မိသားစု

လူတွေက ဖြူနုကို ကံကောင်းသတဲ့၊ ထီပေါက်သတဲ့၊ ကုသိုလ်ထူးသတဲ့၊ အားကျသတဲ့ ပြောကြသည်။ လူတွေ ပြောမည်ဆိုလည်း ပြောချင်စရာပင်။ ဘဝပေးအခြေအနေ ကံဆိုးလွန်းရှာတဲ့ မောင်နှမလေးယောက်ထဲမှာ ဖြူနုတစ်ယောက်သာ အိမ်ထောင်ကျသည်။ ဟုတ်သည်လေ။ ဖြူနုတို့ မောင်နှမလေးယောက်စလုံး ဘဝပေး ကံဆိုးတာလား။ အဖေနှင့်အမေ နှစ်ယောက်စလုံးက အကောင်းကြီးရှိပါလျက်နှင့် ဖြူနုတို့ မောင်နှမလေးယောက်စလုံးကျမှ ဘာကြောင့် ဆွံ့အနားမကြားသူတွေအဖြစ် မွေးဖွားလာကြရသလဲ။ အငယ်ဆုံး ညီမလေးကျတော့လည်း အဖေနှင့်အမေလို အကောင်းတိုင်းဖြစ်နေပါလျက်နှင့် ဖြူနုတို့မောင်နှမလေးယောက်ကျမှ ဘာကြောင့် သည်လောက်ချို့ယွင်းနေရသလဲ။ ဖြူနုတို့ မောင်နှမလေးယောက်လုံး မွေးဖွားချိန်မှာ အဖေနှင့်အမေများ တစ်ခုခုချို့ယွင်းနေခဲ့ကြလို့လား။

ဖြူနုရဲ့ အကြီးဆုံးအစ်မကြီးလည်း ဆွံ့အနားမကြား။အစ်ကိုလတ်၊ အစ်ကိုငယ်နှင့် ဖြူနုလည်း ထို့အတူ။ ဆင်းရဲနွမ်းပါးရှာသည့် ရွာလေးမှာ ဖြူနုတို့ မောင်နှမလေးယောက်စလုံး ကျောင်းမနေရ။ စာမဖတ်တတ်။ လက်ဟန်နှင့်သာ အချင်းချင်း ဆက်သွယ်စကားပြောကြရသည်။ ရွာက ကြုံရာကျပန်း အလုပ်ကိုလုပ်ပြီး ပိုက်ဆံရှာ။ အဖေ့ထန်းတက် လုပ်ငန်းထဲ ဝင်ကူလုပ်။ သည်လိုဖြင့်သာ တစ်ဘဝလုံးကို ဖြတ်သန်းကြရပေတော့မည်။ ဆွံ့အနားမကြားတော့လည်း မည်သူကမျှ လက်ထပ်ချင်ကြမှာမဟုတ်ဘဲ အပျိုကြီး၊ လူပျိုကြီးဘဝနှင့် အရိုးထုတ်ကြရပေတော့မည်။

အခုဆို အစ်မကြီး အသက်သုံးဆယ်ကျော်လို့ လေးဆယ်စွန်းပြီ။ အစ်ကိုလတ်နှင့် အစ်ကိုငယ်က သုံးဆယ်ကျော်နှင့် သုံးဆယ်နား။ ဖြူနုကတော့ နှစ်ဆယ့်ငါးနှစ်ရှိပြီ။ အကျိုးပေးချင်တော့ ဖြူနုကို လက်ထပ်ယူလိုသူတစ်ယောက် ပေါ်လာသည်။ ပေါ်လာတာမှ ရိုးရိုးမဟုတ်။ ပြည့်စုံကုံလုံသူ မြို့ကြီး သား။ ကိုယ်ပိုင်စီးပွားရေးတစ်ခုနှင့် အတော်လေးပြည့်စုံနေသူ။ တကယ်တော့ ထိုမြို့ကြီးသားဟာ နဂိုက ဖြူနုတို့ရွာ ဇာတိပင်။ နာမည်က မောင်မောင်တဲ့။ အစ်ကိုလတ်နှင့်မှ အသက်ရွယ်တူလောက်။ မောင်မောင်က တစ်ကောင်ကြွက်။ မောင်မောင့်ဘဝလည်း ဖြူနုတို့နှင့်မတူတောင် ဘဝပေးအခြေအနေက လွန်စွာဆိုးဝါးကြောင်း ဖြူနုအမေက ဖြူနုကို ပြောပြထားလို့ ဖြူနု သိထားသည်။ အမေက ဖြူနုအမေမို့ထင့်။ လက်ဟန်နှင့် ပြောသည်ကို နားလည်ရုံမက ဖြူနုက နှုတ်ခမ်းလေးလှုပ်ပြရုံ၊ မျက်လုံးလေး လှုပ်ပြရုံနှင့် နားလည်နေတတ်သည်။

မောင်မောင့်အမေသည် ရွာက သူဌေးကြီးတစ်ဦး၏ စော်ကားခြင်းကို ခံခဲ့ရသည်တဲ့။ သူဌေးကြီးက အစက ယူမလိုလိုနှင့် မယားကြီးနှင့် သားသမီးများစွာ ရှိထားခြင်းကြောင့် မောင်မောင့် အမေကိုမယူဘဲ ငွေပေးရုံနှင့် အမှုပြီးပြတ်လိုက်သည်တဲ့။ သည်လိုနှင့် အဖေမရှိဘဲ မောင်မောင့်ကို မွေးခဲ့သည်။ မဖြူစင်တော့သည့် မောင်မောင့်အမေကို မည်သူကမျှ လည်း လက်ထပ်မယူကြ။

မောင်မောင် ဆယ့်နှစ်နှစ်လောက်အရွယ်မှာ မောင်မောင်က သူ့မှာ ဘာကြောင့် အဖေမရှိတဲ့အကြောင်း အမေ့ကို မေးသည်။ အမေက မဖြေချင်ပေ။ မောင်မောင်က ဇွတ်မေးမှသာ တစ်ဦးတည်းသော သားလေး၏ အမေးကို မလွန်ဆန်နိုင်တော့မှ မဖြေချင် ဖြေချင်နှင့်ဖြေခဲ့ရသည်။ မောင်မောင့်မှာ အဖေရှိကြောင်း၊ ရွာထဲက သူဋ္ဌေးကြီး ဦးကျန်စစ်မှာ မောင်မောင့်အဖေဖြစ်ကြောင်း အကြောင်းစုံ ပြောပြခဲ့သည်။

တကယ်တော့ မောင်မောင့်အမေလည်း တစ်ကောင်ကြွက်ပင်။ မိဘတွေက အသက်တွေကြီးမှ မောင်မောင့်အမေကို မွေးသည်မို့ မောင်မောင့်အမေ အရွယ်ရောက်စမှာပင် ကွယ်လွန်သွားကြသည်။ထိုစဉ်မှာပဲ မောင်မောင့်အမေ စော်ကားခြင်းခံရသည်။ ညီအစ်ကိုမောင်နှမလည်း မရှိ၊ တစ်ကောင်ကြွက် မောင်မောင့်အမေခမျာ တစ်ရွာလုံး၏ အပစ်ပယ်ခံဘဝနှင့် မောင်မောင့်ကို ခက်ခက်ခဲခဲ မွေးမြူခဲ့ရသည်။

မောင်မောင် ဆယ့်နှစ်နှစ်လောက်အရွယ်မှာ မောင်မောင်က သူ့မှာ ဘာကြောင့် အဖေမရှိတဲ့အကြောင်း အမေ့ကို မေးသည်။ အမေက မဖြေချင်ပေ။ မောင်မောင်က ဇွတ်မေးမှသာ တစ်ဦးတည်းသော သားလေး၏ အမေးကို မလွန်ဆန်နိုင်တော့မှ မဖြေချင် ဖြေချင်နှင့်ဖြေခဲ့ရသည်။ မောင်မောင့်မှာ အဖေရှိကြောင်း၊ ရွာထဲက သူဋ္ဌေးကြီး ဦးကျန်စစ်မှာ မောင်မောင့်အဖေဖြစ်ကြောင်း အကြောင်းစုံ ပြောပြခဲ့သည်။

အမေက အကြောင်းစုံပြောပြတော့ မောင်မောင်သည် အသက်အရွယ်နှင့် မလိုက်ဖက်စွာ အံ့ဩခြင်းနှင့် စိတ်နာကျည်းခြင်းများကို တစ်ပြိုင်နက် ခံစားခဲ့ရသည်။ ဦးကျန်စစ်ဟာ မောင်မောင့် အဖေမှန်း မသိခဲ့ပါဘဲ ဦးကျန်စစ်အိမ်မှာ ဦးကျန်စစ်၏ သားတွေနှင့် မောင်မောင် ဆော့ကစားခဲ့ဖူးသည်။ သည်တုန်းက မောင်မောင်ဟာ ဦးကျန်စစ်၏သားမှန်း ဦးကျန်စစ် သိမှာပင်။ သို့ပေမဲ့ ဦကျန်စစ်က မောင်မောင့်ကို လှည့်ပင်မကြည့်ခဲ့။ ပြုံးယောင်လေးပင် မပြခဲ့။ ပိုက်ဆံတွေ ချမ်းသာပေမယ့် ချိုချဉ်လေးတစ်လုံးတောင် မကျွေးခဲ့။ ဦးကျန်စစ်၏ သွေးအေးလိုက်သည့် လုပ်ရပ်။

ဦးကျန်စစ်၏ ဇနီးကလည်း မောင်မောင့်ကို တိုးတိုးလေးမေးဖူးသည်။ “နင့် အမေ ဘာလုပ်နေတာလဲ” တဲ့။ “ပေါင်း နှုတ်သွားတယ်။ ထင်းခွေသွားတယ်။ မြေပဲကောက်သွားတယ်” ဟုသာ ဖြေခဲ့ရသည်။ ဆက်လက်ပြီး ပြောသည်က “နောက်ဆို ငါတို့အိမ် လာမကစားနဲ့နော်” တဲ့။ ဘာကြောင့် ထိုသို့ပြောရသည်မှန်း မောင်မောင် နားမလည်ခဲ့ပါ။ အခုတော့ နားလည်ခဲ့ပြီ။ ဦးကျန်စစ်ရော၊ ဦးကျန်စစ် ဇနီးပါ သိပ်ရက်စက်သည်။ ဦးကျန်စစ်ဇနီးက မောင်မောင့်အမေအကြောင်း မေးတုန်းက သနားဟန် တစ်စက်မျှမရှိသလို နှင်ပင်ထုတ်ခဲ့သေးသည်။ မောင်မောင် စိတ်နာလှပြီ။ အမေ့ကိုပါ မောင်မောင်စိတ်နာသည်။ ဖုံးကွယ်ထားရက်နိုင်လွန်းသည့် အမေ့ကို စိတ်နာသည်။ လူတွေ၏ အနိုင်ကျင့်မှုကို သည်အတိုင်း ငြိမ်ခံနေခဲ့သည့် အမေ့ကို စိတ်နာသည်။ ပျော့ညံ့လွန်းသည့် အမေ့ကို မောင်မောင်စိတ်နာသည်။

မောင်မောင် စိတ်နာနာနှင့် သံယောဇဉ်အားလုံးကို ဖြတ်ပစ်လိုက်သည်။ ရွာကိုရော၊ အမေ့ကိုရော၊ ခင်မင်ခဲ့သည့် ဦးကျန်စစ်၏ သားတွေကိုရော၊ သံယောဇဉ်တွေအားလုံး ကြက်ပျောက်၊ ငှက်ပျောက် ပျောက်ကွယ်သွားလောက်အောင် မောင်မောင် စိတ်အနာကြီး နာခဲ့သည်။ တစ်ရွာလုံးမသိအောင် အမေ့ကိုပင် အသိမပေးဘဲ ရွာက ထွက်ပြေးခဲ့သည်။ မြို့တစ်ခုရောက်အောင်သွားပြီး လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ စားပွဲထိုး ဝင်လုပ်သည်။ နှစ်ပေါင်း နှစ်ဆယ်နီးပါး ကြာသွားသည်။ အမေကိုလည်း အဆက်အသွယ်မလုပ်။ အမေတစ်ယောက် သားစိတ်နှင့် သေသွားလည်း မောင်မောင် ဂရုမစိုက်တော့။

ယခု မောင်မောင် လူချမ်းသာတစ်ယောက် ဖြစ်နေပါပြီ။ မြို့မှာ ဖက်ရှင်ဆိုင် အကြီးကြီးဖွင့်ထားသည်တဲ့။ သည်လိုချမ်းသာဖို့ မောင်မောင် မနည်းကြိုးစား ရုန်းကန်ခဲ့ရသည်။ စားပွဲထိုးလုပ်ရင်း ပိုက်ဆံစုသည်။ ပြီးလျှင် ဆိုင်ကယ်လေးဝယ်ပြီး ဆိုင်ကယ်ကယ်ရီ မောင်းသည်။ စုဆောင်းခြိုးခြံချွေတာ စားသောက်သည်။ သည်လိုနှင့် မောင်မောင် ငွေများများ စုနိုင်လာသည်။ ထိုငွေလေးဖြင့် ကိုယ်ပိုင်ခြံ ဝယ်နိုင်လာသည်။ ဆက်လက်ပြီး စုဆောင်းခြိုးခြံတော့ ခြံတစ်ကွက် ထပ်ဝယ်နိုင်ပြန်သည်။ ထိုခြံလေးမှာ ဆိုင်သေးသေးလေး ဆောက်သည်။ အငှားတစ်ယောက်နှစ်ယောက်ခန့်ပြီး အထည်ဆိုင်ဖွင့်သည်။ အထည်ဆိုင်လေးကလည်း တဖြည်းဖြည်းအဆင်ပြေတော့ ထိုဆိုင်လေးကို တဖြည်းဖြည်း အဆင့်ဆင့်နှင့် ကြီးသထက်ကြီးလာအောင် ဆောက်သည်။ သည်လိုနှင့် မောင်မောင့်မှာ ကြီးမားသော စတိုးဆိုင်ကြီးကို ပိုင်ဆိုင်နိုင်လာခဲ့သည်။

ယခုလို ပြည့်စုံနေသည့် မောင်မောင်က ဖြူနုလို ဆွံ့အနားမကြားသူလေးကို လက်ထပ်ယူဖို့ ရွာဦးဘုန်းကြီးကတစ်ဆင့် မိန့်လာတော့ တစ်ရွာလုံးက ဖြူနုကို ကံကောင်းသတဲ့၊ ထီပေါက်သတဲ့၊ ကုသိုလ်ထူးသတဲ့၊ အားကျသတဲ့၊ ပြောကြသည်။ ဖြူနုအမေဆို ဝမ်းသာလုံးဆို့ပြီး မျက်ရည်တွေ တွင်တွင်ကျလို့။ ဖြူနုကို ဖက်လိုက် နမ်းလိုက်နှင့်။ အစ်မကြီးကတော့ ဝမ်းနည်းနေသည်လား၊ ဝမ်းသာနေသည်လားမသိ နှပ်တရှုပ်ရှုပ်နှင့်။

ဖြူနုသဘောထားကတော့လည်း နှစ်ခါပင် မေးစရာမလိုပါ။ ဖြူနုက မဆွတ်ခင်က ညွတ်ချင်နေသူပါ။ ဟုတ်သည်လေ။ အဲသည်အချိန် မောင်မောင် ရွာပြန်လာတုန်းက တိုက်တိုက်ဆိုင်ဆိုင် ရွာတွင် ဘုရားပွဲရှိနေသည်။ ရွာထဲက ဖြူနုတို့အပျိုတစ်သိုက် အလှပဆုံးနှင့် မြန်မာဆန်ဆန် ယဉ်ကျေးသိမ်မွေ့စွာ ဝတ်စားဆင်ယင်ပြီး စီတန်းကာ ဘုရားပင့်စဉ်က လမ်းပေါ်မှာ ပရိသတ်များနှင့်အတူ ဘုရားပင့်သူများကို ကြည့်နေသည့် မောင်မောင့်ကို ဖြူနုမြင်တော့ ဖြူနု ရင်တွေ ဒိန်းကနဲ ခုန်သွားခဲ့တာ မှတ်မိသည်။ မောင်မောင်က ပရိသတ်ကြားမှာ ထင်းနေသည်။ မြို့အရပ်မှာသာ အနေများသူမို့ အသားအရည်မှာလည်း ဖြူဆွတ်ညက်ညောနေသည်။ ဖြူနု ရင်အခုန်ရဆုံးက မောင်မောင့်မျက်ဝန်းတွေ။ မောင်မောင့်ကို ဖြူနု ဖျတ်ကနဲ မြင်လိုက်ရတုန်းက ဖြူနုနှင့် မျက်ဝန်းချင်း ဆုံခဲ့သေးသည်။ သူ့ မျက်ဝန်းတွေက ဆွေးနေသလို ဖြူနု ထင်သည်။ ဖြူနုလည်း မိန်းကလေးဣန္ဒြေ ထိန်းသည့်အနေနှင့် မျက်လွှာလေးချလိုက်မိပေမယ့် မောင်မောင် ဖြူနုကို ကြည့်နေတာ သိသည်။ ဖြူနုကများ သိပ်လှနေခဲ့လို့လား။ ဟုတ်နိုင်သည်။ ဖြူနုက မောင်နှမတွေထဲမှာ အလှဆုံး။ အစ်ကို အစ်မတွေ၊ ညီမတွေ အသားမည်းပေမယ့် ဖြူနုတစ်ယောက်တော့ အသားဖြူသည်။ သည့်ကြောင့်သာ အမေက ဖြူနုလို့ နာမည်မှည့်ပေးခဲ့သည်တဲ့။ ဖြူနု နာမည်လေးကိုလည်း အမေကိုယ်တိုင် ရေးတတ်အောင် သင်ပေးခဲ့သည်။ အမေ့ကျေးဇူးကြောင့် ဖြူနုစာမတတ်ပေမယ့် ကိုယ့်နာမည်လေးကိုတော့ ချောချောမွေ့မွေ့ ရေးတတ်သည်။

သို့ပေမယ့် မောင်မောင့်အကြည့်တွေဟာ ဘယ်လိုပါလိမ့်။ မောင်မောင့် အကြည့်တွေကို ဖြူနု အဓိပ္ပာယ်မဖော်တတ်။ အေးစက်တဲ့ အကြည့်တွေ။ မိန်းမပျက်တစ်ယောက်ကို ကြည့်သည့် ပြည်တည်တည်အကြည့်မျိုး မဟုတ်။ မိန်း ကလေးတစ်ယောက်ကို မြင်မြင်ချင်း ရင်ခုန်စွဲမက်လို့ ကြည့်သည့် အကြည့်မျိုးလည်း မဟုတ်တာ ဖြူနု သိသည်။ ဒါဖြင့် မောင်မောင် ဖြူနုကို ဘယ်လိုအဓိပ္ပာယ်နှင့် ကြည့်သနည်း။ အကြည့် စိမ်းနှင့် လူစိမ်းမောင်မောင့်အကြောင်း အမေ့ကို ဖြူနု မေးကြည့်ခဲ့သည်။ ဖြူနုက ပုံစံလုပ်ပြရုံနှင့် အမေက မောင်မောင့်ကို ပြောနေမှန်း အတပ်သိလိုက်သည်။ အမေက မောင်မောင့်အကြောင်း အကြောင်းစုံရှင်းပြသည်။ အကြောင်းစုံ သိခွင့်ရတော့ မောင်မောင့်ကို ဖြူနု သနားလွန်းလှသည်။ သနားစိတ်နှင့် မောင်မောင့်ကို ဖေးမချင်ပါသည်။ ထိုစဉ်မှာပဲ ဖြူနု တစ်ချက်ပြုံးမိသည်။ ဖြူနုဘဝကို မေ့နေခဲ့တာပဲ။ ဖြူနုလို မိန်းကလေးတစ်ယောက်ရဲ့ ဖေးမမှုကို ဘယ်သူကများ လိုချင်ပါ့မလဲ။ သေချာစဉ်းစားကြည့်လိုက်လျှင် သူကတောင် ဖြူနုကို ပြန်ဖေးမပေးရမည့် အဖြစ်ပင်။

ထိုစဉ်မှာပဲ ရွာဦးဘုန်းကြီးက ကိုယ်တိုင်ကြွလာပြီး အမေ့ကို မိန့်ခဲ့လေသည်။ မိန့်တုန်းက ဖြူနုရော၊ အစ်မရော ဘုန်းကြီးဘေးမှာ ပျပ်ပျပ်ဝပ်ဝပ်လေး ရှိနေသည်။ ဘုန်းကြီးနှင့်အမေ အပြန်အလှန် ပြောနေကြပေမယ့် ဖြူနုနှင့် အစ်မမှာတော့ ဘာမျှ နားမလည်။ ငုတ်တုတ်နှင့်။ ထိုစဉ်မှာပဲ အမေက ဝမ်းသာမျက်ရည်နှင့် ဖြူနုဘက် လှည့်လာသည်။ ဖြူနုကို ဖက်သည်။ တရှုပ်ရှုပ်နမ်းသည်။ ဖြူနုတော့ ဘာမျှ နားမလည်။ အမေ့အဖြစ်ကိုမြင်တော့ အစ်မကလည်း သိနေသည်လားတော့မသိ။ မျက်ရည်ကိုသုတ်၊ နှပ်ကို ညှစ်နေတော့သည်။

ဖြူနုကို သိန်းပေါင်းများစွာ တင်တောင်းသည်။ အို ဖြူနု ပျော်လိုက်သည့် ဖြစ်ခြင်း။ ဖြူနုလို ဆွံ့အ နားမကြားသူလေးကို အခုလို သိန်းပေါင်းများစွာ တင်တောင်းသတဲ့လား။ ဖြူနုကို အဲလောက်တောင်ပဲ တန်ဖိုးထားသတဲ့လား။ အဲလောက်တောင်ပဲ တန်ဖိုးမြှင့်ပေးသတဲ့လား။ ဘဝပေးအခြေအနေကြောင့် အစစအရာရာ အားငယ်နေခဲ့ရသည့် ဖြူနု အခုလို တန်ဖိုးမြှင့်ခံရတော့ ဖြူနု အသေဖြောင့်ပြီ။ မောင်မောင့်ကို ပိုပြီးတောင် ချစ်လာမိသည်။

အခုလို သတင်းကို ဘုန်းကြီးကပဲ လာမိန့်ရမပေါ့။ မောင်မောင် ရွာပြန်လာတော့ မောင်မောင့်အမေမှ မရှိတော့တာ။ မောင်မောင် ထွက်သွားပြီး တစ်နှစ်မကြာခင်မှာပင် သေသလား၊ ရှင်သလား မသိရသည့် သားအတွက် ရတက်ပူမီးတောက် ရင်ကွဲနာကျကာ မောင်မောင့်အမေ သေခဲ့သည်။ အမွေကျန်သည့် အိမ်မြေလေးတစ်ကွက်ကို မောင်မောင်ရောင်းပစ်ပြီး ရွာတွင်မရှိသည့် စာကြည့်တိုက် ဆောက်လုပ်လှူဒါန်းရန် ဘုန်းကြီးထံ အပ်သည်။ ရွာမှာ မနေလိုတော့။ အိမ်ကလေးမှာတော့ ခြတက်ကာ ပျောက်ကွယ်ပြီး ပေါင်းမြက်တွေ ရှုပ်လို့။ သည့်ကြောင့် ဘုန်းကြီးကျောင်းမှာသာ မောင်မောင်တည်းခဲ့ရသည်။

အမေ့သတင်း ကြားတော့ မောင်မောင် ဝမ်းနည်းပါသည်။ အမေ့ကို ပစ်ထားခဲ့မိသည့်အတွက် နောင်တရပါသည်။ အမေ့ကိုလည်း သနားသည်။ မောင်မောင် ယခုလို အဆင်ပြေသည်ကို အမေ့ကို မြင်စေချင်ပါသည်။ အမေ့ကို ပြည့်စုံစွာ ထားချင်ပါသည်။ သို့သော် မတတ်နိုင်တော့။ မင်္ဂလာပွဲကို အကျဉ်းချုံးပြီး မောင်မောင်က မြန်မြန်လုပ်စေသည်။ မြို့က အလုပ်ကို အကြာကြီး ပစ်ထားလို့ မရလို့ပါတဲ့။ မောင်မောင် ဘယ်လောက်လောလော အားလုံးက မောင်မောင့်သဘော။ ဖြူနုသည်လည်း မောင်မောင်ပြုသမျှ နုလို့။ မြင်မြင်ချင်း ရင်ခုန်ခဲ့ရသည့် မောင်မောင့်ရင်ခွင်ကျယ်ကြီးထဲ မြန်မြန် ခိုဝင်ချင်လှပါပြီ။

ဖြူနုကို သိန်းပေါင်းများစွာ တင်တောင်းသည်။ အို ဖြူနု ပျော်လိုက်သည့် ဖြစ်ခြင်း။ ဖြူနုလို ဆွံ့အ နားမကြားသူလေးကို အခုလို သိန်းပေါင်းများစွာ တင်တောင်းသတဲ့လား။ ဖြူနုကို အဲလောက်တောင်ပဲ တန်ဖိုးထားသတဲ့လား။ အဲလောက်တောင်ပဲ တန်ဖိုးမြှင့်ပေးသတဲ့လား။ ဘဝပေးအခြေအနေကြောင့် အစစအရာရာ အားငယ်နေခဲ့ရသည့် ဖြူနု အခုလို တန်ဖိုးမြှင့်ခံရတော့ ဖြူနု အသေဖြောင့်ပြီ။ မောင်မောင့်ကို ပိုပြီးတောင် ချစ်လာမိသည်။

မင်္ဂလာဆောင်အပြီး မနက်ဖြန်မှာပဲ ဘုန်းကြီး၊ မိဘနှစ်ပါး၊ ညီအစ်ကိုမောင်နှမ တွေကို မောင်မောင်နှင့်ဖြူနု ဒူးတုပ်ဝတ်ချပြီး မြို့ကြီးဆီ ပြန်ခဲ့သည်။ လမ်းတစ်လျှောက် ဖြူနုအပေါ်ဆက်ဆံသည့် မောင်မောင့် အပြုံးတွေက ချိုမြလို့။ ယခုဆို ဖြူနုမှာ သားလေးတစ်ယောက်နှင့် သမီးလေးတစ်ယောက် ရရှိနေပါပြီ။ ကံကောင်းသည်မှာ သားနှင့်သမီးနှစ်ယောက်လုံးက ဖြူနုလို ဘဝပေးမျိုးမဟုတ်။ မောင်မောင်ကတော့ ပြောပါသည်။ ဖြူနုလို ကလေးတွေ ဖြစ်နေလည်း ချစ်နိုင်တယ်တဲ့။ သူ့သွေးသားပါပဲတဲ့။ နောင် မွေးလာမည့် သမီးလေးကိုလည်း လွယ်ထားသည်မှာ ခုနှစ်လ ရှိနေပေပြီ။ နောက်ထပ် နောက်ထပ်လည်း လိုချင်သေးသည်ဟု မောင်မောင်က ပြောသည်။ မောင်မောင့်အရိပ်အောက်မှာ ဖြူနု အေးအေးချမ်းချမ်း နေရသည်။ အိမ်ကြီးကောင်းကောင်းမှာ အဲယားကွန်းနှင့် ဇိမ်ကျကျနေရသည်။ အဝတ်အစား လှလှလေးတွေ ဝတ်ဆင်ရသည်။ စားကောင်းသောက်ဖွယ် စားသောက်ရသည်။ ဖြူနု လိုအင်ဆန္ဒမှန်သမျှ မောင်မောင် ဖြည့်ဆည်းပေးခဲ့သည်။ သို့ပေမယ့် ဖြူနု ပျော်ပါရဲ့လားဟု မေးလာပါလျှင်တော့ မပျော်တပျော်ဟု ဖြေရပေမည်။

အဘယ်ကြောင့်မူ မောင်မောင့် အချစ်ကို ဖြူနု မရရှိခဲ့ပါ။ အိမ်ထောင်ရေးသုခ ဖြူနု ဘယ်တုန်းကမျှ မခံစားခဲ့ရ။ မောင်မောင့်အချစ်က ငါးရာနှစ်ဆယ့်ရှစ် အချစ်မျိုး။ မောင်နှမလိုမျိုး။ ဖြူနုကို ညီမလေးအရင်းလိုသာ ချစ်ကြောင်း မောင်မောင်က ပြောပြပါသည်။ မောင်မောင့်ဘဝ အစစ်အမှန်ကိုလည်း ပြောပြပြီး နားလည်ပေးပါဟု ဖြူနုထံ အသနားခံတောင်းဆိုခဲ့သည်။ အစတုန်းကတော့ ဖြူနု မယုံကြည်နိုင်သေး။ အိပ်မက်မက်နေသည်ဟုပင် ထင်မှတ်ခဲ့သည်။ နောက်တော့ ဝမ်းနည်းပက်လက် ငိုခဲ့မိသည်။ ရွာက အမေ့ထံ ပြန်ပြေးချင်စိတ်လည်း ပေါက်ခဲ့သေးသည်။ ဘယ်လိုပဲဖြစ်ဖြစ် မောင်မောင့်ကို ချစ်သည့်စိတ်နှင့် ဖြူနုခွင့်လွှတ်သည်။ နားလည်သည်။ ကိုယ်တိုင်က ဓားစာခံလိုဖြစ်နေခဲ့ပေမယ့် ဖြူနု စိတ်မနာမိ။

တကယ်က မောင်မောင့်မှာ ဖြူနုထက်အရင် အတူနေ ချစ်သူရှိနေခဲ့ပြီးသား။ မဟုတ်သေး။ ပါရမီဖြည့်ဖက်ဆိုလျှင် ပိုမှန်မည်။ မောင်မောင့်ချစ်သူကား သားသမီးမွေးဖွားမပေးနိုင်သူ။ မြုံနေ၍ ကားမဟုတ်။ ယောက်ျားဖြစ်နေသူမို့။ယောကျာ်းမှ ရိုးရိုးယောကျာ်းမဟုတ်။ မောင်မောင်လို ကျားကျားလျားလျား ယောက်ျားကြီး။ထိုယောက်ျားကို မောင်မောင်က သိပ်ချစ်သည်တဲ့။ နာမည်က အောင်အောင်။ အောင်အောင့်ကို မိဘမဲ့ဂေဟာမှာ မောင်မောင် တွေ့ခဲ့သည်။ မောင်မောင့်ဘဝတွင် ငွေကြေးကိုသာ စုဆောင်းခဲ့ သဖြင့် အလှူလည်း မလုပ်ဖြစ်ခဲ့။ တစ်နေ့တွင် ဖူးစာကံဆုံဖို့ ဖန်ချိန်ရောက်နေသောကြောင့်ထင့်။ လှူချင်စိတ်တွေ တဖွားဖွားပေါ်လာခဲ့သည်။ လှူဖို့နေရာ မောင်မောင်စဉ်းစားသည်။ ကြာကြာ မစဉ်းစားခဲ့ရ။ မောင်မောင်လည်း အမိအဖမဲ့ခဲ့ သူမို့ မိဘမဲ့ဂေဟာသို့သာ လှူဒါန်းဖို့ ဆုံးဖြတ်လိုက်သည်။

ဤမှာ ထိုမိဘမဲ့ဂေဟာထွက်ဖြစ်သော အောင်အောင်က လုပ်အားခလေးအား ဂေဟာမှူးထံ အပ်ရန်လာရာမှ မောင်မောင်နှင့်ဆုံခြင်းဖြစ်သည်။ ဤမှာ ရေစက်ကြောင့်ထင်၏။ မျက်ဝန်းချင်းဆုံခိုက် တစ်ဦးမေတ္တာတစ်ဦးမှာဆိုသလို တစ်ယောက်၏မျက်ဝန်းမှ မေတ္တာများကို တစ်ယောက်၏ မျက်ဝန်းတွေကိုယ်စီကတစ်ဆင့် သိနားလည်နေခဲ့ကြသည်။

ဂေဟာမှူးထံ အလှူငွေအပ်ပြီးနောက် သန့်စင်ခန်းက ထွက်လာသော အောင်အောင်နှင့် ဆုံပြန်သည်။ တစ်ယောက်နှင့်တစ်ယောက် မပြုံးပြမိကြ။ နှုတ်မဆက်မိကြ။ မျက်ဝန်းတွေက တစ်ဆင့်သာ ချစ်မေတ္တာတွေ ဖလှယ်သည်။ ခဏနေတော့ ကျောခိုင်းလိုက်ကြသည်။ နောက် မနေနိုင် ပြန်လှည့်ကြည့်ရာ မျက်ဝန်းချင်းဆုံပြန်သည်။ နှစ်ယောက်သား ရဲတင်းလာသည်။ တစ်လှမ်းချင်း ရှေ့ကိုယ်စီ တိုးလာကြသည်။ ကြိုတင် တိုက်မထားပါဘဲနှင့် လက်ကလေးကိုယ်စီ ကမ်းပေးမိကြသည်။ ပြီး နှစ်ယောက်သား တခစ်ခစ် ရယ်မိကြ။

သည့်နောက်ပိုင်း မောင်မောင်က အောင်အောင့်အား အတူလာနေရန် ပြောသည်။ သန့်ရှင်းရေးအလုပ်သမားလေး အောင်အောင်က လက်ခံသည်။ မိသားစုလေးဖြစ်အောင် ဂေဟာမှကလေးတစ်ယောက် မွေးစားကြရန် အောင်အောင် အကြံပေးသည်။ မောင်မောင်က အကြောက်အကန် ငြင်းဆိုသည်။ မောင်မောင် သားသမီးလိုချင်ပေမယ့် တကယ့်သွေးသားအရင်းကိုမှ လိုချင်သည်။ မောင်မောင့် အမေလည်း တစ်ကောင်ကြွက် ဖြစ်ခဲ့သည်။ မောင်မောင်လည်း တစ်ကောင်ကြွက် ဖြစ်ခဲ့သည်။ မောင်မောင့်ဘဝတွင် ဆွေမျိုးသားချင်းဆိုတာ မရှိခဲ့။ ညီအစ်ကို မောင်နှမဆိုတာ မရှိခဲ့။ မိစုံဖစုံနှင့် သားသမီးတစ်ပြုံကြီးရှိသော မိသားစုမျိုးကို မောင်မောင် အလွန်အားကျသည်။ ဆွေမျိုးသားချင်းတွေ တစ်ပြုံကြီးရှိသော မိသားစုဘဝကိုလည်း အားကျသည်။ ညီအစ်ကို မောင်နှမတွေ တစ်ပြုံကြီး ရှိကြသူတွေကိုလည်း အားကျသည်။

သည့်ကြောင့် ဖန်ပြွန်သန္ဓေသားနှင့် ကလေးယူရန် စဉ်းစားမိပေမယ့် မိခင်လက်ထဲက သားသမီးကိုယူရမှာ စိတ်မကောင်းသဖြင့် မယူဖို့ဆုံးဖြတ်သည်။ ဤသို့ တွေးမိမှ အမေ့ကို အရမ်းသတိရလာသည်။ သည့်ကြောင့်ပဲ အောင်အောင့်ကိုချော့ပြီး ရွာသို့ ကိုယ်ပိုင်ကားလေးနှင့် ခဏပြန်ခဲ့သည်။ ရွာရောက်တော့ အမေ့သတင်းကြားပြီး မောင်မောင် ယူကြုံးမရ ဝမ်းနည်းသည်။ မောင်မောင့်ရဲ့တစ်ယောက်တည်းသော အမျိုးဖြစ်သည့် အမေ့ကို ဆုံးရှုံးရပြီဆိုတာသိရတော့ ရင်နာသည်။

 မောင်မောင်သည် Bisexual မဟုတ် Gay တစ်ယောက်ဖြစ်သောကြောင့် ဖြူနုကို ညီမလေးတစ်ယောက်လိုသာ ချစ်မိသည်။ ဘေးကတစ်ယောက်ကို ထိုမိန်းကလေးက ဘယ်သူ့သမီးလဲ၊ ဘယ်ရွာကလဲ မေးတော့မှ လိုချင်တဲ့အဖြေရဲ့နောက်မှာ သူမက ဆွံ့အ နားမကြားသူလေးဆိုတာ ထပ်ဆင့်သိလိုက်ရတော့ ထိုမိန်းကလေးကို ကောက်ယူဖို့ မောင်မောင့် ဆုံးဖြတ်ချက်တွေ ခိုင်မာသွားခဲ့သည်။ အောင်အောင့်ကိုတော့ ဟိုကျမှပဲ နားဝင်အောင် ဖျောင်းဖျတော့မည်။

ထိုစဉ်မှာပဲ ဘုရားပွဲမှာ ဘုရားပင့် စဉ်ဆွမ်းအုပ်လေးနှင့် ကျက်သရေရှိစွာ လှပနေသော ဖြူနုကို မောင်မောင်တွေ့ခဲ့ သည်။ မျက်စိကျခဲ့သည်။ သည်မိန်းကလေးသာဆိုလျှင် မောင်မောင့်အတွက် အသားဖြူ ဆွတ်ဆွတ်၊ ချစ်စဖွယ် သားသမီးလေးတွေ မွေးပေးနိုင်မှာပဲဟု မောင်မောင်တွေးခဲ့မိသည်။ သို့ပေမယ့် မောင်မောင်သည် Bisexual မဟုတ် Gay တစ်ယောက်ဖြစ်သောကြောင့် ဖြူနုကို ညီမလေးတစ်ယောက်လိုသာ ချစ်မိသည်။ ဘေးကတစ်ယောက်ကို ထိုမိန်းကလေးက ဘယ်သူ့သမီးလဲ၊ ဘယ်ရွာကလဲ မေးတော့မှ လိုချင်တဲ့အဖြေရဲ့နောက်မှာ သူမက ဆွံ့အ နားမကြားသူလေးဆိုတာ ထပ်ဆင့်သိလိုက်ရတော့ ထိုမိန်းကလေးကို ကောက်ယူဖို့ မောင်မောင့် ဆုံးဖြတ်ချက်တွေ ခိုင်မာသွားခဲ့သည်။ အောင်အောင့်ကိုတော့ ဟိုကျမှပဲ နားဝင်အောင် ဖျောင်းဖျတော့မည်။

မြို့ကြီးသို့ ပြန်ရောက်တော့ အောင်အောင်က မောင်မောင့်အကြောင်း သိတော့ နားလည်သည်။ မောင်မောင့်ကို ချစ်တာကြောင့် လိုက်လျောတာလည်း ပါသည်။ ကိုယ်တိုင်ကလည်း မောင်မောင့်ကို များစွာအားကိုးပြီး နေရတာလည်း ပါသည်။ ဆွံ့အနားမကြားသူလေး ဖြူနုကို သနားတာလည်း ပါသေးသည်။ အောင်အောင်ပါရှိသည့် မိသားစုမှာ မောင်မောင်လိုချင်သည့် မိသားစုမျိုးရဖို့ ဖြူနုသည်သာ အကောင်းဆုံးဖြစ်ကြောင်း အောင်အောင် နားလည်သည်။ ဤသည်မှာ ဖြူနုအား အသုံးချခြင်းလည်း မမြောက်၊ ဖြူနုအပေါ် ရက်စက်ရာလည်း မကျ။ အဘယ်ကြောင့်မူ ဆွံ့အ နားမကြားသူလေးမို့ မည်သူကမျှ လက်ထပ်မယူမယ့်အတူတူ အချစ်မပါသော်လည်း မယားအရာနှင့် မိခင်နေရာအား ကျေပွန်စွာထားရှိပြီး ပြည့်စုံကုံလုံအောင် ဖြည့်စွမ်းပေးမည်မှာလည်း အသေအချာမို့ပင်။ သည်ကြောင့် ဖြူနုကိုလည်း မောင်မောင့်သဘောအတိုင်း ညီမလေးအရင်းလို ဆက်ဆံသည်။ LGBT လောကမှာ ပြောစမှတ်တွင်သည့် Bisexual မိသားစုမျိုး မဟုတ်ပေမယ့် Bisexual မိသားစုဟု ဖြေသိမ့်တွေးကာ အောင်အောင် ဖြေသာသည်။

သည်လိုမိသားစုရဲ့ အသုံးတော်ဘဝ ဖြစ်နေပါလားဆိုပြီး ဖြူနု ဝမ်းမနည်းပါ။ ခင်ပွန်းသည် မောင်မောင်က ထောင့်ငါးရာအချစ်မျိုးနှင့် မချစ်နိုင်ပေမယ့် ဖြူနုကို ဘယ်တုန်းကမှ လူပိုလို သဘောမထားခဲ့။ သားသမီးတွေရဲ့ မိခင်နေရာမှာ တင့်တင့်တယ်တယ် ထားသည်။ သားသမီးတွေကလည်း မအေကို ဆွံ့အ နားမကြားလေသောဆိုပြီး မရှောင်ဖယ်ကြ။ မောင်မောင်က အိမ်ဦးနတ်ပီသစွာ သားသမီးတွေကို လိမ္မာအောင် သွန်သင်နိုင်သည်။ ခင်ပွန်းသည်၏ ပါရမီဖြည့်ဖက်ကလည်း တကယ့်သားအရင်းတွေလို ချစ်သည်။ ဦးဦး… ဦးဦး ဟု အခေါ်ခံပြီး ဆင်ကြီးမိုမိုလုပ်သည်။ မြင်းဖြူကြီးလုပ်ပြီး ခွအစီးခံသည်။ စာလေးပေလေးတွေလည်း သင်ပြပေးတတ်သည်။ ဤသို့ အစစအရာရာ ပြီးပြည့်စုံနေသည့် မိသားစုဘဝလေးမှာမှ မပျော်ပိုက်လျှင် ဖြူနုလောက် မိုက်မဲသူ ရှိပါဦးတော့မည်လား။ ဖြူနု ကျေနပ်ပါပြီ။ ရောင့်ရဲပါပြီ။ တစ်ချိန်ချိန် ရွာက အမေ့ကို ပြောပြဖို့ စဉ်းစားထားတာကိုလည်း ဖြူနုစိတ်ကူးထဲက ဖယ်ထုတ်လိုက်သည်။

ဒေးဗစ်မောင်မောင်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.