ပုသိမ်မြို့မှာ Transgender အမျိုးသမီးတစ်ဦး ဓါးနဲ့ အချက်ပေါင်းများစွာ အထိုးခံရမှု ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေး

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်က Transgender အမျိုးသမီးတစ်ဦး သြဂုတ်လ(၂၈)ရက်၊ ည(၁၁)နာရီကျော်ခန့်မှာ ဓါးနဲ့ အချက်ပေါင်းများစွာ အထိုးခံခဲ့ရပြီး ပြစ်မှုကျူးလွန်သူများကို ယခုသတင်းရေးသားသည့်အချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ပြစ်မှုကျူးလွန်သူတွေဟာ Transgender အမျိုးသမီး ပိုင်ဆိုင်တဲ့ ရွှေထည်ပစ္စည်းတွေကိုလည်း ယူဆောင်သွားကြပြီး လက်ရှိမှာ ရဲတပ်ဖွဲ့အနေနဲ့ တရားခံ ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ ပုသိမ်မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းချက်အရ သိရပါတယ်။

“လက်ရှိ အခြေအနေကတော့ တရားခံတော့ ဖမ်းဆီးရမိခြင်း မရှိသေးဘူး။ စုံစမ်းနေတုန်းပဲ။ ကျွန်တော်တို့ သတင်းထုတ်ပြန် သွားမှာပါ ”လို့ ပုသိမ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါ ဓါးထိုးခံရသည့် Transgender အမျိုးသမီးမှာ ပုသိမ်တက္ကသိုလ် အနော်ရထာလမ်း ၊ အမှတ်(၃)ရပ်ကွက်မှာ နေထိုင်သူ ဖြစ်ပြီး ဓါးဖြင့် (၁၉)ချက် ထိုးခံလိုက်ရတဲ့အတွက် ဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသမှုခံယူနေရပါတယ်။

အခင်းဖြစ်တဲ့ ညက တရားခံလို့ ယူဆရသူ(၃)ဦးက ဓားနဲ့အထိုးခံရတဲ့ Transgender အမျိုးသမီး) ဆီကနေ ဆိုင်ကယ်သော့ တောင်းရာမှာ မပေးတဲ့အတွက် ဓါးနဲ့ထိုးခဲ့ပြီး ရွှေထည်လက်ဝတ်ရတနာပစ္စည်းများကိုပါ ယူသွားခဲ့ကြောင်း ဓားထိုးခံရသူ Transgender အမျိုးသမီးနှင့် နီးစပ်သူများက ပြောပါတယ်။

“ဆေးရုံကိုလိုက်သွားတော့ လည်ပင်းကိုလည်း လှီး၊ ရင်ဘတ်ကိုလည်း ထိုးသွားကြတယ်။ ဒဏ်ရာတွေကတော့ အများကြီးပဲ။ ဓားနဲ့ ထိုးတဲ့သူတွေ ထွက်သွားတော့မှ လမ်းပေါ်ထွက်ပြီး အကူအညီတောင်းနိုင်လို့သာ အချိန်မှီ ဆေးရုံ ရောက်ခဲ့ရတာလို့ ပြောတယ်” လို့ ပုသိမ်မြို့ခံ လင်းလင်းက ပြောပါတယ်။

အဆိုပါ အမှုအတွက် ပုသိမ်မြို့မရဲစခန်းမှလည်း တရားခံများကို ချက်ချင်းအပူတပြင်းရှာဖွေနေပြီး သက်သေများကို စစ်ဆေးမေးမြန်း မှုများ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.