ကိုယ့်ကိုယ်ကို လက်ခံနိုင်ဖို့က အရေးကြီးပါတယ်

ကိုယ့်ရဲ့တစ်နေ့တာ လှုပ်ရှားမှုဖြစ်စဉ်တွေထဲ ကိုယ့်ကိုယ်ကို ယုံယုံကြည်ကြည်နဲ့ သတ္တိရှိရှိ လက်ခံ နေထိုင်မှုဟာ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်အပေါ်မှာ ဘယ်လောက်အထိ သက်ရောက်မှု ရှိစေပါသလဲ.. အထူးသဖြင့် မိမိနဲ့ လိင်အမျိုးအစားချင်း တူတဲ့သူကိုမှ စိတ်ဝင်စားတတ်တဲ့ LGBT တွေအတွက် ဖြစ်ပါတယ်။

LGBT တစ်ယောက်အနေနဲ့ မိမိကိုယ်ကို ယုံယုံကြည်ကြည်နဲ့ သတ္တိရှိရှိ လက်ခံနေထိုင်ပြုမူတာဟာ မိမိသာမဟုတ် မိမိပတ်ဝန်းကျင်ကိုပါ စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေပြီး ရှေ့ဆောင်လမ်းပြသဖွယ် များစွာအကျိုးပြုစေနိုင်တယ်ဆိုတာ သတိပြု စဉ်းစားသင့်တဲ့ အချက်ပါ။ ဒါကို Lesbian ကျောင်းဆရာမ တစ်ဦးဖြစ်သူ Emma Baldry ရဲ့ ကိုယ့်ကိုယ်ကို ရဲရဲဝ့ံဝံ့နဲ့ လက်ခံခဲ့ပြီး သူမရဲ့ တပည့်တွေအပေါ် ပြုမူနေထိုင်ပြခဲ့တဲ့ ဖြစ်စဉ်က သက်သေ ပြနေခဲ့ပါတယ်။

တပည့်တစ်ယောက်ရဲ့ စိတ်လှုပ်ရှား ကြည်နူးဖွယ်ကောင်းတဲ့ စာလေးတစ်စောင်က Emma Baldry အနေနဲ့ သူမ ဘာကြောင့် lesbian တစ်ယောက်ဖြစ်တယ်ဆိုတာကို အတန်းထဲမှာ နေ့တိုင်းပြောဖို့ လိုအပ်တာလဲဆိုတာ မီးမောင်းထိုးပြ နေပါတယ်တဲ့…။
အသက် (၃၁)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Emma Baldry က သူမရဲ့ လိင်စိတ်ခံယူမှုနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောတဲ့သူပါ။ သူမရဲ့ အတန်းထဲမှာလည်း တပည့်တွေကို ကိုယ်ရဲ့ လိင်စိတ်ခံယူမှုနဲ့ ပတ်သက်ပြီး ကွယ်ဝှက်မထားဖို့ အမြဲ တိုက်တွန်းပြောဆိုတဲ့သူပေါ့…။

Emma က သူမရဲ့ တပည့်တွေကို “မင်္ဂလာပါ ကလေးတို့ရေ။ ဆရာမနာမည်က Emma Baldry ပါ။ ဆရာမက lesbian ဆရာမတစ်ယာက်ပါ” ဆိုပြီး အတန်းထဲမှာ ပုံမှန် နှုတ်ခွန်းဆက် စကားပြောလေ့ရှိပါတယ်။ မတူညီတဲ့ မိသားစု၊ ပတ်ဝန်းကျင် အသီးသီးမှာ လူတိုင်းဟာ ကွဲပြားခြားနားခွင့် ရှိတယ်ဆိုတဲ့အကြောင်းနဲ့ အဲဒီလို ပြောပြခြင်းအားဖြင့် အတန်းထဲမှာ ကလေးတွေကို ဘယ်အရာမဆို ပွင့်ပွင့်လင်းလင်း ထုတ်ပြောနိုင်ဖို့ တွန်းအားဖြစ်စေပါတယ်တဲ့…။ ဒီလိုနဲ့ပဲ သူမရဲ့ စာသင်ခန်းလေးဟာ အားလုံးပါ၀င်နိုင်တဲ့၊ ဘယ်ကိစ္စမဆို လွတ်လပ်စွာ ပြောဆိုဆွေးနွေးနိုင်တဲ့၊ လုံခြုံနွေးထွေးမှု ပေးတဲ့ အခန်းလေး ဖြစ်လာပါတော့တယ်။

Emma ဟာ သူမရဲ့ ချစ်သူ lesbian တစ်ဦးနဲ့ ၂၀၀၉ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ အနောက်တိုင်း ဓလေ့ထုံးစံအရ ခင်ပွန်းရဲ့ နောက်ဆုံးနာမည်ကို ဇနီးဖြစ်သူရဲ့ နာမည်နောက်မှာ ထည့်ခေါ်ရတဲ့ အစဉ်အလာရှိတော့ Emma ဟာလည်း သူမရဲ့ နာမည်နောက်မှာ သူမချစ်သူရဲ့ နာမည်ကို တွဲစပ်ထည့်ထားတာပေါ့။

ဒါကို သတိပြုမိတဲ့ အသက်ကြီးကြီး တပည့် တော်တော်များများက ဘာကြောင့် ဆရာမရဲ့ နာမည်ရဲ့ နောက်မှာ အမျိုးသမီးနာမည် ဖြစ်နေရတာလဲ၊ ဆရာမ ယောကျ်ားက ဘယ်သူလဲ စသဖြင့်ပေါ့လေ… သူမရဲ့ ခင်ပွန်းနာမည်ကို မေးကြတယ်။ အမေးခံရတာ များလာတော့ အဲဒီအချိန်ကစပြီး သူမဟာ ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ချမှတ်လိုက်ပါတော့တယ်။ “ငါ lesbian တစ်ယောက် ဖြစ်တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြီး နေထိုင်တော့မယ်။ ကာလ အတော်ကြာတဲ့အထိလည်း ဖုံးကွယ်ထားခဲ့ပြီးပြီ။ အတုအယောင်နဲ့ နေလာရတာလည်း စိတ်ပင်ပန်းလွန်းနေပြီ။ ငါ့ကိုယ်ငါ ဒီထက်ပိုပြီး လိမ်ညာခွင့် မပြုနိုင်တာ့ဘူး” ဆိုပြီးတော့ပေါ့ …။

ဒီဆုံးဖြတ်ချက်ဟာ ဘယ်လောက်အထိ မှန်ကန်စေနိုင်ပါသလဲ…။ တစ်နေ့တော့ စာလေးတစ်စောင်ဟာ ဆရာမ Emma ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။ အဲဒီစာထဲမှာ Emma အနေနဲ့ သူမရဲ့ တပည့်တွေကို ကိုယ့်ရဲ့ လိင်စိတ်ခံယူမှုနဲ့ ပတ်သက်ပြီး သတ္တိရှိရှိ လက်ခံနေထိုင်ဖို့ ဘယ်လောက်အရေးကြီးကြောင်း စံနမူနာပြ ဆုံးမသွန်သင်မှုတွေ ဟာ ကျောင်းသားတစ်ယောက်ကို စိတ်ဓာတ်ခွန်အား ပေးစေနိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

စာထဲမှာ ဖော်ပြထားတာကတော့ “ဆရာမကြောင့်သာ မဟုတ်ဘူးဆိုရင် ကျနော် အခုလို gay တစ်ယောက်အဖြစ် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောမိမှာ မဟုတ်ဘူး။ ကျောင်းစတက်တုန်းက “အခြောက်” ဆိုပြီး ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ပြစ်တင် ခံရမှာကို တစ်ချိန်လုံး ကြောက်နေခဲ့ရတယ်။ အဲဒီ အချိန်တုန်းက ဘယ်သူမှ ပွင့်ပွင့်လင်းလင်း “gay” ဖြစ်နေပါတယ်လို့ ပြောရဲတဲ့သူတွေလည်း မရှိခဲ့ဘူး။ ဒါပေမယ့် ဆရာမရဲ့ သတင်းစကားကို ကြားမိတော့ အားတက်မိခဲ့တယ်။ ဆရာမက LGBT တွေ အပေါ် သာမန်ထက်ပိုပြီး လက်ခံနားလည်ပေးနိုင်ခဲ့တယ်လေ။ LGBT ကျောင်းသားအချင်းချင်း တွေ့ဆုံဆွေးနွေးပွဲတွေ၊ ကျောင်းသင်ခန်းစာတွေနဲ့ ဆက်စပ်ပြီး ဆရာမရဲ့ ဦးဆောင်သွန်သင်မှုတွေဟာ ကျောင်းသား တော်တော်များများရဲ့ ယူဆချက် တွေကို ပြောင်းလဲစေနိုင်ခဲ့ပါတယ်။ gay တစ်ယောက် ဖြစ်ရတာ ထူးဆန်း အံ့သြရမယ့်အရာ မဟုတ်ဘူးလို့လည်း သိစေခဲ့ပါတယ်။ အဲဒါတွေကတဆင့် ကိုယ့်ကိုယ်ကို ပွင့်ပွင့်လင်းလင်းနဲ့ gay တစ်ယောက်အဖြစ် ဖွင့်ဟဝန်ခံဖို့ အရမ်း လွယ်ကူသွားခဲ့ပါတယ်။”

“ဆရာမလည်း LGBT တစ်ယောက်ပဲဆိုတာ သိရတာက ကျနော့်အတွက်တော့ တိုင်ပင်ဖော် တိုင်ပင်ဖက်တစ်ယောက် ရလိုက်သလို အမြဲခံစားခဲ့ရတယ်။ ကျောင်းနဲ့ ကျောင်းပြင်ပ ပတ်ဝန်းကျင်မှာ လိင်တူချစ်သူ မဟုတ်တဲ့သူတွေအကြောင်းတွေကိုပဲ တစ်ချိန်လုံး သင်နေခဲ့ရတော့ အဲဒီအစား လိင်တူချစ်သူတွေနဲ့ ဆက်စပ်တဲ့ သင်ခန်းစာတွေကို ဆရာမထံကနေ သင်ယူခွင့်ရခဲ့လို့ အရမ်းအားရမိခဲ့ပါတယ်။ နောက်ပြီး ဆရာမအနေနဲ့ ကိုယ့်ရဲ့ ဖြစ်တည်မှုနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း နေထိုင်တဲ့အကြောင်း သိရတာကလည်း ကမ္ဘာပေါ်မှာ ကျနော်တစ်ယောက်တည်း ရှိနေတာ မဟုတ်ပါလားဆိုတဲ့ ခံစားချက်ကို ဖြစ်စေခဲ့ပါတယ်”

ကဲ စာလေးကို ဖတ်ရှုပြီးတော့ သင်လည်း ကြည်နူးဖွယ်ရာ စိတ်ခံစားမှုမျိုး ခံစားမိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မိမိရဲ့ စစ်မှန်တဲ့ ဖြစ်တည်မှုကို လက်ခံအသိအမှတ်ပြုရင်း ရဲဝံ့သတ္တိရှိတဲ့ သူများဖြစ်ကြဖို့ ဆန္ဒပြုလိုက်ပါတယ်နော်။

အယ်လီနာ

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.