ဘဝတူ LGBT သက်ကြီးပုဂ္ဂိုလ်တွေကို ပထမဆုံးအကြိမ် ဂါရဝပြု ပူဇော်ပွဲ ပြုလုပ်

ရန်ကုန်မြို့မှ အလှဖန်တီးရှင်တွေ ဦးစီးကျင်းပတဲ့ ပထမဆုံးအကြိမ် ဘဝတူသက်ကြီးပုဂ္ဂိုလ် (၄၅)ဦးခန့်ကို ကူညီထောက်ပံ့တဲ့ ဂါရဝပြုပူဇော်ပွဲကို ရန်ကုန်မြို့ရှိ တော်ဝင်ဂါးဒင်းဟိုတယ်မှာ မတ်လ (၈) ရက် ညနေပိုင်းက ကျင်းပခဲ့ပါတယ်။

ပထမဆုံးအကြိမ် LGBT သက်ကြီးပူဇော်ပွဲမှာ နယ်ပယ်ပေါင်းစုံက အသက် (၆၀)နဲ့ အထက် LGBT အဘိုး၊ အဘွားတွေကို လူငယ်မိတ်ကပ်ပညာရှင် (၁၀၀)နီးပါးက တက်ရောက် ဂါရဝပြုခဲ့ကြပါတယ်။

“မကြီးစန်းတို့လို လူမျိုးတွေက အိမ်ထောင်ကျခဲ့ရင်တောင် သားသမီးရနိုင်တဲ့ လူမျိုးတွေမဟုတ်တော့ အသက်အရွယ်ရလာတဲ့အခါမှာ စောင့်ရှောက်မယ့် လူလိုတာပေါ့။ စာနာစိတ်ထားဖြင့် ပူဇော်ကန်တော့တာပါ။ လောလောဆယ် မကြီးစန်း စိတ်ကူး ရှိထားတယ်။ တစ်နေ့နေ့ ငွေကြေးအမြောက်အမြား ကိုယ့်အတွက် ပိုလျှံလာတယ်ဆိုရင် သက်ကြီးရွယ်အို မိန်းမလျာတွေအတွက် ခိုကိုးရာနေရာတွေပေါ့။ မှီခိုရာ နေရာလေးတစ်ခုတော့ စီစဉ်ချင်တယ်။ စောင့်ရှောက်ပေးချင်တဲ့ စိတ်ကူး ရှိပါတယ်”လို့ မိတ်ကပ် ခင်စန်းဝင်းက ပြောပါတယ်။

အဆိုပါ ကန်တော့ပွဲမှာ နယ်ပယ်အသီးသီးက လှူဒါန်းထားတဲ့ ငွေတွေကိုလည်း ဒုတိယအကြိမ် ပူဇော်ကန်တော့ပွဲ ပြုလုပ်ရန်အတွက် ဘဏ်တွင် အပ်နှံ့ထားမည်ဖြစ်ပြီး နောက်နှစ်တွေမှာလည်း ပုံမှန်လုပ်ဆောင်သွားနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း သိရပါတယ်။

“အလှဖန်တီးရှင်က အသက်အကြီးဆုံးက သိပ်မရှိဘူး။ အသက်(၇၀)က (၂)ယောက်လောက်ပဲ ရှိမယ်။ အသက် (၆၅) ပတ်ဝန်းကျင်က (၄)၊ (၅)ယောက်လောက်ရှိမယ်။ အလှဖန်တီးရှင်ပဲဆို လူနည်းသွားမှာစိုးလို့ ပထမဆုံးပွဲမို့ ဘဝတူ သက်ကြီးပုဂ္ဂိုလ်များလို့ နာမည်တပ် ကန်တော့ကြတာပါ။ နယ်ပယ်ပေါင်းစုံက ပါတယ်။ ရုံးဝန်ထမ်းလောကက သက်ကြီးတွေလည်း ပါတယ်။ ဒီပွဲက ရလာတဲ့ အလှူငွေတွေကို ဘဏ်မှာ အကောင့်ဖွင့်ပြီး အပ်ထားမယ်။ နောက်နှစ် ကန်တော့ပွဲအတွက်ပေါ့။ မိတ်ကပ်ဆံပင်ပညာများ အသင်းလေးလည်း ဖွဲ့စည်းချင်သေးတယ်”လို့ မိတ်ကပ် ကိုမာက ပြောပါတယ်။

ပထမအကြိမ် ဘဝတူ သက်ကြီးပုဂ္ဂိုလ်များအား ဂါရဝပြုပူဇော်ပွဲကို အလှဖန်တီးရှင် မိတ်ကပ် မထက်၊ မိတ်ကပ် ခင်စန်းဝင်း၊ မိတ်ကပ် ကိုမာ၊ မိတ်ကပ် ညီညီမောင်(စမ်းချောင်း)နဲ့ မိတ်ကပ် လင်းလင်းတို့မှ ဦးဆောင်ကာ လူငယ်အလှဖန်တီးရှင်တွေက ပူဇော်ကန်တော့ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.