LGBTI တွေဟာ ရဲဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန် မသင့်လျော်သူတွေ ဖြစ်တယ်လို့ မလေးရှားရဲချုပ်က ပြောဆို

မလေးရှားနိုင်ငံရဲ့ ရဲမှူးချုပ်ဖြစ်သူ Noor Rashid က LGBTI တွေဟာ ရဲဝန်ထမ်းတွေအဖြစ် တာဝန်ပေးအပ်ရန် မသင့်လျော်သူများ ဖြစ်တယ်လို့ ဧပြီလ (၂၃) ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ပြောဆိုလိုက်ပါတယ်။

gay နဲ့ transgender တွေကို မလေးရှား ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခွင့် ရှိ၊ မရှိဆိုတဲ့ မေးမြန်းမှုအပေါ် Noor Rashid Ibrahim က အခုလို ပြန်လည် ဖြေရှင်းခဲ့ကြောင်း Malay Mail Online သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။

“ကျနော်တို့ မလေးရှားနိုင်ငံမှာ LGBTI တွေကို သူတို့ရဲ့ ဖြစ်တည်မှုနဲ့ ပတ်သက်ပြီး လက်ခံအသိအမှတ်ပြုတဲ့ ဓလေ့ထုံးတမ်းတွေ၊ ဥပဒေတွေ တရားဝင် မရှိသေးပါဘူး။ ဒါကြောင့် ကျနော်တို့ဟာ မွေးရာပါ အမျိုးသားဖြစ်ခြင်း၊ အမျိုးသမီးဖြစ်ခြင်းကိုသာလျှင် ဆက်လက် အသိအမှတ်ပြုသွားမှာ ဖြစ်ပါတယ်။ အကယ်၍ LGBTI တွေမှာ ပြည့်ဝတဲ့ အရည်အချင်း ရှိခဲ့တယ်ဆိုရင်တောင် သူတို့ဟာ ဒီနိုင်ငံက လက်ခံကျင့်သုံးနေတဲ့ ဓလေ့ထုံးတမ်းတွေနဲ့ ဥပဒေတွေကို လေးစား လိုက်နာသင့်တယ်လို့ ထင်ပါတယ်” လို့ ဆိုပါတယ်။

“ဒီလိုမျိုး ဓလေ့ထုံးတမ်းတွေကို ကျနော် ချမှတ်ထားတာလည်း မဟုတ်ပါဘူး။ ဒီဓလေ့ထုံးတမ်းတွေဟာ ကျနော်တို့ လူ့အဖွဲ့အစည်း ကိုယ်နှိုက်က လက်ခံယူဆထားတဲ့အရာတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနိုင်ငံမှာ နေထိုင်တဲ့ ဘယ်သူမဆို တသွေမတိမ်း လိုက်နာရမှာ ဖြစ်ပါတယ်” လို့လည်း Noor Rashid Ibrahim က ထပ်လောင်း ပြောဆိုပါတယ်။

လူမှုရေးရာ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ Marina Mahathir ကတော့ ရဲမှူးချုပ် Rashid ရဲ့ ပြောဆိုချက်တွေဟာ အဓိပ္ပါယ်ကင်းမဲ့ပြီး LGBTI တွေရဲ့ ဘဝရှင်သန် ရပ်တည်ရေးကို ခက်ခဲအောင် လုပ်ဆောင်မှာထက် နိုင်ငံရဲ့ ရာဇဝတ်မှု ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အရေး ပိုပြီးအာရုံစိုက်သင့်တယ်လို့ ဝေဖန်လိုက်ပါတယ်။

“ကျမထင်ပါတယ်.. ရဲဝန်ထမ်းဖြစ်ဖို့ရင် သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံဖို့သာ အဓိကပါ။ လိင်စိတ်ခံယူမှုက အဓိကမကျပါဘူး။ လူသားတိုင်းမှာ သူတို့ရဲ့ မွေးရာပါ အခွင့်အရေး ကိုယ်စီရှိကြပါတယ်။ ကိုယ့်ကိုယ်ကို LGBTI ဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်း ခံယူထားတဲ့သူတိုင်းလည်း ရဲတပ်ဖွဲ့ထဲဝင်ပြီး အလုပ်လုပ်ချင်လိမ့်မယ်လို့ မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရဲတွေရဲ့ နေထိုင်မှုပုံစံဟာ အထက်စီးဆန်ပြီး မုန်းတီးဖို့ကောင်းတယ်ဆိုတာ ကျမတို့အားလုံး သိပြီးသား ဖြစ်လို့ပါပဲ” လို့ Marina Mahathir က ထောက်ပြပြောဆိုခဲ့ပါတယ်။

မလေးရှားနိုင်ငံရဲ့ ဥပဒေမှာ လိင်တူချင်း ချစ်ခင်စုံမက်တာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပြီး အဆိုပါဥပဒေအရ ပြစ်မှုကျူးလွန်သူဟာ ငွေဒဏ်၊ ကြိမ်ဒဏ်နဲ့ အမြင့်ဆုံး ထောင်ဒဏ် နှစ် (၂၀)အထိ အပြစ်ပေး အရေးယူခံရမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.