ကိုယ်ရေးကိုယ်တာဘဝနဲ့ အနုပညာကို ခွဲမြင်ပေးစေချင်တဲ့  ရုပ်ရှင်သရုပ်ဆောင် ဥက္ကာမင်းမောင်နဲ့ တွေ့ဆုံမေးမြန်းခြင်း

ဥက္ကာမင်းမောင်ဟာ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ထားသလို {မေထုန်ရာသီဖွား} ရုပ်ရှင်ဇာတ်ကားကြီးနဲ့ လူသိများခဲ့သူ ဖြစ်ပါတယ်။ သူဟာ မြန်မာ့ရုပ်ရှင်သမိုင်းမှာ LGBT တစ်ဦးအဖြစ် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့တဲ့ ပထမဦးဆုံး ရုပ်ရှင် သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့် ဥက္ကာမင်းမောင်ကို LGBT တစ်ဦးအဖြစ် ထုတ်ဖော်ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး သူရဲ့အမြင်နဲ့ ခံယူချက်တွေကို မေးမြန်းတင်ဆက် ပေးလိုက်ပါတယ်။

 

ပထမဆုံးအနေနဲ့ အစ်ကို့ရဲ့ Coming Out ဗွီဒီယိုကို တင်ဖြစ်သွားပုံအကြောင်းလေး ပြောပြပါလား။ ဘယ်လို တွန်းအားတွေကြောင့် ဒီဗွီဒီယိုကို တင်ဖြစ်သွားတာလဲ။

ဘယ်လိုကြောင့် တင်ဖြစ်သွားလဲဆိုတော့ ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူပုံ (Online မှာ ပျံ့သွားတဲ့ ကုတင်ပေါ်က ပါးကိုနမ်းတဲ့ပုံ)ကို ကျွန်တော်က အရင်းနှီးဆုံးဆိုတဲ့ သူငယ်ချင်း (၃)ယောက်လောက်ကို ပြဖူးတယ်။ ကြာပြီ။ သူငယ်ချင်းတွေ အများကြီးရှိပေမယ့် မပြခဲ့ဘူး။ ပုံက တော်တော်ကြာမှ Online ပေါ် ဘယ်လိုပျံ့သွားလဲ မသိဘူး။ ကိုယ်ယုံကြည်လို့ ကိုယ့် Personal Private ပုံကို အရင်းနှီးဆုံးဆိုတဲ့သူတွေ နည်းနည်းပဲ ပြခဲ့တာ။ သူတို့ထဲက တစ်ယောက်ကဖြန့်တာ ဖြစ်ချင်လည်း ဖြစ်မယ်။ သူတို့ကတစ်ဆင့် တခြားသူကိုပြရင်း ပုံတွေ ပျံ့သွားတာ ဖြစ်ချင်လည်းဖြစ်မယ်။ ယုံကြည်မှုတွေတော့ အလွဲသုံးစား အလုပ်ခံလိုက်ရတယ်။ Online ပေါ်မှာ ပျံ့သွားတဲ့ တချို့ပုံက Snap မှာပဲ တင်ထားတာ။ Permanent မှာ မတင်ထားဘူး။ ပါးကိုနမ်းတဲ့ပုံကတော့ လုံးဝမတင်ထားဘူး။ အဲပုံတွေနဲ့ ကျွန်တော် တခြားတင်ထားတဲ့ ရိုးရိုးသူငယ်ချင်း ပုံစံ၊ နှစ်ယောက်တည်း ပုံတွေနဲ့ရောပြီး ဖြန့်လိုက်ကြတာ။ တအားပွ သွားတာ။ လူတွေကလည်း လာပြကြတယ်။ Like တွေ လည်း ထောင်ချီ ။ ဆဲတာတွေရော၊ အကောင်းဘက်က အပြုသဘောဆောင်တဲ့ Comment တွေရော၊ တအားပျံ့သွားတဲ့အပြင် မြန်မာမီဒီယာတချို့ကလည်း အင်တာဗျူးအဟောင်းကြီးနဲ့ အခုပုံတွေနဲ့တွဲပြီး တင်ပလိုက်တယ်။ ကြည့်တဲ့သူတွေ Share တဲ့သူတွေကလည်း သိန်းကျော်နေပြီ။ ပိုးစိုးပက်စက်လည်း အပြောခံရတယ်။ အဲဒီမနှစ်က အင်တာဗျူးနဲ့ ပါးကိုနမ်းနေတဲ့ ပုံနဲ့တွဲပြီး Video Clip တင်တော့ အဖြေက အသိသာကြီးလေ။ ဗြောင်လိမ်ရမလား၊ ရေငုံနှုတ်ပိတ်နေရမလား၊ ဝန်ခံလိုက်ရမလား သေချာစဉ်းစားတယ်။ ဗြောင်လိမ်ရင် ပိုဆိုးမယ်။ နောက် ကျွန်တော်က ပွင့်ပွင့်လင်းလင်းသမား၊ မလိမ်တတ်ဘူး။ တိတ်ဆိတ်နေလည်း အဆဲက မလွတ်ဘူး။ အင်တာဗျူးတွေကလည်း ဝိုင်းမေးနေပြီ။ အဲဒီတော့ မထူးဘူး၊ ဟိုး အရင်ထဲကလည်း အပြောအဆိုခံရတာ အဆန်းတော့လည်း မဟုတ်တော့ဘူး။ ထုတ်ပြောဝန်ခံလိုက်ရင် ဒါဟာ ဂိတ်ဆုံးပဲလေ။ တော်တော်အဆဲခံရမှာလည်း သိတယ်။ အနုပညာအလုပ်မှာ ထိခိုက်မှာလည်း သိတယ်။ မထူးတော့ဘူးဆိုပြီး ဝန်ခံလိုက်တယ်။ ဗီဒီယိုတောင် ရိုက်တင်လိုက်ရင် ကောင်းမလား မတင်ရင်ကောင်းမလား ချီတုံချတုံ စဉ်းစားတာ တစ်ညလုံး။ မိုးလင်းတော့ တင်လိုက်တာ သတ္တိမွေးပြီး။ ကျွန်တော့်ကို ပြောလည်း ပြောပါစေတော့။ ကံကောင်းတာက ကျွန်တော့်မိဘတွေရော၊ တစ်ဆွေလုံးတစ်မျိုးလုံး သိပြီးသား။ ကိုယ့်အကြောင်းကို လျှို့ဝှက်ထားတဲ့ကိစ္စ မဟုတ်ဘူး။ နောက် ကျွန်တော် US မှာနေတာ ကြာသွားတော့ ပိုပြီး Confident ရှိလာတယ်။ ဟိုးအရင် သရုပ်ဆောင်လုပ်တုန်းက ဟန်ဆောင်ထိန်းထားပေမယ့် တကျော့ပြန် အနုပညာလုပ်တော့ ကိုယ်နေတတ်သလိုပဲ နေတယ်။ အရမ်းကြီး လူတွေ Gay ဖြစ်မှန်း သိမှာစိုးလို့ ထိန်းထားတာမျိုး မရှိဘူး။ ပွင့်ပွင့်လင်းလင်းပဲ။ ငါသည် ဘာဆိုတာ ကိုယ့်ကိုယ်ကို သိသလို အဲဒီအပေါ်လည်း ယုံကြည်မှုအပြည့်ရှိတယ်။ အဲဒါကြောင့် ဝန်ခံလိုက်တာ။ ထပ်ပြီး ထင်ယောင်ထင်မှားနဲ့ အဆဲခံရစရာ အကြောင်းမရှိတော့ဘူး။ Yes, I am Gay. I born this way. I am who I am. I am proud of myself who I am and I am very independent. ကျွန်တော်ကတော့ ဘာမှပြောင်းလဲ မသွားဘူး။ ကျွန်တော်က ကျွန်တော်ပဲ။ လုပ်စရာရှိတာ ပုံမှန်အတိုင်း ဆက်လုပ်နေ တယ်။ မိဘတွေကလည်း နားလည်လက်ခံပြီးဖြစ်တဲ့အတွက် ကိုယ့်ဘဝကို အရှိကိုအရှိအတိုင်း ဆက်လက်ရှင်သန်ချင်တဲ့အတွက် ဘာမှ ဟန်ဆောင်ဖုံးကွယ် မထားချင်တော့တဲ့အတွက် ကိုယ်ပျော်သလိုပဲ နေချင်တဲ့အတွက် ဝန်ခံလိုက်တယ်။ အေးရော။

 

LGBT တစ်ဦးဖြစ်တဲ့အတွက် အစ်ကိုလျှောက်ခဲ့တဲ့ အနုပညာခရီးမှာ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ခဲ့ရသလဲ။ ခွဲခြားဆက်ဆံတာ ကြုံဖူးသလား။ ဘယ်လိုပုံစံနဲ့ ကျော်ဖြတ်ခဲ့သလဲ။

ကိုယ်ငယ်ငယ်တုန်းက တွဲရိုက်ခဲ့ဖူးတဲ့သူတွေ မင်းသမီးတွေ တခြားမိတ်ကပ်ဒီဇိုင်နာ စက်အဖွဲ့သားတွေ အခုပြန်တွေ့ရင်လည်း ခေါ်ကြတယ်။ ကျွန်တော်က ကိုယ့်ကိုယ်ကို ကြွားပြောတာ မဟုတ်ဘူး။ လူချစ်လူခင် ပေါတယ်။ စကားများတာကိုး။ ဟိုးအရင်က ခင်ခဲ့တဲ့ စာနယ်ဇင်းတွေဆိုလည်း အခုထိ အခင်အမင်မပျက်ကြဘူး။ ဒီ အနုပညာ အသိုင်းအဝိုင်း၊ စာနယ်ဇင်း အသိုင်းအဝိုင်းက ကိုယ့်အကြောင်း သိပါတယ်။ ပေါ်တင်သာ ဝန်မခံခဲ့တာ။ အခုလည်း ဝန်ခံဖို့ အစီအစဉ်မရှိသေးပေမယ့် ကံတရားက အဲလိုဖြစ်လာတော့ ဝန်ခံဖြစ်သွားရော။ ဟိုးအရင် အနုပညာခရီးက တခြားအခက်အခဲတွေ၊ စိတ်ဖိစီးမှုတွေ ရှိခဲ့ပေမယ့် အမှတ်တရပါပဲ။ အဲဒီ အခက်အခဲတွေ မေ့တောင်သွားပီ။ တကျော့ပြန်ဝင်တော့လည်း အားလုံးက လက်ကမ်းကြိုဆိုကြပါတယ်။ အကုန် ကူညီပေးကြတယ်။ ကိုယ်က မြန်မာပြည်မှာ အမြဲမနေတော့ တောက်လျှောက်ဇောက်ချပြီးသာ ပြန်မလုပ်နိုင်တာ။ ကံတရားပေးသလောက်တော့ ရိုက်ခဲ့ လုပ်ခဲ့တာပဲလေ။ ပြန်ဝင်တဲ့အချိန်ကစပြီး မေထုန်ရာသီဖွား၊ ဝက်ဝက်ကွဲအောင် ပွင့်၊ မရဲ့ အေးခဲသွားကြသူများ၊ ကျားကျားလျားလျား မိန်းမသားများစတဲ့ ရုပ်ရှင်ကားကြီး (၄)ကား ရိုက်ခဲ့တယ်။ (၃)ကား ရုံတင်ဖို့ ရှိတယ်။ မြွေဆိုတဲ့ ဗီဒီယိုတစ်ကား ထွက်ဖို့ရှိတယ်။ ၁၈ ဆိုတဲ့ စီးရီးထွက်တယ်။ တခြားအနုပညာအလုပ်တွေလည်း လုပ်ခဲ့တယ်။ Mister Tourism World ပြိုင်တယ်။ အရာရာ ဖြေးဖြေးနဲ့မှန်မှန်ပေါ့။ LGBT ဖြစ်တဲ့အတွက် အနုပညာလောကမှာ ခွဲခြားဆက်ဆံတာမျိုးတော့ ထူးထူးခြားခြားကြီး မကြုံခဲ့ဖူးပါဘူး။ ဒီလောကကသူတွေက အရမ်းနားလည်တယ်။ ဒီအလုပ်ဟာ လူပေါင်းစုံ လူတန်းစားပေါင်းစုံနဲ့ ပေါင်းသင်းဆက်ဆံရတဲ့ အလုပ်။ သရုပ်ဆောင်တွေ၊ မိတ်ကပ်သမားတွေ၊ ဒီဇိုင်နာတွေ၊ တခြားအတတ်ပညာရှင်တွေထဲမှာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ Gay တွေ၊ Lesbian တွေ၊ Transgender တွေနဲ့ အလုပ်တူတူ တွဲလုပ်ရတာ။ အနုပညာလောကသားတွေ အားလုံးက အရမ်းနားလည်မှု ရှိပါတယ်။ အဆင့်အတန်း မခွဲဘူး၊ ခွဲခြားဆက်ဆံခံခဲ့ရတာလည်း မရှိဘူး။ ကိုယ်သည် နာမည်ကြီးမဟုတ်လို့ မင်းသမီးတချို့ရဲ့ ငြင်းဆိုခြင်းခံခဲ့ရတာမျိုးပဲ ရှိတယ်။ Gay မို့လို့ ခွဲခြားဆက်ဆံခဲခဲ့ရတာမျိုး အပေါင်းအသင်း မလုပ်ချင်တာမျိုး မရှိဘူး။

 

ကိုဥက္ကာက မိန်းကလေး ရည်းစားလည်း ထားဖူးတယ်လို့ ပြောဖူးတယ်နော်။ အခုလို တစ်ဘဝလုံး ယောကျာ်းလေးချင်း ချစ်သူ Gay အဖြစ်နေထိုင်ဖို့ ဆုံးဖြတ်လိုက်တာကော ဘယ်အချိန်လောက်ကလဲ။ ဘာကြောင့် ဖြစ်မယ်ထင်လဲ။

မိန်းကလေးတွေနဲ့ အပျော်သဘောမျိုး စိတ်ကလည်း Curious စူးစမ်းတတ်တဲ့အရွယ်မှာ ထားခဲ့ဖူးတယ်။ မိန်းကလေးတွေ ကြိုက်လို့မရဘူး မဟုတ်ဘူး။ ကြိုက်လို့ရတယ်။ ရင်းနှီးတာ၊ အနေနီးစပ်တာ များလာရင် ပိုပြီးတော့လည်း ချစ်ကောင်းချစ်နိုင်မယ် ထင်တယ်။ ဒါပေမယ့် အဲဒီအဆင့်ထိကို မရောက်ခဲ့ဘူး။ ကျွန်တော့်ကို Bisexual လားလို့ ပြောရင်လည်း မဟုတ်ဘူး။ ကျွန်တော် ဘယ်ဘက်ကို ကိုယ့်စိတ်က အားသန်လဲဆိုတာ ကိုယ့်ကိုယ်ကိုပဲ သိတယ်။ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတာထက် လိင်တူကိုပိုပြီး စိတ်ဝင်စားတယ်ဆိုတာ ကိုယ့်ကိုယ်ကို သိတယ်။ တခြားသူအပေါ်လည်း မတရားမလုပ်ချင်ဘူး။ လူသိခံရမှာစိုးလို့ဆိုပြီးလည်း Cover မိန်းကလေး မထားချင်ဘူး။ တစ်ဖက်လူအတွက် မတရားဘူး၊ လူမဆန်ဘူး။ ကိုယ်တိုင်လည်း ပျော်မှာ မဟုတ်ဘူး။ ကြာလေ ဇာတ်တွေပိုရှုပ်လေ ဖြစ်မှာ။ အဲဒါကြောင့် မရှုပ်ခင်ထဲက ရှင်းအောင်နေတာ။ သူများသားသမီးကိုလည်း ကိုယ့်ကြောင့် စိတ်ထိမခိုက်စေချင်ဘူး။ သူတို့ကတော့ ရည်းစားဖြစ်သွားခဲ့သည်ရှိသော် တကယ်ချစ်ကောင်း ချစ်နိုင်တယ်လေ။ ကိုယ်ကမှ ရေရှည်တွဲသွားဖို့ စိတ်နှစ်လို့မှ မရတာ။ ကိုယ့်ကိုယ်ကိုလည်း ဒုက္ခမပေးချင်သလို တခြားသူအပေါ်လည်း ဒုက္ခမပေးချင်လို့ မိန်းကလေးတွေနဲ့ ရည်းစားမထားတော့တာ။ လူတွေက ဝေဖန်ကြတယ်။ ယောကျာ်းဘဝက မြင့်မြတ်တယ်။ အဲဒါကို ဘာကြောင့် Gay ဖြစ်ချင်ကြလဲပေါ့။ အမှန်က လူသားတိုင်းရဲ့ဘဝက မြင့်မြတ်ပါတယ်။ မိန်းမဖြစ်ဖြစ်၊ ယောကျာ်းဖြစ်ဖြစ်၊ LGBT တစ်ယောက်ဖြစ်ဖြစ်၊ ဒုက္ခိတ မသန်စွမ်းဖြစ်ဖြစ် စိတ်ဓာတ်မြင့်မြတ်ရင် လူလည်း မြင့်မြတ်တယ်။ လူသားတိုင်းသည် ဂုဏ်သိက္ခာရှိစွာနဲ့ ကိုယ့်ဘဝ ကိုယ့်သမိုင်းကို အဓိပ္ပာယ်ရှိစွာ ဖြတ်သန်းသွားလို့ ရတယ်။ လူသားတိုင်းမှာ တူညီတဲ့တန်ဖိုး ရှိပါတယ်။ တခြားသူအပေါ် မိုက်ရိုင်းစော်ကားတာ၊ သူများပစ္စည်းခိုး၊ သူများသားမယား ပြစ်မှား၊ မဟုတ်တာတွေ လုပ်နေပြီး Straight ဖြစ်နေတော့လည်း ဒါဟာ မှန်ကန်သောလူသားဆန်တဲ့ လုပ်ရပ်တွေ မဟုတ်ဘူး။ Gay ဖြစ်ဖြစ်၊ Straight ဖြစ်ဖြစ် ကောင်းအောင်နေပြီး လူသားတွေအပေါ် အကျိုးပြုသူတစ်ယောက်ဖြစ်ဖို့ပဲ လိုတယ်။ ကျွန်တော် ဘယ်ဘာသာ ဘယ်လူမျိုးမှ မပုတ်ခတ်၊ မစော်ကားဘူး။ ကိုယ့်ဘဝကို ကိုယ်ပျော်သလိုပဲ နေတာ။ ကိုယ့်ကိုယ်ကို Gay မှန်းသိတာ ငယ်ငယ်ကတည်းကပဲ။ Gay တစ်ယောက် ဖြစ်လာခြင်းသည် ဘယ်သူ့ပတ်ဝန်းကျင် ပယောဂကြောင့်မှ မဟုတ်ဘူး။ ကိုယ်တိုင် ဘယ်လိုမျိုးကို Sexually Preference ဖြစ်လဲဆိုတာ ကိုယ်တိုင်သိလို့ ကိုယ့်ကိုယ်ကိုအရှိအတိုင်း လက်ခံနိုင်လို့။

 

မိဘတွေနဲ့ ဆွေမျိုးညီအစ်ကို မောင်နှမတွေကကော အစ်ကို့ကို ဘယ်လိုမျိုး သဘောထားကြသလဲ။

မိဘက ကျွန်တော့်ကို အပြည့်အဝ နားလည်ပေးပါတယ်။ ကျွန်တော့်ရဲ့မိဘနှစ်ပါးသည်လည်း ပညာတတ်အသိုင်းအဝိုင်းက ပေါက်ဖွားလာပြီး ကမ္ဘာပတ်လာခဲ့သောသူတွေ။ ခရီးသွားခြင်းဟာ လူတွေရဲ့ အသိပညာ၊ အတွေးအခေါ်၊ လူနေမှုပတ်ဝန်းကျင်နဲ့ Culture မတူတဲ့ နေရာဒေသတွေရဲ့အပေါ်  ပိုပြီးသိရှိနားလည် အမြင်ကျယ်လာစေသလိုပဲ။ အဖေရော အမေပါ ခေတ်လည်းမီသလို အတွေးအခေါ် အယူအဆတွေကလည်း အပြုသဘောဆောင်တဲ့ ဘက်ကနေ တွေးပေးတယ်။ သူတို့ မွေးထုတ်လိုက်တဲ့သားကို Gay ဖြစ်သွားလို့ အချစ်လျော့သွားတာ၊ မပံ့ပိုးတော့တာမျိုးလည်း မရှိခဲ့ဘူး။ My parents are always there for me. သူတို့ဖြစ်စေချင်တဲ့ နိုင်ငံခြားက ပညာတတ်ဘွဲ့ရတစ်ယောက်ဖြစ်အောင် ကြိုးစားသင်ယူခဲ့တယ်။ Gay တစ်ယောက်ဖြစ်ခြင်းဟာ အမှားတစ်ခုကျူးလွန်နေတာ မဟုတ်ဘူးဆိုတာ အဖေရော အမေပါ သဘောပေါက်နားလည် လက်ခံပေးတယ်။ ကျွန်တော့်ရင်ထဲမှာလည်း ကိုယ့်မိဘဂုဏ်ယူနိုင်မယ့် သား၊ မွေးရကျိုးနပ်ပြီး မိဘကို ဂုဏ်တက်စေမယ့် သား၊ မိဘကျေးဇူးဆပ်နိုင်မယ့် သားတစ်ယောက်ဖြစ်အောင်ပဲ ကြိုးစားချင်တယ်။ သူတို့ရဲ့သားက လိင်တူကို ပိုစိတ်ဝင်စားနေတဲ့အပေါ် ကန့်ကွက်အပြစ်တင် အိမ်ထောင်အတင်းချခဲ့တာမျိုးတွေ မရှိခဲ့ပါဘူး။ ကျွန်တော် ဒီမိသားစုမှာ ပေါက်ဖွားလာရတာ အရမ်းဂုဏ်ယူတယ်။ ဘဝကို လွတ်လပ်စွာနေခွင့်ပေးတယ်။ ညီရော ညီမပါ သူ့အစ်ကိုကြီးကို အရမ်းချစ်ကြတယ်။ သူ့အစ်ကို ဘာပဲဖြစ်နေဖြစ်နေ အစ်ကိုက အစ်ကိုပဲလေ။ ဆွေမျိုးတွေအားလုံးကလည်း ချစ်မြဲ အားပေးမြဲပါ။ ကျွန်တော် မိသားစုကို Come Out လုပ်လိုက်တဲ့အချိန်တုန်းက အမေက (၂)လလောက် စကားမပြောပေမယ့် နောက်ကျတော့ သူကိုယ်တိုင် အရမ်း Support လုပ်တဲ့၊ တကယ့်ကို LGBT တွေကို နား လည်မှု အပြည့်အဝပေးနိုင်တဲ့ စံပြမိခင်တစ်ယောက်ပါ။ အမေ New York လာလည်တုန်းကဆို Gay Bar တွေခေါ်သွား၊ Gay Parade ခေါ် သွားတယ်။ ကိုယ်ကလည်း အမေ့ကို ကမ္ဘာပေါ်မှာ LGBT ကို ဒီနိုင်ငံက လူတွေရဲ့ကျင်လည်ကြီးပြင်းရာ၊ လူနေမှုဓလေ့စရိုက်၊ Gay Pride ဆိုလည်း သိန်းနဲ့ချီသော လူတွေပါဝင်ဆင်နွှဲပြီး ချီတက်လမ်းလျှောက်ကြ၊ ဘေးက လူတွေက အားပေးကြ၊ အဲဒါတွေကို လိုက်ပြခဲ့တယ်။ မြန်မာနိုင်ငံမှာက ဒါတွေကို အကျယ်တဝင့် မသိကြသေးဘူး။ လေ့လည်း မလေ့လာသလို Gay ဆိုတာနဲ့ မိန်းမဘဝလိုချင်ကြသော ယောကျာ်းလို့ တန်းတွေးကြတယ်။ အဲဒါကိုက မှားနေတာ။ ကျွန်တော် မိန်းမစိတ်ပေါက်နေတာလည်း မဟုတ်ဘူး။ မိန်းမလိုလည်း မဝတ်ချင်ဘူး။ လိင်တူကိုပဲ စိတ်ဝင်စားတာ။ ယောကျာ်းတစ်ယောက်လို ပုံစံကိုပဲ စိတ်ဝင်စားတာ။ အဲဒါဟာ ရှက်စရာလည်း မဟုတ်သလို ရှက်စရာလို့လည်း မမြင်ဘူး။

 

လွတ်လပ်ပြီး၊ အခွင့်အရေးကို လက်ခံတဲ့ နိုင်ငံတွေမှာတောင်မှ သရုပ်ဆောင်အချို့ လိင်တူချစ်သူဖြစ်ကြောင်း ထုတ်ပြောလိုက်တဲ့ နောက် ပိုင်း၊ ပရိသတ်က လက်မခံတော့တာတို့၊ ထုတ်လုပ်ရေးတွေက မငှားချင်တော့တာလို အဖြစ်အပျက်တွေ ရှိခဲ့ပါတယ်။ ကိုဥက္ကာက အခုလို ရဲရဲဝံ့ဝံ့ ထုတ်ပြောလိုက်တဲ့အတွက် ဘယ်လိုမျိုး အဆိုးဆုံး (ဒါမှမဟုတ်) အကောင်းဆုံး အခြေအနေတွေ ကြုံလာရဖို့ မျှော်လင့်ထားသလဲ။ အဆိုးဆုံး အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားခဲ့တာကော ရှိလား။

အဆိုးဆုံးအခြေအနေပဲ ဖြစ်ဖြစ်၊ အကောင်းဆုံးအခြေအနေပဲ ဖြစ်လာသည်ဖြစ်စေ ကျွန်တော်ရင်ဆိုင်ဖို့ အသင့်ပါပဲ။ ကြိုတင်ပြင်ဆင်ထားခဲ့လို့တော့ မဟုတ်ဘူး။ ထုတ်ပြောဖို့လည်း အစီအစဉ်မရှိသေးပေမယ့် အခုတကျော့ပြန် အနုပညာပြန်လုပ်ကတည်းက အထူးတလည် ထိန်းသိမ်းနေခဲ့တာမျိုးလည်း မရှိဘူး။ ကျွန်တော် နေတတ်သလိုပဲ နေတယ်။ အနုပညာက ပထမဦးစားပေး အလုပ်တစ်ခုအနေနဲ့ မရပ် တည်တော့ နောက်ထပ်ရိုက်ဖို့ ကမ်းလှမ်းခံထားရခြင်း၊ မရခြင်းသည် ကံပါပဲ။ လူဆိုတာကတော့ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို တစိုက်မတ် မတ် အောင်အောင်မြင်မြင် လုပ်ချင်တာပေါ့။ ကိုယ်လည်း အဲဒီလိုပဲ။ ဒါပေမဲ့ ဘဝပေးအခြေအနေအရ မြန်မာပြည်မှာလည်း တောက် လျှောက်မနေဖြစ်ဘူး။ အဲဒီတော့ ပြန်လာလိုက်၊ ရုပ်ရှင်ရိုက်လိုက်၊ ပြန်သွားလိုက်၊ ဖြည်းဖြည်းနဲ့ မှန်မှန်ပေါ့။ အခု Coming Out လုပ်ပြီတော့ ကျွန်တော့်ဘက်က ရပ်တည်ပေးတဲ့ ပရိသတ်တွေလည်း အများကြီးတွေ့ရတဲ့အတွက် အရမ်းဝမ်းသာရပါတယ်။ သူတို့ရဲ့အားပေးစကားတွေနဲ့ ကျွန်တော့်အနုပညာခရီး ရှေ့ဆက်ဖို့ အားရှိပါတယ်။ အားလုံးကိုလည်း ကျွန်တော့် Personal Life နဲ့ အနုပညာကို သက်သက်စီ ခွဲမြင်ပေးစေချင်တယ်။ အနုပညာရှင်တစ်ယောက်ဟာ ကိုယ်ကျလာတဲ့ ဇာတ်ကောင်စရိုက်ပီပြင်ဖို့ အဓိကပါ။ အနုပညာအလုပ်ကတော့ အခြေ အနေပေးသလောက် လုပ်ဖြစ်နေဦးမှာပါ။ ကမ်းလှမ်းထားတဲ့ စကားပြောလက်စ အလုပ်တချို့လည်း ရှိပါတယ်။ ဖြစ်လာတဲ့ အခြေအနေပေါ်မှာမူတည်ပြီး ကျွန်တော်အကောင်းဆုံး ကြိုးစားသွားမယ်။ လူတွေ ဝိုင်းနှိမ့်ချပြောလေ ကျွန်တော်ပိုပြီး ကြိုးစားပြချင်လေပဲ။

 

အစ်ကို သရုပ်ဆောင်ထားတဲ့ မေထုန်ရာသီဖွား ဇာတ်ကားဟာဆိုရင် မြန်မာလူမျိုး လိင်တူချစ်သူနှစ်ဦးအကြောင်း ပွင့်ပွင့်လင်းလင်း ရိုက်ပြ ထားတဲ့ ဇာတ်ကား ဖြစ်တယ်ပေါ့နော်။ ပြည်ပမှာတော့ အမေရိကန်နိုင်ငံမှာ ပထမဆုံး ရုံတင်ပြသတဲ့ မြန်မာဇာတ်ကား ဖြစ်ခဲ့သလို၊ L A Times လို ကမ္ဘာကျော်စာနယ်ဇင်းတွေမှာလည်း အရေးတယူနဲ့ Review တွေ၊ ဝေဖန်ရေးဆောင်းပါးတွေ ရေးသားဖော်ပြတာခံရတဲ့ ဇာတ် ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာတော့ ထိုက်သင့်သလောက် အောင်မြင်မှုမရခဲ့ပဲ၊ အကယ်ဒမီနဲ့ ပက်သက်လို့လည်း ကံခေခဲ့တယ်ပေါ့နော်။ ဒါဟာ ဇာတ်လမ်းအကြောင်းအရာကြောင့် ဖြစ်မယ်လို့ အစ်ကိုထင်သလား

မေထုန်ရာသီဖွားဇာတ်ကားဟာ ကျွန်တော့်ဘဝရဲ့ မှတ်တိုင်တစ်ခုပါပဲ။ New York နဲ့ L A မြို့တွေမှာ ကိုယ်သရုပ်ဆောင်တဲ့ ရုပ်ရှင်ကို ဒီကရုံတွေမှာတင်ပြီး ကြည့်ရလိမ့်မယ်လို့ စိတ်ကူးတောင် မယဉ်ဖူးဘူး။ အရင်ကလည်း ရုံတင်တာ မရှိခဲ့ဘူးလေ။ အဲဒီအတွက် ထုတ် လုပ်သူ ကိုငြိမ်းချမ်းကျော်နဲ့ မေထုန်အဖွဲ့သားအားလုံးကို ကျေးဇူးအထူးတင် ရှိပါတယ်။ မြန်မာပြည်မှာက ရိုက်ပြီးတစ်နှစ်အတွင်း ရုံတင်ခဲ့တာ။ တချို့ရုံတွေ ရုံရက် မရတာတွေ၊ သတ်မှတ်ဝင်ငွေထက် ကျော်ပေမယ့်လည်း နောက်ထပ်တန်းစီထားတဲ့ ကားတွေကြောင့် ရက်တိုးပြခွင့်မရတာတွေလည်း သတင်းကြားတယ်။ သေချာတော့ မသိပါဘူး။ ကိုယ်သရုပ်ဆောင်တဲ့ ကားကိုတော့ ပိုက်ဆံရစေချင်တာပေါ့။ နောက်ကြားတာက ယောကျာ်းလေးတွေ ဒီကားကြည့်ပြီး ပြန်ထွက်လာရင် အပြင်ကလူတွေက သူတို့ကို ဘယ်လိုမျက်စိနဲ့ ကြည့်ကြမလဲ။ ငါတို့ကို မေထုန်ရာသီဖွားထဲကလိုပဲ Gay လို့ ထင်ကြမလား၊ မေထုန်ကြည့်တဲ့သူတိုင်းက Gay တွေဆိုတဲ့ တယူသန် တစ်ဖက်စောင်းနင်း စကားတွေလည်း ကြားရပါတယ်။ ဒီဇာတ်ကားကြည့်လို့ အတုယူမှားမယ်လို့ ပြောနေကြသံတွေလည်း အခုထိ ကြားရတုန်းပါ။ တကယ်က မဆိုင်ပါဘူး။ ဒီဇာတ်ကားဟာ လောကကြီးမှာ အမှန်တကယ်ဖြစ်ရှိနေသော လိင်တူစိတ်ဝင်စားသူနှစ်ယောက်နဲ့ အိမ်က စီစဉ်မှုဖြင့်ယူခဲ့သော အိမ် ထောင်ရေး အဆင်မပြေမှုတွေကို ဖော်ပြတဲ့ဇာတ်ကားပါ။ USA လို နိုင်ငံမှာတောင်မှ လိင်တူချင်းလက်ထပ်ခွင့်ကို ဥပဒေအရ တရားဝင်လက်ခံထားတာတောင် Homophobic (လိင်တူချင်းချစ်တဲ့အပေါ် မုန်းတီးတဲ့သူ)တွေ အများကြီးရှိသေးတယ်ဆိုတော့ ဒီလိုသဘောထားတွေ မြန်မာနိုင်ငံမှာရှိတာ မဆန်းပါဘူး။ ကျွန်တော်ကတော့ LGBT တွေရဲ့ဘဝကို ပိုပြီးနားလည် ကိုယ်ချင်းစာတတ်လာစေဖို့ နောက်ထပ်အခွင့်အရေးရရင် ရသလိုတော့ ဆက်လက်ရိုက်ကူးနေဦးမှာ ပါပဲ။ အကယ်ဒမီပေးခြင်း၊ မပေးခြင်းကတော့ အကယ်ဒမီအဖွဲ့ရဲ့ အဆုံးအဖြတ်ပေါ်ပဲ မူတည်ပါတယ်။

 

အစ်ကို အခုလို လိင်တူချင်းချစ်သူအဖြစ် လူသိရှင်ကြား ထုတ်ပြောလိုက်တာကြောင့် အခြားထုတ်မပြောသေးတဲ့ လိင်တူချစ်သူ သရုပ် ဆောင်တွေ၊ ဆယ်လီတွေကရော အလားတူ လိုက်ပြီးလုပ်လာကြမယ်လို့ ထင်ပါသလား။

တခြား လိင်တူချစ်တဲ့သရုပ်ဆောင်တွေ ထုတ်ပြောတာ မပြောတာကတော့ သူတို့အပိုင်းပါ။ ကျွန်တော်ကတော့ အနုပညာညီအစ် ကိုမောင်နှမများအားလုံး ဘယ်လိုမျိုးပဲ ဖြစ်နေဖြစ်နေ အားပေးပါတယ်။ ကျွန်တော် ဝန်ခံထွက်ဆိုမှုအပေါ် ဥက္ကာမင်းမောင်ကို ဘယ်လိုမြင်လဲဆိုပြီး မေးကြတဲ့ အင်တာဗျူးများစွာကိုလည်း တွေ့ပါတယ်။ အပြုသဘောဆောင်သော အားပေးရပ်တည်မှုများ တွေ့ရတဲ့အတွက်လည်း တကယ်ပီတိ ဖြစ်ရပါတယ်။ တကယ်တော့ အနုပညာရှင်ဆိုတာ လူ့အသိုင်းအဝိုင်းထဲမှာ လူတန်းစားပေါင်းစုံနဲ့ ပြေလည်အောင်ဆက်ဆံ အလုပ်လုပ်ရသူတွေပါ။ ထိုအလုပ်တွဲလုပ်တဲ့သူတွေ ပတ်ဝန်းကျင်နဲ့ ပရိသတ်တွေထဲမှာ LGBT တွေ အများကြီး ပါဝင်ပါတယ်။ ကျွန်တော့် ထမင်းရှင်ပရိသတ်တွေ အမာခံတွေထဲမှာလည်း LGBT တွေ အများကြီးပါ။ အနုပညာရှင်တိုင်းသည် လူတန်းစားမခွဲခြားတတ်သူတွေလို့ ကျွန်တော် သေချာပေါက် ပြောရဲပါတယ်။ အနုပညာရှင်ထဲမှာ LGBT ဖြစ်နေရင်လည်း အချင်းချင်းတော့ သိကြပေမယ့် သူ ထုတ်ပြောခြင်း မပြောခြင်းကတော့ အဲဒီလူရဲ့ ဆုံးဖြတ်ချက်သာလျှင် ဖြစ်ပါတယ်။

 

မြန်မာရုပ်ရှင်လောကမှာ လိင်တူချင်းချစ်သူဖြစ်သလို၊ အရမ်းအောင်မြင်ပြီး၊ ထူးချွန်လို့ အကယ်ဒမီဆုတွေ၊ အကြိမ်ကြိမ်ရခဲ့တဲ့ ပုဂ္ဂိုဟ်တွေ ရှိပါတယ်။ ဒါပေမဲ့ ဘယ်သူမှ လိင်တူချစ်သူဖြစ်ကြောင်း တရားဝင် ထုတ်မပြောခဲ့ကြဘူး။ အစ်ကိုကတော့ တရားဝင် ထုတ်ပြောလိုက်သလို၊ ချစ်သူရှိတာကိုလည်း လူသိရှင်ကြား ချပြလိုက်တယ်။ ဒီလို လုပ်လိုက်တဲ့အတွက် အကယ်ဒမီဆုလိုမျိုး နိုင်ငံအဆင့်ပေးတဲ့ ဂုဏ်ပြုဆုတွေ ရနိုင်သေးတယ်လို့ ထင်ပါသလား။

တခြား ဘယ်သူဘယ်ဝါ လိင်တူဖြစ်ပေမယ့် ထုတ်ပြောခဲ့ခြင်း မရှိတာ၊ အကယ်ဒမီ ရခြင်း မရခြင်းတွေ အားလုံးသည်လည်း အဲဒီလူရဲ့ ကံပါပဲ။ ကျွန်တော်ကတော့ အကယ်ဒမီနဲ့ အများကြီး လိုပါသေးတယ်။ ပေါ်တင်ဖွင့်ပြောလိုက်လို့ Gay မို့လို့ အကယ်ဒမီ မပေးဘူးဆိုလည်း ကျွန်တော့်ကံပေါ့။ အကယ်ဒမီရလောက်အောင် လုပ်ကွက်ရတဲ့ကားမျိုးလည်း မရိုက်ရသေးပါဘူး။ သရုပ်ဆောင်ဆိုတာကတော့ မှတ်တိုင်တစ်ခုအနေနဲ့ ယူချင်ကြတာပဲလေ။ ကိုယ်လည်း အိပ်မက်ဆိုတာတော့ ရှိတာပေါ့။ စိတ်ကူးကတော့ ယဉ်တာပေါ့။ လက်တွေ့က ဝေးပါသေးတယ်။

 

အခု အချိန်မှာ အစ်ကိုဟာ လုံခြုံပြီး LGBT တွေကို လက်ခံတဲ့နိုင်ငံနဲ့ ပတ်ဝန်းကျင်မှာ ရှိနေပါတယ်။ နောက်ပြီး အစ်ကို့ကို အဖက်ဖက်က အားပေးကူညီမယ့် ဘဝလက်တွဲဖော် ချစ်သူကလည်း အနားမှာ ရှိနေတယ်ပေါ့နော်။ ဒီလိုမဟုတ်ဘဲ အစ်ကိုက မြန်မာနိုင်ငံမှာပဲ ရှိနေတယ် ဆိုရင်ကော။ ဒါမှမဟုတ် ချစ်သူမရှိသေးဘဲ တစ်ယောက်တည်း ဘဝမှာပဲ ရှိနေသေးတယ်ဆိုရင်ကော အခုလို ထုတ်ပြောဖြစ်ပါ့မလား။

ချစ်သူမရှိသေးဘဲ မြန်မာနိုင်ငံမှာဆိုရင်တော့ ဒီပုံတွေလည်း ပျံ့လာစရာ အကြောင်းမရှိဘူးလေ။ အရာရာတိုင်းဟာ ဖြစ်ချိန်တန်လာလို့ ဖြစ်တယ်။ ပျက်ချိန်တန်လို့ ပျက်တယ်ပဲ အောက်မေ့ပါတယ်။ အရေးကြီးတာက ကိုယ်ရှေ့ဆက်ရမယ့် ဘဝခရီးကို ဘယ်လို အကောင်းဆုံး နေသွားမယ်ဆိုတာပါပဲ။ ကြိုးစားသူတိုင်းအတွက် အောင်မြင်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်သလို လက်ရှိဘဝကို အရှိ အတိုင်းလက်ခံပြီး လူတွေအပေါ် အကျိုးပြုသော သူတစ်ယောက်ဖြစ်ဖို့ပဲ အရေးကြီးပါတယ်။ Everyone deserve to have a beautiful life. နောက် LGBT တစ်ယောက်ဖြစ်ခြင်းဟာ အမှားမဟုတ်ပါဘူး။ ရှက်စရာလည်း မဟုတ်ပါဘူး။ အားလုံးက လူသားထဲက လူသားတွေပါပဲ။ သူတို့သည်လည်း ချစ်တတ်တယ်။ ကိုယ်ချင်းစာတရား ရှိတယ်။ အကောင်းမြင်စိတ် ရှိတယ်။ ကူညီချင်တဲ့စိတ် ရှိတယ်။ ကြိုးစားချင်တဲ့စိတ် ရှိတယ်။ လူသားတိုင်းတူညီတဲ့ တန်ဖိုးရှိတယ်ဆိုတာ နားလည်လက်ခံတဲ့ သူတစ်ယောက်ဖြစ်နေဖို့၊ နောက်ထပ်မျိုးဆက်သစ်တွေကိုလည်း အဆင့်အတန်း၊ လှောင်ပြောင်ခြင်း လျော့ကျအောင် ဆောင်ရွက်ပေးနိုင်ဖို့က Meaningful life လို့ ကျွန်တော် ယူဆပါတယ်။

 

ကျွန်တော်တို့ မြန်မာနိုင်ငံက LGBT တွေရဲ့ တန်းတူအခွင့်အရေး ရတဲ့အခြေအနေကိုရော အစ်ကို ဘယ်လိုမြင်ပါသလဲ။ မြန်မာနိုင်ငံမှာ LGBT အဖြစ် မွေးဖွားလာတာ ကံကောင်းတယ်လို့ ထင်ပါသလား။

နိုင်ငံတိုင်းမှာတော့ LGBT အပေါ် ထားရှိတဲ့ Law တွေ Rule တွေ မတူကြပါဘူး။ မြန်မာနိုင်ငံအနေနဲ့လည်း နိုင်ငံနဲ့ချီပြီး မပြောချင်ပါဘူး။ တကယ်လို့များ ကျွန်တော် ဘယ်နိုင်ငံမှာ မွေးခဲ့မွေးခဲ့၊ ဘယ်လိုနိုင်ငံသား ဖြစ်နေပါစေ၊ ကိုယ့်ကို အမှန်ကို အမှန်အတိုင်း လက်ခံချစ်မြတ်နိုးပေးတဲ့ မိသားစု၊ အမြဲရပ်တည်အားပေးတဲ့ သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းတွေကြားမှာ ပေါက်ဖွားရှင်သန်ခွင့်ရခြင်းဟာ ကံ ကောင်းတယ်လို့ ယူဆပါတယ်။ အနုပညာရှင်ဖြစ်နေတော့ သူများနဲ့မတူဘဲ အဆဲအဆိုတော့ ပိုခံရတာပေါ့လေ။ ဒါပေမဲ့ ကိုယ့်ကို Gay မှန်းသိပေမယ့် we stand with you. Okka ဆိုပြီး ရပ်တည်ပေးတဲ့ ပရိသတ်တွေအများကြီး တွေ့လိုက်တာဟာလည်း ငါ့ကို ချစ်ကြပါလားဆိုတဲ့စိတ်နဲ့ ကြည်နူးမိပါတယ်။ အားလည်း ရှိပါတယ်။ အဲဒါကို ကံကောင်းတယ်လို့လည်း ခံစားရတယ်။

 

အမေရိကန်နိုင်ငံမှာ ရုပ်ရှင်တွေရိုက်တဲ့ နေရာမှာကော၊ ဘယ်လို အတွေ့အကြုံတွေ ရှိခဲ့လဲ။ အာရှတိုက်သားတစ်ယောက်အနေနဲ့ကော၊ လိင်တူချင်းချစ်သူတစ်ဦးအနေနဲ့ပါ ဘယ်လိုအခက်အခဲတွေ ရှိသလဲ။

ဒီနိုင်ငံမှာ ရုပ်ရှင်က အဲ့လိုမျိုးကြီး မရိုက်ရသေးတော့ မပြောတတ်ဘူး။ အမေရိကန်မှာတော့ ဒီလိုခွဲခြားဆက်ဆံတာမျိုး မရှိပါဘူး။ ကျွန်တော်ရိုက်ခဲ့တဲ့ Short Film တုန်းကလည်း ခွဲခြားဆက်ဆံတာ မရှိပါဘူး။ ဒီနိုင်ငံမှာက ထွေထွေထူးထူးတော့ မရှိပါဘူး။

 

ရှေ့လျှောက်ကော ဘယ်လို အနုပညာလုပ်ငန်းတွေ ဆက်လုပ်ဖို့ ရှိသေးလဲ။ မြန်မာပြည်ပြန်ပြီး မြန်မာရုပ်ရှင်ကားတွေကော ရိုက်ဖြစ်ဦး မလား။

ရှေ့ဆက်လုပ်မယ့် အနုပညာအလုပ်ကတော့ အခု လောလောဆယ် ကမ်းလှမ်းထားတာတွေလည်း ရှိတယ်။ ရုပ်ရှင်တွေကတော့ ဆက်တိုက်ဖြစ်ပါ့မယ်။ နဂိုကတည်းကလည်း ရုပ်ရှင်တခုတည်းကို ဇောက်ချလုပ်နေတာ မဟုတ်တော့ ပြတ်လိုက်၊ ရိုက်လိုက် ဖြစ်နေတာပေါ့။ ဒီနှစ်ကုန်လောက်တော့ ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်တွေ ရိုက်ဖို့ ရှိပါတယ်။

 

အခုလို အချိန်ယူပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

အခုလို ကျွန်တော့ကို တကူးတက မေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ Colors Rainbow Magazine နဲ့ အဖွဲ့သားတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ် ခင်ဗျား။

                                                                                                                                                      နေရောင်လင်းခန့်
                                                                                                                                                        တင်ဆက်သည်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.