တကိုယ်ရေသန့်ရှင်းမှု ရှိမရှိ ချစ်သူသိ

ကိုယ်က အသေးအဖွဲကိစ္စလေးပါဆိုပြီး မမြင်ချင်ယောင်ဆောင်ထားပေမယ့် ကိုယ့်ချစ်သူက မမြင်ဘူး၊ သတိမမူမိဘူးလို့ မဆိုနိုင်ဘူးနော်။စာဖတ်သူကော၊ စာရေးသူ ကျွန်တော်တို့ကိုယ်တိုင် များသောအားဖြင့် ခြေသည်းတွေ သပ်သပ်ရပ်ရပ်ညှပ်၊ မျက်ခုံးမွှေးနှစ်ခုကို ဆက်နေတဲ့အမွှေးတွေ(Uni-brow) တွေကို မွှေးညှပ်နဲ့နှုတ်ပြီးတော့ လက်အစုံကို သန့်ရှင်းသပ်ရပ်နေအောင် ဂရုတစိုက်လုပ်တာမျိုးတွေကတော့ လုပ်ဖြစ်ကြပါတယ်။ဒါပေမဲ့ ချစ်သူကောင်မလေး၊ နှမလေး၊ သို့မဟုတ် အမေနဲ့ လက်ပွန်းတတီးရှိတဲ့ အမျိုးသားအချို့ကတော့ ပုံမှန်ကိုယ်ဂရုတစိုက် သတိပြုမိသလောက် တကိုယ်ရည်သန့်ရှင်းမှုလုပ်တာထက် ပိုအသေးစိတ် ပြုလုပ်တတ်ကြတယ်ဗျ။ အမျိုးသမီးတွေက ကိုယ်တွေထက်ပိုပြီး အသေးစိတ်ဂရုပြု စူးစမ်းတတ်ကြတာကြောင့်ပါ။

အသိဆရာဝန်များနဲ့ အမျိုးသမီးမိတ်ဆွေများအား အမျိုးသားအများစု ပြုလုပ်တတ်ကြတဲ့ တကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ ယာယီပြဿနာများအပေါ် စာရင်းတစ်ခုအသွင် ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သူတို့တွေ အများဆုံးတွေ့မြင်သိရှိခဲ့သော၊ ပြောပြခဲ့သော အကြောင်းအရာများကို စုလို့ပြန်လည်ဖော်ပြပါမယ်။ အကြံပြုချက်လေးတွေကိုလည်း ထပ်ဆောင်းရေးသားပေးမှာပေါ့ ခင်ဗျား။

(၁) နှာခေါင်းမွှေး (Nose Hair )

နှုတ်ခမ်းမွှေးမဟုတ်တဲ့ နှာခေါင်းမွှေးဖြစ်ပါတယ်။ နှုတ်ခမ်းအထက်မှာ ပေါက်တတ်တဲ့ နှုတ်ခမ်းမွှေးနဲ့အတူ ပါးသိုင်းမွှေးတွေကို ပုံမှန်ရိတ်သင်ဖို့ မမေ့တတ်ကြပေမယ့် အသက်ရှူသွင်း ရှူထုတ်လုပ်တဲ့ နှာခေါင်းအဝ အပေါက်နှစ်ဖက်က ထိုးထွက်နေသော နှာခေါင်းမွှေးအချို့ကို ညှပ်ပြုဖို့မေ့တတ်ကြတယ်။ အမွှေးအမျှင်ဆိုတာကလည်း မပေါက်သင့်တဲ့နေရာတွေမှာ သန်စွမ်းနေတတ်တာကြောင့်လည်း တစ်ဒုက္ခပါ။တချို့ အမျိုးသားတွေအနေနဲ့ မွေးကတည်းက အမွှေးအမျှင်သန်စွမ်းတဲ့ ဗီဇပါလာတာကြောင့် တစ်ကိုယ်လုံး အမွှေးနုလေးတွေ များနေတတ်သလို နှာတံအဝမှာလည်း ထိုးထိုးထောင်ထောင်ထွက်နေတတ်ကြပါတယ်။

ဒါကြောင့် နှာပေါက်ဝကထွက်နေတဲ့ အမွှေးတွေကို မွှေးညှပ်နဲ့နှုတ်၊ နှာဝ၊ နားဝက အမွှေးတွေကိုရှင်းဖို့ ထုတ်ထားတဲ့ အမွှေးနုတ်တဲ့၊ တိတဲ့စက်ကလေး( Nose & Ear Trimmer)သုံး၊ ဖယောင်းသုံးပြီးဖယ်၊ ဘယ်နည်းသုံးသုံး အဆင်ပြေအောင်လုပ်ပြီး ရှင်းလင်းကြဖို့ ကြိုးစားကြပါဦး။

(၂) က်ခြံခေါင်းမည်း (BLACKHEADS )

ချွေးပေါက်တွေမှာ ပြူတစ်ပြူတစ်ဖြစ်နေတတ်တဲ့ ဝက်ခြံခေါင်းမည်းလေးတွေ ဘာကြောင့်များနေရတာလဲ။မကောင်းတဲ့ တကိုယ်ရည်သန့်ရှင်းရေး အလှကုန်ပစ္စည်းတွေကြောင့်လို့ တစ်ခါတလေ အတွန့်တက်လို့ မရပါဘူး။အချို့ သူတွေမှာ ကိုယ်ခန္ဓာ ဇီဝဖြစ်စဉ်ကြောင့် တစ်နေကုန် မျက်နှာမသစ်ရသေးတဲ့ ရုပ်ရည်အသွင် ပေါက်နေတတ်ပါသေးတယ်။

ဝက်ခြံခေါင်းမည်းတွေကို မကြာခဏဆိုသလို နှာခေါင်းနဲ့ပါးပြင်တွေမှာ တွေ့ရပါတယ်။မေးစေ့များ၊ နားရွက်များလို ထင်ရှားသိသာမှုနည်းပါးတဲ့ နေရာတွေမှာလည်း ဝက်ခြံခေါင်းမည်းလေးတွေ ရှိတတ်ပါတယ်။ဝက်ခြံခေါင်းမည်းတွေကို ကိုယ့်ဘာသာကိုယ် ရှင်းလင်းဖယ် ထုတ်ရာမှာ အခန့်မသင့်ရင် အမာရွတ်ချိုင့်ခွက်တွေဖြစ်ဖို့ အလားအလာများတာကြောင့် အရေပြားရောဂါအထူးကုတစ်ယောက် (Dermatologist )သို့မဟုတ် အလှအပဆိုင်ရာပညာရှင် (Aesthetician ) တစ်ယောက်အား ဆွဲထုတ်ဖယ်ရှားခိုင်းရပါမယ်။ မျက်နှာပြင်သန့်စင်ကြည်လင်အောင် ( A facial cleansing treatment) ပြု လုပ်ပေးတဲ့ စင်တာကို သွားလုပ်ဖို့ ဆိုလိုရင်းပါပဲ။

ကိုယ်လက်လှုပ်ရှား လေ့ကျင့် ခန်းပြုလုပ်ပြီးရင် မျက်နှာကို သန့်ရှင်းသည်အထိ သစ်ပေးတာမျိုး၊ ချွေးပေါက်ကျဉ်းဆေးရည် ( A salicylic acid toner )ကောင်းကောင်း သုံးပေးတာမျိုးပြုလုပ်ပေးပါ။

(၃) အာပုပ်နံ့ (BAD BREATH )

နံနက်ခင်း အိပ်ရာကနိုးထလာချိန် ပါးစပ်က အနံ့ဆိုးတွေ ထွက်တာရယ်၊ ပါးစောင်က အာစေးကြောင်းလို အရာတွေကြောင့် ချစ်သူကောင်မလေးက ကန်ထုတ်မှာ အသေအချာပါ။ စေးကပ်တဲ့အစား အစာတွေ၊ အနံ့ပြင်းတဲ့ အစားအသောက်တွေ အခြားအစားအစာတွေကို စားသောက်ပြီး ခံတွင်သန့်ရှင်းရေးလုပ်တဲ့အနေနဲ့ အာလုပ်ကျင်းတာတောင် မလုပ်မိတဲ့အခါ စားကြွင်းစားကျန်တွေကတစ်ဆင့် ဘက်တီးရီးယားတွေ ပေါက်ပွားပြီး သွားချိုးကပ်၊ သွားပိုးစား၊ ရေစီးကမ်းပျိုတွေဖြစ်တော့ ခံတွင်းအနံ့ထွက်တော့တာပေါ့။

သွားဆေးခန်းသွား၊ သွားဆရာဝန်နဲ့ သွားချိုးခြစ်တာ၊ ကျောက်ခြစ်တာကို ခြောက်လတစ်ကြိမ် ပြုလုပ်သင့်တာ မှန်ပေမယ့် တစ်နေ့နှစ်ကြိမ်လောက် ဘရပ်ရှ်နဲ့လျှာရော၊ သွားရောတိုက်ချွတ်တာမျိုး၊ သွားသန့်ရှင်းရေး ပိုးကြိုး(Floss )လေးသုံးပြီး တစ်နေ့တစ်ခါ စားကြွင်း စားကျန်တွေကို ဖယ်ထုတ်တာမျိုး ပုံမှန်ပြုလုပ်ပေးပါ။ လျှပ်စစ်သွားပွတ်တံ (An electric toothbrush )သုံးနိုင်ရင် ပိုကောင်းပြီး သွားသန့် ရှင်းရေး ပိုးကြိုး (Floss)ကို တစ်နေ့တစ်ခါ အသုံးပြုနိုင်ဖို့ အားထုတ်ရပါမယ်။

(၄) မုတ်ဆိတ်ရိတ်ဓားကြောင့် ပွန်းပဲ့ခြင်း (RAZOR BURN )

ခေါင်းစဉ်ပေးထားသလို တိုက်ရိုက်တော့ ပြောလို့မရပေမယ့် အမွှေးရိတ်ထားတဲ့နေရာမှာ ကြမ်းရှရှဖြစ်ကျန်နေတာမျိုး၊ နီမြန်းပြီး အဖုအပိန့်လေးတွေ ဖြစ်နေတာမျိုးကို ဆိုလိုချင်တာပါ။အထူးသဖြင့် အမွှေးသန်တဲ့ မုတ်ဆိတ်(သို့မဟုတ်)အထိအခတ်မခံတဲ့ အရေပြားပိုင်ရှင်တွေက မတုံးတတုံးမုတ်ဆိတ်ရိတ်ကိရိယာ(Razor) အသုံးပြုပြီး အမွှေးရင်းတွေထိတဲ့အထိ ဖိဆွဲလို့ (သို့မဟုတ်) ထိခတ်မိတဲ့အထိ ရိတ်သင်လိုက်တဲ့အခါ ဖြစ်တတ်ပါတယ်။

နီမြန်းပြီး အဖုအထစ်လေးတွေ ပေါ်လာရတာက အရေပြားခြောက်သွေ့ချိန်၊ မထက်တဲ့ မသန့်ရှင်းတဲ့ အမွှေးရိတ်ဘလိတ်ဓားတစ်ခု အသုံးပြုမိတာ (သို့ မဟုတ်) ရိတ်သင်တဲ့နည်းလမ်းမှားယွင်းတာ စသည့်အခြေအနေများမှာ ဘက်တီးရီးယားတွေ ဝင်ရောက်အစွမ်းပြလို့ဖြစ်ပါတယ်။ထက်မြက်သန့်ရှင်းတဲ့ အသွားပါအမွှေးရိတ်ဓားကို အသုံးပြု၊ မရိတ်သင်ခင် အမွှေးအမျှင်ကို ဆပ်ပြာမြှုပ် သုတ်လိမ်းပေးခြင်း၊ ရိတ်သင်တဲ့အခါ မှန်ကန်တဲ့ လားရာအတိုင်းဆွဲပြု ဦးတည်အသုံးပြုခြင်း၊ ရိတ်ပြီးဆေးကြောပြီးတဲ့အခါ Aftershave lotion တို့ အစိုဓာတ်ထိန်း ကရင်မ်လိမ်းပေးခြင်းတို့ကို မဖြစ်မနေ ပြုလုပ်ပေးရပါမယ်။အစိုဓာတ်ထိန်း ကရင်မ်တစ်ခုလိမ်းကျံပေးလိုက်ခြင်းဖြင့် အမွှေးရိတ်သင်ပြီးစ အရေပြားကြမ်းသွားတာမျိုး ယားယံတာမျိုးတွေ မဖြစ်တော့ဘူးပေါ့နော်။

(၅) ချိုင်းချွေးနံ့ (BODY ODOR )

ကိုယ်လက်ကြံ့ခိုင်ရေ လေ့ကျင့်ခန်းလုပ်ပြီးနောက် ချွေးထွက်တတ်တယ်။အပြင်ထွက်တဲ့အခါ ရာသီဥတုက ပူတော့လည်း ချွေးထွက်တယ်။ တံခါးအလုံပိတ်ထားတဲ့ အခန်းထဲဝင်အိပ်ပြီး နိုးလာတော့ ချွေးတွေနဲ့ရွဲနေတယ်။ ခဏနေတော့ ချွေးနဲ့အတူ ကိုယ်နံ့ပြင်းပြင်းက ထွက်လာပါရော။လေ့လာမှုအချို့အရတော့ အမျိုးသမီးတွေဟာ သူတို့ချစ်သူ(သို့မဟုတ်)လင်ယောကျာ်းတွေရဲ့ သဘာဝကိုယ်သင်းနံ့ကို စွဲမက်တတ်ကြပါသတဲ့။အော့ အန်ချင်စရာ အောက်သိုးသိုး ချိုင်းချွေးနံ့တော့ မဟုတ်လောက်ပါဘူးလေ။

ရေမွှေးဆပ်ပြာတို့၊ ချိုင်းချွေးနံ့ ပျောက်လိမ်းဆေးတောင့် (Deodorant Roll-On)တို့ အသုံးပြုပြီး ကာကွယ်နိုင်ကြောင်း အခြေခံလေးတွေကတော့ လူတိုင်းသိကြပါတယ်။ အိပ်ယာခင်းနှင့် တဘက်တွေကို ပိုလီစတား(ဒါမှမဟုတ်)ချည်သားနဲ့ အများဆုံး ပြုလုပ်ထားတတ်တာကြောင့် စာဖတ်သူရဲ့ အိပ်ရာခင်းတွေ၊ တဘက်တွေကို အတော့်ကို သန့်သန့်ရှင်းရှင်းထားမှဖြစ်ပါမယ်။ကိုယ်နံ့၊ ချွေးနံ့တွေကို စုပ်ယူထားတဲ့အတိုင်း အနံ့စွဲနေတတ်လို့ပါ။ အိပ်ရာခင်းတွေ လျှော်ဖွပ်ပြီးလျှင် ကောင်းကောင်းခြောက်အောင်လှန်းဖို့လိုသလို စာဖတ်သူ ရေချိုးပြီးချိန်မှာလည်း အသုံးပြုပြီး တဘက်အားကြိုးတန်းမှာ ပြန့် ပြန့်ပြူးပြူး ချိတ်ဆွဲထားရပါမယ်။

(၆) ရေမွှေးအဆွတ်များခြင်း (TOO MUCH COLOGNE )

မာရသွန်အပြေးပြိုင်ပွဲဝင်ပြေးခဲ့သူ တစ်ယောက်စီက ကိုယ်နံ့လို ကိုယ်ခန္ဓာက အနံ့ထွက်နေသူ ချစ်သူကို ကောင်မလေးတွေက သဘောကျမယ်လို့ မထင်မြင်မိပါ။ ဒါပေမဲ့ အဲ့သလိုကိုယ်နံ့မျိုးမထွက် ဖို့ ရေမွှေးမျိုးစုံ အလွန်အကျွံအသုံးပြု ဖုံးကွယ်တာကလည်း ကောင်း မွန်တဲ့ဖြေရှင်းနည်း မဟုတ်ပြန်ပါဘူး။အမွှေးဆီလိမ်းတာ ဆွတ်တာမျိုးမဟုတ်ဘဲ အချို့သော ပက်ဖျန်းလို့ရတဲ့ ရေမွှေးတွေက အလွန်
အကျွံဆွတ်ဖျန်းမိတဲ့ အန္တရာယ်ကို ဆင်ခြင်ဖို့လွယ်ကူစေသလို တိုင်းဆမှတ်မိဖို့ အဆင်ပြေစေပါတယ်။

လည်တိုင်နဲ့(၇)လက်မလောက် အကွာအဝေးကနေ ရေမွှေးပုလင်းကိုကိုင်ပြီး ခလုတ်ကို တစ်ချက်ဖိကာ ပက်ဖျန်းလိုက်ပါ။မလုံ လောက်သေးဘူးလို့ ယူဆပါက လက်ကောက်ဝတ်အတွင်းဖက်နေရာလေးကို နောက်ထပ်တစ်ချက် ဆွတ်ဖျန်းလိုက်ပါဦး။ညဘက် Date တဲ့အခါ သုံးလို့အဆင်ပြေတဲ့ ရေမွှေး၊အပြင်ကို အလည်အပတ်ထွက်တဲ့အခါသုံးတဲ့ ရေမွှေး(သို့မဟုတ်)ရုံးခန်းမှာသုံးလို့ အဆင်ပြေတဲ့ ရေမွှေး  စတဲ့ ရွေးချယ်မှုကတော့ ရှိရပါတယ်။

(၇) ဘောက်ထခြင်း (DANDRUFF )

ရာသီဥတုပြောင်းလဲချိန်ရဲ့ ရိုက်ခတ်မှုအရ အချို့သောသူများ DNA အနည်းငယ်ပြောင်းလဲကာ ဦးရေပြားယားယံတာမျိုး ဖြစ်တတ်ပါတယ်။ တစ်ခေါင်းလုံး ဦးရေပြားအနှံ့နီးပါး အဖတ်လေးတွေ ကွာထွက်နေတာမျိုးဖြစ်တတ်တော့ ချစ်သူမိန်းကလေးတွေက ပခုံးပေါ်ကျနေတာတို့၊ နဖူးပြင်တဝိုက် တွေ့မိတာတို့ ဖြစ်လာနိုင်ပါတယ်။

ဆံသဆရာတွေ သူတို့ဖောက်သည်များကို အကြံဉာဏ်ပေးကြတာက ရက်သတ္တပတ် တစ်ပတ်ကို နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ထက်ပိုပြီး ခေါင်းမလျှော်ကြဖို့ ပါပဲ။ဘောက်အလွန်ထနေသူများကတော့ နေ့စဉ်အသုံးပြုလို့ရတဲ့ ဗောက်ပျောက်ခေါင်းလျှော်ရည် (Anti-Dandruff Daily Shampoo )ကို သုံးပါလို့ ပြောပါတယ်။ခေါင်းလျှော်ရည်ကို ပြောင်စင်အောင် ဆေးကျောဖို့လိုသလို ဆံသားခြောက်သွေ့အောင် တဘက်နဲ့သုတ်ပြီးနောက် ဦးရေပြားကို ဆီဆွတ်ပေးဖို့ မမေ့ရပါ။

(၈) သွားဝါဝါ (YELLOW TEETH )

နံနက်ခင်းတိုင်း သောက်မိတတ်တဲ့ ကော်ဖီ (သို့မဟုတ်)ဆိုးဆေးအရောင်ပါ သောက်စရာအချို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်စရာ သွားအရောင်သန်းတာ ပြောင်းတာမျိုးဖြစ်ခြင်းကို ဘယ်သူတစ် ဦးတစ်ယောက်မှ မမျှော်လင့်ထားလောက်ပါဘူး။ရောဂါတစ်ခုခုကြောင့် ဆေးဝါးတမျိုးမျိုးမှီဝဲရသူများမှာလည်း သွားအရောင်ပြောင်းတာမျိုး ဖြစ်တတ်ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် ခြောက်လတစ်ကြိမ် သွားဆရာဝန်နဲ့ပြပြီး သွားချိုးခြစ်တာ အရောင်ပြန်တင်တာမျိုး လုပ်တာကတော့ အချိန်မကုန် မြင်သာသိသာစေပါတယ်။အစားအစာ စားသောက်ပြီးတိုင်း သွား တိုက်ဆေး သွားပွတ်တံ အသုံးပြုပြီး သွားသန့်ရှင်းပေးရင်လည်း မဆိုးပါဘူး။

(၉) ခြောက်သွေ့ကွဲအက်နေသော နှုတ်ခမ်းအစုံ (CRACKED LIPS )

နူးညံ့သော နှုတ်ခမ်းသားအစုံရဲ့ အစွမ်းအစကို ဘယ်တော့မှ လျော့မတွက်ပါနဲ့။ တပ်မက်စွာ နမ်းရှိုက်မလား… အဲ….နှုတ်ခမ်းအစုံကိုသုံးပြီး စာဖတ်သူ ကြိုက်ရာလုပ်နိုင်တယ်လေ။ အအေးပိုတဲ့ ရာသီဥတုကြောင့် သို့မဟုတ် ပါးစပ်ခြောက်သွေ့လို့ နှုတ်ခမ်းကို မကြာခဏ လျက်ပြုတဲ့ အကျင့်ကြောင့် နှုတ်ခမ်းသား ကြမ်းနေနိုင်ခဲ့သလို အရေပြားခြောက် သွေ့ကွဲအက် ကျန်နေနိုင်ပါတယ်။ ရာသီဥတုကြောင့် နှုတ် ခမ်းကွဲတာ နေမှာပါလေလို့ ချစ်သူလေးကို ထင်မြင်စေချင်မှာ သေချာတယ်။ ပျားဖယောင်းနဲ့ ကိုကိုးထောပတ်ဓာတ်တွေပါဝင်တဲ့ နှုတ်ခမ်းလိမ်းဆေးအဆီက နှုတ်ခမ်းသားတွေ ကို ချောမွေ့စေတာပေါ့။ နေရောင်ကာတဲ့ SPF ပမာဏအနည်းငယ်ပေါင်းစပ် ပါဝင်ရင် ပိုကောင်းပါတယ်။

(၁၀) ကျောပြင်ဝက်ခြံ (BACK ACNE )

အဆီပြန်တတ်သော အရေပြားကြောင့်သော်လည်းကောင်း၊ ရေချိုးခန်းသုံး သပွတ်အူအမျိုးအစား(Bath loofah) အရွေးမှားပြီး သုံးမိခြင်းသော်လည်းကောင်း ကျောပြင်အရေပြားပေါ်က ဝက်ခြံ အခြေအနေဆိုး နိုင်ပါတယ်။ ဘင်ဇွိုင်းပါအောက်ဆိုက် (Salicylic acid or benzoyl peroxide )လို ပါဝင်ပစ္စည်းတွေပါတဲ့ ရေချိုးဆပ်ပြာကို အသုံးပြုပြီး ခန္ဓာကိုယ်ကို သန့်စင်ပေးပါ။ရေချိုးဆပ်ပြာရည်ကို လက်ဖဝါးထဲ ပမာဏအတော်အသင့်ထည့်၊ ကျောပြင်တဝိုက်ကို စက်ဝန်းသဏ္ဌာန် ငြင်ငြင်သာသာ ပွတ်သပ်နှိပ်နယ် ဆေးကြောပါ။

                                                                   

                                                              Alex Aung

                                                                Ref: 10 Things She Secretly Notices About Your Hygiene By Christine Robertson

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.