ကမ္ဘောဒီးယားနိုင်ငံမှာ LGBT တွေအတွက် ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေး ဥပဒေကို ပြဌာန်းပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆို

ကမ္ဘောဒီးယားနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာဖို့အတွက် လက်ရှိ တည်ဆဲဥပဒေတွေကို အားကောင်းအောင် လုပ်ဆောင်ရမည့်အပြင် ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေး ဥပဒေကိုပါ အသစ်ပြဌာန်းဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း လူ့အခွင့်အရေး အင်အားစုတွေက စက်တင်ဘာလ (၂၃) ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

ဒီတောင်းဆိုမှုဟာ စက်တင်ဘာလ (၂၂) ရက်နေ့မှာ ကမ္ဘောဒီးယား လူ့အခွင့်အရေးစင်တာ Cambodian Centre for Human Rights (CCHR) က ပြုစုရေးသားခဲ့တဲ့ အစီရင်ခံစာ ထွက်ပြန်ပြီးတဲ့နောက်ပိုင်း အခုလို ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

Discrimination Against Transgender Women in Cambodia’s Urban Centres လို့ အမည်ရတဲ့ အစီရင်ခံစာကို ကမ္ဘောဒီးယား လူ့အခွင့်ရေးစင်တာ (Cambodia Centre for Human Rights) က ဖနွမ်းပင် (Phnom Penh)၊ စီယမ် ရိ (Siem Reap)၊ ဘက်တမ်ဘန်(Battambang)နှင့် သီဟန်နွက်ဗီလီ (Sihanoukville) မြို့ကြီးတွေမှာရှိတဲ့ Transgender အမျိုးသမီးပေါင်း (၁၃၅) ယောက်ကို စစ်တမ်းကောက်ယူပြီး ရေးသားပြုစုခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အစီရင်ခံစာထဲမှာ ပါဝင်ဖြေကြားခဲ့တဲ့ Transgender တွေအနက် ရာခိုင်နှုန်း (၉၀) လောက်ဟာ လူအများ သွားလာနေတဲ့ အများပြည်သူတွေရဲ့ မြင်ကွင်းရှေ့မှာတင် နှုတ်အားဖြင့် စော်ကားမှုတွေကို ခံခဲ့ကြရတယ်လို့ ဆိုပါတယ်။

အစီရင်ခံစာထဲမှာ ပါဝင်ဖြေကြားခဲ့ကြတဲ့ Transgender အမျိုးသမီးတွေရဲ့ လေးပုံတစ်ပုံဟာ လူမြင်ကွင်းမှာ မုဒိမ်းကျင့်ခံခဲ့ရဖူးပြီး (၄၃) ရာခိုင်နှုန်းကတော့ ကာယိန္ဒြေိ ထိပါးနှောင့်ယှက် စော်ကားမှုတွေနဲ့ ကြိမ်ဖန်များစွာ ကြုံခဲ့ကြရဖူးတယ်လို့ ဖော်ပြထားပါတယ်။

အစီရင်ခံစာမှာ Transgender အမျိုးသမီးတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေကို အသေးစိပ် ဖော်ပြထားပြီး ကျူးလွန်သူတွေထဲမှာ အာဏာပိုင်တွေ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေကိုယ်တိုင် ပါဝင်နေတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

အစီရင်ခံစာထဲမှာ ပါဝင်ခဲ့ကြတဲ့ Transgender အမျိုးသမီးတွေရဲ့ (၄၀) ရာခိုင်နှုန်းဟာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ကြရပြီး အများစုဟာ ၎င်းတို့ရဲ့ Transgender Identity (ဆန့်ကျင်ဖက်လိင်အသွင် ခံယူနေထိုင်သည့် အသွင်သဏ္ဍာန်) ကြောင့် အဖမ်းခံရတာ ဖြစ်တယ်လို့ ယူဆကြပါတယ်။

စီယမ် ရိ (Siem Reap) က ရဲတွေဟာ ပြည့်တန်ဆာဘဝဖြင့် အသက်မွေးနေကြတဲ့ Transgender အမျိုးသမီးတွေကို ပစ်မှတ်ထား ဖမ်းဆီးလေ့ရှိကာ ၎င်းတို့မြို့မှာရှိတဲ့ ပွပ်ပွနံစော်နေတဲ့ မြောင်းထဲ မောင်းချပြီး ရေချိုးဖို့ အတင်းအဓမ္မ စေခိုင်းတာမျိုးတွေအထိ လုပ်ဆောင်ခဲ့ကြကြောင်း အစီရင်ခံစာထဲမှာ ဖော်ပြချက်တွေအရ သိရပါတယ်။ အကယ်၍ မဆင်းချင်သူတွေကိုတော့ ၎င်းတို့ မတတ်နိုင်လောက်တဲ့ ငွေကြေးပမာဏကို ရဲတွေအနေနဲ့ တောင်းခံလေ့ ရှိတယ်လို့လည်း သိရပါတယ်။

အစိုးရအတိုက်အခံ ရှေ့နေတစ်ဦးဖြစ်သူ Mu Sochua ကလည်း Transgender တွေ ရင်ဆိုင်နေရတဲ့ ဆိုးရွားလှတဲ့ အခြေအနေတွေဟာ ဥပဒေရဲ့ အကာအကွယ်ပေးမှုတွေ ရရှိသင့်ကြောင်း ထောက်ခံပြောဆိုခဲ့ပါတယ်။

“ဒီဥပဒေသစ် ပေါ်လာဖို့ဆိုတာ အတော်တောင် နောက်ကျနေပြီ။ ဒီကိစ္စဟာ နိုင်ငံရေးနဲ့ မဆိုင်ပါဘူး။ ပါတီ နိုင်ငံရေးတွေနဲ့ တစ်ကန့်စီ ခွဲထားလိုက်ပါ။ LGBT တွေ ရင်ဆိုင်နေရတဲ့ ဒီခွဲခြားဆက်ဆံမှုတွေဆိုတာ တရားဥပဒေစိုးမိုးရေး ကိစ္စသက်သက်လည်း မဟုတ်ဘူး။ ဒီကိစ္စဆိုတာ Gender နဲ့ ပတ်သက်ပြီး လူတွေ နားလည်လာအောင်၊ လူထုရဲ့ စိတ်တံခါးတွေ ပွင့်လာအောင် လုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်” လို့ အတိုက်အခံတစ်ဖြစ်လည်း ရှေ့နေတစ်ဦးဖြစ်သူ Mu Sochua က ပြောဆိုခဲ့ပါတယ်။

LGBT တွေအတွက် ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေး ဥပဒေကို ပြဌာန်းပေးဖို့ တောင်းဆိုနေတယ်ဆိုပေမယ့် LGBT တွေရဲ့ လူ့အခွင့်အရေး အခြေအနေတွေ ပြောင်းလဲဖို့ဆိုရင် ဥပဒေပြဌာန်းလိုက်ရုံ တစ်ခုတည်းနဲ့ မလုံလောက်ဘူးလို့လည်း ထောက်ပြနေကြပါတယ်။

ရိမ်းဘိုး ကွန်မြူနတီ ကမ်ပူးချား (Rainbow Community Kampuchea (RoCK)) ရဲ့ ပရောဂျက်ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူးဖြစ်သူ Yim Kalyan ကတော့ LGBT တွေ ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ မဲ့စေတဲ့ မတရားမှုတွေကို ရပ်တန့်သွားအောင် လုပ်ဖို့ဆိုရင် ဥပဒေတစ်ခုတည်းနဲ့ မလုံလောက်ဘဲ ရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေအပါအဝင် အောက်ခြေမှာရှိတဲ့ ပြည်သူတွေရဲ့ အမြင်ကိုပါ ပြောင်းလဲအောင် အဓိကထား လုပ်ဆောင်ဖို့ လိုကြောင်း ထောက်ပြခဲ့ပါတယ်။

“ဥပဒေအသစ် ပေါ်လာဖို့ဆိုပေမယ့် လက်တွေ့အခြေအနေမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ ဒေသအာဏာပိုင်တွေရဲ့ စိတ်နေသဘောထား ခံယူချက်တွေကို ပြောင်းလဲအောင် မလုပ်ဆောင်နိုင်ဘူးဆိုရင် ဒီဥပဒေအသစ်က LGBT တွေအပေါ် အများကြီး ပြောင်းလဲအောင် လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး။ ဥပဒေတွေဆိုတာက လူတွေရဲ့ စိတ်နေသဘောထား ခံယူချက်တွေကို ပြောင်းလဲအောင် လုပ်ဆောင်ရာမှာ ကြားခံအသုံးပြုစရာ ကိရိယာတန်ဆာသာ ဖြစ်ပါတယ်” လို့ Yim Kalyan က ပြောဆိုခဲ့ပါတယ်။

Gender ကျွမ်းကျင်သူ Kasumi Nakagawa ကလည်း LGBT တွေနဲ့ ပတ်သက်တဲ့ ခွဲခြားဆက်ဆံမှုတွေဟာ မျိုးဆက်ပေါင်းများစွာချီပြီး နက်ရှိုင်းစွာ စွဲကပ်အမြစ်တွယ်လျက်ရှိတဲ့ အမြင်သဘောထားတွေအပေါ် အခြေခံနေတယ်လို့ ထောက်ပြပါတယ်။

“ပြည်သူတွေရဲ့ အမြင်ပြောင်းမှ LGBT တွေရဲ့ အခြေအနေတွေ စတင်ပြောင်းလဲမယ်။ လူထုကြား အသိပညာ ပေးမှုတွေ လုပ်ဆောင်ရင်း LGBT တွေ ဆိုတာ ပုံမှန်လူတွေပဲဆိုတာကို သိအောင် လုပ်ရမယ်။ LGBT တွေနဲ့ ပတ်သက်ပြီး လူတွေကြားထဲမှာ များများ ဆွေးနွေးလာနိုင်အောင် လုပ်ပေးရမယ်။ ဒါမှ LGBT တွေရဲ့ အခြေအနေတွေ ပြောင်းလဲလာမယ်” လို့ Yim Kalyan က ပြောဆိုပါတယ်။

ပြည်သူတွေကြားထဲမှာ Gender နဲ့ ပတ်သက်ပြီး မတူကွဲပြားမှုတွေ ပုံစံမျိုးစုံရှိတယ်ဆိုတာကို သိရှိမှု အားနည်းလျက် ရှိတဲ့အတွက် Transgender တွေဟာ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေတဲ့သူတွေ ဒါမှမဟုတ် သဘာဝနဲ့ ဖီလာဆန့်ကျင် ဖြစ်နေတဲ့သူတွေ မဟုတ်ဘူး၊ Transgender ဖြစ်တည်မှုကို ကုသလို့ မရနိုင်ဘူးဆိုတာကို အာဏာပိုင်တွေ၊ ရဲတပ်ဖွဲ့တွေအပါအဝင် ပြည်သူတွေကို အသိပညာပေးဖို့ လိုအပ်ကြောင်းလည်း Kasumi Nakagawa က ပြောဆိုပါတယ်။

ကမ္ဘောဒီးယား လူ့အဖွဲ့အစည်းဟာ LGBT တွေနဲ့ ပတ်သက်ပြီး အတော်အတန် ပွင့်လင်းမှုရှိတယ်လို့ ယူဆလို့ ရနိုင်ပေမယ့်လည်း LGBT တွေ မွေးရာပါ ရရှိခံစားခွင့်တဲ့ လူ့အခွင့်အရေးတွေကို ဥပဒေအရ အသိအမှတ်ပြု အကာအကွယ်ပေးမှုတွေ လုပ်ဆောင်ပေးဖို့ လိုအပ်နေသေးကြောင်းလည်း Mu Sochua က မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။

အာဏာအလွဲသုံးစား ပြုလုပ်ပြီး ဆိုးသွမ်းနေတဲ့ ရဲတွေကို စောင့်ကြည့် မှတ်တမ်းတင်မှုတွေ လုပ်ဆောင်နိုင်မယ့် ယန္တရားစနစ်တစ်ရပ်ကိုလည်း ရဲတပ်ဖွဲ့ထဲမှာ ထူထောင်ထားရှိဖို့ ကမ္ဘောဒီးယား လူ့အခွင့်အရေး စင်တာရဲ့ အစီရင်ခံစာထဲမှာ တောင်းဆိုထားပါသေးတယ်။

သို့သော် အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ Phay Siphan ကတော့ လူတိုင်းလူတိုင်းကို အနိုင်ကျင့် စော်ကားမှုတွေကနေ ဥပဒေနဲ့ အကာအကွယ်ပေးထားပြီး ဖြစ်ကြောင်း၊ ဒါကြောင့် LGBT တွေကို ကာကွယ်ပေးဖို့အတွက် ဥပဒေတွေ သီးသန့်ပြဌာန်းပေးဖို့ မလိုအပ်ကြောင်း၊ LGBT တွေအနေနဲ့ ရဲတပ်ဖွဲ့ရဲ့ စော်ကားမှုတွေခံရရင် တိုင်ကြား၊ တရားစွဲဆိုနိုင်ကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

အကယ်၍ အာဏာပိုင်တွေ၊ ရဲတပ်ဖွဲ့တွေရဲ့ မတရားအနိုင်ကျင့်မှုတွေကို မတိုင်ကြားရဲတဲ့သူတွေဆိုရင် ဘယ်လို လုပ်မလဲဆိုတဲ့ မေးခွန်းကိုတော့ “ဒါဟာ သူတို့ ပြဿနာပဲလေ။ ကိုယ့်ကိုယ်ကို မကာကွယ်နိုင်ဘူးဆိုရင် တရားရုံးကို တိုင်ကြားနိုင်ပါတယ်” လို့ Phay Siphan က တုံ့ပြန်ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.