ပခုက္ကူမြို့ရှိ ပြည်ကြီးခင်ရုံးမှာ “ဘဝခရီးပြခန်း”ကို (၄)ရက်တာ ပြသ

ပခုက္ကူမြို့ ၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ပြည်ကြီးခင်ရုံးမှာ “ဘဝခရီးပြခန်း”နဲ့အတူ “LGBT ရုပ်ရှင်ပြပွဲ”ကို ပြသပေးလျှက် ရှိပါတယ်။

“ဘဝခရီးပြခန်း”ကို Colors Rainbow အဖွဲ့မှ ပခုက္ကူမြို့ခံ တမာမြေမှ တူညီသော တွဲလက်လေးများအဖွဲ့ အကူအညီဖြင့် အောက်တိုဘာ လ(၂၉)ရက်မှ နိုဝင်ဘာလ(၁)ရက်နေ့အထိ နံနက်(၁၀)နာရီမှ ညနေ(၄)နာရီအထိ ပြသသွားမှာ ဖြစ်ပါတယ်။

ထိုပြင် အောက်တိုဘာလ(၂၉)ရက်မှ (၃၀)ရက်နေ့အထိ ညနေပိုင်းတွေမှာလည်း  & Proud က “LGBT ရုပ်ရှင်ပြပွဲ”ကို ပြသသွားမှာ ဖြစ်ပါတယ်။

” ပခုက္ကူပွဲမှာ ထူးခြားတာက မနက်မှာ ပြခန်းပြ၊ ညနေကြရင် & Proudက ရုပ်ရှင်ပြတယ်။ ပွဲစစချင်းမနက်မှာပဲ LGBT ကော Non-LGBT ကော လူဦးရေ (၄၀)ကျော်လောက် စိတ်ဝင်တစား လာကြည့်ကြပါတယ်။ ပြခန်းက (၄)ရက်ပြမယ်။ & Proud ကတော့ (၂)ရက်ပဲ၊ တစ်ရက်ကို ရုပ်ရှင်ကား(၂)ကားစီ ပြသွားမှာပါ” လို့ “ဘဝခရီးပြခန်း”က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုသားကိုက ပြောပါတယ်။

အခုလို ပြခန်းကို LGBT တွေရဲ့ ဘဝဖြတ်သန်းမှု ပုံရိပ်အစစ်အမှန်တွေကို အသေးစိတ်လေ့လာနိုင်စေဖို့ ပြသပေးတာဖြစ်ပြီး “ဘဝခရီးပြ ခန်း”ကို မြန်မာပြည်အနှံ့အပြားက မြို့နယ်(၆)ခုမှာ ပြသသွားမှာဖြစ်ကာ တောင်ကြီး၊ ထားဝယ်၊ ပုသိမ်မြို့မှာလည်း ဆက်လက်ပြသွားမှာ ဖြစ်ပါတယ်။

“ခုလိုပွဲလေး အစ်မတို့မြို့မှာ လာလုပ်တော့ အခြားမြို့က LGBT တွေရဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ အောင်မြင်မှုတွေကို ဗဟုသုတရတာပေါ့။ ညပိုင်းရုပ်ရှင်ကြည့်ပြီးတော့လည်း Non-LGBT တွေရဲ့ အမြင်လေးတွေ ပြောင်းလဲသွားနိုင်တယ်လေ။ LGBT တွေကတော့ အားတက်နမှုနာ ယူရတာပေါ့ “လို့ တမာမြေမှတူညီသော တွဲလက်လေးများအဖွဲ့ခေါင်းဆောင် ကြည်ကြည်က ပြောပါတယ်။

၂၀၁၈ခုနှစ်၊ အောက်တိုဘာလ(၆)ရက်ကနေ (၉)ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုမြို့ထောင့်စေတီဘုရားပွဲတော်မှာလည်း “ဘဝခရီးပြခန်း”ကို ပြသပေးခဲ့ပါတယ်။

LGBT တွေရဲ့ဘဝဖြတ်သန်းမှု ပုံရိပ်အစစ်အမှန်တွေကို ပြသပေးနေတဲ့ “ဘဝခရီးပြခန်း”ကို ၂၀၁၆ခုနှစ်၊ ဇူလိုင်လကနေ စတင်အကောင် အထည်ဖော်ခဲ့ကာ ပထမဆုံးအကြိမ် ရန်ကုန်၊ မန္တလေး၊ ပြည်၊ မော်လမြိုင်၊ လာရှိုးမြို့နဲ့ တောင်ပြုန်းပွဲတော်တို့မှာ ပြသခဲ့ပါတယ်။

နောက်ထပ် ဒုတိယအကြိမ် “ဘဝခရီးပြခန်း” ပြပွဲကို ၂၀၁၇ခုနှစ်မှာ မန္တလေး၊ မော်လမြိုင်၊ ပြည်၊ လားရှိုးနဲ့ မုံရွာ စတဲ့မြို့တွေမှာ ပြသပေးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.