ဘာသာရေးအကြောင်းပြချက်ဖြင့် Transgender အမျိုးသားတစ်ဦး ဆံပင်ညှပ်ဆိုင်မှ ငြင်းပယ်ခံရ

ဘာသာတရား အဆုံးအမအရ အမျိုးသမီးများအား ဆံပင်ညှပ်ပေးခြင်းမှ တားမြစ်ပိတ်ပင်သည်ဟုဆိုကာ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်က Transgender အမျိုးသားတစ်ဦးကို ဆံပင်ညှပ်ပေးဖို့ ငြင်းဆိုခဲ့တဲ့ ဖြစ်ရပ်တစ်ခု အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။

Kendal Oliver လို့ အမည်ရတဲ့ အမေရိကန် စစ်ပြန် Transgender အမျိုးသားတစ်ဦးဟာ ဆံပင်ညှပ်ဖို့ အွန်လိုင်းကနေ ကြိုတင် နာမည်စာရင်းပေးခဲ့ပေမယ့် တကယ်တမ်း လက်တွေ့မှာတော့ ဆံပင်ညှပ်ဆိုင် တံခါးဝကနေပဲ လှည့်ပြန်ခဲ့ရပါတယ်။

ဆံပင်ညှပ်ဆိုင် ပိုင်ရှင်ဖြစ်သူ Richard Hernandez Hernandez က ဘာသာတရားရဲ့ ဆုံးမသွန်သင်ချက်အရ အမျိုးသမီးတွေ ဆံပင်ညှပ်တာကို တားမြစ်ထားတာမို့ သူတို့ဆိုင်အနေနဲ့ အခုလိုမျိူး ဆံပင်မညှပ်ပေးရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ပြောရမယ်ဆိုရင် ယောကျ်ားလေးတွေအတွက် ဆံပင်ရှည်တယ်ဆိုတာ ရှက်စရာပါ။ ဒါပေမဲ့ မိန်းကလေးတွေကျတော့ မတူတော့ဘူး။ ဆံပင်ရှည်တာ သူတို့အတွက် ဘုန်းကံတစ်ခုလိုပဲ။ ကျက်သရေ မင်္ဂလာအပေါင်းနဲ့ လွှမ်းခြုံနေတဲ့ အရာတစ်ခုလို့ ပြောလို့ရတယ်။ ဒါကြောင့် ကျနော့်အနေနဲ့ သူမရဲ့ ဘုန်းကျက်သရေကို မဖျက်ဆီးချင်လို့ အခုလိုမျိုး ဆံပင် မညှပ်ပေးရခြင်း ဖြစ်ပါတယ်။ ပြီးတော့ Transgender အမျိုးသားတွေဟာ ဘယ်လောက်ပဲ ကိုယ့်ကိုယ်ကို ယောကျားလေး ဖြစ်တယ်လို့ ခံယူပါစေ၊ အမျိုးသမီးက အမျိုးသမီးပဲမို့ သူတို့တွေရဲ့ ဆံပင်ကို ညှပ်ပေးရတာဟာ မှားယွင်းတဲ့ အရာတစ်ခုလို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်။ လူတွေဟာ ကိုယ့်ရဲ့ ဖန်ဆင်းရှင်ဖြစ်တဲ့ ဘုရားသခင်စကားကို နားမထောင်ရင် အရာရာတိုင်းမှာ အဆင်မပြေ တိမ်းစောင်းမှုတွေ တစ်နည်းမဟုတ် တစ်နည်း ကြုံတွေ့ရပါလိမ့်မယ်” လို့ Hernandez က သူ့ရဲ့ ဘာသာရေး ယုံကြည်ချက်နဲ့အတူ ဆံပင်ညှပ်မပေးရတဲ့ အကြောင်းရင်းကို ရှင်းပြခဲ့ပါတယ်။

Hernandez ဟာ ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်ပြီး Church of God လို့အမည်ရတဲ့ ဘုရားကျောင်းမှာ ပါဝင် ဆက်ကပ်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် Oliver ကတော့ စီးပွားရေးက စီးပွားရေးပဲမို့လို့ ခွဲခြားဆက်ဆံမှုမရှိတဲ့ ဝန်ဆောင်မှုကိုတော့ ပေးဖို့ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

“ဒီလိုမျိုး ဘာသာရေး ယုံကြည်ချက်ကြောင့်နဲ့တော့ ကိုယ့်ရဲ့စီးပွားရေးကို ထိခိုက်အောင် မလုပ်သင့်ဘူးလို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ ဘာပဲပြောပြော ကျနော်က ဒီမှာ အားပေးသူ (customer) တစ်ယောက်၊ သင်က ဝန်ဆောင်မှု ပေးရတဲ့သူ (service provider) တစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူမဆို တန်းတူညီမျှတဲ့ ဝန်ဆောင်မှုကို ရရှိ ခံစားသင့်ပါတယ်။ ဒီလို ဖြစ်ရပ်မျိုး ဘယ်တော့မှ တခြားသူတွေဆီမှာ နောက်ထပ်မဖြစ်စေဖို့ ကျနော်မျှော်လင့်ပါတယ်” ဆိုပြီး Oliver က သူ့ရဲ့ ခံစားချက်တွေကို ပြောခဲ့ပါတယ်။

ပြီးတော့ Oliver က ဒီလိုမျိုး ခွဲခြားဆက်ဆံခံရတာကို မှားတယ်လို့ ယုံကြည်ကြောင်းနဲ့ “အများပြည်သူနှင့် သက်ဆိုင်သည့် နေရာအား မိမိပိုင်နေရာအဖြစ် ခွဲခြားသတ်မှတ်ထားခြင်းကို ဆန့်ကျင်တားမြစ်သည်” ဆိုတဲ့ ၁၉၆၄ ခုနှစ်မှာ ပြဌာန်းထားတဲ့ နိုင်ငံသားများ အခွင့်အရေးဆိုင်ရာ အက်ဥပဒေကိုလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.