ကျောင်းတုန်းက မရလိုက်တဲ့ လိင်ပညာပေး

မြန်မာနိုင်ငံရှိ ကျွန်တော်တို့တတွေဟာ လိင်မှုကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ဆိုတာ အလွန် ရှက်တတ်ကြတာ အားလုံးအသိပါပဲ။ ဒီလိုကိစ္စတွေကို မိဘတွေနဲ့ မိသားစုအတွင်းမှာဆို ယောင်လို့တောင် ပြောမထွက်ဘူးဆိုတာလည်း ဟုတ်။ ကျောင်းမှာလည်း လိင်ပညာပေးဆိုတာ လုပ်သင့်မလုပ်သင့် ငြင်းခုန်နေကြတုန်းပါပဲ။ ဒါကတော့ အခုမှ ပွင့်လင်းလာတဲ့ အဖွဲ့အစည်းတစ်ခုအတွက် မဆန်းပါဘူး။ ဖွံဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာလည်း ၁၉ ရာစုနှစ်တုန်းက လိင်ပညာပေးကို ကျောင်းမှာ စပြုလုပ်တော့ အားလုံး အလန့်လန့် အဖျပ်ဖျပ်တွေ ဖြစ်ကုန်ကျတာပါပဲ။ ထားပါတော့။ ဒါပေမဲ့ ကျွန်တော်တို့ ကျောင်းမှာ လိင်ပညာပေးလုပ်မယ်ဆိုရင်တောင် လိင်တူလိင်ပညာပေး လုပ်ဖို့ဆိုတာ ဝေးလာဝေးသေး။

အဲ့တော့ ကျွန်တော်တို့ရဲ့ လိင်ကိစ္စနဲ့ပက်သက်တဲ့ ဗဟုသုတတွေဟာ ဘယ်က လာသလဲ။ ကိုယ် လက်လှမ်းမှီရာ အသက်ကြီး၊ အတွေ့အကြုံရှိတဲ့ လူတွေက သို့မဟုတ် သူငယ်ချင်းတွေဆီက တဆင့်စကား တဆင့်နားကြားပြီး မှန်တဝက် မှားတဝက် သိလာကြတာပေါ့။ ပြီးတော့ အရွယ်လေး နည်းနည်းရလာတော့ ဟိုက ဒီက တိုးတိုးတိတ်တိတ် ခိုးကြည့်လာတဲ့ လိင်ရုပ်ရှင်တွေက ရတာပေါ့။

အဲ့တော့ ကိုယ်ကိုယ်တိုင် အတွေ့အကြုံမရသေးသူအနေနှင့် ကိုယ့်ဆီမှာ အယူမှားတွေ ရထားခဲ့မယ်ဆိုရင်  အကယ်လို့ အဲ့ဒီအယူမှားတွေက ဆိုးဆိုးရွားရွားတွေ ဖြစ်နေပါက ကိုယ့်အနေနှင့် ဆင်ဆင်ခြင်ခြင် မနေထိုင်တတ်ရင် ကျန်းမာရေးကို ထိခိုက်စေတဲ့ အပြုအမူမျိုးကို ပြုလုပ်မိမှာ စိုးရိမ်ရပါတယ်။ ဗဟုသုတနည်းပါးခြင်းဟာ အန္တရာယ်များပါတယ်။

ဒါ့ကြောင့် လိင်ပညာပေး မရခဲ့ကြတဲ့ ကျွန်တော်တို့ လိင်တူဆက်ဆံသူ ယောက်ျားများအတွက် လိင်မှုဘဝအခြေခံကို တင်ပြပေးလိုက်ပါတယ်။

ယောက်ျားချင်း လိင်တူဆက်ဆံရာမှာ ပုံစံအမျိုးမျိုး ရှိနိုင်သလို နှစ်ဦးနှစ်ဖက် နှစ်သက်ရာ အပြုအမူအတွေနဲ့ အားရကျေနပ်အောင် နှစ်ဦးအတူ သုခရှာဖွေရာမှာ နှစ်ကိုယ်တူစိတ်ကြိုက် ညှိနှိုင်းကာ ပြုလုပ်နိုင်ပါတယ်။ အရိုးရှင်းဆုံး ကြင်နာစွာ တစ်ဦးကိုတစ်ဦး ပွေ့ဖက်ခြင်း၊ ပါးစပ်ချင်း နမ်းခြင်းတို့မှအစ၊ လိင်အင်္ဂါချင်း ပိတ်တိုက်ခြင်း၊ တစ်ယောင်နှင့်တစ်ယောက် လက်ဖြင့် ဆန္ဒပြီးစေခြင်း၊ ပါးစပ်နှင့် လိင်အင်္ဂါကို နိုးဆွခြင်း နဲ့ စအိုအတွင်းကို အင်္ဂါထိုးသွင်းခြင်းအဆုံး အစရှိတဲ့ အပြုအမူတွေကို ပြုလုပ်ကြပါတယ်။ ကိုယ်စိတ်ကူးရှိသမျှရတာမို့ ဘာမဆို ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် လိင်ဆက်ဆံမှုတိုင်းကို အောက်က အခြေခံသဘောတရား အချက်သုံးချက်ကို အခြေခံပြီး သွားလာပါက နှစ်လိုဖွယ်ရာ အတွေ့အကြုံကို နှစ်ဦးစလုံး ရရှိမှာ ဖြစ်ပါတယ်။

ဆက်ဆံနေတုန်း တစ်ခါတစ်ရံ မျက်နှာပူစရာတွေ ထွက်လာတာဟာ သဘာဝပဲမို့ လက်ခံပေးရမယ်။ အမြဲတမ်း အကောင်းဆုံးဖြစ်နေမှာ မဟုတ်သလို တခါတရံ ရှောင်လွဲလို့မရတာမို့ ဒါဟာ ပုံမှန်ပါပဲ

 

တကိုယ်ရေသန့်ရှင်းမှု – လိင်ဆက်ဆံတယ်ဆိုတာ ခန္ဓာကိုယ်နှစ်ခု နီးကပ်စွာ သွားလာနေတာမို့ ကိုယ်ခန္ဓာသန့်ရှင်းမှု ပြုလုပ်ခြင်းဖြင့် တစ်ဦးကိုတစ်ဦး ပိုးမွှားများ မကူးအောင် ကာကွယ်နိုင်ပါတယ်။ ယောက်ျားချင်းချစ်သူ အများစုက စအိုကို အသုံးပြုပြီး ဆက်ဆံတဲ့ လိင်ဆက်ဆံမှုမျိုးကို ပြုလုပ်လေ့ရှိကြတဲ့အတွက် လိင်အင်္ဂါပိုင်း နေရာတွေကို သန့်ရှင်းအောင်ပြုလုပ်ဖို့ အရေးကြီးပါတယ်။ ရေချိုးတိုင်း ကိုယ့်ရဲ့  လိင်အင်္ဂါပိုင်းတွေကို အထူးဂရုစိုက်ပြီး ဆပ်ပြာကောင်းကောင်းနှင့် ပွတ်တိုက်ဆေးကြောတာ၊ အထူးသဖြင့် ငယ်ပါရဲ့ အရေပြားကို ဖွင့်ပြီး ထိပ်ခေါင်းကို ပြောင်အောင် ဆေးကြောပေးတာ၊ တင်ပါးအတွင်းပိုင်း သေချာဆေးကြောမှုတွေ ပြုလုပ်ပေးပါ။

အထူးသဖြင့် ထိုးသွင်းမှုကို လက်ခံတဲ့ ဆက်ဆံဖော်အနေနဲ့ ကိုယ့်လှိုင်ခေါင်းကိုလည်း ရှင်းလင်ထားမှ နှစ်ဖက်စလုံး မျက်နှာပူစရာ ကိစ္စတွေ ရှောင်လွဲနိုင်မှာပါ။ လက်ခံတဲ့သူအနေနှင့် ကျန်းမာတဲ့အစားအစာ၊ အမျှင်၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို စားသုံးပြီး ကိုယ့်ရဲ့ အူလမ်းကြောင်းကို ကျန်းမာအောင် ထားပါက ပျော်ရွင်ဖွယ်ရာ အတွေ့အကြုံမျိုးကို ရရှိမှာပါ။ ဝမ်းမမှန် ဝမ်းမကောင်းတဲ့ နေ့တွေဆိုရင် ဆက်ဆံတာကို ရှောင်သင့်ပါတယ်။ အကယ်၍ သင့်အနေနှင့် ဝမ်းချူမယ်ဆိုပါက သဘာဝနည်းမဟုတ်ဘဲ လှိုင်ခေါင်းထဲကို ဆပ်ပြာတွေ၊ အခြားဓာတုပစ္စည်းတွေနှင့် အပူချိန် မမှန်ကန်တဲ့ ရေကိုထည့်ပြီး ဆေးတာတွေ ရှောင်ပါ။ ရေထည့်ပြီး ဆေးမယ်ဆိုပါက ရေအပူချိန်က မျှတရပါမယ်။ ရေထည့်ဆေးခြင်းဟာ တစ်ခါတစ်ရံ လှိုင်ခေါင်းကို ယားယံစေပြီး ရောဂါပိုးဝင်လာရန် လွယ်အောင် ပြုလုပ်နိုင်လို့ မလိုအပ်ရင် ရှောင်သင့်ပါတယ်။ ကျန်းမာတဲ့အစားအစာနှင့် နေထိုင်ပုံကိုသုံးပြီး သဘာဝအတိုင်း ပုံမှန်အိမ်သာတက်တဲ့နည်းက အကောင်းဆုံးပါ။ နောက်ဆုံးအနေနှင့် လုံးဝပြီးပြည့်စုံဖို့ကို မမျှော်လင့်ပါနဲ့။ ဆက်ဆံနေတုန်း တစ်ခါတစ်ရံ မျက်နှာပူစရာတွေ ထွက်လာတာဟာ သဘာဝပဲမို့ လက်ခံပေးရမယ်။ အမြဲတမ်း အကောင်းဆုံးဖြစ်နေမှာ မဟုတ်သလို တခါတရံ ရှောင်လွဲလို့မရတာမို့ ဒါဟာ ပုံမှန်ပါပဲ။

သက်တောင့် သက်သာရှိမှု – နှစ်ကိုယ်တူ လိင်ဆက်ဆံတယ်ဆိုတာ နှစ်လိုဖွယ်ခံစားမှုကိုသာ ပေးသင့်ပါတယ်။ နာကျင်မှုဆိုတာ မဖြစ်သင့်ပါဘူး။ စအိုက အကျင့်မရသေးခင် ငြင်းပယ်ပြီး တင်းကြပ်လို့ နာကျင်တာမျိုး အစပိုင်းမှာ ရှိနိုင်ပေမဲ့ စိတ်ရှည်သည်းခံပြီး အကျင့်ရတဲ့အထိ စောင့်မယ်ဆိုရင် တဖြည်းဖြည်း တင်းကြပ်တာတွေ လျော့ကျပြီး ကောင်းမွန်တဲ့ အတွေ့အကြုံရမှာပါ။ နာကျင်နေတုန်း အတင်းအကြပ် မလုပ်သင့်ပါဘူး။ ဒါကြောင့် ဆက်ဆံဖော်တစ်ဦးနဲ့ တစ်ဦး လေးစားရပါမယ်။ သင့်တင်ပါးနှင့် ပက်သက်ပြီး သိထားရမည့် အချက်များကိုလည်း လေ့လာထားပါ။ နောက်တစ်ခုက ချောဆီ လုံလုံလောက်လောက် သုံးပါ။ ချောဆီက လိင်ဆက်ဆံမှုကို ချောမွေ့စေပြီး စအိုအတွင်းသားကို ပေါက်ပြဲမှုမှ ကာကွယ်ပေးနိုင်ပါတယ်။

နှစ်ဦးနှစ်ဖက် သဘောတူညီမှု – လိင်ဆက်ဆံတယ်ဆိုတာ နှစ်ကိုယ်တူစိတ်ပါမှ ဖြစ်မြောက်ပါတယ်။ တစ်ဖက်က မပြုလိုတဲ့ ကိစ္စကို အတင်းအဓမ္မ မပြုဖို့ဆိုတာ အလွန်အရေးကြီးပါတယ်။ အကယ်၍ ဆက်ဆံနေချိန်အတွင်း ဆက်မလုပ်လိုတော့ပါဟု တစ်ဦးက ပြောခဲ့လျှင် နောက်တစ်ဦးကလည်း သူ့ဆန္ဒကို လေးစားပေးဖို့ လိုပါမယ်။ ကိုယ်မလုပ်ချင်တဲ့အရာကို ဘယ်လိုနည်းနဲ့မှ ဖြစ်အောင် ဖိအားပေးခြင်းမျိုး မပြုဖို့လိုသလို ကိုယ်ကိုယ်တိုင်ကလည်း အားမနာပဲ (သို့) မကြောက်ရွံပဲ မလုပ်ဖူးလို့ ပြောပိုင်ခွင့်ရှိပါတယ်။ နောက်ပြီး ကိုယ်လိုချင်တာကို ပြောဖို့ မရှက်ပါနဲ့။ နားလည်မှု ကောင်းကောင်းရနိုင်မှ ပိုမို အဆင်ပြေတဲ့ ဆက်ဆံရေးမျိုးကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်မလိုချင်တာကိုလည်း ငြင်းဆိုဖို့ ဝန်မလေးပါနဲ့။ သင့်၏ သဘောတူညီမှု မပါဘဲ သူဘာမှ လုပ်ခွင့်မရှိပါဘူး။

လက်တွေ့ဘဝမှာ လိင်ဆက်ဆံခြင်းဟာ လိင်ရုပ်ရှင်ထဲကနှင့် ဘာမှမဆိုင်ပါဘူး။ သူတို့က သရုပ်ဆောင်နေတာဖြစ်ပြီး လေ့ကျင့်ထားတာပါ။ ဒါကြောင့် gay အပြာကားတွေ အကြည့်များပြီး သူတို့လို လုပ်တဲ့အတိုင်း အပြင်မှာ လိုက်ဖြစ်ရမယ်လို့ မဆိုလိုပါဘူး

လိင်ဆက်ဆံရာမှ ကူးစက်နိုင်တဲ့ ရောဂါများအကြောင်းကိုလည်း ဤနေရာမှာ အကျယ်တဝင့်လေ့လာပြီး သိရှိထားပါ။

နောက်ဆုံးအနေနှင့် မှာချင်တာက ကျွန်တော်တို့ သိထားပြီးတာတွေနှင့် လက်တွေ့မှာကွာနေမယ် အယူမှားတွေ အချို့ရှိပါတယ်။ 

(၁) လက်တွေ့ဘဝမှာ လိင်ဆက်ဆံခြင်းဟာ လိင်ရုပ်ရှင်ထဲကနှင့် ဘာမှမဆိုင်ပါဘူး။ သူတို့က သရုပ်ဆောင်နေတာဖြစ်ပြီး လေ့ကျင့်ထားတာပါ။ ဒါကြောင့် gay အပြာကားတွေ အကြည့်များပြီး သူတို့လို လုပ်တဲ့အတိုင်း အပြင်မှာ လိုက်ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။

(၂) ဘယ်သူတွေ ဘာပဲပြောပြော သဘာဝကပေးတဲ့ သင့်ရဲ့ လိင်တံအရွယ်အစားက အမှန်ဆုံးပါပဲ။  ကြီးအောင်လုပ်ဖို့လည်း မလိုပါဘူး။

(၃) လိင်ဆက်ဆံနေစဉ်မှာ သင့်လိင်တံ တောင့်တင်းမှု မရနိုင်လျှင် သင့်အမှားလည်း မဟုတ်ပါဘူး။ သူ မကောင်းလို့လည်း မဟုတ်ပါဘူး။ ဒါက လူတိုင်း တွေ့ကြုံရတဲ့ အဖြစ်တစ်ခုပါ။ သဘာဝပါပဲ။ ခဏနားပြီးမှာ ပြန်ကြိုးစားပေ့ါ။

(၄) တစ်ခုခုနာကျင်တယ်ဆိုရင် အမှုမဲ့ အမှတ်မဲ့ မထားပါနဲ့။ ဆက်ပြီးနာကျင်နေရင် စစ်ဆေးမှုများ ပြုလုပ်ပါ။

 
ကဲ… လိင်ပညာပေး အခြေခံကတော့ ဒီလောက်ပါပဲ။ တခြားလိင်မှုဘဝ နှင့် ပက်သက်တဲ့ ဗဟုသုတတွေကိုလည်း ဖတ်ကြည့်ပါဦး။ ကျန်းမာပျော်ရွင်သော ယောက်ျားချင်း ချစ်သူများ ဖြစ်ကြပါစေ။
 
 
မှတ်ချက်။         ။ လုလင်ဘလော့ဂ် http://gaylifeformyanmar.blogspot.co.uk/ မှ ကူးယူဖော်ပြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.