ပိတ်ကား (Boy on Screen)ရုပ်ရှင်ကို မြင်တွေနေကျ LGBT ကားတွေနဲ့မတူအောင် ရိုက်ပြမယ့် LGBT လူငယ် ဒါရိုက်တာ ဝေယံ

LGBT လူငယ်ဒါရိုက်တာ ဝေယံ (Wai Yum) က ပိတ်ကား (Boy on Screen)အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ယခင်ပရိသတ်တွေ တွေ့မြင်နေ ကျ LGBT ကားတွေနဲ့ လုံးဝမတူဘဲ တမူထူးခြားအောင် ၂၀၁၉ ခုနှစ်အတွင်းမှာ ရိုက်ကူးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိလည်း သူက LGBT Documentary ဇာတ်ကားတွေကို ရိုက်ကူးနေသူတစ်ဦး ဖြစ်ပါတယ်။

ဒါကြောင့် ဒါရိုက်တာ ဝေယံ(Wai Yum) ကို ဒီဇာတ်ကားလေးနဲ့ ပတ်သက်လို့ ရိုက်ကူးမယ့် သူ့ရဲ့ စိတ်ကူး၊ ရည်မှန်းချက်တွေကို မေးမြန်းတင်ဆက်ထားပါတယ်။

မေး-ကိုဝေယံ ရိုက်ကူးသွားမယ့် ဇာတ်ကားနာမည်လေးကို အရင် မိတ်ဆက်ပေးပါ။

ဖြေ- ဒီကားနာမည်က ပိတ်ကား (Boy on Screen)လို့ အမည်ပေးထားတယ်ပေါ့။ ကားလေးကတော့ အမှတ်တရ ဇာတ်ကားလေးတစ်ခုပေါ့။ အမှတ်တရဆိုတာက လူတိုင်းမှာ အချစ်နဲ့ပတ်သက်တဲ့ အမှတ်တရတွေ ရှိခဲ့ကြတယ်နော်။ အဲဒီအမှတ်တရတွေကို အနုပညာတစ်ခုပြန်လုပ်တဲ့ သဘောမျိုးကို ရိုက်ကူးမယ့် ပုံစံလေးပါ။

မေး-ကိုဝေယံအနေနဲ့ ဒီဇာတ်ကားကို ရိုက်ကူးဖို့ ဆုံးဖြတ် ဖြစ်လိုက်ပုံလေး ပြောပြပါ။

ဖြေ- ပွင့်ပွင့်လင်းလင်းပြောပြရရင် အနုပညာအလုပ်ဆိုတာက ကိုယ်လုပ်ချင်လို့ကို လုပ်ကြတာမျိုးပေါ့နော်။ ရူးတာပေါ့။ အဲလိုပဲ ပြောရမယ်ထင်တယ်။ နောက်တစ်ခုက ကိုယ်စိတ်ကူးယဉ်တဲ့အရာလေးတစ်ခုကို လေထဲမှာ မပြီးသွားချင်လို့ ရိုက်ကူးမယ်လို့ ဆုံးဖြတ်လိုက်တာပါ။

မေး-ဇာတ်ကားရဲ့ ကျောရိုးကို ဘယ်လိုတည်ဆောက်ထားသလဲ။

ဖြေ-အခုနက ပြောသလိုပဲ ဖြစ်ရပ်မှန်တွေ အများကြီးကို စုစည်းပြီးတော့ ကျွန်တော် Story တစ်ခု တည်ဆောက်ရတယ်။ ဆရာတွေကို ပြောပြဖြစ်တယ်။ သူတို့ အကြံပေးတာတွေပေါင်းပြီး ထပ်လုပ်တယ်။ ပထမကတော့လေ ပိုက်ဆံစုဘူးကြီးတစ်ခုလိုပဲ။ ရသမျှ Idea တွေ အကုန် လုံးကို ပစ်ထည့်ထားလိုက်တယ်။ Story Line ချတဲ့အချိန်ကျတော့ ကျွန်တော် တော်တော်ခေါင်းစားရတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Story Line ကို အသေးစိတ်သင်ကြားပေးနေတဲ့ သင်တန်း၊ ကျောင်း မရှိဘူး။ အဲလိုကျတော့ Google မှာပဲ ကျွန်တော် လေ့လာရတယ်။ ပြီးတော့ ကျွန်တော် စုဘူးထဲက Idea တွေကို အဲဒီ story ပေါ်မှာ Paper edit နဲ့ ပြန်စီရတယ်။ ဒီအနေအထားထိ ဇာတ်လမ်း မထွက်သေးဘူး။ နေ့မနား၊ ညမနားနဲ့ သေချာလေး စဉ်းစားချိတ်ဆက်ပြီးလုပ်မှ ဇာတ်လမ်းတစ်ခု ထွက်လာတာပေါ့နော်။ ဘာလို့ဆိုတော့ ကိုယ်ပိုင်ဇာတ်လမ်းဖြစ်တဲ့အပြင် အဖြစ်မှန်တွေကို ကိုယ်က မလေးမစား မလုပ်ချင်ဘူး။ အဲကြောင့်လည်း ဇာတ်လမ်းထွက်တဲ့နေ့အထိ (၁၀၀)ရာခိုင်နှုန်း အားထည့်ထားခဲ့တယ်။ ပြီးမှ ဇာတ်ညွှန်းဆရာနဲ့ ထပ်တိုင်ပင်ရတာပေါ့။

မေး-ဇာတ်ကားရဲ့ Character ပိုင်းကို ဘယ်လို ရွေးချယ်သွားဖို့ စိတ်ကူးထားပါသလဲ။

ဖြေ- ကျွန်တော် ဇန်နဝါရီလ(၁)ရက်နေ့မှာ သရုပ်ဆောင်အတွက် လူရွေးဖို့ Casting စခေါ်လိုက်တယ်။ ကျွန်တော် မင်းသား၊ မင်းသမီး နာမည်ကြီးတွေကို မသုံးချင်ဘူး။ မသုံးချင်တာက မင်းသား၊ မင်းသမီးရဲ့ ပါဝါကြောင့် ဇာတ်လမ်းပျောက်သွားမျိုး ဖြစ်သွားမှာ စိုးတယ်။ ဒီမင်းသားကား ဒီမင်းသမီးကားဆိုတာမျိုးပေါ့။ ဒါကြောင့် Casting ခေါ်တာ။ အခုဆိုရင် လျှောက်လွှာပေါင်း (၁၅၀)ကျော် လက်ခံရရှိခဲ့ပြီးပြီ။ တကယ်လည်း ဝါသနာပါကြတဲ့ လူငယ်လေးတွေ အများကြီး လာလျှောက်ကြတာပေါ့။ အဲထဲကမှ ပိတ်ကားမှာပါမယ့် ဇာတ်ကောင်နဲ့ ကိုက်ညီတဲ့ သရုပ်ဆောင်ကို ရွေးချယ်မယ်။

မေး- သရုပ်ဆောင်က လူသစ်တွေကို သုံးမှာဆိုတော့ သရုပ်ဆောင်မှုပိုင်းမှာ စိန်ခေါ်မှုတွေရှိလာနိုင်တဲ့အပေါ် ကိုဝေယံအနေနဲ့ ဘယ်လိုပြင်ဆင်ထားလဲ။

ဖြေ- သူတို့ကို အချိန်တစ်ခုယူပြီး Training ပေးဦးမယ်။ ပြီးတော့ ခွေးလေးက (၂)ကောင်ပါမယ်။ အဲဒီခွေးလေးနှစ်ကောင်နဲ့ပါ သေချာရင်းနှီးအောင် လုပ်ရမှာဆိုတော့ အချိန်ကတော့ ယူရမယ်။ မင်းသား၊ မင်းသမီး အသစ်တွေ၊ ဒါရိုက်တာ အသစ်ဆိုတော့လည်း စိန်ခေါ်မှုကတော့ အများကြီးပါပဲ။

မေး- ဒီဇာတ်ကားကို ရိုက်ကူးရတာက အဓိက ပေးချင်တဲ့ Message များ ရှိသလား။

ဖြေ- Message မရှိ၊ ဝါဒဖြန့်မှု မရှိတဲ့ ကားလို့ ပြောရင် မှန်မလားနော်။ လူတွေမှာ ချစ်တတ်တဲ့ နှလုံးသားတစ်ခုကို ရိုက်တဲ့ ကား၊ နောက်တစ် ခုက အမှတ်တရတွေကို အနုပညာတစ်ခု ပြန်လုပ်တဲ့ ကား၊ အဲလိုပဲ သတ်မှတ်ချင်ပါတယ်။ Message ပေးမယ့် ကားမျိုး မဟုတ်ဘူး။ အရင်က ကျွန်တော်ရိုက်ခဲ့တဲ့ Documentary တွေလည်း Message မပေးဘူး။ မပေးပေမယ့်လည်း ကြည့်တဲ့လူတွေရဲ့ ဘဝအတွေ့အကြုံ၊ ခံစားချက်နဲ့ သုံးသပ်မှု အလွှာအပိုင်းအခြားအရ အသီးသီး ရကြမှာပဲနော်။ သေချာတာတစ်ခုကတော့ အရင်ကလူတွေမြင်နေကျ LGBT ကားတွေနဲ့တော့ လုံးဝမတူဘူးဆိုတာကိုတော့ အာမခံရဲတယ်။

မေး-ဒီဇာတ်ကားက မြင်တွေနေကျ LGBT ကားတွေနဲ့ မတူအောင် ရိုက်ပြမယ်ဆိုတော့ ဘယ်လိုမျိုးကို ပြောချင်တာလဲ။

ဖြေ- ကျွန်တော်တစ်ယောက်တည်းရဲ့ ခံယူချက်အရဆိုရင် အနုပညာနဲ့ စီးပွားရေး ကွာခြားတယ်လို့ ပြောရမှာပဲ။ ကျွန်တော်က အနုပညာကို ပြမှာ။ ကျွန်တော်သာ ဒီကားကို စီးပွားရေးဆန်ဆန် အလုပ်လုပ်မယ်ဆိုရင် လာဟေ့ နာမည်ကြီးမင်းသား ကဲ ခြောက်ကြစမ်း။ ဟဲ့ ပြောစမ်း ဟာသတွေ၊ ဟိုမင်းသမီး ခွီ စမ်း၊ ဒီမင်းသား ပွင့်ချ စမ်း၊ ရော့ မင်းသားကြေး သိန်းရာချီ ပေးလိုက်မှာပေါ့။ အခုက ဒီလိုမဟုတ်ဘဲ ကျွန်တော်အနုပညာကိုပဲ အခြေခံပြီး ပရိသတ်ရင်ထဲကို ရိုးရိုးသားသား ရောက်စေချင်တယ်။ မင်းသားတွေ၊ မင်းသမီးတွေကအစ အသစ်တွေနဲ့ပဲ အလုပ်လုပ်မှာဆိုတော့ ဘာကွာခြားမလဲဆိုတာတော့ ရုပ်ရှင်ထွက်လာမှပဲ ဝေဖန်တာ ပိုကောင်းမယ် ထင်တယ်။

မေး-ဒီဇာတ်ကားအပေါ် ဘယ်လောက်ထိ မျှော်မှန်းထားသလဲ။

ဖြေ-ကျွန်တော် ရည်ရွယ်ချက်က ဒီကားလေးကို ရိုးရိုးသားသားနဲ့ (၁၀၀)ရာခိုင်နှုန်း အားထည့်ပြီး ရိုက်ကူးပြီးစီးဖို့ပဲ။ မျှော်မှန်းထားတယ်ဆိုတာ သတ်မှတ်လို့ မရနိုင်ဘူး။ မျှော်မှန်းထားပြီး ဖြစ်မလာရင် မောတယ်လေနော်။ ဒါကြောင့် ကျွန်တော် ရည်ရွယ်ချက်ကတော့ ခိုင်မာတယ်။ မျှော်မှန်းထားတာကိုတော့ မပြောပြနိုင်သေးဘူး။

မေး-ဒီဇာတ်ကားကို ရိုက်ကူးပြီးရင် ဘယ်မှာ ပြသသွားဖို့ စီစဉ်ထားပါသလဲ။

ဖြေ- လောလောဆယ်တော့ ဇာတ်ညွှန်းပြင်ဆင်တာ ပထမအကြမ်း ထွက်တော့မယ်။ ဇာတ်ညွှန်းအချောပြီးရင် ဆင်ဆာအရင် သွားတင်မယ်။ ရရင်လည်း ရုံတွေမှာ ပြမယ်။ မရရင်တော့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေနဲ့ မြန်မာနိုင်ငံမှာဆိုရင် &PROUD LGBT ရုပ်ရှင်ပွဲတော်မှာ ပြလို့ရအောင် ကြိုးစားမယ်။

မေး- အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးပါ။
ဖြေ- ဟုတ်ကဲ့ပါ။

                                                                                                                                                      ကြယ်စင်လင်း

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.