ကျန်းမာရေးယိုယွင်းစေသော အလေ့အကျင့်ဆိုး(၈)ခု
ကျွန်တော်တို့တွေ ဘာရယ်မဟုတ် မသိမသာလုပ်မိနေသော အလေ့အထ၊ အလေ့အကျင့် သို့မဟုတ် ဝသီအချို့ဟာ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတဲ့ အရာတွေထက် ဒုက္ခပိုပေးနိုင်တယ်ဆိုတာ မလေ့ကျက်မိကြသလို ကိုယ်စားသောက်မယ့် အစားအသောက်တွေမှာ ဘယ်အရာက ဘာအစိတ်အပိုင်းအတွက် ကောင်းတယ်၊ ဘယ်ဖျော်ရည်၊ ဘယ်လိုဟင်းလျာက ကျန်းမာရေး အထောက်အကူပြုတယ်ဆိုတာမျိုး စေ့ငုစပ်စုဖို့ မစဉ်းစားမိကြပါဘူး။ကျွန်တော်တို့ ဈေးထဲသွားတယ် မျက်စိထဲမြင်မိတာ၊ အာရုံကျက်မိတာကို တွဲစပ်ချက် ပြုတ်လိုက်တယ် ဒါပဲမဟုတ်လား။ ကျွန်တော်တို့ ပြုလုပ်နေထိုင်ဖြစ်နေတဲ့ အမူအကျင့်၊ လုပ်ဆောင်ဖြစ်နေတဲ့ အလေ့အထတွေဟာ ကျန်းမာရေးကို အန္တရာယ်ရှိစေသော အမှားအယွင်းတွေများလားဆိုတာ သိချင်ရင် အခုရေးသားဖော်ပြမည့် အကျင့်ဝသီတွေကို ဖတ်ရှုတွေးဆယှဉ်ထိုးကြည့်ပါ။
(၁) ကိုယ့်အချိန်အတော်များများကို တီဗီရှေ့မှာ ကုန်ဆုံးမိနေသလား
(Spending most of your time in front of the TV )
ကျွန်တော်တို့တွေဟာ ဆိုဖာလေးပေါ်ထိုင် တီဗွီကြည့်ရင်း နာရီတွေ အချိန်တွေ သုံးဖြုန်းရတာ သဘောကျကြပါတယ်။ သက်သောင့်သက်သာရှိတဲ့ စိတ်ခံစားမှုအတွက် ကိုယ့်ကိုယ်ကိုယ် အလိုလိုက်အကြိုက်ဆောင်မှုတစ်ခု ပြုလုပ်မိနေတယ်လို့ စာဖတ်သူ တွေးသင့်တယ်လို့ မယူဆဘူးလားဗျ။အဲ့သလို အမြဲတစေတစ်နေရာတည်းထိုင်ပြီး ကိုယ်လက်လှုပ်ရှားမှုနည်းစေ၊ ပြင်ပအခြားပတ်ဝန်းကျင်ကို အရွေ့နည်းစေတဲ့ အမူအကျင့်ကြောင့် အမျိုးမျိုးသော ကျန်းမာရေးပြဿနာဖြစ်ရပ်များဆီရောက်ဖို့ ဦးတည်သွားနိုင်ပါတယ်။
(၂) အအိပ်အနေနည်းခြင်း
(Barely Sleeping )
ကျွန်တော်တို့ အများစုက မိမိသွားလာလှုပ်ရှားလုပ်ကိုင်တဲ့ ပမာဏနဲ့ အနားယူအိပ်စက်သော အချိန်ကာလ မကိုက်ညီမလုံလောက်ကြတာ များပါတယ်။ဘာကြောင့်လဲဆိုတော့ အလုပ်လုပ်ချိန်မှာ အလုပ်လုပ်မယ်၊ အလုပ်ချိန်ပြင်ပမှာ ကိုယ်လုပ်ချင်တာလုပ်မယ်၊ လုပ်နိုင်သူလို့ တွေးထင်ကြတာကိုး။ ညဘက်အိပ်ချင်တဲ့အချိန်မှ အိပ်မယ့်သူများ နံနက်ခင်းအိပ်ရာကအထ နာရီအနည်းငယ်အတွင်း ဘယ်လိုခံစားရလဲ ပျော်ရွှင်တက်ကြွမှု စိတ်အခြေအနေရှိလား အရင်တွေးဆကြည့်ပါ။ အလုပ်လုပ်မယ် အိပ်ချင်မှအိပ်မယ် နောက်တစ်နေ့ အလုပ်သွားမယ်ဆိုတဲ့ကိစ္စဟာ အချိန်ကာလကြာရှည် မမြဲဘူးဆိုတာ စာဖတ်သူ တွေ့ပါလိမ့်မယ်။ဒါက စာဖတ်သူဟာ ကိုယ့်ကိုယ်ကို အားအင်ပြည့်အောင် ဖြည့်ဆည်းဖို့ လိုအပ်နေတယ်လို့ ပြဆိုပါတယ်။
(၃) အသုံးအစွဲလက်လွန်ခြင်း
(Overspending )
စိတ်လွတ်ကိုယ်လွတ် ဈေးဝယ်ထွက်ပြီး ပိုက်ဆံအတော်များများ သုံးစွဲမိတဲ့အတွေ့အကြုံ စာဖတ်သူမှာရှိမယ်ဆိုတာ အသေအချာ ပြောနိုင်ပါတယ်။ကိုယ့်ကိုယ်ကိုတော့ လိုအပ်လို့ဝယ်တာပဲ အဆင်ပြေတယ်လို့ ပြောတယ်မဟုတ်လား။ ဘယ်လိုပဲဖြစ်ဖြစ် ဝင်ငွေ၊ ထွက်ငွေ ၊ စုဆောင်းငွေ၊ ပေးရန်ရှိ၊ ရရန်ရှိတွေ တွက်ချက်ရချိန်မှာ ပိုက်ဆံတွေ အလွန်အကျွံသုံးစွဲမိတဲ့အတွက်ကြောင့် စိတ်ဖိအားတွေရမှာတော့ အသေအချာပါ။ အဲ့ဒီစိတ်ကြောင့် နဂိုမူလ မရှိသေးသော ကျန်းမာရေးဆိုင်ရာ ရောဂါသစ်တိုးပွားစေရေး ဖြစ်လာပါရော။
(၄) နေလောင်ကာ လိမ်းဆေးသုံးဖို့မေ့ခြင်း
(Forgetting Sunscreen )
နေရောင်ခြည်မှ UV A တွေ UV B တွေ တရားလွန်မရဖို့ အကာအကွယ်မပါဘဲ အိမ်အပြင်ကို ခြေလှမ်းအစပြုခြင်းသည် နေရောင် ခြည်ကြောင့် အရေပြားပျက်စီးကြောင်းကို ထင်သာမြင်သာ ရှိစေပါတယ်။ဘာကြောင့်လဲဆိုတော့ အရေပြားဆဲလ်တွေ ပျက်ယွင်းလာလေ အသက်အရွယ်ကြီးရင့်မှုနှုန်း မြင့်လေဆိုတာ နေရောင်ခြည်ထဲက ရောင်ခြည်များကြောင့်လို့ ဆိုလိုချင်တာပါ။
(၅) သရေစာ ကြိုက်နှစ်သက်လွန်းခြင်း
(Love Affair with Junk Food )
ကျွန်တော်တို့အားလုံးလိုလို အလေ့အကျင့်နဲ့ ပတ်သက်ပြီး စိတ်ထဲမသိုးမသန့် အပြစ်ရှိကြသလိုပဲဗျာ။ သည်အစားအစာက အဆီများတယ်၊ အငန်ကဲတယ်၊ အချိုပိုလွန်းတယ်လို့ အတွန့်တက် မပြောနိုင်ကြသလို အဲသည်ကနေ ကျန်းမာရေးအတွက် ဘာဆိုးကျိုးတွေ ကပ်ပါလာသလဲဆိုတာ သတိမပြုမိကြပါဘူး။စာဖတ်သူတို့အနေနဲ့ အလေ့အကျင့်ကို အပြောင်းအလဲဖြစ်ချင်ရင် ရလွယ်ပေါများသယောင် ထင်ရသော အရံသင့်စား မုန့်ပဲသွားရေစာတွေအစား အိမ်လုပ်မုန့်လေးတွေ၊ အသီးအနှံနှင့် အရွက်သုပ်လေးတွေလိုမျိုး ရွေးချယ်စရာဖြစ်အောင် ပြုလုပ်ပြင်ဆင်စားသောက် သင့်ပါတယ်။
(၆) ရေဓာတ်ဖြည့်ပေးဖို့ မေ့လျော့ခြင်း
(Forgetting to Hydrate )
ရေကို လုံလောက်စွာမသောက်ခြင်းကြောင့် ရေဓာတ်ကုန်ခမ်းခြင်း၊ အာရုံစူးစိုက်မှုလျော့ပါးခြင်း၊ အစာမကြေဖြစ်ခြင်းနှင့် မကြာ ခဏ ခေါင်းကိုက်ခြင်းတို့လို ကျန်းမာရေးပြဿနာများ အများအပြား ပေါ်ပေါက်လာနိုင်ပါတယ်။နေ့တစ်နေ့ကို အနည်းဆုံးတော့ ရေ(၆)ခွက်ကနေ (၈)ခွက်သောက်သင့်ပြီး ဖြစ်နိုင်ရင် သည့်ထက်ပိုသောက်လို့ ရပါတယ်ခင်ဗျ။ ဥပမာ- နံနက်အိပ်ရာထ ရေ(၂)ခွက်၊ အစာမစားခင် နာရီဝက်ကြိုပြီး ရေ (၁)ခွက်၊ ရေမချိုးခင် ရေ(၁)ခွက်၊ ညအိပ်ကာနီး ရေ (၁)ခွက်။
(၇) နံနက်စာ မစားခြင်း
(Not having Breakfast)
အလုပ်ကို စောစောစီးစီး သွားရမှာ၊ သွားရေးလာရေး အခက်အခဲတွေ့မှာ စသည့်ကြောင့်ကြမှုတို့ကြောင့် နံနက်စာ အဆာပြေတစ်ခုခုကိုတောင် မစားလိုက်တဲ့ အလေ့အထကို ချိုးဖျက်ဖို့လိုပါတယ်။ သည်အလေ့အကျင့်ဟာ နောက်ထပ်စားမည့် အစားအစာ မစားသောက်ခင် ရလွယ်စားလွယ်သော ကျန်းမာရေးနဲ့မညီသည့် သွားရေစာတွေ စားလွယ်ဖို့ ဖန်တီးပါတယ်။ဒါကြောင့် ခပ်စောစောလေး အိပ် ရာထ သို့မဟုတ် ညမအိပ်ခင်လေးမှာ နံနက်စာအတွက် ပြင်ဆင်ထားရပါမယ်။
(၈) တချိန်လုံး ကြောင့်ကြစိတ်ဝင်နေခြင်း
(Staying Stressed all the time )
စိုးရိမ်ကြောင့်ကြစိတ် stress က သိသိသာသာကော မသိမသာကော ကျွန်တော်တို့ကို အကျိုးသက်ရောက်မှု ရှိပါတယ်။သည်စိတ်ရဲ့ အကျိုးသက်ရောက်မှုများကို ခံစားမိ သတိပြုမိတယ်ဆိုပါက ဘယ်လိုရှင်းထုတ်ပစ်ရမလဲဆိုတာ ကျွန်တော်တို့ နည်းလမ်းရှာသင့်တာပေါ့လေ မဟုတ်ဘူးလား။
Alex Aung
Ref : 8 Bad Habits that Damage Your Health by Wellnessbin