လိင်တူနှစ်ခြိုက်မှုဆိုင်ရာ ပညာရပ်အဘိဓာန် (အပိုင်း ၅)

ထောမတ်စ်အကွီးနပ်စ်(၁၂၂၅-၁၂၇၄) / Thomas Aquinas

သဘာဝတ္တဥပဒေနဲ့ ပတ်သက်တဲ့ သီအိုရီအမြင်ကို ထုတ်ဖော်ပြောဆိုရာမှာ အဓိကအကျဆုံးပုဂ္ဂိုလ်ကို ပြပါဆိုရင်တော့ ထောမတ်စ်အကွီးနပ်စ်ပဲ။ သူ့ရဲ့အမြင်ဟာ ဒီနေ့ခေတ် ဂေးနဲ့ လက်စဘီယံတွေအပေါ် ဥပဒေအရရော၊ လူမှုရေးအရပါ တန်းတူညီမျှသဘောထားပြီး မဆက်ဆံကြမှုတွေအတွက် အခိုင်မာဆုံး ကာကွယ်မှုပေးတယ်။ အကွီးနပ်စ်အမြင်က အရစ္စတိုတယ်ရဲ့ဒဿနကို ခရစ်ယာန်အစဉ်အလာ ဘာသာရေးအမြင်နဲ့ ပေါင်းစပ်ထားတာ။ ဒါကြောင့်လည်း အကွီးနပ်စ်က လက်ထပ်တာ၊ မျိုးပွားတာ၊ ကလေးပြုစု စောင့်ရှောက်တာမျိုးအပါအဝင် လူသားရဲ့ ကောင်းကျိုးတရားတွေအပေါ် အဓိကထားဖို့ကို အလေးပေးကြည့်တယ်။ လိင်တူဆက်ဆံရေးအကြောင်း များများစားစား မရေးသားခဲ့ဘူး။ ဒါပေမဲ့ အကွီးနပ်စ်ဆီမှာ လိင်ပိုင်းအပြုအမူအမျိုးမျိုးကို အပြစ်ရှိမှုတွေလို့ ယူဆပြီးရေးတဲ့ အရေးအသားတွေ အများကြီးရှိခဲ့တယ်။

လိင်ဆက်ဆံမှုသဘာဝကို လက်ထပ်ထိမ်းမြားခြင်းဆိုတဲ့ ချည်ကြိုးနဲ့စည်းထားမှကောင်းတယ်လို့ သူက မြင်တာ၊ လိင်ဆက်ဆံခြင်းကို လက်ထပ်ထိမ်းမြားခြင်းနဲ့ တွဲဖက်မှ လက်သင့်ခံနိုင်လောက်စရာ အပြုအမူတစ်ရပ်လို့ ယူဆထားတာပဲ။ လိင်သဘာဝဆိုတာဟာ အဓိကချစ်ခြင်းမေတ္တာ၊ မိတ်ဖက်ပေါင်းသင်းခြင်းနဲ့ တရားဝင်ဖြစ်တဲ့ ကလေးပြုစုစောင့်ရှောက်ခြင်းဆိုတဲ့ လူသားကောင်းကျိုးတရားတွေကို မြှင့်တင်ပေးနိုင်တဲ့ အရာလို့ အကွီးနပ်စ်က ဆိုတယ်။ မျိုးပွားခြင်းဟာ ကိုယ်ကျင့်တရားအခြေခံ လိင်မှုကိစ္စ (moral sex) မှာ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ မဖြစ်မနေ လိုအပ်တယ်လို့ အကွီးနပ်စ်က မဆိုဘူး။ သဘောကတော့ လက် ထပ်ထားတဲ့ လင်မယားစုံတွဲတွေအနေနဲ့ ကလေးယူဖို့ဆိုတဲ့ လှုံ့ဆော်ချက်မရှိဘဲ လိင်ကိစ္စကို သာသာယာယာ ပြုလုပ်နိုင်တယ်လို့ ဆိုတာပဲ။ အိမ်ထောင်တစ်ခုမှာ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ ဒါမှမဟုတ် နှစ်ယောက် စလုံးဖြစ်စေ သားသမီးမထွန်းကားနိုင်တဲ့ အခြေအနေမျိုးတွေမှာ လိင်မှုကိစ္စလုပ်တာဟာ တရားမျှတမှုရှိသလို၊ ဒီလို အိမ်ထောင်ရေးအတွင်းက လိင်ဟာ နှစ်ဦးကြားက ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသခြင်း၊ ပျိုးထောင်ခြင်းတစ်ရပ်လို့ အကွီးနပ်စ်က ဆိုတယ်။ မျိုးမပွားနိုင်တဲ့ လိင်ဆက်ဆံရေးပုံစံကို လက်ခံတဲ့အတွက် ဒီနေရာမှာ အကွီးနပ်စ်ဟာ လိင်တူဆက်ဆံရေးအတွင်းက လိင်ကိစ္စကိုလည်း လျစ်လျူရှုမထားဘူးဆိုတာကို တွေ့ရမယ်။ ဒီတော့ အကွီးနပ်စ် အမြင်ရှိသူတစ်ဦးဟာ လိင်တူ လက်ထိပ်ထိမ်းမြားခြင်းကို လက်ခံပေးနိုင်တယ်။ နောက် မျိုးပွားရေးကိစ္စ မဖြစ်ထွန်းတဲ့စုံတွဲဟာ ချစ်ခြင်းမေတ္တာကို အပြည့်အဝ ပြသခြင်း၊ မေတ္တာကရုဏာတရားတွေ ထွန်းကားစေတဲ့ ပေါင်းစည်းမှုတစ်ရပ်ဖြစ်တယ်လို့ မြင်တယ်။ အကွီးနပ်စ်ရဲ့ဒီအမြင်ကနေမှ ပညာရှင်အင်ဒရူး ဆူလီဗန်ဟာ သဘာဝတ္တဥပဒေ(natural law) ကို စနစ်တကျ လေ့လာဖော်ထုတ်တယ်။

ဒါပေမဲ့ အကွီးနပ်စ်က ဘယ်လိုလိင်ကိစ္စမျိုး မဆို ကိုယ်ကျင့်တရားနဲ့ညီတယ်လို့ ဆိုဖို့အတွက် အဲဒီလိင်ကိစ္စဟာ “မျိုးပွားစေနိုင်တဲ့” ပုံစံမျိုး ဖြစ်ရမယ်လို့တော့ ဆိုတယ်။ မိန်းမအင်္ဂါထဲ ယောက်ျားသုတ် လွှတ်လိုက်မှသာ မျိုးပွားခြင်းဆိုတာ ဖြစ်လာနိုင်တဲ့အတွက် အဲဒီလိုလိင်ကိစ္စပုံစံမျိုးကို “မျိုးပွားစေနိုင်တဲ့” ပုံစံလို့ ဆိုရမယ်။ မျိုးပွားမှုကို ဦးမတည်တဲ့ လိင်ကိစ္စဆိုဦးတော့ သုက်ပိုးဝင်ရင် မျိုးပွားနိုင်တာပဲ ဖြစ်တယ်။ အခုလို မျိုးပွားစေနိုင်ဖို့ဆိုတဲ့ လိုအပ်ချက် ဘာကြောင့်ထားရမလဲ ကြောင်းကျိုးအခြေခံကိုတော့ အကွီးနပ်စ်က ထုတ်မပြဘူး။ ဒီအတွေးအခေါ်ကိုပဲ ခေတ်ပြိုင် သဘာဝတ္တဥပဒေ သီအိုရီသမားတွေက ဆက်ပြီးလေ့လာနေကြတာပဲ။ ဒီတော့ အကွီးနပ်စ်က လိင်ကိစ္စမှာ မျိုးပွားစေနိုင်မှုဆိုတဲ့ ဖြည့်စွက်ချက်ကို ထပ်ပေါင်းထည့်လိုက်တဲ့အတွက် တစ်ဖက်မှာ ချစ်ခြင်းမေတ္တာအခြေခံနဲ့ လက်ထပ်ပေါင်းသင်းပြီး နေထိုင်တဲ့ လိင်တူဆက်ဆံရေးရဲ့ ကိုယ်ကျင့်တရားနဲ့အညီ ဖြစ်နိုင်ခြေကို ငြင်းပယ်လိုက်သလို ဖြစ်သွားတာတော့ အမှန်ပဲ။

အရစ္စတိုတယ်(၃၈၄-၃၂၂ ဘီစီ) / Aristotle

ပလေတိုရဲ့တပည့်တစ်ဦးဖြစ်တဲ့ အရစ္စတိုတယ်ဟာ သဘာဝတ္တဥပဒေ သီအိုရီကို ပုံဖော်ပေးရာမှာ အဓိကကျသူတစ်ဦး ဖြစ်တယ်။ အကွီးနပ်စ်က သူ့ ရဲ့ လက်တွေ့ကျတဲ့ ဆင်ခြင်တုံတရား၊ လူသားကောင်းကျိုးတရားတွေနဲ့ အကောင်းဆုံး ဘဝရှင်သန်နေထိုင်မှုမှာ ကောင်းမြတ်ခြင်းက ဘယ်ရွေ့ဘယ်မျှထိ အရေးပါနေသလဲ စတဲ့အကြောင်းအရာတွေကို ထုတ်ဖော်ပြောဆိုတဲ့အခါ အရစ္စတိုတယ်ကို အဓိကအခြေခံတယ်။ ယနေ့ခေတ်ပြိုင်ကာလမှာ ဂေးနဲ့လက်စဘီယံတွေကို ပြစ်တင်ရှုတ်ချတဲ့ အသိပညာလမ်းကြောင်း၊ နောက် ဂေးဆန့်ကျင်ရေးဥပဒေတွေနဲ့ လူမှုကျင့်ဝတ် စံနှုန်းတွေဘက်က ခုခံကာကွယ်ကြတဲ့ အပြုအမူလမ်းကြောင်းတွေရဲ့နောက်ကွယ်က အခြေခံအုတ်မြစ် ဟာ သဘာဝတ္တဥပဒေသီအိုရီပဲ။ ဒါပေမဲ့ အရစ္စတိုတယ်ဆီကနေ အခုလိုမျိုး လိင်တူဆက်ဆံမှု သဘာဝအပေါ် ရန်လိုစိတ်နဲ့ ကြည့်မြင်ထားတာမျိုး သက်သေအထောက်အထား မရှိဘူး။ လိင်သဘာဝအကြောင်းကိုတောင် အရစ္စတိုတယ် ဆွေးနွေးပြတာ ရှားတယ်။ ရှေးခေတ်ဂရိကာလက အတိုင်းပဲ။ လိင်သဘာဝဆိုတာ လူအများမှာရှိနေတဲ့ စိတ်အာသီသလေးတစ်ခုပဲ။ လူတစ်ယောက်ဟာ အလိုမကြီးသင့်ဘူး။ ရမ္မက်မကြီးသင့်ဘူး။ ဒါကြောင့် ကိုယ့်ရဲ့လိင်အာသီသဆန္ဒတွေကို စီမံထိန်းသိမ်းသင့်တယ်ဆိုတာမျိုးပဲ အရစ္စတိုတယ် ဆွေးနွေးပြခဲ့တာ။

ခေတ်ပြိုင် အရစ္စတိုတယ် လက်သစ်ဒဿန ပညာရှင်တွေကတော့ ဂေးနဲ့ လက်စဘီယံတွေရဲ့ အခွင့်အရေးဘက်က ကာကွယ်တယ်။ ဘဝမှာ ချစ်ခြင်းမေတ္တာနဲ့ မိတ်ဖက်ပေါင်းသင်းခြင်းဟာ အရေးကြီး တယ်ဆိုတာကို သူတို့က အဓိကထားတယ်။ လူသားကောင်းကျိုးတရားတွေကို လက်တွေ့ဖော်ဆောင်ကြရာမှာ လိင်ကွဲဆက်ဆံရေးတွေနဲ့ ဂေး၊ လက်စဘီယံ ဆက်ဆံရေးတွေဟာ အတူတူပဲဆိုတာကို အလေးထားတယ်။ ဒီပညာရှင်တွေထဲမှာ ထင်ရှားသူနှစ်ဦးက မာသာနစ်ဘောင်နဲ့ မိုက်ကယ်ဆမ်ဒဲလ်တို့ပဲ။

အာရှ / ASIA

တရုတ်၊ အိန္ဒိယနဲ့ ဂျပန်ကလွဲရင် အာရှဘက်မှာ လိင်တူဆက်ဆံမှုသဘာဝ ထွန်းကားမှုနဲ့ ပတ်သက်ပြီး ရှည်လျားတဲ့ သမိုင်းကြောင်းတစ်ရပ် ရှိထားတယ်။ အစောပိုင်း အနောက်တိုင်းဘက်က လေ့လာသူတွေနဲ့ နောက်ပိုင်း မနုဿဗေဒပညာရှင်တွေဟာ နယူးဂီနီနဲ့ မာလာနီရှားတို့လိုနေရာမျိုးတွေက လူမျိုးစုတွေကြားမှာ ဖြစ်ထွန်းနေတဲ့ လိင်တူဆက်ဆံမှု သဘာဝပုံစံမျိုးစုံကို မှတ်တမ်းတင်ကြတယ်။ ဒီလူမျိုးစုတွေကြားက လိင်တူဆက်ဆံမှုသဘာဝဟာ အဲဒီခေတ်ကာလမှာ သူ့လူ့အဖွဲ့အစည်းအတွင်း အင်စတီကျူးရှင်နယ်လိုက်ဇ် လုပ်ခံထားရသလို၊ ဓလေ့စရိုက်အသွင် ဖမ်းခံထားရတာ။ အဲဒီခေတ်ကာလ လိင်တူဆက်ဆံရေးပုံစံဆိုတာက အသက်အရွယ်အပေါ် အခြေပြု တည်ဆောက်ယူထားတဲ့ ဆက်ဆံရေးပဲ။ ဆိုလိုတာ မြီးကောင်ပေါက် အရွယ်ကောင်လေးတစ်ဦးကို သူ့ထက်ကြီးတဲ့သူက အရွယ်ရောက်တာနဲ့ ကောင်လေးအိမ်ကနေ ခေါ်သွားတာမျိုးပဲ။ များသောအားဖြင့် သွေးသားမတော်စပ်တဲ့ ဆွေမျိုးတစ်ဦးဦးက ခေါ်သွားဖြစ်တာ များတယ်။ ဒါမျိုးက လူကြီးဖြစ်လာအောင်၊ ဒါမှမဟုတ် အခြားသော ကြီးပြင်းလာမှု ဘဝမှတ်တိုင်အသွင်အပြင်မျိုး ဖြစ်လာအောင် အစပျိုးပေးလိုက်တဲ့ သဘောလည်းပါတယ်။ အသက်ပိုကြီးသူကတော့ ထိုးဖောက်မှုလုပ်တဲ့ မိတ်ဖက်ပဲ။ တခြားပါးစပ်နဲ့လား၊ စအိုနဲ့လားဆိုတာမျိုး အမူအကျင့်ပိုင်းကတော့ လူမျိုး စုကြားမှာ မတူဘူး။

ရင့်ကျက်ဖို့အားယူနေတဲ့ ယောက်ျားလေးတွေဆီမှာ အရေးတကြီးလိုအပ်တဲ့ ဖိုဘဝအင်အားတွေကို ပျိုးထောင်ပေးလိုက်ခြင်းလို့ ဒီဆက်ဆံရေးပုံစံ အလေ့အကျင့်ကို အနက်ပြန်ယူကြတယ်။ ဥပမာ-လူမျိုးစုတွေထဲကမှ Etoro နဲ့ Marind-Anim လူမျိုးစုတွေကြားမှာဆိုရင် အဲဒီဆက်ဆံရေးဟာ နှစ်ပေါင်းများစွာ ကြာမြင့်တယ်။ အရွယ်မရောက်သေးတဲ့ ယောက်ျားလေးဟာ အရွယ်ရောက်လာရင် သူလည်းတစ်လှည့်စီပြန်ပြီး သူ့ထက်ငယ်ရွယ်သူ ယောက်ျားလေးတွေအပေါ် ဒီလိုပဲ ပြန်လုပ်ပေးရတယ်။ အဲဒီလူမျိုးစုတွေထဲမှာ ယောက်ျားတစ်ဦးရဲ့လိင်ပိုင်းဆိုင်ရာ ဘဝအတော်များများဟာ သူ့ရဲ့သီးခြားဘဝအချိန် အခိုက်အတန့်အတွင်းမှာပဲ လိင်တူခြင်းကိုသာ အဓိကဦးတည်တယ်။ ဒါပေမဲ့ လက်ထပ်တာ၊ မျိုးပွားတာမျိုးကို ပိတ်ပင်တာမျိုးတော့ မရှိဘူး။ ခေတ်မှီပြောင်းလဲဆန်းသစ်ခြင်း ဆိုတဲ့ဖြစ်စဉ်ဟာ အဲဒီလူမျိုးစုတွေရဲ့အစဉ်အလာလို ဖြစ်နေတဲ့ အလေ့အကျင့်တွေနဲ့ ပုံစံတွေကို ဖြိုခွဲပစ်လိုက်တယ်။ တစ်နည်းအားဖြင့် မိန်းမအဝတ်အစားတွေဝတ်ပြီး ယောက်ျားတွေနဲ့ ဆက်ဆံရေး ထူထောင်လာကြတယ်။ တစ်ခါတလေ နတ်ကတော်တွေအဖြစ်လည်း အလုပ်လုပ်တတ်ကြသေးတယ်။ အဲဒီလိုမိန်းမ အဝတ်အစားတွေ ဝတ်တာမျိုးကို (၁၉) ရာစုနှောင်းပိုင်းမှာ အတွေ့ရများတယ်။ (၂၀) ရာစု ဒုတိယဝက်လောက်မှာတော့ အပေါ်ယံအားဖြင့် သိပ်မတွေ့ရတော့ဘူး။

လူမျိုးစု အသိုင်းအဝိုင်းအပြင်ဘက်မှာ တည်ရှိတဲ့ အာရှလူ့အဖွဲ့အစည်းအတော်များများဟာ လိင်တူအပြုအမူနဲ့ လိင်ပြောင်းလဲမှု အခန်းကဏ္ဍတွေကို သဘောထားကြီး လက်ခံပေးတယ်။ အနောက်တိုင်းနဲ့ မတူတာတစ်ချက်ကတော့ ဌာနေတိုင်းရင်းသားလက်စွဲ ဘာသာရေးအစဉ်အလာတွေကို ကြည့်လိုက်ရင် လိင်တူဆက်ဆံရေးတွေအပေါ် ထင်ထင်ရှားရှား ရှုတ်ချတိုက်ခိုက်ထားတာမျိုး မရှိဘူး။ ၁၉ နဲ့ ၂၀ ရာစု အစောပိုင်းမှာ နေရာအတော်များများမှာကို လိင်တူဆက်ဆံရေးတွေအပေါ် ခွင့်ပြုလိုက်လျောလာတယ်။ ဒါပေမဲ့ အရမ်းကြီး ပေါ်ပေါ်ထင်ထင်နဲ့ အများသူငှာ ရှေ့မှောက်တော့ ရောက်မလာသေးဘူး။ အနောက်တိုင်းသားတွေကတော့ ဒွိလိင်သဘာဝ (bisexuality) ဆိုတာကို စက်ကျပင်ပေါက်သဘောမျိုး ရှိတယ်လို့ သတ်မှတ်တယ်။ ဆိုလိုတာက ယောက်ျားတွေဟာ အခြားယောက်ျားတွေနဲ့ “ကစား”တယ်။ မိန်းမတွေနဲ့တော့ “လိင်မှုကိစ္စ” ပြုတယ်ဆိုပြီးတော့ပဲ။ အာရှကို အနောက်က လွှမ်းမိုးလာတဲ့အခါမှာ လိင်တူအခြေပြု လိင်သဘာဝနဲ့ လိင်ကွဲအခြေပြု လိင်သဘာဝကြား ယ တိပြတ် ခွဲခြားလာတယ်။ ပြီးရင် လိင်တူအခြေပြု လိင်သဘာဝကို ပြင်းပြင်းထန်ထန် ရှုတ်ချပြစ်တင်တယ်။ သီရီလင်္ကာလိုမျိုး တချို့ဒေသတွေမှာဆိုရင် ဆိုဒိုမီတားဆီးရေး ဥပဒေတွေကိုတောင် ချမှတ်ထားတယ်။ ဒီနေ့ခေတ် အာရှဒေသဘက်မှာ လိင်တူတပ်မက်စိတ်နဲ့ လိင်ရမ္မက်ဝါဒအပေါ် တွေ့ကြုံခံစားမှုတွေဟာ အမျိုးမျိုးကွဲပြားပြီး ရှိနေတယ်။ ယေဘုယျတစ်ရပ်အနေနဲ့ ခြုံပြီးဖြစ်ထွန်းနေတဲ့ အာရှဘက်က မျှော်မှန်းချက်တစ်ရပ်ရှိတယ်။ အဲဒါကတော လူဆိုတာ အရွယ်ရောက်ရင် အိမ်ထောင်ပြုရမယ်၊ ကလေးမွေးရမယ်ဆိုတာမျိုးပဲ။ ဒီမျှော်မှန်းချက်ကို ကျားကန်ပေးထားတဲ့ ဘာသာရေးနောက်ခံ အဆက်အစပ်တစ်ရပ်ကတော့ ကွန်ဖြူးရှပ်ဝါဒပဲ။ ဒီလို ပါးစပ်ဟောတရားတွေကနေ ဖြစ်တည်လာတဲ့ စံနှုန်းတွေဟာ ကျေးလက်ဒေသတွေမှာ အတော်လေး ခိုင်မာစွဲမြဲနေတာပဲ။ ကျေးလက်ဒေသတွေမှာ လိင်သဘာဝကို အနီးအနား ဝန်းကျင်နေသူတွေနဲ့ ဘိုးစဉ်ဘောင်ဆက် မိသားစုကနေ အလွယ်တကူ ထိန်းသိမ်းကြပ်မတ်ထားတယ်။ လူဦးရေထူထပ်တဲ့ မြို့ပြတွေကတော့ ပုဂ္ဂလလုံခြုံမှုကို မတတ်နိုင်ဘူး။ ဒါပေမဲ့ သူတို့မှာကျတော့ သိုသိုသိပ်သိပ် လျှို့ဝှက်လို့တော့ ထားနိုင်တယ်။ သီးခြားအမှတ်လက္ခဏာကို လိင်သဘာဝထက် လူမှုရေးအဆင့်အတန်း၊ အခန်းကဏ္ဍတို့နဲ့ သွားပေါင်းစပ်မြင်တဲ့အခါ လက်ထပ်တာ၊ မိဘဘဝဆိုတာမျိုးက လိင်တူဆက်ဆံရေးကို ဖယ်ထုတ်မပစ်ဖို့ လိုအပ်တယ်။ လူတစ်ယောက်ဟာ သူ၊ ဒါမှမဟုတ် သူမရဲ့ လိင်တူရမ္မက် အခြေခံရှင်သန်မှု ဘဝကို ဖုံးထားမယ်၊ သူ့လူမှုအခန်းကဏ္ဍ ဖြည့်ဆည်းနေသရွေ့တော့ ပြဿနာဘာမှမရှိဘူးဆိုတဲ့ စံသတ်မှတ်ချက်အယူအဆကလည်း ရှိနေတဲ့အတွက်ပဲ။

နောင်ချိုသစ်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.