ဇော

“အလကားပါကွာ၊ ကိုယ်တိုင်က ဝါသနာပါလို့ ဒီလိုမိန်းမလျာကြီးဖြစ်နေတာပါ”

“ကြည့်ပါဦး…ရွံစရာကွာ။ ပြေးပြီး ကန်ပစ်လိုက်ချင်တယ်…”

“ငါ့ညီသာဆို မလွယ်ဘူး။ မိသားစုတွေ ညီအစ်ကိုမောင်နှမတွေရဲ့ မျက်နှာကိုမှမထောက်… ဒီအလုပ်ကြီးနဲ့ ငွေရှာနေတာ”

“ခြေလက်အင်္ဂါလည်း အစုံပါရဲ့သား နဲ့…ထွီ”

မိန်းမလျာတဲ့။ ကျူးကျော်တွေနေတဲ့ ရပ်ကွက်လမ်းထိပ်ကအဖြတ် နောက်ပါးဆီကနေ ပြောနေကြသော ဆိုက်ကားသမားတွေရဲ့ အပြစ်တင်ဝေဖန်သံတွေကြားတော့ ကျွန်မနာနာကျင်ကျင် ပြုံးမိတယ်။ ဒါတွေက ကျွန်မအတွက်တော့ ရိုးနေပါပြီလေ။ ကျွန်မဆိုတာ အများတကာက ပြစ်တင်ဝေဖန်နေတဲ့ မိန်းမလျာ။

အေးချမ်းတဖြစ်လည်း မအေးချမ်းပေါ့လေ။ သူတို့ ပြောတာလည်း ဟုတ်ပါတယ်။ ကျွန်မမှာ ခြေလက်တွေ အစုံရှိပါတယ်။ ဒါပေမဲ့ ကျွန်မပညာမတတ်ဘူးလေ။ ရန်ကုန်မြို့ကြီးက လူတွေက သိပ်ပြီးမျက်နှာလိုက်တယ်ရှင့်။ ပညာတတ်ပြီး ရုပ်ကလည်းချောမှ၊ ဘွဲ့တွေအများကြီးရမှ၊ ကွန်ပျူတာကို ကိုင်တတ်မှ အလုပ်ခေါ်ချင်ကြတာ။ ကျွန်မလိုလူအတွက် အဲဒီအရာတွေက ဘယ်လိုသင်ယူတတ်မြောက်ပါ့မလဲ။ ကျွန်မတို့က ဆင်းရဲတယ်။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဘဝလေ။

လမင်းကြီးကို မော့ကြည့်ပြီးကလေး တစ်ယောက်လို ထမင်းဆီဆမ်း ရွှေလင်ဗန်းပေးပါလို့ တောင်းရအောင် ကျွန်မက ကလေးမှမဟုတ်တာပဲ။
အဖေက ဆိုက်ကားသမား။ တစ်နေ့တစ်နေ့ မူးရူးသောက်စားနေတာ။ အမေကလည်း ဖဲဆိုတဲ့အရာနဲ့တွေ့ရင် သားသမီးမပြောနဲ့ တစ်လောကလုံးကိုမေ့၊ ထမင်းငတ်ခဲ့ရတဲ့ ညတွေလည်း အများကြီး။

“ရှင်”

အိမ်မှာကျွန်မက အကြီးဆုံးလေ။ အောက်က အငယ်ကောင်လေး သုတနဲ့ အငယ်မလေး ဆုဆုစံတို့ကို ဘယ်သူက ကြည့်ရှုစောင့်ရှောက်မှာလဲ။

သူတို့လေးတွေကို ကျွန်မလို ပညာမဲ့ဘဝ မရောက်စေချင်ဘူး။ အဖေအမေလည်း ရှိရဲ့သားနဲ့ အသုံးမကျတဲ့ မိဘတွေလို့ ကျွန်မမိဘတွေကို အပြောမခံနိုင်ဘူးလေ။ အခုဆိုရင် ကျွန်မအသက် နှစ်ဆယ်ကျော်နေပြီ။ ဒီတာဝန်ကို တစ်လှည့်ပြန်ပြီး ယူရမှာပေါ့။ အဲဒီအတွက် ကိုအေးချမ်း အရေခွံကိုချွတ်ပြီး မအေးချမ်းအရေခွံကို ခြုံခဲ့တာပါ။ ဒါပေမဲ့ ကျွန်မကျေနပ်ပါတယ်။

“အဖေ အရက်ကောင်းကောင်းအမြဲ သောက်နိုင်အောင် တစ်လမ်းဝင်တစ်လမ်းထွက် ဈေးရောင်းရတာတန်တယ်”

“အမေလိုအပ်တဲ့အချိန် ပိုက်ဆံတောင်းတဲ့အခါ အပြုံးမပျက်ဘဲ ထုတ်ပေးနိုင်အောင် အခြောက်ကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို ရခဲ့တာလည်း ကျေနပ်တယ်”

ကျွန်မ ခြေလှမ်းကိုရပ်ပြီး နောက်ကိုကြည့်လိုက်တော့ ယိုင်တိယိုင်တိုင်နဲ့ အမူးသမားအုပ်စု။ ကျွန်မအရမ်းလန့်သွားတယ်။ အခုလိုအချိန်မှာ အကူအညီတောင်းလည်း ဘယ်သူကမှ ကျွန်မအသံကိုကြားနိုင်မယ်မထင်။ ဒါကြောင့် ရှိသမျှခွန်အားတွေနဲ့ မိုးသည်းသည်းထဲမှာ အိမ်ကိုအရောက်ပြေးလာခဲ့တယ်။

သုတနဲ့ ဆုဆုစံဆိုတဲ့ ကလေးနှစ်ယောက်အတွက် စံပြအစ်ကို မဖြစ်ချင်နေပါစေ။ သူတို့လေးတွေ ကျောင်းစိမ်းအဖြူလေးတွေဝတ်ပြီး ကျောင်းမုန့်ဖိုးတောင်းတဲ့အခါတိုင်း ဪ… ငါက ဒီကလေးတွေနဲ့ ဒီမိသားစုရဲ့ လိုတရလွယ်အိတ်ကြီးပါလားလို့ ကိုယ့်ကိုယ်ကို ဂုဏ်ယူရတာလည်း အမောပါပဲ။

ရန်ကုန်မြို့ရဲ့ လှိုင်သာယာဆိုတဲ့ ကျူးကျော်တွေနေတဲ့ သာမန်ရပ်ကွက် ကျဉ်းကျဉ်းလေးထဲမှာ မအေးချမ်းဆိုတဲ့ ကျွန်မကို မသိသူမရှိ။ ကျွန်မ မနက်ကနေ ညနေထိ အလှကုန်ပစ္စည်းလေးတွေ လိုက်ရောင်းရပါတယ်။ ဒီအလုပ်က မဆိုးပါဘူး။ ပစ္စည်းများများရောင်းလေ အမြတ်များများ ကျန်လေပဲ။ တစ်ခါတလေ ဝယ်သူတွေက ကပြပါဆိုရင် ကပြလိုက်တယ်။ သူတို့တွေ ရယ်ကြမောကြတာကို ကျွန်မ မရှက်ပါဘူး။ သူတို့လိုပဲ ကျွန်မမိသားစု တွေ ရယ်မောနိုင်ဖို့အတွက် ကျွန်မငွေ ရှာနေတာလေ။ ဒါကြောင့် ကပြတယ်၊ သူတို့က မုန့်ဖိုးအနေနဲ့ အပိုငွေထပ်ပေးကြတယ်။ ဒါဆို ကျွန်မကျေနပ်တယ်။

ဒီနေ့ ကျွန်မအလုပ်ပြီးလို့ အိမ်ကိုပြန်လာတော့ မိုးကအရမ်းချုပ်နေပြီ။ ညနေထဲက ညို့နေတဲ့မိုးက ရွာလိုက်တာ သဲကြီးမဲကြီး။ မိုးကလည်းရွာ လျှပ်စီးတွေကလည်းလက်နဲ့ တကိုယ်လုံးစိုရွှဲလို့ ချမ်းနေတဲ့ကြားက ကျွန်မအရမ်းကြောက်နေခဲ့တယ်။ တတ်သလောက်မှတ်သလောက် ဘုရားစာတွေကိုရွတ်ပြီး ခြေလှမ်းတွေကို ခပ်မြန်မြန် လျှောက်လှမ်းမိတယ်။

“ဟေ့ အချစ်ကလေး…ဘယ်ကပြန်လာတာလဲ။ တစ်ယောက်တည်းလား၊ ကိုယ်တို့ အဖော်လုပ်ပေးမယ်လေ”

ကျွန်မ ခြေလှမ်းကိုရပ်ပြီး နောက်ကိုကြည့်လိုက်တော့ ယိုင်တိယိုင်တိုင်နဲ့ အမူးသမားအုပ်စု။ ကျွန်မအရမ်းလန့်သွားတယ်။ အခုလိုအချိန်မှာ အကူအညီတောင်းလည်း ဘယ်သူကမှ ကျွန်မအသံကိုကြားနိုင်မယ်မထင်။ ဒါကြောင့် ရှိသမျှခွန်အားတွေနဲ့ မိုးသည်းသည်းထဲမှာ အိမ်ကိုအရောက်ပြေးလာခဲ့တယ်။

ဟူး…မောလိုက်တာ။ လူက အရမ်းကြောက်နေလို့လားမသိ။ ကိုယ့်နှလုံးခုန်သံ တဒိန်းဒိန်းတောင် ကိုယ်ပြန်ကြားနေရတယ်။

“အမေ၊ အဖေ၊ ညီမလေး၊ ညီလေး”

မိုးအေးတာကြောင့်ရော၊ အိပ်မောကျနေတာကြောင့်ရော ထင်တယ်…အိမ်ကလူတွေ တော်တော်နှင့်မကြား။ အိမ်နောက်ဖေးဘက်က ပတ်ဝင်ဖို့ နောက်ဖေး တံခါးဂျက်ကို အသာလေးလက်နှိုက်ဖွင့်လိုက်တယ်။ အိမ်ထဲကို ဖြေးဖြေးချင်းဝင်၊ ရေစိုနေတဲ့ အဝတ်အစားတွေကို ခပ်မြန်မြန်လဲပြီး ထမင်းစားမယ်လို့ အိုးဖွင့်ကြည့်တော့ ထမင်းခဲတစ်ခဲ ကျန်သေးတာမို့ ဝမ်းသာသွားတယ်။ ထမင်းကို ပန်းကန်ထဲထည့်ပြီး လက်ကျန်ငပိရည်ရယ်၊ ကန် စွန်းရွက် တို့စရာရယ်ကို ရောသမမွှေလိုက်ပြီး ဝမ်းစာပြဿနာကို ဖြေရှင်းလိုက်တယ်။ ပင်ပန်းလို့ထင်တယ်၊ ထမင်းစားမြိန်လိုက်တာ။ ဆေးစရာရှိတာတွေကိုဆေး၊ သိမ်းစရာရှိတာတွေကို မအိပ်ခင် သိမ်းဆည်းပြီးတော့မှ ကိုယ့်ရဲ့နားခိုရာ သင်ဖြူးဖျာလေးနဲ့ အညာစောင် အစုတ်လေးထဲတိုးဝင်ပြီး လှဲချလိုက်တယ်ဆိုရင်ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါတော့တယ်။

♦♦♦♦♦

အေးစက်စက်အရာတစ်ခုကြောင့် ကျွန်မလန့်ပြီး နိုးလာတယ်။ မျက်နှာပေါ်ကို မိုးတွေယိုပြီး ဘေးပတ်ပတ်လည်မှာလည်း မိုးပက်ထားတာကြောင့် စောင်တွေကအစ စိုထိုင်းထိုင်းဖြစ်နေပါတယ်။ ဒါပေမဲ့ ကျွန်မ အရမ်းအိပ်ချင်တာကြောင့် ငုတ်တုတ်ထိုင်ငိုက်ရင်း ပြန်အိပ်ပျော်သွားခဲ့တယ်။ အိပ်ပျော်နေတာ ဘယ်လောက်ကြာသွားလဲမသိ။ ကျွန်မနိုးတော့ မိုးတောင်စင်စင်လင်းနေပြီ။ ကျွန်မနိုးတာနဲ့ ချက်ချင်းအပေါ်ကို မော့ကြည့်လိုက်တယ်။ ပေါက်ပြဲနေတဲ့ ဓနိတွေကိုမြင်ပြီး အိမ်ပြင်ဖို့ ငွေပိုရှာရမယ်ဆိုတဲ့ အတွေးတွေဝင်လာပြန်တယ်။ အဖေတို့၊ အမေတို့ ကလေးတွေရော ညကမိုးယိုလို့ အိပ်နိုင်ကြပါ့မလားဆိုတဲ့ အတွေးနဲ့ထမယ်အလုပ်မှာ ကျွန်မခေါင်းက မိုက်ကနဲဖြစ်သွားတယ်။

“အား…ကျွတ်…ကျွတ်”

ညက မိုးတွေမိလို့ဖြစ်မယ်။ တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလိုပဲ။ နာကျင်ကိုက်ခဲနေတယ်။

ဖြည်းဖြည်းချင်း ထထိုင်လိုက်ပေမယ့် လူကထမရ။ ခေါင်းတစ်ခုလုံးအုံခဲနေပြီး ရင်ထဲမှာလည်း တလျပ်လျပ်နဲ့ မောနေမိတယ်။ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိလို့ အလုပ်နားဖို့စိတ်ကူးနဲ့ခေါင်းအုံးအောက်ထဲကို လက်နှိုက်လိုက်တော့ တစ်ရာတန်၊ နှစ်ရာတန်၊ ငါးရာတန်၊ တစ်ထောင်တန်လေးတွေနဲ့အတူ ငါးထောင်တန်က တစ်ရွက်ထွက်လာတယ်။ အားလုံးကို ရေကြည့်လိုက် ကိုးထောင်ရှစ်ရာတိတိ။ ဒီနေ့ တစ်နေ့တော့ နားလို့ရလောက်ပါတယ်လေဆိုပြီး တွေးနေတုန်း

“ကိုကို သုတ… စာအုပ်ကုန်နေလို့ စာအုပ်ဝယ်ဖို့ ပေးဦး”

“ဟုတ်တယ် မီးမီးလည်း စာအုပ်ကုန်ပြီ။ ပြီးတော့ ဆရာမက လေ့လာရေးခရီးထွက်ဖို့ တစ်ကျောင်းလုံးကို ပိုက်ဆံကောက်တယ်။ မီးမီးတို့လည်း လိုက်သွားချင်တယ်။ ပိုက်ဆံပေးပါလား ကိုကို”

“ဟုတ်လား”

ကျွန်မ မျက်နှာကို အချိုဆုံးပြုံးထားလိုက်တယ်။

“ကိုကိုက ပေးမှာပေါ့ကွ။ ကဲပြော စာအုပ်ဖိုးက ဘယ်လောက်လဲ။ ပြီးတော့ လေ့လာရေးခရီးအတွက်ကရော တစ်ယောက်ဘယ်လောက်လဲ ပြော”

“တစ်ယောက်ကို တစ်သောင်းတဲ့ ကိုကိုရ ။ စာအုပ်က သုတနဲ့ မီးမီးတို့ နှစ်ယောက်ဆို ငါးထောင်လောက်ဆိုရပါတယ်”

“ဟုတ်ပြီ။ ကိုကို မနက်ဖြန်အကုန် ဖြစ်အောင်လုပ်ပေးမယ်နော်… စိတ်ချ။ ဒီနေ့တော့ စာအုပ်ဖိုး အရင်ယူသွား…ရော့ ငါးထောင်။ ဒါက သုတနဲ့မီးမီးအတွက် ကျောင်းမုန့်ဖိုးတစ်ယောက်ငါးရာ”

“ဟေ့…ဟေး… ဒါမှငါတို့ ကိုကိုကွ”

ဆိုပြီး အာဘွားတွေပေးကာ ထွက်သွားကြပါတော့တယ်။

“သား အေးချမ်း။ ဆန်ကုန်နေပြီ။ ပိုက်ဆံလေးရှိရင် ဈေးဖိုးပေးခဲ့ပါဦးလား”

အမေ့မျက်နှာကမကောင်း၊ ကြည့်ရတာ ဒီရက်တွေထဲ ဖဲများရှုံးသလားမသိ။

“ဗျာ..ဟုတ်ကဲ့၊ အမေ ခဏနော်”

စောစောက ခေါင်းအုံးအောက်ကိုနှိုက်ပြီး ကျန်နေသေးတဲ့ သုံးထောင်ရှစ်ရာကို အမေ့ကို ပေးလိုက်တယ်။
“ရော့ …အမေ အရေးကြီးတာဝယ်ထားလိုက်နော်။ သားညနေ ပြန်လာရင်ထပ်ပေးမယ်”
“အေး…အေး” ဆိုပြီး ပိုက်ဆံယူကာ ထွက်သွားတဲ့ အမေရဲ့နောက်ကျောကို ကြည့်ပြီး ကျွန်မအလုပ်နားလို့ မဖြစ်သေးဘူးလို့ တွေးလိုက်မိတယ်။

ကျွန်မခေါင်းထဲ ချာချာလည်ပြီး အသိတွေရော အမြင်တွေပါ တဖြည်းဖြည်းဝေဝါးလာတယ်။ ကျွန်မ အစာမစားရသေးဘဲ ဆေးသောက်လိုက်လို့များလား။ အရှင်ဘုရား… ဘုရားတပည့်တော် ဘာမှမဖြစ်ပါစေနဲ့။ တပည့်တော်ကို မျှော်နေတဲ့ မှီခိုနေတဲ့ မိသားစုတွေရှိနေသေးတယ်။ သူတို့အတွက် ကျွန်မရှိမှဖြစ်မယ်။ ဟော…ပြောရင်းဆိုရင်း မိုးတွေညို့လာပြီ။ ခဏနေရင် မိုးတွေရွာတော့မယ်။

မိသားစုအတွက် အရေးပေါ်ပြဿနာတွေကိုရှင်းဖို့ ကျွန်မလမ်းပေါ်ထွက်ရဦးမယ်။
တစ်လမ်းဝင်တစ်လမ်းထွက် ဈေးရောင်းလိုက်၊ ကပြလိုက်နဲ့ပင်ပန်းလွန်းလို့ ကျွန်မနုံးချိနေတယ်။ အိတ်ထဲက ပိုက်ဆံတွေကိုလည်း ရေတွက်နေမိတယ်။ ဒါက အိမ်ပြင်ဖို့၊ ဒါကအဖေအတွက် အရက်ဖိုး၊ ဒါက အမေအတွက်ဈေးဖိုး၊ ဒါက သုတလေးနဲ့ မီးမီးလေးအတွက် အကုန်လုံးဖယ်အပြီး လက်ထဲမှာ ပိုတဲ့တစ်ရာတန်တစ်ရွက်နဲ့ ဆေးဆိုင်ဝင်ပြီး စပ်ဆေးတစ်ခွက် ဝင်ဝယ်မိတယ်။ ကျွန်မတစ်ကိုယ်လုံး ကိုက်ခဲနေပီလေ။

“ကျွန်မ တစ်ကိုယ်လုံးကိုက်ခဲနေလို့ မြန်မြန်သက်သာမဲ့ ဆေးလေးပေးပါ။ ရင်တွေအရမ်းတုန်ပြီး ခေါင်းတွေမူးနေလို့ပါ”

ဆေးဆိုင်အမျိုးသမီးက ကျွန်မပြောတဲ့အတိုင်းနားထောင်ပြီး ဆေးတစ်ခွက်စာ စပ်ပေးတယ်။ ကျွန်မကိုလည်း ဘာကြီးလဲဆိုပြီး ပြုံးစိစိနဲ့ ကြည့်နေသေးတယ်။

“ဘယ်လောက်လဲ မသိဘူး”

“သုံးရာ့ငါးဆယ်ပါ”

“တစ်ရာတန်ဆေး မရှိဘူးလား”

“ဟုတ်ကဲ့ရပါတယ်”

ဆိုင်ပိုင်ရှင်အစ်မက တစ်ရာနဲ့တန်မယ့်ဆေးတစ်ခွက် ထပ်စပ်ပေးပြန်တယ်။

“ကျေးဇူးပါနော်”

ကျွန်မလက်ထဲရောက်လာတဲ့ ဆေးထုပ်လေးကိုဖောက်ပြီး လမ်းဘေးရေအိုးစင်က ရေတစ်ခွက်နဲ့ သောက်လိုက်တယ်။

ကားမစီးဘဲ လမ်းလျှောက်ပြီးပြန်ရမယ်။ အိမ်အတွက် ဖယ်ထားတဲ့အထဲက ပါလို့မဖြစ်ဘူး။ ကျွန်မဆေးသောက်ထားတာပဲ၊ အားတွေ ပြန်ပြည့်လာမှာပါဆိုပြီး ကားလမ်းဘေးအတိုင်း လျှောက်လာခဲ့တယ်။

ရုတ်တရက်… ကျွန်မရင်တွေ တုန်လာတယ်။ ဘာဖြစ်တာလဲမသိ။ အာခေါင်တွေပါ ခြောက်လာသလို ခံစားရတယ်။ ကျွန်မဘာဖြစ်တာလဲ။ အား…မူးလိုက်တာ ဘုရားရေ။ ကျွန်မဘာမှ မဖြစ်ပါစေနဲ့။ ကျွန်မ ကျန်းမာမှဖြစ်မယ်။ ဘုရား…ဘုရား ကျွန်မတစ်ခုခုဖြစ်ရင်…အား…ကျွတ်…ကျွတ်။

ကျွန်မခေါင်းထဲ ချာချာလည်ပြီး အသိတွေရော အမြင်တွေပါ တဖြည်းဖြည်းဝေဝါးလာတယ်။ ကျွန်မ အစာမစားရသေးဘဲ ဆေးသောက်လိုက်လို့များလား။ အရှင်ဘုရား… ဘုရားတပည့်တော် ဘာမှမဖြစ်ပါစေနဲ့။ တပည့်တော်ကို မျှော်နေတဲ့ မှီခိုနေတဲ့ မိသားစုတွေရှိနေသေးတယ်။ သူတို့အတွက် ကျွန်မရှိမှဖြစ်မယ်။ ဟော…ပြောရင်းဆိုရင်း မိုးတွေညို့လာပြီ။ ခဏနေရင် မိုးတွေရွာတော့မယ်။

“ဒုန်း…ကျွီ…ဗုန်း”

“သွားပြီဟေ့… မိန်းမလျာတစ်ယောက်ကို ကားတိုက်သွားပြီးဟ…လာကြည့်ကြဦး”

“ဟယ်…သနားပါတယ်”

“ကြည့်ပါဦး၊ အသက်မရှူတော့ဘူးထင်တယ်။ သနားစရာဟယ်”

“ကားကမောင်းလာတာ အမှန်၊ သူကလမ်းလျှောက်ရင်း ကားရှေ့ကိုလဲကျသွားတာ၊ ကြည့်ရတာမူးပြီး ပလက်ဖောင်းပေါ်ကနေ ပြုတ်ကျသွားတာနေမှာ။ စိတ်မကောင်းလိုက်တာ။ ငယ်ငယ်လေးရှိပါသေးတယ်”

ကျွန်မဘေးမှာ လူသံတွေ ဆူညံနေတာပဲ။ လူအုပ်ကြားထဲကနေ ကျွန်မ အတင်းကုန်းထလိုက်ပြီး ကျွန်မကျောခိုင်းလိုက်တယ်။ သူတို့ကို စပ်စုနေလို့ ဘာမှအကျိုးထူးမှာမဟုတ်ဘူး။ အိမ်မှာ ကျွန်မပြန်အလာကို အဖေရယ်၊ အမေရယ်၊ သုတလေးရယ်၊ မီးမီးလေးရယ် မျှော်နေလိမ့်မယ်။

ကျွန်မ ခြေလှမ်းတွေကို မပြေးရုံတမယ် ခပ်သွက်သွက် လှမ်းမိပါတော့တယ်။

မင်းစေတန်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.