ဂနိုရောဂါ (Gonorrhea) အကြောင်း

၁။ ဂနိုရောဂါက ဘယ်လောက်ထိ ဆေးကို သောက်ရမှာ၊ ပျောက်ကင်းဖို အချိန် ဘယ်လောက် ကြာနိင်လဲ။ နေ့တိုင်း တစ်နေ့တစ်လုံး သောက်ရမလား၊ ပိုသောက်မရဘူးနော်။ CIPROFLOX 500mg အဲဒီဆေး ဟုတ်ပါတယ်နော်။ ပြောပြပေးပါ။

၂။ ဂနိုရောဂါအကြောင်းကို သိချင်နေတာ လွန်ခဲ့တဲ့ ၃ နှစ်လောက်ထဲကပါ။ သမီးရဲ့ အမတစ်ယောက် ဖြစ်ဘူးပါတယ်။ သူရဲ့ခင်ပွန်းက (—) က စက်ရုံတစ်ခုမှာ လုပ်ပါတယ်။ အဲဒီအချိန်က သူတို့ အတူမနေကြပါဘူး။ သူ့ခင်ပွန်းသည် ခွင့်နဲ့ပြန်လာပြီး တစ်ပတ်လောက် အကြာမှ အမလည်း (—) ကို လိုက်သွားပါတယ်။ (—-) ရောက်မှ ရောဂါ ဖြစ်ပါတယ်။ ဆရာဝန်အမတစ်ယောက်ရဲ့ ညွှန်ကြားမှုနဲ့ အရေပြားဆရာဝန် တစ်ယောက်ထံ နှစ်ယောက်လုံး သွားရောက်ကုသ ပျောက်ကင်းသွားပါတယ်။ ဒါပေမယ့် ပြဿနာက ပြီးမသွားပါဘူး။ ဒီရောဂါဖြစ်ရတဲ့ အကြောင်းအရင်းနဲ့ပက်သက်ပြီး သူတို့လင်မယားကြားမှာ သံသယပွားစရာတွေ ဖြစ်လာတယ်။

၃။ ဂနိုရောဂါ ရှိနေပါတယ်။ စဖြစ်နေတာက လွန်ခဲ့တဲ့ (၅) နှစ်လောက်ထဲကပါ။ အဲဒီတုန်းက ငယ်သေးတော့ မသိဘူးလေ။ အခုတော့ ဖြစ်နေမှန်း သိလိုက်ရတယ်။ အခုဖြစ်နေတာက စိတ်ညစ်ဖို့ အရမ်းကောင်းတယ်။ ဆီးသွားပြီးရင် ဆီးက ကျန်နေသလိုမျိူးပဲ။ ဆီးလမ်းကြောင်းက ယောင်နေတာတော့ သိသာတယ်။ ဒါပေမဲ့ ကျွန်တော် ဖြစ်တာက ပြည်လိုမျိူး အရည်တွေ (အဝါရောင်အရည်) မထွက်တော့ဘူး။ ဆေးခန်းလည်း မပြချင်ဘူးဗျာ။

၄။ ကျွန်တော်က ဂနို ဖြစ်နေတာ ၅ နှစ်လောက်ကြာတဲ့ တယောက်ပါဆရာ။ ဆရာကို အကူအညီတောင်းလို့ ဆရာက Erthromyzin 500 mg သောက်ခိုင်းတဲ့ တစ်ယောက်လေ ဆရာ။ အဲ့ဒီဆေးကအရမ်းပြင်းတာနဲ့ ခေါင်းတွေ ဘာတွေ မူးပါတယ်။ ဒါကြောင့် ကျွန်တော် အခု Ofloxazin 200 mg ကိုပဲ တနေ့ ၃ လုံး သောက်နေပါတယ်။ အခု တော်တော်လေး သက်သာနေပါတယ်။ အရင်က ဆီးသွားရင် ဆီးကျန်နေတာတွေ၊ ဘာတွေ မဖြစ်တော့ပါဘူး။ ဒါပေမဲ့ အခုတော်တော်လေး ဒုက္ခရောက်စရာတစ်ခုနဲ့ ကြုံနေရပါတယ်။ ဆီး ခဏခဏ သွားချင်တာပါ။ နောက်ပြီး ဆီးသွားချင်ပြီဆိုရင်လည်း တော်တော်လေးကို ထိန်းနေရပါတယ်။ ဆီးသွားဖို့ အဆင်မပြေတဲ့ အချိန်တွေဆို တော်တော်လေး တိုင်ပတ်ပါတယ်။ ဆီးအရမ်းသွားချင်တဲ့အခါ ထိန်းထားရင်လည်း ဇော်ချွေးတွေ ပြန်လာပါတယ်။ ကူညီပါအုံးဗျာ။

ဂနိုရောဂါဟာ လိင်ကတဆင့် ကူးစက်ရောဂါတွေထဲမှာ အများဆုံးထဲက တစ်ခုဖြစ်တယ်။ ဆီးပူညောင်းကျ ရောဂါလို့လည်း အရပ်ထဲမှာ ခေါ်ကြတယ်။ အရင်က နည်းသွားခဲ့ရာကနေ အခု ပြန်များလာပြန်ပြီ။ Neisseria gonorrheae ဗက်တီးရီးယားကြောင့် ဖြစ်တာပါ။ လိင်ဆက်ဆံရာမှာသုံးတဲ့ ကျားအင်္ဂါ၊ မအင်္ဂါ၊ ပါးစပ်၊ စအို၊ နေရာတွေကနေ ဝင်လာတာပါ။ အဖေါ်မှာ ပိုးရှိရင် ယောက်ျားတွေက ၂ဝ% မိန်းမတွေက ၅ဝ% ကိုယ့်ကို ကူးစက်ဘို့ အခွင့်အလမ်း ရှိတယ်။

(၁) ယောက်ျား

ပိုးဝင်တာနဲ့ ၂ ရက်ကနေ ၁ဝ ရက်အတွင်း လက္ခဏာတွေ ပေါ်တယ်။ ဆီးအောင့်မယ်။ ခပ်ပြစ်ပြစ်-ခပ်ဝါဝါအရည်တွေ ပန်းဖျားကနေ ဆင်းမယ်။ အစေ့ရောင်မယ်၊ နာမယ်။ ဆီးကြိတ်ယောင်မယ်၊ နာမယ်။

(၂) အမျိုးသမီး

ပိုးဝင်တဲ့နောက် ၃ ပတ်အထိနေလို့ ပိုကြာတတ်တယ်။ ဒါလည်း ၃ဝ-၄၀ ရာခိုင်နှုန်းမှာ ဘာ လက္ခဏာမှ မပေါ်ဘူး။ သားအိမ်အဝမှာလည်း ဖြစ်လာတတ်တယ်။ ဆက်ဆံရင် နာမယ်။ ဆီး ခဏခဏ သွားချင်မယ်။ ဆီးသွားရင် နာမယ်။ ဗဂျိုင်းနာမှာ ပူစပ်လာမယ်။ အဖြူ-အဝါ-ခပ်စိမ်းစိမ်း အရောင်ဆင်းမယ်။ ကြားရက်မှာ သွေးဆင်းတတ်တယ်။ ဆက်ဆံနေတုန်း သွေးဆင်းတတ်တယ်။ ပိုဆိုးတဲ့ Pelvis Inflammatory Disease ရောဂါ ဖြစ်လာတတ်တယ်။ ဗိုက်အောက်ပိုင်း ဆီးစပ်နေရာက နာမယ်။ ဖြစ်ရင် ကလေးမရတာအထိ ဖြစ်နိုင်တယ်။ ရောဂါသေချာအောင် ဆီးလမ်း-မွေးလမ်းက ဆင်းတဲ့အရည်ကို စစ်ရတယ်။ ၂ ရက်ကြာတယ်။ သွေးစစ်ရင် သွေးဖြူဥ များနေမယ်။ ပိုးတွေ့သူတွေ တခြားလိင်ကတဆင့် ကူးစက်ရောဂါတွေ HIV, Syphilis, Chlamydia ရှိ-မရှိပါ စစ်ပါ။

(၃) ကလေးငယ်

ရောဂါရှိတဲ့ မအေက မွေးတုန်းက ကလေးကိုလည်း ကူးတယ်။ မျက်စိနာမယ်။ မကုရင် မျက်စိကွယ်နိုင်တယ်။

 

ဆေးကုသခြင်း

ဂနိုရီးယားကြောင့်ဖြစ်တဲ့ ဆီးပြွန်အဝ ယောင်ခြင်း၊ သားအိမ်အဝ ယောင်ခြင်း၊ အာခေါင်ယောင်ခြင်း၊
Ciprofloxacin 500 mg တစ်ပြား၊ ဒါမှမဟုတ် Ofloxacin 400 mg တစ်ပြား၊ ဒါမှမဟုတ် Levaquin® 500 mg တစ်ပြား၊ ဒါမှမဟုတ် Tequin® 400 mg mg တစ်ပြား၊

သာမန် ဂနိုရောဂါ

Ceftriaxone 125 mg IM ထိုးဆေး တစ်လုံး၊ ဒါမှမဟုတ် Cefixime 400 mg တစ်ပြား၊ ဒါမှမဟုတ် Ciprofloxacin 500 mg တစ်ပြား၊ ဒါမှမဟုတ် Ofloxacin 400 mg တစ်ပြား၊ ဒါမှမဟုတ် Levofloxacin 250 mg ဒါမှမဟုတ် Penicillin မတည့်ရင် Spetinomycin 1 Gm IM ထိုးဆေး တစ်လုံး၊ ဒါမှမဟုတ် Cefpodoxime 400 mg တစ်ပြား၊ ဒါမှမဟုတ် Levofloxacin 250 mg တနေ့ တစ်ပြား။

ရှုပ်ထွေးတဲ့ ဂနိုရောဂါ

Penicillin G 10 million units IV နေ့စဉ်အကြောဆေး ၅ ရက်ဆက် သွင်းပါ၊ ဒါမှမဟုတ် Ceftriaxone 1 Gm IV နေ့စဉ်အကြောဆေး ၅ ရက်ဆက် သွင်းပါ၊ ဒါမှမဟုတ် Ciprofloxacin 500 mg တစ်နေ့ နှစ်ကြိမ်၊ ၅ ရက် သောက်ပါ၊ ဒါမှမဟုတ် Levofloxacin 500 mg တစ်နေ့ တစ်ကြိမ်၊ ၅ ရက် သောက်ပါ။

Endocarditis နှလုံးယောင်နေသူကို Ceftriaxone 1 Gm အကြောဆေး တစ်နေ့ နှစ်ခါ၊ ၃ ပတ်သွင်းပေးပါ။
ဖြစ်တဲ့ မိန်းကလေး အသက်ငယ်ရင် ဒါမှမဟုတ် ကိုယ်ဝန်ရှိရင် ထိုးဆေးပေးတာ ကောင်းတယ်။ ခံစားနေရ တာတွေ သက်သာပေမဲ့ ဆေးပတ်စေ့ပါစေ။ အိမ်ထောင်သည်တွေဆိုရင် နှစ်ယောက်လုံး တစ်ပြိုင်တည်း ဆေးကုပါ။ ကာကွယ်ဘို့က Latex condoms ကွန်ဒွန် သုံးပါ။
(ဂနိုရီးယား) ပိုးနဲ့အတူ (ကလာမိုင်ဒီယား) ပိုးလည်း တွဲရှိနေတာက ၅၀ ရာခိုင်နှုန်းလောက်ရှိလို့ တစ်ခုကိုသာမကဘဲ နှစ်မျိုးလုံး တွဲပေးတာ ကောင်းတယ်။

အတွဲဆိုရင် နှစ်ယောက်လုံး တပြိုင်တည်း ဆေးသောက်သင့်တယ်။ ဆေးကုနေစဉ်မှာ အကာအကွယ် မသုံးဘဲ အတူမနေသင့်ပါ။ လိင်ကတဆင့် ကူးစက်ရောဂါ တစ်ခုခုရှိသူတိုင်း HIV ကိုလည်း စစ်ရပါမယ်။ သံသယရှိတဲ့အပြုအမူ နောက် ၃ လနေရင် စစ်လို့ရပါပြီ။

(ကလာမိုင်ဒီယား) ပိုးအတွက်
• Doxycycline 100 mg တစ်နေ့ ၂-၃ ကြိမ်၊ ၁ဝ-၁၄ ရက် သောက်ပါ။ ဒါမှမဟုတ်…
• Zithromax® (azithromycin) 1.0 gm တစ်ခါထဲ သောက်ပါ။ ဒါမှမဟုတ်…
• Zithromax® Z-pak® (azithromycin) – 500mg ကို ပဌမနေ့သောက်ပြီး၊ 250mg ကို တစ်နေ့ တစ်ကြိမ်၊ နောက် ၄ ရက်ဆက် သောက်ပါ။

မကုသရင် ဆိုးဝါးတာတွေ ဖြစ်လာတတ်တယ်။ သွေးကတစ်ဆင့် တစ်ခြားနေရာတွေဆီ ကူးစက်မယ်။ နောက်ဆက်တွဲ ရောဂါတွေ ရှိလာရင် ဖျားမယ်။ ဗိုက်နာမယ်။ ဆီးလမ်း-မွေးလမ်းက တစ်ခုခု ဆင်းမယ်။ အဆစ်နာ၊ အရေပြားမှာ အနီရောင် အပြင်တွေ အလယ်က ခပ်မဲမဲဖြစ်မယ်။ အားယုတ်မယ်။ စအိုနာ၊ လည်ချောင်း နာမယ်။ ၂ဝ-၄ဝ% အမျိုးသမီးမှာ တင်ပဆုံတွင်းအင်္ဂါတွေ ယောင်ခြင်း၊ ဦးနှောက်အမြှေး ယောင်နိုင်တယ်။ ၁ ရာခိုင်နှုန်း နှလုံး ယောင်နိုင်တယ်။ Chlamydia (ကလာမိုင်ဒီးယား) ပိုးကြောင့် တစ်ခြားအမျိုးသမီး ၆၀ ရာခိုင်နှုန်း အဖြူဆင်းတယ်။

အတွဲဆိုရင် နှစ်ယောက်လုံး တပြိုင်တည်း ဆေးသောက်သင့်တယ်။ ဆေးကုနေစဉ်မှာ အကာအကွယ် မသုံးဘဲ အတူမနေသင့်ပါ။ လိင်ကတဆင့် ကူးစက်ရောဂါ တစ်ခုခုရှိသူတိုင်း HIV ကိုလည်း စစ်ရပါမယ်။ သံသယရှိတဲ့အပြုအမူ နောက် ၃ လနေရင် စစ်လို့ရပါပြီ။ ဆီး အက်စစ်ဓါတ်နည်းအောင် အစားအသောက် သတိပြုပါ။ အစပ် လျှော့စားပါ။ အသား၊ ငါး၊ အသဲ၊ ဥ၊ အရက်၊ ဘီယာ၊ ဝိုင်၊ ပေါင်မုံ့၊ ကော်ဖီ၊ လက်ဘက်ရည်၊ ပင်လယ်စာ၊ အသဲ၊ နှလုံး၊ ဝက်ပေါင်ခြောက်တွေဟာ အက်စစ်ဓါတ် များစေပါတယ်။

လိင်ကတဆင့်ကူးစက်ရောဂါ တစ်ခုရှိသူမှာ တစ်ခြားရောဂါအတွက်သာ သတိထားရမယ်။ သံသယ အပြုအမူဖြစ်ပြီးနောက် ၃ လနေရင် HIV ကို စစ်ဆေးသင့်ကြတယ်။ ဂနိုရီးယားဖြစ်သူတွေက ဆစ်ဖလစ်အတွက် စစ်သင့်တယ်။

ဒေါက်တာတင့်ဆွေ

မှတ်ချက်။ ။ http://dts-medicaleducation.blogspot.com/, https://tintswe.wordpress.com/ တို့မှ ကူးယူဖော်ပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.