ပခုက္ကူ၊ ရွှေဘို၊ ပုသိမ်နှင့် တောင်ကြီးမြို့နယ်တွေမှာလည်း (IDAHOT) အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့

ရန်ကုန်၊ မန္တလေးမြို့တွေအပြင် ပခုက္ကူ၊ ရွှေဘို၊ ပုသိမ်နှင့် တောင်ကြီးမြို့တွေမှာလည်း ၂၀၁၈ခုနှစ် ၊ မေ(၁၇) မှာ ကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများ အပေါ် ရွံရှာမုန်းတီးမှုများအား ဆန့်ကျင်ရေးနေ့ (IDAHOT) အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

ပခုက္ကူမြို့မှာတော့ LGBT တွေသာမက LGBT တွေရဲ့ မိသားစုဝင်တွေကိုပါ ဖိတ်ကြားပြီး ဟောပြောပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

“ဒီနှစ်ပွဲက ရံပုံငွေမရှိဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ရတာဆိုတော့ လုပ်ချင်တာတွေရှိပေမယ့် မလုပ်လိုက်ရတာတွေ ရှိတယ်။ အထူးသဖြင့် ဒီနှစ်မှ Lesbian နဲ့ Tom Boy တွေကိုဖိတ်ပြီး ပါဝင်စေခဲ့တယ်။ ပြည်ကြီးခင် (KPSC) ကလည်း ပညာပေး ဟောပြောပွဲတွေမှာ ကူညီအားဖြည့်ပေးပါတယ်။ မုန်းတီးမှုနဲ့ အကြမ်းဖက်မှုတွေအကြောင်းကို LGBT မိသားစုဝင်တွေနဲ့ ဆွေးနွေးခဲ့ကြပါတယ်” လို့ တမာမြေမှတူညီသော လက်များအဖွဲ့ (SHG) မှ ကြည်ကြည်က ပြောပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်းက IDAHOT ပွဲကိုတော့ ရွှေညောင်မြို့ရှိ မင်္ဂလာအောင်မြေ ရပ်ကွက်ရုံးရှေ့မှာ နံနက်(၁၀) နာရီမှ နေ့လည် (၁) နာရီအထိ ကျင်းပခဲ့ပြီး IDAHOT အကြောင်း ရှင်းပြတာ၊ အမေးအဖြေနှင့် ကံစမ်းမဲအစီအစဉ်တွေ ပြုလုပ်ခဲ့ပါတယ်။

“အများပြည်သူနဲ့ဆိုင်တဲ့ နေရာမှာလုပ်ရတော့ ကြောက်မိတယ်။ အဖျက်အဆီးများ ဝင်လာမလားပေါ့။ ရွှေညောင်ဥက္ကဋ္ဌကအစ အစအရာရာ ကူညီပေးတယ်။ ရပ်မိရပ်ဖတွေကအစ ဖိတ်စာတောင် သူတို့ကိုယ်တိုင် ဖိတ်ပေးတာ။ မနှစ်ကထက် အဆပေါင်းများစွာ အောင်မြင်တယ်” လို့ ရှမ်းတောင် LGBT အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ ကိုမိုးက ပြောပါတယ်။ 

အဆိုပါ တောင်ကြီး IDAHOT ပွဲကို ရပ်စောက် တောင်ကြီး၊ ညောင်ရွှေ၊ ကလော၊ အောင်ပန်း၊ အေးသာယာ၊ ဆီဆိုင်၊ နောင်မွန်၊ ဘန်ယဉ်၊ အင်းလေး၊ ဟဲဟိုမြို့တို့မှ LGBTတွေနဲ့ ရပ်မိရပ်ဖ(၂၀၀)နီးပါး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ရွှေဘိုမြို့မှာလည်း လူစည်ကားရာနေရာတွေမှာ အကအလှ၊ တေးသရုပ်ဖော်တွေကို ကားတွေနဲ့ လှည့်လည်ဖျော်ဖြေသွားခဲ့ပါတယ်။

“ကျွန်တော်တို့က တစ်မြို့လုံးကို ကားနဲ့လှည့်တာဆိုတော့ မြို့လုံးကျွတ် အုံးအုံးကျွတ်ကျွတ်ပဲ အားပေးတာ။ တစ်နေရာကို (၂)နာရီလောက် ဖျော်ဖြေရေး လုပ်ပေးတယ်။ ဒေသခံတွေ တော်တော်လေးကို သဘောကျတဲ့ အနေအထားရှိတယ်။ ရဲစခန်းရှေ့ကို သီချင်းသွားဆိုတာ စခန်းမှူးက ထွက်လာပြီး အားပေးတယ်။ စခန်းမှူးတွေကအစ ကိုယ်တွေအသိုင်းအဝိုင်းကို လက်ခံနားလည်လာတယ်” လို့ ရွှေဘိုမြို့ Beauty Queen LGBT အဖွဲ့ မှ ကိုအီးတီက ပြောပါတယ်။