Sex နှင့် Health

Sex and Health ‘Sex’ အမည်ရှိ ဝေါဟာရသည် ၂၁ရာစုတွင် အလွန်ရေပန်းစားလာသည်ဟု ယူဆပါသည်။ Sex, Have Sex ဆိုသည်မှာ ဖိုနှင့်မ လိင်ဆက်ဆံရေးဖြစ်သည်။ ယင်းသည် ဖိုနှင့်မတို့ သွေးသားချင်းထိတွေ့မှု ခံစားမှုသက်သက်ဟုသာ မဟုတ်တော့ဘဲ Sex သည်လူသားတို့အတွက် အရေးပါ အရာရောက်သော ကိစ္စတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သိရှိလာကြပါသည်။

ဖိုနှင့်မတို့ လိင်ဆက်ဆံကြမှုသည် Reproduction ခေါ် လူသားမျိုးဆက် ပြန့်ပွားရေးလုပ်ငန်း သို့မဟုတ် ကလေးရရှိရေး ဦးတည်ချက်တစ်ခုတည်းအတွက်သာ မဟုတ်။ Sex of Love အချစ်နှင့် Sex သည်လည်း ခွဲခြားမရတော့။ Sex for Power ယခင်က အယူအဆဟောင်းတစ်ခုအဖြစ် အားအင်ကြီးမားသော ယောက်ျားများက သူတို့၏မိန်းမတို့ကို အဖျော်ဖြေခံသာသာ သဘောထားပြီး အင်အားပြသည့်သဘော ဖြစ်သည်။ ထို့ပြင် Sex for money ငွေကြေးအတွက်၊ Sex for abuse/violence/psycho ယင်းတို့မှာ အလိုမတူဘဲ အတင်း အဓမ္မကျူးလွန်မှု၊ စိတ်ဖောက်ပြန်မှုစသည်များ ဖြစ်သည်။ Sex for recreation/fun ကိုယ်စိတ်အပန်း ဖြေရန်၊ သာယာမှုရစေရန် Sex ကို အသုံးချမှု ဖြစ်သည်။

ပိုမိုကျယ်ပြန့်လာသည်မှာ Sex for health ဖြစ်သည်။ Sex ကြောင့် လူ၏ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာများကို ထိခိုက်စေခြင်း၊ ကောင်းကျိုးပြုခြင်းစသည်များ ဖြစ်စေနိုင်သည်။ ထို့ကြောင့် Sexual Medicine, Sexual Therapy စသည်နှင့် ပတ်သက်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေါ်ထွန်းလာလျက် ရှိသည်။ ဖိုမ လိင်ဆက်ဆံမှုသည် သာမန်သဘာဝတစ်ခုသာ မဟုတ်။ Biochemical Events အလွန်ရှုပ်ထွေး နက်နဲလှသော ဇီဝဓာတုဖြစ်စဉ်ဖြစ်ကြောင်း တွေ့ရှိလာရပါသည်။ ထိုဖြစ်စဉ်တွင် အောက်ပါ ဟော်မုန်း၊ ကိုယ်တွင်းအင်္ဂါ စသည်များ ပါဝင်သည်။

၁။ Central and Midbrain ဗဟိုဦးနှောက်နှင့် အလယ်ပိုင်းဦးနှောက်ရှိ အင်္ဂါအဖွဲ့အစည်းများ၊

၂။ Brain Stem ဦးနှောက်အောက်ခြေ ပင်မအစိတ်အပိုင်း

၃။ Pituitary Gland ပီကျူထရီဂလင်းမှ ဟော်မုန်းများထုတ်ပေးရသည်

၄။ Heart and blood system နှလုံးနှင့် သွေးအဖွဲ့အစည်းများ

၅။ Armpit ချိုင်းကြားနေရာ

၆။ Adrenal Glands ကျောက်ကပ်တို့ရှိ အဒရီနယ်ဂလင်းများ

၇။ Intestines အူလမ်းကြောင်းအဖွဲ့

၈။ Ovaries မသားဥများ

၉။ Testes ယောက်ျား၏ ဝှေးစေ့များ

၁၀။ Dopamine ယင်းသည် Neurotransmitter ခေါ် အာရုံသယ်ပို့ ပစ္စည်းတစ်မျိုးဖြစ်ပြီး ဖိုမဆက်ဆံရန် ဆန္ဒဖြစ်မှု Desire တွင် အဓိကပါဝင်သည်။ လိင်စိတ်ဖြစ်ပေါ်မှုနှင့်အတူ ဒိုပါမင်းတို့ မြင့်တက်နေလေ့ ရှိသည်။

၁၁။ Serotonin ယင်းသည်လည်း ဒိုပါမင်းကဲ့သို့ အာရုံသယ်ပို့ပစ္စည်းဖြစ်ပြီး Satisfaction ကျေနပ်အားရခြင်း၊ ဆက်ဆံ အပြီး အားရနှစ်သက်ခြင်းအပြင် စိတ်ဖြစ်ပေါ်မှု Desire ကိုပါ အားပေးသည်။

၁၂။ Alpha Melanocyte Polypeptide အယ်လ်ဖာပေါ်လီပက် ပတိုက်ဟော်မုန်း။ ယင်းကို ပီကျူထရီဂလင်းမှ ထုတ်ပေးပြီး အာရုံသယ်ပို့ပစ္စည်းအဖြစ်ဆောင်ရွက်သည်။ လက်တွေ့ စမ်းသပ်မှုများတွင် အမျိုးသားအင်္ဂါ တောင့်တင်းမှု Erection ဖြစ်ကြောင်း တွေ့ရသည်။

၁၃။ Oxytocin အောက်စီတိုစင်ဟော်မုန်း။ ယင်းကို ပီကျူထရီဂလင်း၊ မသားဥများ၊ အမျိုးသားတို့၏ ဝှေးစေ့များမှ ထုတ်ပေးပြီး မိခင်နို့ထွက်စေမှု၊ သားအိမ် ညှစ်စေမှုတို့အပြင် ဆီးခုံကြွက်သားများ လှုပ်ရှားမှုတို့ကို အထောက်အကူ ပြုသည်။

၁၄။ Testosterone တက်စတိုစတီးရုန်းဟော်မုန်းကို အမျိုးသားတို့၏ ဝှေးစေ့၊ မမျိုးဥတို့က ထုတ်လုပ်သည်။ ဦးနှောက်ကလည်း အနည်းငယ် ထုတ်ပေးသည်။ ထိုဟော်မုန်းသည် အမျိုးသမီးတို့တွင် အက်စ်ထရိုဂျင် (Oestrogen) ဟော်မုန်းအဖြစ် ပြောင်းသွားသည်။ အမျိုးသားတို့တွင် လိင်စိတ်ဖြစ်ပေါ်မှု Desire, ယောက်ျားစွမ်းအားနှင့် ကြံ့ခိုင်မှု Energy and Well-being တို့ကိုထောက်ကူသည်။ထိုဟော်မုန်းများစွာ လျော့နည်းပါက အမျိုးသားရော၊ အမျိုးသမီးမှာပါ လိင်စိတ်နည်းပါးမှု Low Libido ဖြစ်စေသည်။

၁၅။ Nitric Oxide နိုက်ထရစ်အောက်ဆိုက်၊ ယင်းသည် ဓာတုပစ္စည်းတစ်မျိုးဖြစ်ပြီး လိင်အင်္ဂါရှိ သွေးကြောများ ပိုမိုပွင့်ကားစေကာ သွေးစီးဆင်းမှု ပိုမိုများပြားလာစေသည်။ Viagra ဗီရာဂရာအမည်ရှိ ယောက်ျားလိင်အားဆေး တစ်မျိုးမှာ ခန္ဓာကိုယ်က မထုတ်ပေးသည့် ထိုဓာတုပစ္စည်းကို ဆေးဖြင့်ထုတ်ပေးခြင်း ဖြစ်သည်။

၁၆။ Vasoactive Intestinal Polypeptide ယင်းသည် ပရိုတင်းဓာတ်ဖြစ်ပြီး အစာလမ်းကြောင်းနှင့် ဦးနှောက်တို့တွင် တွေ့ရသည်။ နိုက်ထရစ်အောက်ဆိုက်ကဲ့သို့ အာနိသင်ရှိသည်။

၁၇။ Pheromones ဖာရိုမုန်းတို့က လိင်စိတ်ဆွဲဆောင်စေသည့် ရနံ့ဓာတုပစ္စည်း ဖြစ်သည်။ ယင်းကို ချိုင်းကြား (armpit) တို့တွင် ထုတ်လုပ်သည်။ Sexually Stimulated Signals ဖိုမတို့ကို နှစ်သက်မှု အပြန်အလှန်ဖြစ်စေရန် နှိုးဆွအချက်ပေးသည်။ ထိုစနစ်သည် တိရစ္ဆာန်တို့တွင် ကောင်းစွာဖွံ့ဖြိုးသည်။

၁၈။ Epinephrine/ Norepinephrine အက်ပီနက်ဖရင်း၊ နော်အက်ပီနက်ဖရင်း အာရုံသယ်ပို့ပစ္စည်းတို့ကို အဒရီနယ် ကလင်းများမှ ထုတ်ပေးပြီး ဆက်ဆံရာတွင် စိတ်တက်ကြွမှု Arougal နှင့် ပြင်းပြမှု (Orgasm) တို့တွင် အဓိကပါဝင်သည်။ နှလုံးခုန်မြန်စေခြင်း၊ သွေးပေါင်ချိန် မြင့်တက်စေခြင်းတို့ကိုလည်း ဖြစ်စေသည်။
၁၉။ Oestrogen အက်စထရိုဟော်မုန်းကို မဟော်မုန်းအဖြစ် လူသိများပြီး သားဥကြွေခြင်း Ovulation ပုံမှန်စေခြင်း၊ making woman အမျိုးသမီးပုံစံ ပီပြင်စေခြင်းတို့အပြင် အမျိုးသားတို့တွင် ဒိုပါမင်းဓာတ်ထုတ်လုပ်ရန် လှုံ့ဆော်ပေးသည့် မသားဥနှင့် ဦးနှောက်တို့က ထုတ်လုပ်ပေးပါသည်။

အဆိုပါ Biochemical Events များအရ လူ့ခန္ဓာကိုယ်အင်္ဂါများဖြစ်သော နှလုံး၊အဆုတ်များ၊ ကြွက်သားများသာမက အထက်ပါ အချက်များကလည်း သူ့နေရာနှင့်သူ အံဝင်ခွင်ကျ ပါဝင်ရကြောင်း သိရသည်။ ထို့ကြောင့်ပင် Sex သည် Exercise တစ်မျိုးကဲ့သို့ လူ့ကျန်းမာရေးကို အထောက်အကူပြုကြောင်း သိရသည်။ ‘The Latest Wonder Drug’ နောက်ဆုံးပေါ် အံ့ဖွယ်ဆေးတစ်ပါးဟုပင် ကင်ပွန်းတပ်ပါသည်။

‘အဆီပိုတွေကို လောင်ကျွမ်းစေနိုင်တယ်။ သွေးစီးဆင်းလှည့်ပတ်မှုကို ကောင်းစေတယ်။ နာကျင်ကိုက်ခဲမှုကို သက် သာစေတယ်။ ကြွက်သားတွေကို သန်မာစေတယ်။ စိတ်ကျမှုကို တန်ပြန်တိုက်ခိုက်တယ်။ လူကိုနုပျိုစေတယ်။ အား ကစားပစ္စည်းတစ်ခုခု သုံးရန်မလိုဘဲ အခမဲ့ ကိုယ်ပိုင်သုံးစွဲနိုင်တဲ့ လှုပ်ရှားမှုကိုပြောပါ’

အဖြေမှာ Sex ပင်ဖြစ်သည်ဟု ဆိုပါသည်။ စိတ်ပညာရှင်တစ်ဦးဖြစ်သူ Kristina Towill က Sex ဟာ အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ စိတ်ဆေး၊ စိတ်နိုးကြားမှုတွေကို ကောင်းမွန်စေရုံသာမက လေ့လာမှုများအရ ဖိုမဆက်ဆံမှု အဆင်ပြေတဲ့ စုံတွဲတွေဟာ ပျော်ရွှင်ကြည်နူးမှုရကြတယ်။ ကျန်းမာရေးကောင်းကြတာ တွေ့ရပါတယ်ဟု ပြောကြားပါသည်။

မိနစ် ၂၀ လှုပ်ရှားမှု

Urologist Whit Training in Sexual Medicine for men, women and couples လိင်ဆိုင်ရာ ကျန်းမာရေးနှင့် ဆီးလမ်းကြောင်း ဆရာဝန် Dr.Jay Fee က ‘ယောက်ျားတစ်ယောက် အဲဒီအချိန်မှာသုံးတဲ့ စွမ်းအားဟာ ဂေါက်သီးတစ်ပွဲစာ ကစားတာနဲ့တူတယ်’ ဟုပြောပါသည်။ အမျိုးသမီးတို့အတွက်မူ ၆၆ ကီလိုအလေးချိန်ရှိသည့် အမျိုးသမီးတစ်ဦးအတွက် မိနစ် ၂ဝ မျှ ပုံမှန်ဆက်ဆံမှုသည် အဆီဓာတ် ၀ ဒဿမ ၄ ကီလိုဂျိုးလ်မျှ လောင်ကျွမ်းစေသည်။ ယင်းသည် ၂ဝ မိနစ်ကျော် လမ်းလျှောက်ခြင်း သို့မဟုတ် အပျော်စက်ဘီးစီးခြင်းထက်ပင် ပိုသေးသည်။ တင်းနစ် နှစ်ကြိမ်ကစားသည်ထက်ပင်လည်း ပိုသည်ဟုဆိုပါသည်။ အခြားအားကစားခြင်းများကဲ့သို့ အသက်ရှူနှုန်း မြန်စေခြင်း၊ ကြွက်သားများ သန်မာစေခြင်း၊ သွေးလှည့်ပတ်မှုကောင်းစေခြင်းတို့အပြင် ကိုလက်စထရော အဆီဓာတ်အခြေအနေ ကောင်းစေကြောင်းလည်း သိရသည်။

ပါရဂူတစ်ဦးဖြစ်သော Dr. Richard Casey က ‘Journal of Sexual and Reproductive Medicine’ တွင် ပုံမှန်ဆက်ဆံမှုရှိသည်ဟု ရေးသားထားပါသည်။ ဝေလနယ်တွင် အသက် ၄၅ မှ ၅၉ နှစ်ကြား အမျိုးသား ၉ဝဝ ခန့်ကို ၁ဝ နှစ် ကြာလေ့လာခဲ့ရာ ရက်သတ္တပတ်တစ်ပတ်လျှင် နှစ်ကြိမ်နှင့်အထက် တက်ကြွစွာ ဆက်ဆံနိုင်သူတို့သည် ထို့ထက်နည်းသူတို့ထက် နှလုံးနှင့် အခြားရောဂါတို့ကြောင့် သေဆုံးရမှုတွင် နှစ်ဆမျှ လျော့နည်းကြောင်း တွေ့ရသည်။

ခေါင်းကိုက်ရောဂါ သက်သာစေခြင်း

အီလီနွိုက်စ်တက္ကသိုလ် လေ့လာမှုအရ လူ ၅၈ ဦးကို လေ့လာရာ Migraine မီဂရိန်းခေါ် ခေါင်းတစ်ခြမ်းကိုက်ရောဂါ ခံစားနေရသူတို့သည် တက်ကြွသောဆက်ဆံမှုကြောင့် ရောဂါလုံးဝ သို့မဟုတ် တစ်ချို့တစ်ဝက် သက်သာပျောက်ကင်းကြောင်း တွေ့ရသည်။ အခြားလေ့လာမှုများအရ မီးယပ်ကိုက်ခဲခြင်း၊ အဆစ်အမျက်ကိုက်ခဲခြင်းတို့ကိုလည်း သက်သာစေကြောင်း တွေ့ရသည်။ Sex ကြောင့် ဦးနှောက်အတွင်း အင်ဒေါဖင် Endrophn ဓာတ် ထွက်လာသည်။ ယင်းသည် နာကျင်မှုကို တားဆီးသည့်အပြင် Migraine ရောဂါကြောင့် ကျယ်နေသော သွေးကြောများကို ရှုံ့ပေးလိုက်သဖြင့် ယင်းသို့ဖြစ်နိုင်ကြောင်း ယူဆကြသည်။ အင်ဒိုဖင်များ မြင့်တက်နေမှုသည် တစ်နာရီမှ သုံးနာရီ ကြာသည်ဟုလည်း သိရသည်။

စိတ်ကြည်လင်လန်းဆန်းစေခြင်း

မိမိချစ်ခင်နှစ်သက်သူနှင့် ဆက်ဆံရခြင်းသည် စိတ်ကို ကြည်လင်လန်းဆန်းစေကြောင်း သိရသည်။ Sex therapist တစ်ဦးဖြစ်သူ Sue McGarvie က ထိုအချက်ကို ကောင်းစွာ ထောက်ခံဆွေးနွေးပါသည်။ ထို့ပြင် တစ်နေ့တာ ပင်ပင်ပန်း ပန်း အလုပ်လုပ်နေရသူတို့မှာ မိမိအိမ်ထောင်နှင့် ဆက်ဆံရမှုသည် သောကဖိစီးမှု၊ ပင်ပန်းမှုများကိုလည်း ပြေပျောက်စေသည်ဟု သိရပါသည်။

ဟော်မုန်းများကို ညီမျှစေခြင်း

အမေရိကန်နိုင်ငံတွင် လေ့လာမှုများအရ ရက်သတ္တပတ်တစ်ပတ်လျှင် ပုံမှန်အနည်းဆုံးတစ်ကြိမ် ဆက်ဆံသော အမျိုးသမီးတို့မှာ မီးယပ်သွေးမှန်ခြင်း၊ သားသမီးမြုံမှုနည်းပါးခြင်း၊ သွေးဆုံးချိန်အန္တရာယ်ကို ကောင်းစွာ ကျော်ဖြတ်နိုင်ခြင်းများ တွေ့ရသည်။

ကိုယ်ဝန်မဆောင်မီ တစ်နှစ် သို့မဟုတ် လများစွာ ကောင်းစွာဆက်ဆံနိုင်ပါက အန္တရာယ်ကင်းသော သန္ဓေတည်မှုကို ရရှိနိုင်သည်။ သြစတြေးလျနိုင်ငံ University of Adelaide တက္ကသိုလ်မှ ၂၀၀၂ခုနှစ် လေ့လာမှုအရ အမျိုးသမီးတို့၏ သဘာဝကိုယ်ခံအားစနစ်များကို ကြံ့ခိုင်စေသဖြင့် သားလျှောခြင်း၊ ကလေးအသေ မွေးခြင်းတို့မှ ကင်းဝေးစေသည်ကိုလည်း တွေ့ရသည်။ Guadeloupe တွင် အမျိုးသမီး ၁ဝဝဝ ကျော်ကို လေ့လာမှုအရမူ ကိုယ်ဝန်မဆောင်မီ လေးလအတွင်း ဆက်ဆံမှုများသည် ကိုယ်ဝန်အဆိပ်တက်ခြင်း၊ သွေးတိုးခြင်းများ ဖြစ်နိုင်ခြေ ခုနှစ်ဆမျှ ပိုများတတ်သည်ကို တွေ့ရသည်။ တစ်နှစ်အတွင်း ဆက်ဆံခဲ့သူတို့နှင့် နှိုင်းယှဉ်လေ့လာခြင်းဖြစ်သည်။

နုပျိုစေခြင်း

စိတ်ပညာရှင် Towill က ‘ပုံမှန်ဆက်ဆံသူတို့ဟာ အမျိုးသမီးဆိုင်ရာ ဇရာပိုင်းရုပ်သွင်ပြောင်းလဲမှုတွေကို တုံ့ပြန်နိုင် တာ၊ နှေးကွေးစေတာ တွေ့ရပါတယ်’ဟု ပြောပါသည်။ လိင်အင်္ဂါပိုင်းများဆီသို့ သွေးလှည့်ပတ်မှုကောင်းခြင်း သည် တစ်သျှူးများ ရှုံ့တွခြောက်သွေ့ခြင်းမှ ကာကွယ်ပေးသည်။ စကော့တလန်တွင် လေ့လာမှုတစ်ခုအရ တစ်ပတ် လျှင် သုံးကြိမ်အနည်းဆုံး ဆက်ဆံသူတို့သည် မူလအသက်အရွယ်ထက် ၁၂နှစ်ခန့် နုပျိုနေသည်ဟု သိရပါသည်။ ၂၀၀၃ ခုနှစ်က University of Calgary မှလေ့လာမှုအရ ဦးနှောက်အတွင်းရှိ ဆဲလ် အသစ်များဖြစ်ပေါ်မှုကို အားပေးသည်ဟု တွေ့ရသည်။ ယင်းသည် ကြွက်များမှာ တွေ့ရခြင်းဖြစ်သော်လည်း လူတို့မှာလည်း ဦးနှောက်ပျက်စီးသော ရောဂါများဖြစ်သည့် လေဖြတ်ခြင်း၊ သွက်ချာပါဒ ပါကင်ဆန်ရောဂါနှင့် အယ်လ်ဇိုင်းမား ရောဂါတို့နှင့်လည်း ဆက်နွယ်မည်ဟု ယူဆပါသည်။

အထိရောက်ဆုံးရင်းနှီးမှု

Sex ဟာ ဖိုနဲ့မကို ကောင်းကောင်းရင်းနှီးစေတဲ့ Glue ကော်တစ်မျိုးလိုပါပဲ။ Sex မရှိတဲ့ စုံတွဲတွေဟာ စိတ်ချင်းပါ ရင်းနှီးမှုလျော့နည်းလာတယ်။’ ကြာတော့ လင်မယားဆိုတာထက် မိတ်ဆွေလို၊ သွေးချင်းလိုသာ ထင်လာတော့ တယ်’ဟု ဒေါက်တာ Towill က ပြောပါသည်။

Sex Therapist လိင်ဘက်ဆိုင်ရာရောဂါကုသမှုပညာရှင် Sue McGarvie က ‘ဆက်ဆံမှုကို သုံးလလောက်မရှိတဲ့ စုံတွဲတွေမှာ အိမ်ထောင်ရေးပြဿနာတွေ ရင်ဆိုင်လာရတာ တွေ့ရပါတယ်’ ဟုလည်း ပြောပါသည်။

Sex ဖိုမဆက်ဆံမှုနှင့် ပတ်သက်၍ ကျွန်တော်တို့နိုင်ငံအပါအဝင် နိုင်ငံအတော်များများမှာ ရှက်စရာ၊ စက်ဆုပ်စရာအဖြစ် ရှိနေဆဲ ဖြစ်ပါသည်။ မပွင့်လင်းမှု၊ Sex နှင့်ပတ်သက်သော သိပ္ပံဆိုင်ရာအချက်အလက်များကို ယခုကဲ့သို့ မသိ ရှိကြရခြင်းက ကျန်းမာရေး၊ လူမှုရေး အစစထိခိုက်စေနိုင်ပါသည်။ Sex Education အဖြစ် သိသင့်သိထိုက်သည်များကို ကျောင်းသင်ခန်းစာများမှာရော၊ ပညာပေးမှုများပါ လုပ်နေကြသည်ကိုလည်း တွေ့နိုင်ပါသည်။ အမှန်မှာ Sex သည် သဘာဝတစ်ခု၊ ထို့ထက်ပို၍ သိပ္ပံပညာဆိုင်ရာ ဖြစ်ပေါ်သော ဖြစ်စဉ်တစ်ခုဖြစ်ကြောင်းသိရသဖြင့် ကျန်းမာရေး၊ သက်ရှည်ကျန်းမာရေးများမှာလည်း တစ်ခန်းတစ်ကဏ္ဍ ပါဝင်လာသည်ကို သိစေလိုပါသည်။

Ref: ဆရာဝန်မင်းသိုက် – Sex နှင့် ကျန်းမာရေး ဆောင်းပါးမှ (Health for All magazines No.20, Sept. 2008)

http://mycutestories.blogspot.com/2010/09/sex-and-health.html#!/tcmbck မှတဆင့် ကူးယူတင်ဆက်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.