ဆန္ဒတို့ရဲ့ စတေးခံ
သူ့ခြေလှမ်းတို့က လုပ်လီလုပ်လဲ့။ မကြွချင်ကြွချင် လှမ်းနေရတဲ့ ခြေလှမ်းတွေကို မနိုင်မနင်း လှမ်းနေရသည်။ နောက်ကိုတစ်ချက် ငဲ့စောင်းကြည့်လိုက်ချိန်မှာ သူ့ရင်ထဲ ခါးသက်သွားသလို ခံစားလိုက်ရသည်။ သူ့ခြေလှမ်းတွေက အလိုလို ခပ်စိတ်စိတ်လေး လှမ်းဖြစ်သွားရသည်။ ရုတ်တရက် မိုးက သည်းထန်စွာရွာချလိုက်ချိန်မှာတော့ စူးရှတစ်ကိုယ်လုံး နစ်နေအောင် စိုရွဲလို့သွားရသည်။ မိုးရေက စူးရှရဲ့ ပူလောင်မှုကို အခိုက်အတန့် ငြိမ်းအေးစေခဲ့သလား။ ဒါမှမဟုတ် စီးကျနေသော မျက်ရည်တွေအတွက် အားပေးအားမြှောက်လုပ်ရန် ကြံ ရွယ်လေသလား ကာယကံရှင် စူးရှပင် ဝေခွဲမရတက်ခဲ့ပေ။ မိုးခြိမ်းသံတွေ လျှပ်စီးကြောင်းတွေက ဩကာသလောကတစ်ခွင်မှာ သူတစ်လူငါတစ်မင်း မာန်ဟုန်ကြီးစွာ ရွာသွန်းလျက်ရှိသည်။ သူ့ရင်ထဲ ဘာကြောင့်လဲဆိုသော စကားတခွန်းကို ထပ်ကာထပ်ကာ ပြန်မေးနေမိသည်။ တစ်ချက်တစ်ချက် ကျယ်လောင်မြည်ဟိန်းသွားသော မိုးခြိမ်းသံတွေနှင့်အတူ စူးရှရဲ့ ရင်ဘတ်ထဲက နာကျင်လောင်မြိုက်ခြင်းတွေကလည်း အဟုန်ပြင်းပြင်းဖြင့်…
♦♦♦♦♦
အဒေါ်ဖြစ်သူရဲ့လက်ကို ထိတ်လန့်စွာဖြင့် ဆုပ်ကိုင်ထားသော ဆယ်နှစ်သားအရွယ် စူးရှ။ သူ့အတွက် တွေ့မြင်သမျှ အရာအားလုံးက ဆန်းသစ်နေသည်။ ကြီးကျယ်ခမ်းနားလွန်းသော အိမ်ကြီးထဲ ဝင်လိုက်ချိန်မှာတော့ စူးရှတစ်ကိုယ်လုံး သေးငယ်သွားသလို ခံစားလိုက်ရလေသည်။ အိမ်ထောင်ပရိဘောဂတွေက ရွာဦးဘုန်းကြီးကျောင်းထက်ပင် ခမ်းနားလွန်းနေသည်။ သက်တူရွယ်တူမျှရှိသော ကောင်လေးတစ်ယောက်က စူးရှကို ခြေဆုံးခေါင်းဆုံးကြည့်ကာ…
“မေမေ အဲ့ဒါဘယ်သူလဲ”
အမေးက ရိုးရှင်းသည်။ သို့သော် စူးရှအတွက်တော့ သိမ်ငယ်မှုတွေက ပိုလို့ပင် တူးဆွပေးလိုက်သယောင်။
အမေးခံလိုက်ရသော မိန်းမကြီးက
“အဲ့ဒါ စောမြရဲ့ တူ၊ အိမ်မှာ လက်တိုလက်တောင်းခိုင်းရအောင် စောမြ ရွာက ခေါ်လာတာ”
“ဪ”
ဪဆိုသည့် အာမေဋိတ်အသံက စူးရှဘဝကို တချိန်မှာကျွမ်းထိုးမှောင်ခုံဖြစ်အောင်ဖန်တီးဖို့ အစပျိုးလိုက်ခြင်းဖြစ်သည်ကို ဧည့်ခန်းမကြီးရဲ့ ဆက်တီခုံတွေကြား ကြမ်းပြင်ထက်မှာ ကျုံ့ကျုံ့လေးထိုင်နေသော (၁၀) နှစ်သားအရွယ်စူးရှတစ်ယောက် သိနိုင်ခဲ့မယ်ဆိုရင်…
♦♦♦♦♦
အိမ်အကူဆိုသည် ခေါင်းစဉ်အောက်မှာ ကလေးဘဝကို ကုန်ဆုံးစေခဲ့ရသည့် စူးရှ။ အပေါင်းအသင်းသူငယ်ချင်းဆိုတာ ဝေး။ အိမ်မှာရှိနေသော အသက် (၂) နှစ်လောက်သာကြီးသည့် စစ်သွေးကပင် ခိုင်းစရာကိစ္စမရှိလျှင် စူးရှကို စကားပြောဖို့ စိတ်မကူး။ ဒီလိုပုံစံဒီလို အသိုင်းအဝိုင်းထဲ နေသားကျစွာဖြတ်သန်းရင်း အချိန်တွေကို ကုန်ဆုံးစေခဲ့သည်။ ငယ်စဉ်ကတည်းက ရိုးအဖြူစင်ခဲ့သူတစ်ဦး ဖြစ်သည့်အပြင် စိတ်ပိုင်းဆိုင်ရာ နူးညံ့သူ ဖြစ်သောကြောင့် စူးရှတစ်ယောက် ယခုလို နေထိုင်ကြီးပြင်းရသည့်အပေါ် စိုးစဉ်းမျှမခံစားခဲ့ရ။ ဒီမိသားစုရဲ့ လောင်းရိပ်အောက်မှာ နေရသောကြောင့် ဒီမိသားစုရဲ့ မျက်နှာက စူးရှအတွက် တစ်ကမ္ဘာပင်။ အထူးသဖြင့် မိသားစုရဲ့ ဦးစားပေး အလိုလိုက်ခံရသော စစ်သွေးက စူးရှအတွက် တော့ အရှင်သခင်တစ်ယောက်ပင်။ စစ်သွေးဆယ်တန်းအောင်ပြီး တက္ကသိုလ်စတက်တော့ နဂိုကမှ အရပ်အမောင်းနှင့် အသားအရည်က ကြည့်ကောင်းသူဖြစ်နေပြီး ယခုတော့ ဝတ်တတ်စားတတ်လာတော့ စစ်သွေးတစ်ယောက် ပျိုတိုင်းကြိုက်တဲ့ ဥစ္စာပေါ ရုပ်ချောလေးတစ်ယောက်ဖြစ်၍ နေပါပြီ။ မင်းသားတစ်ယောက်နီးပါး ကြည့်၍ကောင်းနေသော စစ်သွေးကိုမှ စိတ်ထဲကနေကြိတ်၍ စိတ်ကူးယဉ်နေမိသူက စူးရှပါလေ။ အစကတည်းက ကနွဲ့ကလျလေးမို့ တစ်အိမ်လုံးက အခြောက်ဟု နှိမ့်ချဆက်ဆံခံနေရသူဖြစ်သောကြောင့် စူးရှ ပို၍ပင်အနေအထိုင်ဆင်ခြင်ရသည်။ အိမ်ကလူကြီးတွေက စူးရှရဲ့ပုံစံကို သိပ်မနှစ်မြို့ဟု ခံစားမိပေမယ့် မည်သူကမျှ ထဲထဲဝင်ဝင် အပြစ်တင်ဝေဖန်မှုမပြုတာကြာင့် စူးရှ စိတ်သက်သာရခဲ့ရသည်။
မီးဖိုခန်းထဲ လုပ်လက်စတွေ လက်စသတ်ပြီး စူးရှရေချိုးရန် ပြင်ဆင်လေသည်။ အိမ်မှာ အိမ်သားတွေကလွဲရင် အလုပ်သမားအားလုံး နောက်ဖေးဘက်က အုတ်ကန်ကြီးမှာ ရေချိုးရသည်။ စူးရှ ဒီလိုမနက်စောစော ရေချိုးမှသာ စိတ်လွတ်လက်လွတ် လုံလုံခြုံခြုံဖြစ်သည်ဟု ခံစားရသည်။ မဟုတ်ရင် ကားမောင်းတဲ့ ဒရိုင်ဘာနှင့် ခြံစောင့်တွေကြောင့် ခဏခဏ စူးရှ အရှက်ရခဲ့ဖူးသည်။ သူတို့က စနောက်သည်ဆိုပေမယ့် စူးရှကတော့ ရှက်လွန်းလို့ ငိုရသည်အထိ ဖြစ်ခဲ့ရဖူးသည်။ တစ်ခါတုန်းက စူးရှ ရေချိုးစဉ် ဒရိုက်ဘာကိုဟိန်းက ရေချိုးရန်ရောက်လာပြီး စူးရှ အနားကပ်ကာ ပုဆိုးကို ပြင်ဝတ်သလိုလို ဘာလိုလိုနှင့် စူးရှကို ထိကပါးရိကပါးလုပ်လို့ စူးရှမှာ ငိုယိုပြီးထွက်အပြေး စစ်သွေးနှင့်ဝင်တိုက်မိ၍ အော်ငေါက်ခံခဲ့ရဖူးသည်။ တစ်ခါတလေမှာလည်း စိတ်တွေအရမ်းကျဉ်းကြပ်သည်။ တစ်ခါတလေလည်း စူးရှဘဝလေး အေးမြရသည်ဟု ခံစားရသည်။ ဒီလိုနှင့် တဖြည်းဖြည်း အရွယ်ရောက်လာသော စူးရှတစ်ယောက်ပါ။
♦♦♦♦♦
ဒါနဲ့ပဲ စစ်သွေးတစ်ယောက် ရေထချိုးရန် ရေချိုးခန်းသို့ဝင်တော့လည်း ရေပိုက်ကပျက်ကာ ရေကမလာပေ။ စိတ်အတော်လေးညစ်ကာ နောက်ဖေးက အလုပ်သမားရေချိုးကန်ဘက်ကို ထွက်လာခဲ့လေသည်။ ခါးမှာ တပတ်လေးပတ်ပြီး ထွက်လာသော စစ်သွေးတစ်ယောက် ရေကန်မှာရေချိုးဖို့ ပုဆိုးလေးသာ ခါးအပေါ်တင်ပြီး ဝတ်ထားသော စူးရှနှင့် မျက်နှာချင်းဆိုင်တိုးတော့…
“သား…။ မေမေ့ကို ဆင်ခြေမပေးနဲ့။ ရှေ့ဆက်တိုးဖို့လည်း လုံးဝမကြိုးစားပါနဲ့။အဲဒီကောင်မလေးနဲ့ မေမေလုံးဝသဘော မတူဘူး။ အေး..ရှေ့ဆက်တိုးမယ်ဆိုရင်တော့ မေမေ့အကြောင်း သားသိတယ်နော်”
ပြင်းထန်ပြတ်သားသော မေမေ့ရဲ့ စကားလုံးများက စစ်သွေးကို အကျပ်ရိုက်စေတာအမှန်ပင်။ ချစ်ရသူကို လက်လွတ်ဆုံးရှုံးရမည်ဆိုသော အတွေးက စစ်သွေးကို စိတ်ပင်ပန်းဆင်းရဲစေသည်။ ကတိတွေ အထပ်ထပ်ပေးကာ ကျူးလွန်ခဲ့သော ချစ်ခြင်းတွေအတွက် သူ ယောက်ျားပီသစွာ တာဝန်ယူဖို့လိုအပ်သည်။ စစ်သွေးရဲ့ အတွေးများစွာက လူကိုပူထူကာ ဘာလုပ်ရမည် မတွေးတတ်အောင်ဖြစ်လို့နေသည်။ အတွေးတွေနဲ့ ညမအိပ်နိုင် မစားနိုင်ဖြစ်ကာ လူက ငြီးစီစီဖြစ်ပြီး မလန်းဆန်းနေပါ။ မနက်စောစော ဆွေဆွေနဲ့ တွေ့နေကြနေရာကိုသွားရန် အားရှိဖို့လိုသည်။ ဖြစ်ကြောင်းကုန်စင် ဆွေဆွေ့ကိုရှင်းပြပြီး ဘာလုပ်သင့်သည်ဆိုတာ တိုင်ပင်ဖို့ စစ်သွေးစဉ်းစားနေသည်။ ဟူး…မည်မျှပင်တွေးတွေး ချစ်ရသူအတွက် အဖြေက ထွက်မလာ။ လူလည်း မူးထူနေပြီ။
ဒါနဲ့ပဲ စစ်သွေးတစ်ယောက် ရေထချိုးရန် ရေချိုးခန်းသို့ဝင်တော့လည်း ရေပိုက်ကပျက်ကာ ရေကမလာပေ။ စိတ်အတော်လေးညစ်ကာ နောက်ဖေးက အလုပ်သမားရေချိုးကန်ဘက်ကို ထွက်လာခဲ့လေသည်။ ခါးမှာ တပတ်လေးပတ်ပြီး ထွက်လာသော စစ်သွေးတစ်ယောက် ရေကန်မှာရေချိုးဖို့ ပုဆိုးလေးသာ ခါးအပေါ်တင်ပြီး ဝတ်ထားသော စူးရှနှင့် မျက်နှာချင်းဆိုင်တိုးတော့…
“ဟင် စူးရှ ဘာလုပ်နေတာလဲ ဒီအချိန်ကြီး”
“ဟို ဟို ဒီအချိန်က စူးရှ ရေချိုးနေကျလေ ကိုစစ်ရဲ့။ ကိုစစ်က ဘာလာလုပ်တာလဲ”
တုန်ရီနေသောအသံဖြင့် ရှက်ရွံ့ကြောက်လန့်နေဟန် အမူအယာကမသိရင် မိန်းခလေးတစ်ယောက်က ယောက်ျားတစ်ယောက်ရှေ့ ထမီရင်လျားထားလို့ ရှက်နေသည့်ဟန်။ စစ်သွေး စူးရှကို ခြေအဆုံး ခေါင်းအဆုံးကြည့်ပြီး
“ငါလည်းရေချိုးမလို့။ ဒါနဲ့နေစမ်းပါဦး… မင်းပုံစံက ဘာဖြစ်နေတာလဲ။ ယောက်ျားလိုလို မိန်းမလိုလိုနဲ့”
စစ်သွေးပြောလည်းပြော စူးရှကို ပုခုံးချင်းဝင်တိုက်ပြီး ရေချိုးကန်ဘက်ကို ခြေလှမ်းကျဲဖြင့်လှမ်းကာ ခါးမှပုဝါ ကို ချွတ်ချလိုက်လေသည်။
အို…အစအဆုံးကို လှည့်ကြည့်လိုက်မိသည့် စူးရှ မျက်လုံးတွေ ပြာဝေသွားကာ လူက နတ်ဝင်သည်တစ်ဦးလို တစ်ကိုယ်လုံးတုန်ရီစွာဖြင့် အပြေးကလေး လှည့်ပြေးခဲ့ရလေတော့သည်။
မနက်စောစော ဘုရားဆွမ်းကပ်ပြီး မီးဖိုချောင်ဘက်ဝင်လာသည့် ဒေါ်ယုယတစ်ယောက် ရေချိုးကန်ဘက်မှ အပြေးအလွှား ထွက်ပြေးလာသော စူးရှကို အမှတ်မထင်တွေ့လိုက်ရသဖြင့် စိတ်ပူသွားသည်။
“ဟဲ့ စူးရှ ဘာဖြစ်လို့ပြာလောင်ခတ်နေတာလဲ။ အကျႌမပါ ဘာမပါနဲ့။ ယောက်ယက်ခတ်နေတာပဲ”
“မဖြစ်…မဖြစ်ပါဘူး…ဒေါ်ဒေါ် ဟို…ဟို ရေချိုးမလို့ ကိုစစ် ရောက်လာလို့ ပြန်ထွက်လာတာပါ”
“ဘာ… သားက ဘာလာလုပ်တာလဲ ဒီမှာ”
“ရေချိုးမယ်ပြော”
သူ့စကားပင်မဆုံးလိုက်။ ဒေါ်ယုယ လှည့်ထွက်ကာ
“စစ်သွေး”
“ဗျာ”
“မင်း အဲ့မှာဘာလုပ်နေတာလဲ”
“ရေချိုးနေတာလေ”
“မင်းအခန်းက ရေချိုးခန်းက ဘာဖြစ်နေလို့ ဒီမှာလာချိုးရတာလဲ”
“အာ ရေပိုက်ပျက်နေတာ ရေကမလာဘူး အမေရ”
“ဟဲ့…အဲ့ဒါဆိုလည်း ငါတို့အခန်းမှာ လာချိုးပါလား။ ဒီမှာ ဘာလို့ရေလာချိုးရတာလဲ”
ဒေါ်ယုယက ရေကန်နားမလာဘဲ သားဖြစ်သူကို အော်၍ပြောနေသော အသံက စူးရှကိုပါ ကြားစေခဲ့သည်။ ဒေါ်ယုယရဲ့ လိုတာထက်ပိုပြီး ပြစ်တင်ပြောဆိုနေမှုတွေက စစ်သွေးကို ခေါင်းရှုပ်စေသည်။ ဘာမှန်းလည်းမသိဘူး။ ရေလာချိုးတာပဲကို အမေကလေ။ စိတ်ထဲကနေ စစ်သွေး ပြောနေမိခြင်းပါ။ ရေချိုးပြီးပြန်ထွက်အလာ…
“ဟင် အမေ…ဘာရပ်လုပ်နေတာလဲ”
“နင့်ကို စောင့်နေတာလေ”
“ဟင် ဘာပြောမလို့လဲ အမေ”
“နောက်တစ်ခါ နင်ဒီဘက်ကို မလာနဲ့။ ပြီးတော့ စူးရှနဲ့လည်း ပရောပရီမနေနဲ့။ ကြားလား”
“ဗျာ”
စစ်သွေးအတော်လေးပင် အံ့အားသင့်သွားခဲ့ရသည်။ စူးရှကို အရင်က ခေါင်းထဲသိပ်မရှိပေမယ့် အမေက အခုလို ပြောလာတော့ စိတ်ထဲတစ်ခုခုကို အတွေးရသွားစေခဲ့သည်။ အမေက စူးရှနဲ့ငါ့ကို စိတ်မချနေတာပါလား။ ဖြစ်ရလေ အမေရယ်။ ဒါပေမဲ့ ဒါလည်းကောင်းတာပဲ။ ငါ့အတွက် အခွင့်အရေးတစ်ခုတော့ ရအောင်ယူမှပဲ။
“အဲဒါပဲ ဆွေဆွေ ကိုယ်လည်း ဘာလုပ်ရမယ်မသိတော့ဘူး။ အမေတို့က ကိုယ်နဲ့ဆွေဆွေ့ကို သဘောမတူဘူးဆိုတော့ ကိုယ်တို့ ခိုးပြေးဖို့ပဲရှိတော့တယ်”
“ဘယ်ဖြစ်မလဲ ကိုရယ်။ စဉ်းစားပါဦး။ အဖြေတစ်ခုတော့ရလာမှာပါ။ ဒါပေမဲ့ ဆွေဆွေတို့က”
“ကို သိပါတယ် ဆွေဆွေရယ်”
စစ်သွေးရဲ့ အာရုံထဲရောက်လာတာကတော့ စူးရှ။ ဟာဟုတ်တယ်။ စူးရှ သူ့ကို အမေက ငါနဲ့စိတ်မချနေတာပဲ။ ဟုတ်ပြီ ဒါအခွင့်အရေးပဲ။ စစ်သွေးဆုံးဖြတ်ချက်တစ်ခုနှင့် အိမ်ပြန်လာခဲ့လေတော့သည်။
♦♦♦♦♦
စူးရှတစ်ယောက် စစ်သွေးရဲ့ လိုတာထက်ပိုပြီး ဂရုတစိုက်ဆက်ဆံခြင်းကို ရုတ်တရက်ရလာခဲ့သောအခါ စိတ်ထဲဝမ်းသာရမည်လား ဒါမှမဟုတ် ဘာအတွက်ကြောင့် စစ်သွေးက အခုလို ဆက်ဆံလာသလဲဆိုသည့် အတွေးများဖြင့် လက်တွေ့ဘဝမှာတော့ မကြုံဘူးသော ပျော်ရွှင်စိတ်လှုပ်ရှားခြင်းများစွာနှင့် ကျေနပ်နေမိသည်။ ဒေါ်ယုယတစ်ယောက် သားဖြစ်သူရဲ့ နေထိုင်မှုကို အရိပ်လိုစောင့်ကြည့်နေရင်း ပို၍သတိထားလာမိခြင်းက သားစစ်သွေးတစ်ယောက် အိမ်ကအခြောက်မ စူးရှအပေါ် ပိုပြီးအရောတဝင် ဆက်ဆံလာခြင်းပင်။
ဘုရားဘုရား…သားက မိန်းကလေးတွေထက် လိင်တူကြိုက်နေတာများလား။ မဟုတ်လောက်ပါဘူး။ သူ့မှာ ချစ်သူရှိတယ်တောင် ပြောနေတာပဲကို၊ ဘာလို့အခုလို စူးရှအပေါ် အရောတဝင် နေနေတာပါလိမ့်။ မဖြစ်ပါဘူး တော်တော်ကြာ ကျော်မကောင်းကြားမကောင်းတွေ ဖြစ်နေမှဖြင့်… ရောဂါတွေက အဆန်းအပြားတွေရယ်။ မဖြစ်ဘူးမဖြစ်ဘူး ငါတစ်ခုခုတော့ စီစဉ်ရမယ်။
“စူးရှ”
“ဗျာ”
“ကိုစစ် နောက်ကျောတွေတက်နေတယ်ကွာ…ကိုစစ်ကို နည်းနည်းလောက် နှိပ်ပေးပါလား”
“အို…ဟို…ဟို”
“ဟိုတွေ ဘာတွေ လုပ်မနေနဲ့ လာအခန်းထဲကို”
စူးရှ ရင်ဖိုစိတ်လှုပ်ရှားစွာဖြင့် စစ်သွေးရဲ့ အခန်းထဲလိုက်ဝင်သွားသည်။ အစအဆုံးကို တွေ့မြင်နေရသည့် ဒေါ်ယုယက စိတ်မချစွာဖြင့် နောက်က လိုက်ကာ လိုက်ကြည့်တော့ စစ်သွေးနဲ့ စူးရှ အခန်းထဲဝင်သွားလေသည်။ အခန်းတံခါးနားကပ်ပြီး နားစွင့်လိုက်တော့
“စူးရှ အားနည်းနည်းထည့်လေကွာ။ အောက်နားနည်းနည်းဆင်း ဟုတ်ပြီ အား… ကောင်းလိုက်တာကွာ ထိတယ်။ စူးရှက တော်တယ်”
ကြားနေရသည်များက ဒေါ်ယုယကို ကတုန်ကယင် ဖြစ်စေသည်။ အခန်းအပြင်တွင် အမေဖြစ်သူရှိနေသည်ကို သိနေသော စစ်သွေးကလည်း လိုတာ ထက်ပိုပြီး အနှောင့်အသွားမလွတ် စကားများကို ပြောနေခြင်းဖြစ်သည်။ ဒါကို ဘာမှမသိတဲ့ စူးရှကတော့ သူနှိပ်ပေးတာ ထိထိရောက်ရောက် ဖြစ်တယ်ဆိုသည့် အထင်ဖြင့် စိတ်ထဲကျေနပ်ကာ
“ကိုစစ် နောက်လည်း စူးရှကို လိုအပ်ရင်ခေါ်ပေါ့။ စူးရှ လာနှိပ်ပေးမယ်”
“အွန်း အမြဲနှိပ်ပေးရမယ်နော် စူးရှ။ ကိုစစ် တစ်ခုတွေးနေတာ စူးရှ ကိုစစ်နား အမြဲရှိရင် ကောင်းမှာပဲလို”
“အို ကိုစစ်ကလည်း ဘယ်လိုပြောလိုက်တာလဲ”
“တစ်ကယ်ပြောတာ စူးရှ… ကိုစစ်ကို အနွံ့တာခံတာဆိုလို့ စူးရှပဲရှိတာ။ စူးရှ အခုလိုလေး ရှက်နေတဲ့ပုံက မိန်းကလေးနဲ့တူတယ်။ ပြီးတော့ လိမ်းထားတဲ့ သနပ်ခါးကလည်း နမ်းချင်စရာ”
“အို ကိုစစ်…ဘာမှန်းလည်းမသိဘူး”
စူးရှ ရှက်ရှက်ဖြင့် စစ်သွေးအခန်းထဲက အပြေးလေးထွက်လာသည်။
ဒေါ်ယုယ အလျင်အမြန်အကွယ်လေးတွင်နေရာယူလိုက်ပြီး အခြေအနေကို တစ်ချက်သုံးသပ်သည်။ သေချာပြီ သူတို့ တစ်ခုခုတော့ တစ်ခုခုပဲ။ မဖြစ်တော့ဘူး ငါ သားကို အဆုံးရှုံးမခံနိုင်ဘူး။ ငါဘာလုပ်ရမလဲ။ သူ့အဖေသာသိရင် မိုးမီးလောင်တော့မှာပဲ။ စစ်သွေးတစ်ယောက် သူပစ်လိုက်သည့်မြားက အမေဖြစ်သူကိုတည့်တည့် ထိမှန်သွားခြင်းအပေါ် အကျေနပ်ကြီး ကျေနပ်နေလေသည်။ အမေနဲ့ ကြုံကြိုက်တိုင်းလည်း စူးရှတော်ကြောင်း၊ လိမ်မာကြောင်း၊ မိန်းကလေးနဲ့ ပို၍တူလာကြောင်းတွေကို ခပ်စိတ်စိတ်လေး ပြောဖြစ်နေသလို တစ်ဖက်ကနေလည်း ဆွေဆွေ့ကို သဘောတူပေးဖို့ တစ်စွန်းတစ်စထည့် ထည့်ပြောလေသည်။ ဒေါ်ယုယ အတော်လေး ဒွိဟဖြစ်ရသော အခြေအနေတစ်ခုက သားဖြစ်သူ စစ်သွေးက စူးရှအပေါ်လည်း အာရုံရောက်နေသလို သူ့ချစ်သူမိန်းကလေးကိုလည်း လက်ထပ်ဖို့ ခဏခဏပြောလာသောကြောင့် ဘယ်လိုစီစဉ်ရမည်မသိ ဖြစ်ရလေသည်။ နောက်ဆုံးမှာတော့ ဒေါ်ယုယဖြစ်ကြောင်းကုန်စင်ကို လင်ယောကျာ်းကို ပြောပြပြီး ဘာလုပ်သင့်သည်ကို ဆုံးဖြတ်ခဲ့လေသည်။
♦♦♦♦♦
ကိုစစ်ရဲ့ ပိုက်ဆံတွေကို ကိုစစ်ရဲ့ယောက်ျားပီသမှုအတွက် မွန်းမံဖို့ပဲ သုံးလိုက်ပါ။ စူးရှတို့လို အသုံးချခံ နင်းပြားတွေအတွက်က တစ်ကယ်လိုအပ်တာ ငွေမဟုတ်ဘူး။ စစ်မှန်တဲ့ မေတ္တာတရား။ ကိုစစ်ကို တစ်ခုတော့ အသိပေးခဲ့ပါရစေ။ မိန်းမမှ ယောက်ျားမှ ချစ်တတ်မုန်းတတ် ခံစားတတ်တာ မဟုတ်ဘူး။ အခြောက်ဆိုတာလည်း ရင်ဘတ်နဲ့ပါ။ တိရစ္ဆာန်တွေတောင် သူ့သခင်အပေါ် သံယောဇဉ်ဆိုတာ ထားရကောင်းမှန်းနားလည်တယ်ဗျ။ ကျွန်တော်က လူ။ ခင်ဗျားအပေါ်ထားမိတဲ့ သံယောဇဉ်ကြောင့် အခုတော့…
“ကဲ စူးရှ နင် မနက်ဖြန်ကနေစပြီး ဒီမှာအလုပ်လုပ်ဖို့မလိုတော့ဘူး။ နင့်အဒေါ် စောမြကိုလည်း ငါအကြောင်းကြားထားပြီးပြီ။ နင်အထုတ်ပြင်ထားလိုက်တော့”
“ဗျာ”
“ငါပြောတဲ့စကားထဲ နင်နားမလည်တာ ဘာပါလို့လဲ”
“စူးရှ စူးရှ ဘာလုပ်မိလို့လဲ… ဒေါ်ဒေါ်”
“ဘာလုပ်မိလဲ ဟုတ်လား။ ဘာမှမလုပ်ပါဘူး။ အေး ဒါပေမဲ့ နင့်ကို ဒီမှာဆက်ပြီးလက်မခံချင်တာက နင်က ခြောက်နေလို့ပဲ ရှင်းလား။ အိမ်မှာ ဘာရောဂါညာရောဂါဆိုပြီး ငါအရှက်ကွဲ လူညွှန့်တုန်းမယ့် ကိစ္စတွေကို မကြုံခင်တားတဲ့ သဘောပဲ”
“ဗျာ”
“ဒေါ်ဒေါ်ရယ် ကျွန်တော် ကျွန်တော်”
“အာ ဘာမှရှင်းပြမနေနဲ့ နင်ဘာပြောပြော ငါစိတ်မဝင်စားဘူး မနက်ပြန်ဖို့သာပြင်ထား ဒါပဲ”
စူးရှ ဝမ်းနည်းစွာငိုရှိုက်ရင်း အိမ်နောက်ဘက်ကို ပြေးထွက်လာတော့ စစ်သွေးနှင့် တည့်တည့်တိုးပြန်ပါလေသည်။
“ဟင် စူးရှ…ဘာ ဘာဖြစ်လာတာလဲ”
“ဟီး…ဟီး…ကိုစစ် ကိုစစ်…ဟီး”
“ဟင် စူးရှ ပြောလေ ဘာဖြစ်လာတာလဲလို့”
“ဒေါ်ဒေါ်က စူးရှကို အိမ်က နှင်ချလိုက်ပြီ။ စူးရှကို အိမ်က ထွက်သွားတဲ့”
“ဟင် ဘယ်လို ဘာလို့တဲ့လဲ စူးရှ”
“ဟီး..ဟီး…ဟင့်…စူးရှက ခြောက်နေလို့တဲ့၊ ရောဂါတွေ ဘာတွေကူးမှာ စိုးလို့တဲ့ ကိုစစ်ရယ်၊ စူးရှကို ဒေါ်ဒေါ်က အဲ့လိုပြောပြီး မနက်ဖြန်အိမ်ကဆင်းတဲ့”
“ဟီး…ဟီး…”
“ဪ အမေက အဲလိုပြောလိုက်တာလား။ ကိုစစ် အမေ့ကို မေးကြည့်ပါဦးမယ်။ လောလောဆယ် စူးရှ အိပ်နှင့် ဟုတ်ပြီလား”
စူးရှမျက်ရည်တွေကို သုတ်ပေးရင်း စစ်သွေး နှစ်သိမ့်ပေးလိုက်သည်။
“အမေ… စူးရှကို ဘာလို့အိမ်က ပြန်ခိုင်းတာလဲ”
“ဟဲ့ မဖြစ်ခင်ကြိုတားတာ။ နင်ဘယ် ခြေလှမ်းလှမ်းနေတယ်ဆိုတာ ငါအသိဆုံး။ နင့်ကို ဒီအတိုင်းထားလို့မဖြစ်ဘူး။ မိန်းမပေးစားမှ ဖြစ်တော့မှာ”
“ဟာ ဘာဆိုင်လို့လဲ အမေရ။ ဒါပေမဲ့ အမေ သားချစ်သူနဲ့ သားကိုပေးစားမှ သားယူမှာ”
ဒေါ်ယုယ အကျပ်ကိုင်ခံလိုက်ရပြီ။ သားဖြစ်သူ လူညွှန့်မတုံးစေရေး မည်သည့်မိန်းမပင် ဖြစ်နေစေကာမူ ဒေါ်ယုယ ကြည်ဖြူရတော့မည်။
“အေး နင်ဟိုအခြောက်နဲ့ မပတ်သက်ရင် ငါလိုက်လျောပေးမယ်”
“အမေတစ်ကယ်ပြောတာနော်။ စူးရှနဲ့သား မပတ်သက်ဘဲနေမယ်။ အမေသားနဲ့ဆွေဆွေကိုသာ သဘောတူပေး”
♦♦♦♦♦
“ဘယ်လို ကိုစစ်”
ကိုစစ်အိမ်ထောင်ပြုဖို့ ဒေါ်ဒေါ်က သဘောမတူလို့ စူးရှကို ခုတုံးလုပ်တာ ဟုတ်လား။ စူးရှကို ဒေါ်ဒေါ်အိမ်ပေါ်က မောင်းချတာ ကိုစစ်နဲ့ တစ်ခုခုဖြစ်မှာစိုးလို့ ဟုတ်လား”
“ဪ…အဲ့ဒီလိုမျိုးတွေက သာမန်ယောက်ျားမိန်းမတွေမှာသာ ဖြစ်လေ့ရှိတဲ့ ရုပ်ရှင်ဆန်ဆန် လုပ်ရပ်တွေပါ ကိုစစ်ရဲ့”
“အခုတော့ စူးရှက ကိုစစ်ဘဝအတွက် အသုံးချခံသက်သက် ဖြစ်ခဲ့ရတယ်။ ပြီးတော့ အစကတည်းက ဒီမိသားစုလောင်း ရိပ်အောက်မှာနေခဲ့တဲ့ စူးရှက အခု ဘယ်သူ့ကိုမှီခိုပြီး ရပ်တည်ရမလဲ။ ဘယ်မှာသွားနေရမလဲ။ ကိုစစ်က စူးရှကို ဘဝပျက်အောင် လုပ်လိုက်တာပဲ”
“အဲ့လိုတော့ မပြောပါနဲ့ကွာ။ ငါ ယောက်ျား ပီသချင်လို့ပါ။ ငါဆွေဆွေ့ကို တာဝန်ယူဖို့ အခုလိုတွေ လုပ်လိုက်တာပါ။ ပြီးတော့ မင်းကမိန်းကလေးမှ မဟုတ်တာ။ မင်း နစ်နာတယ်လို့ မရှိပါဘူး စူးရှရာ။ တစ်ခုပဲ ဒီမှာမနေရဘူးဆိုပေမယ့် မင်းအတွက် ငါပိုက်ဆံပေးလိုက်မှာပါ။ ဘာမှမပူနဲ့ မင်းလည်း ယောက်ျားတစ်ယောက်ပဲဟာ။ ဗိုက်တစ်လုံးနဲ့ကျောတစ်ခင်းစာအတွက်တော့ ပူဖို့မလိုပါဘူးကွာ”
စစ်သွေးရဲ့ စကားလုံးများကို စူးရှ နားထောင်ရင်း ပြုံးလိုက်ပါသည်။ နာကျင်မှု၊ ရှက်ရွံ့မှု၊ ဝမ်းနည်းမှုတွေ ရောပြွန်းပမ်းနေသည့် ထိုအပြုံးကို စစ်သွေးက မျက်နှာချင်းမဆိုင်ဝံ့စွာပင် မျက်နှာကို တစ်ဖက်သို့လွှဲလိုက်ပြီး ပိုက်ဆံထုပ်တစ်ထုပ်ကို ကမ်းပေးသည်။
စူးရှ ပိုက်ဆံထုပ်ကို စိုက်ကြည့်ပြီး
“ကိုစစ်ရဲ့ ပိုက်ဆံတွေကို ကိုစစ်ရဲ့ယောက်ျားပီသမှုအတွက် မွန်းမံဖို့ပဲ သုံးလိုက်ပါ။ စူးရှတို့လို အသုံးချခံ နင်းပြားတွေအတွက်က တစ်ကယ်လိုအပ်တာ ငွေမဟုတ်ဘူး။ စစ်မှန်တဲ့ မေတ္တာတရား။ ကိုစစ်ကို တစ်ခုတော့ အသိပေးခဲ့ပါရစေ။ မိန်းမမှ ယောက်ျားမှ ချစ်တတ်မုန်းတတ် ခံစားတတ်တာ မဟုတ်ဘူး။ အခြောက်ဆိုတာလည်း ရင်ဘတ်နဲ့ပါ။ တိရစ္ဆာန်တွေတောင် သူ့သခင်အပေါ် သံယောဇဉ်ဆိုတာ ထားရကောင်းမှန်းနားလည်တယ်ဗျ။ ကျွန်တော်က လူ။ ခင်ဗျားအပေါ်ထားမိတဲ့ သံယောဇဉ်ကြောင့် အခုတော့…”
စူးရှ ငိုရှိုက်ရင်း လှည့်ထွက်ခဲ့လေတော့သည်။ ခြေလှမ်းတို့က လုပ်လီလုပ်လဲ့ မကြွချင်ကြွချင်နဲ့ လှမ်းနေရတဲ့ခြေလှမ်းတွေကို မနိုင်မနင်း မချီ၍လှမ်းနေရသည်။ နောက်ကို တစ်ချက်ငဲ့စောင်းကြည့်လိုက်ချိန်မှာတော့ နာကျင်ခါးသီးမှုတွေကို မြင်လိုက်ရသည့်အတွက် ခြေလှမ်းတွေက အလိုလို ခပ်စိတ်စိတ်လေး လှမ်းဖြစ်သွားရသည်။ ရုတ်တရက် မိုးကသည်းထန်စွာ ရွာချလိုက်ချိန်မှာတော့ စူးရှတစ်ကိုယ်လုံး နစ်နေအောင် စိုရွဲလို့သွားရသည်။ မိုးရေက အခိုက်အတန့်တော့ စူးရှရဲ့ပူလောင်မှုကို ငြိမ်းအေးစေခဲ့သလား။ ဒါမှမဟုတ် စီးကျနေသော မျက်ရည်တွေအတွက် အားပေးအားမြှောက်လုပ်ရန် ကြံရွယ်လေသလား။ ကာယကံရှင် စူးရှပင် ဝေခွဲမရတတ်ခဲ့ပေ။
မိုးခြိမ်းသံတွေ လျှပ်စီးကြောင်းတွေက ဩကာသလောကတစ်ခွင်မှာတော့ သူတလူငါတမင်း မာန်ဟုန်ကြီးစွာ ဘယ်လိုအငြိုးတွေနဲ့ ကြီးစိုးနေသည်မသိ။ တစ်ချက်တစ်ချက် ကျယ်လောင်မြည်ဟည်းသွားသော မိုးခြိမ်းသံတွေနှင့်အတူ စူးရှရဲ့ ရင်ဘတ်ထဲက နာကျင်လောင်မြိုက်ခြင်းတွေကလည်း အဟုန်ပြင်းပြင်းဖြင့်…
ပြီးပါပြီ
လူသားအားလုံး ချစ်တတ်ပါစေ။
လူသားအချင်းချင်း စာနာနိုင်ပါစေ။
လူသားအချင်းချင်း လူကိုလူလို့သာ
မြင်နိုင်ပါစေ။
ကျွန်တော်တို့ ပတ်ဝန်းကျင်ကြီး
ချစ်ခြင်းများဖြင့် သာယာပါစေ။
ကိုထိုက်