မြန်မာနိုင်ငံမှာ &PROUD ပွဲတော်ကျင်းပနိုင်တာ တကယ့်ကို နှစ်ထောင်းအားရဖြစ်တယ်လို့ ဦးအောင်မျိုးမင်းပြော

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုခန့်အထိ မိမိရဲ့လိင်စိတ်ခံယူမှုကို ထုတ်ဖော်ပြောကြားဖို့ မဝံ့မရဲဖြစ်ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ &PROUD ပွဲတော်ကျင်းပနိုင်တာဟာ တကယ့်ကို နှစ်ထောင်းအားရဖြစ်တယ်လို့ Equality Myanmar ရဲ့ Executive Director ဦးအောင်မျိုးမင်းက ပြောကြားလိုက်ပါတယ်။

“ပြီးခဲ့တဲ့ (၃၁)နှစ်တုန်းက လမ်းပေါ်မှာပါနေတဲ့ ဒီမိုကရေစီတောင်းဆိုနေတဲ့ လူတွေကြားထဲမှာ လူငယ်လေးတစ်ယောက် ပါပါတယ်။ အဲလူ ငယ်လေးက သူများတွေလို ရှေ့ထွက်ပြီး ဒီမိုကရေစီ တောင်းဆိုချင်တယ်။ ဒါပေမယ့် သူ့သူငယ်ချင်းတွေက ဘာပြောခဲ့လဲဆိုတော့ မင်းက အခြာက်ပါကွာ၊ မင်းက သတ္တိရှိတာ မဟုတ်ပါဘူး၊ မင်း ပါလို့မရပါဘူးလို့ တားဆီးခံခဲ့ရတယ်။ တစ်ချိန်ထဲမှာ စင်မြင့်ပေါ်တက်ပြီး စကားပြောမယ့်အချိန်ကျတော့ ငါ့စကားပြောလိုက်လို့ ငါ့ကိုသိတဲ့သူတွေက အခြောက်ကြီး ဘာတက်လုပ်နေလဲ ဆိုပြီးတော့ လှောင်ပြောင်သံများ ကြားမလားဆိုပြီးတော့ ချောင်ထဲမှာ ရှိခဲ့ဖူးပါတယ်။ အဲလူက ကျွန်တော်ပါ။ အဲတော့ ပြီးခဲ့တဲ့ (၃၁)နှစ်က ကိုယ့်ရဲ့ဘဝကို ထုတ်ဖော်မရဲတဲ့၊ ကိုယ့်ရဲ့ လိင်စိတ်ခံယူမှုကို ပြောကြားဖို့ မဝံ့မရဲဖြစ်ခဲ့တဲ့ တိုင်းပြည်မှာ &PROUD လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကို ဂုဏ်ယူမှုအပြည့်နဲ့ ကျင်းပတဲ့ ပွဲတော်ကျင်းပနိုင်တာ တကယ့်ကို နှစ်ထောင်းအားရ ဖြစ်ပါတယ်”လို့ Equality Myanmar ရဲ့ Executive Director ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဦးအောင်မျိုးမင်းအနေနဲ့ ဇန်နဝါရီလ(၂၂)ရက်နေ့က ဗဟန်းမြို့နယ်ရှိ Goethe Villa မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ LGBTIQ အသိုက်အဝန်းနဲ့အတူ ပထမဆုံး Yangon River Prideနဲ့ ဂုဏ်ပြုမယ့် &PROUD ရဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ထိုပြင် LGBT တွေရဲ့ နေ့စဉ်တွေကြုံတွေနေ့ရသော ဘဝနဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေသော လူမှုရေးအမြင်တွေနဲ့ တိုင်းပြည်ရဲ့ လူ့အခွင့်အရေးသတ်မှတ်ချက်တွေကို ထိခိုက်မှုများစွာဖြစ်နေတဲ့ ပုဒ်မ(၃၇၇) ဆက်လက်ရှိနေခြင်းက လိင်တူချစ်သူတွေကို ခြိမ်းခြောက်နေတယ်ဆိုတာ မမေ့စေလိုကြောင်းကိုလည်း &PROUD ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထပ်မံပြောကြားခဲ့ပါတယ်။

& PROUD ရဲ့ သတင်းစာရှင်းလင်းပွဲကို & PROUD ရဲ့ Co-Director Jan Willem Van Rooji၊ Colors Rainbow ရဲ့ Deputy Director လှမြတ်ထွန်း၊ Equality Myanmar ရဲ့ Executive Director ဦးအောင်မျိုးမင်း၊ My Place Myanmar’s first LGBT Café ပိုင်ရှင် JD ၊ LGBTIQ အရေး လှုပ်ရှားနေသူ ရှင်းသန့်နဲ့ ရုပ်ရှင်နှင့် သရုပ်ဆောင် ဥက္ကာမင်းမောင်ရဲ့ မိခင် ဒေါ်နီလာသိန်းမြင့်တို့ တက်ရောက်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.