့ ရှောင်သင့်တာကို ရှောင်၊ ဆောင်သင့်တဲ့ဟာကို ဆောင် ပါလို့ တိုက်တွန်းလိုက်ပါတယ်။

ဇီဇ၀ါ။ ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဒီ MSM တွေအနေထားနဲ့ပြောရမယ် ဆိုလို့ရှိရင် MSM ဆိုတာ လူနည်းစုပါ။ လူနည်းစု ဆိုတော့ ကမ္ဘာမှာရှိတဲ့ MSMအချင်းချင်း စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်နဲ့ ရှေ့ဆက်ပြီးတော့ MSM များရဲ့ အခွင့်အရေးတွေ တိုးတက်ဖို့ရန်အတွက် လုပ်ဆောင်ရမယ့် နည်းလမ်းများကို စုပေါင်းပြီးတော့ ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်သွားမယ်ဆိုရင် MSM တွေရဲ့ အခွင့်အရေးတွေဆိုတာ အားလုံးဖြစ်သွားမှာပါ။

သဇင်။ ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ MSM တွေကို ကျမပြောချင်တာကတော့ ကမ္ဘာပေါ်မှာ ငတ်မွတ်မှုမှာ အများဆုံးငတ်ကြတာကတော့ မေတ္တာဓါတ်တွေ ငတ်ကြပါတယ်။ အဲတော့ ကျမတို့ MSM တွေက တွေ့တဲ့လူတိုင်းကို ကိုယ့်ရဲ့မေတ္တာဓါတ်နဲ့ အားလုံးကို လွှမ်းခြုံပေးပါ။ ဒါမှလည်း အားလုံးဟာ မေတ္တာဓါတ်တွေရပြီး အားလုံးအမြင်လည်း ကြည်လင်မှာပါ။ ကိုယ်တွေ MSM တွေကိုလည်း အားလုံးက ချစ်ခင်လာမှာပါ။

ဒေလီယာ။ ။ ကျမ မှာချင်တဲ့ စကားလေးတစ်ခွန်းကတော့ MSM တွေအားလုံး ကိုယ်သာ သူ့နေရာမှာဆိုလို့ရှိရင် ဆိုတဲ့ ကိုယ်ချင်းစာ နားလည်မှုလေးပေါ့နော်။ ကိုယ်ချင်းစာတရား ထားနိုင်မယ်ဆိုလို့ရှိရင် ကိုယ်ဖက်ကနေပြီးတော့ အမြဲတမ်း အကောင်းမြင်ဝါဒရှိရင် အားလုံးဟာ အောင်မြင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

နောင်။ ။ နောင်ကတော့ပေါ့နော် သူငယ်ချင်းနည်းတဲ့ MSM တယောက်ဆိုတော့ အထူးသဖြင့် မြန်မာပြည်က MSM အားလုံးကို သူငယ်ချင်းအဖြစ် မျှော်လင့်ပါတယ်။ ဆက်သွယ်လည်း ဆက်သွယ်နိုင်ပါတယ်။ အခုလောလောဆယ်တော့ ရနောင်းမြို့ မှာနေတာပေါ့နော်။ ဖုန်းနံပါတ်ကတော့ ၀၈၇ ၄၁၈၃ ၀၉၇ ပါ။ ဆက်သွယ်ပြီးတော့ သူငယ်ချင်းဖွဲ့ နိုင်ပါတယ်။ အားပေးစကားလည်း ပြောကြားနိုင်ပါတယ်။ မျှော်လင့်ပါတယ်။ အားလုံးကိုလည်း စည်းစည်းလုံးလုံးနဲ့ မြင်စေချင်ပါတယ်။ အမြဲတမ်း ကြိုဆိုပါတယ်။

သက်တံ့မဂ္ဂဇင်း အယ်ဒီတာအဖွဲ့မှ တွေ့ဆုံမေးမြန်းခြင်းဖြစ်ပါသည်။

 

Add comment


Security code
Refresh

Networking Links

mymgedulogoMyanmar Gay Education
သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။

mplusMplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

mhsMyanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Colors Rainbow Facebook

လာရောက်ကြည့်ရှုသူများ

Reference

Myanmar Gay Education
Myanmar Gay Education Website www.mymgedu.com
IGLHRC
International Gay and Lesbian Human Rights Commision
Out Magazine
Opinion for the Modern Gay Man

ADVOCATE.com
LGBT News site